ဒီဆိုက်ဒ်ထဲက စာတွေက ၀ါသနာအရ အားတဲ့အချိန်မှာ ရေးသားခြင်း ဖြစ်ပါတယ်။ စာအုပ်တွေကို အရင်ကတည်းက တွေ့တဲ့ဆိုက်ဒ်တွေကနေ Download ဆွဲထားခဲ့ပါတယ်။ ဒီကို ပြန်တင်မယ်ဆိုပြီး ရည်ရွယ်ရင်းမရှိခဲ့ပါ။ ဒါကြောင့် ခုလိုပြန်တင်ဖြစ်သွားတော့ ယူခဲ့တဲ့ဆိုက်ဒ်တွေကို မမှတ်မိတော့ပါဘူး။

Tuesday, July 9, 2013

မင်စာ

Unknown | 5:28 PM | Be the first to comment!

          မင်စာဆိုတာ လွယ်လွယ်ပြောရမယ်ဆိုရင် မင်နဲ့ရေးထားတဲ့စာကို ဆိုလိုတာပါ။ ဒါပေမယ့် ဒီနေရာ မှာ ခက်အောင်ရေးမှသာ စာများများထွက်မှာဖြစ်လို့ ခက်အောင်ရေးလိုက်ပါရစေ။
          ဒီမှာရေးချင်တဲ့ မင်နဲ့ပတ်သက်ပြီး မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းမှာ “မင်ကြောင်ထိုး၊ မင်ခံစက္ကူ၊ မင်ရည်၊မင်သေ့၊မင်အိုးမင်တံ”လို့ ဖွင့်ဆိုထားပါတယ်။မြန်မာအဘိဓာန်မှာတော့“မင်၊မင်ကျမင်န၊ မင်ကြောင် ၊ မင်ခံစက္ကူ၊ မင်စာ၊ မင်နှိပ်စက္ကူ၊ မင်သေ့”လို့ ဖွင့်ဆိုထားပြန်ပါတယ်။ မင်ကို သက္ကတ/ပါဠိကနေလာတဲ့ မသိ ဆိုတဲ့ စာလုံးကနေ မသိ>မင်သိ>မံ/မင် ။ အဲဒီလို အဆင့်ဆင့်ဆင်းသက်လာတယ်လို့ ဆိုကြတယ် ။ ရှေးအရေးအသား တွေမှာ မံဆိုတဲ့စကားလုံး နဲ့ ရေးထားတာ အတော်များများရှိပါတယ်။ (မသိ = (ပါဠိ) မီးသွေး)။
          မင်ဆိုတဲ့စကားလုံးဖွင့်ဆိုအဓိပ္ပာယ်ကို မြန်မာအဘိဓာန်မှာ “ရေးခြစ်၊ပုံနှိပ်ထိုးနှံရာတွင်သုံးသော အရောင်ရှိအရည်၊ အစေး”လို့ ဖွင့်ဆိုထားပါတယ်။
          ရှေးဂူ၊ဘုရားတွေရဲ့ အတွင်းအုတ်နံရံတွေမှာ ဗုဒ္ဓ၀င်၊ ဇာတ်နိပါတ် ပန်းချီသရုပ်ဖေါ်ပုံတွေနဲ့ ဆိုင်တဲ့ စာတန်းတွေ၊ မူလကုသိုလ်ရှင်ရဲ့ဆုတောင်းတွေ၊ နောက်ထပ်မွမ်းမံသူရဲ့ဖြည့်စွက်စာတွေ၊ အဲဒီခေတ်မွေးတဲ့ သူရဲ့ ဇာတာခွင်တွေကို မင်နဲ့ရေးလေ့ရှိကြပါတယ်။ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင် ထိကို မင်နဲ့ ရေးထားတဲ့စာတွေ တွေ့နိုင်ပြီး အဲဒီမင်စာပါအက္ခရာနဲ့ ခေတ်အဆက်ဆက် အက္ခရာပြောင်းလဲ ပုံတွေကို သိနိုင်ပါတယ်။ ပုဂံမြို့၊ လောကထိပ်ပန်ဘုရားမှာရှိတဲ့ ဇာတ်တော်ကြီးဆယ်ဘွဲ့မင်စာတွေက ထင် ရှားတဲ့မင်စာတွေ ဖြစ်ပါတယ်။ မင်စာတွေမှာ သက္ကရာဇ်ပါတာရှိသလို သက္ကရာဇ်မပါတဲ့ မင်စာတွေလည်း ရှိပါတယ်။
          ကမ္ဘာပေါ်မှာ နှုတ်ပြောသံဘာသာစကားတွေကို မြင်သာတဲ့စာအရေးအသားနဲ့ တီထွင်ပြီးတဲ့အခါ မူပိုင်အက္ခရာတွေနဲ့ ထားရှိလာကြတယ်။ အဲဒီလို လူ့ယဉ်ကျေးမှု တိုးတက်လာတာနဲ့အမျှ ရေးလိုက်တာတွေ ကို ကာလတွေကြာသွားသော်လည်း မပျက်စီးတည်ရှိနိုင်ဖို့အတွက် မင်တွေကို တီထွင်လာကြတယ်။ ဘယ် အချိန်က စတင်သုံးစွဲခဲ့တယ်လို့ အတိအကျမပြောနိုင်သော်ငြားလည်း အီဂျစ်နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ် ၄၀၀၀ - လောက်က မင်နဲ့ရေးထားတဲ့ လက်ရေးစာမူတစ်ခုကို ဒီနေ့ထိတွေ့နိုင်တာကြောင့် မင်ဆိုတာ လွန်ခဲ့တဲ့နှစ် ၄၀၀၀ လောက်ကတည်းက ပေါ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီမင်ကို မီးသွေးမှုန့်နဲ့ကော် ရောစပ်ထားတယ် လို့ ယူဆရပါတယ်။ ခရစ်မပေါ်မီ လွန်ခဲ့တဲ့နှစ် ၁၂၀၀ ခန့်က တရုတ်နိုင်ငံမှာ ဆီမှိုင်းကို နွားသားရေး၊ မြည်း သားရေကနေထွက်တဲ့ကော်နဲ့ ရောစပ်ပြီး ပျစ်ပျစ်နယ်ကာ အခဲ၊အတောင့်ဖြစ်အောင်လုပ်ကြတယ်။ အဲဒီ နည်းနဲ့လုပ်ထားတဲ့မင်နက်ကို ဒီကနေ့ထိ ပန်ချီဆရာတွေသုံးနေကြဆဲပါပဲ။ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံတွေမှာ ယနေ့တိုင်ပြုလုပ်နေကြပါတယ်။ ရှေးတုန်းက စာရေးဆရာတွေက ကိုယ့်ဘာသာကိုယ် မင်စပ်လေ့ရှိကြပါ တယ်။
          နေထိပေမယ့် အရောင်မှိန်ခြင်းမရှိပဲ ရှေးရာစုနှစ်များစွာကတည်းက သုံးခဲ့တဲ့ အကောင်းဆုံး မင်တစ်မျိုး ရှိပါတယ်။ အဲဒီမင်ကတော့ အာရှမိုင်းနားကျွန်းဆွယ်မှာပေါက်တဲ့ ၀က်သစ်ချပင်မှာတွေ့ရတဲ့ သစ်ဖုနဲ့လုပ်ထားတဲ့ မင်ပဲဖြစ်ပါတယ်။ အဲဒီသစ်ဖုဘယ်လိုဖြစ်လာသလဲဆိုရင် ပင်ပေါင်ဘော်လုံးအရွယ်ရှိတဲ့ နကျယ်ကောင်လို သစ်ဖု ပိုးကောင်ကလေးတွေဟာ သစ်ရွက်အပျော့လေးတွေကိုဖေါက်ပြီး ဥတွေဥကြပါ တယ်။ အဲဒီသစ်ရွက်အပေါက်မှာ အပွေးတက်လာသလိုဖြစ်ပြီး အဖုတွေဖြစ်လာကြတယ်။ တစ်ခါတစ်လေ အချင်းတစ်လက်မလောက် အဖုတွေ ဖြစ်လာတာလည်းရှိပါတယ်။
          အဲဒီသစ်ဖုနဲ့ အကောင်းစားမင်နက်ဖျော်ဖို့အတွက် သစ်ဖုမှုန့်တစ်ဂါလံ၊ ရေဆူဆူတစ်ဂါလံ၊ ရေ မှာဖျော်ထားတဲ့ ဒုတ္ထာစိမ်း(သံဒုတ္ထာ)ခေါ် ဖဲရတ်ဆာလဖိတ်ရည် ၅ (၁-၃)အောင်စ၊ ထနောင်းစေးရည် ၃ အောင်စနဲ့ ကာဗိုလစ်အက်ဆစ်ရည်စက်အနည်းငယ်တို့ လိုအပ်ပါတယ်။ ဖျော်စပ်နည်းကတော့ သစ်ဖု မှုန့်တွေကို ရေဆူဆူမှာ ၂၄ နာရီစိမ်ရပါမယ်။ အဲဒီနောက်မှာ အရည်ကိုစစ်ယူပြီး သစ်ဖုရည်ထဲကို သံဒုတ္ထာ စိမ်း၊ ထနောင်းစေးနဲ့ ကာဗိုလစ်အက်ဆစ်ရည်ကို ရောလိုက်ရတာပါပဲ။
          အနောက်အိန္ဒိယကလာတဲ့ လော့ဂ၀ုခေါ် သစ်တစ်မျိုးကို သစ်ဖုတွေအစား သုံးလို့ရပေမယ့် အရည်သွေးကတော့ နည်းနည်းညံ့ပါတယ်။ ဒါ့အပြင် ဖန်ရည်ဓာတ်ပါတဲ့ အခြားဖန်ရည်တွေကို ဒုတ္ထာစိမ်း နဲ့ ရောပြီးဖေါ်စပ်ကြတာလည်း ရှိပါတယ်။ သူလည်းပဲ အရည်သွေးညံ့တာကြောင့် ကြာရင်အရောင်မှိန်လာ ပါတယ်။ ဒီကနေ့ခေတ် ဖေါင်တိန်မှာအသုံးပြုတဲ့မင်ကတော့ နိုက်ဂရင်းဆိုင်းခေါ် အင်နီလင်ဆိုးဆေးအနက် ပဲ ဖြစ်ပြီး အနည်ထိုင်တာ၊ ပျစ်ခဲတာမရှိပဲ ဖေါင်တိန်မှာထည့်သုံးဖို့ သင့်တော်တဲ့အပြင် အရောင်တွေကို လည်း အမျိုးမျိုး ပြောင်းလဲနိုင်ပါတယ်။
          တစ်ဆက်တည်းမှာပဲ မင်နီဖေါ်စပ်ပုံလေး ပြောပါရစေ။ မက္ကဆီကိုနဲ့ပီရူးနိုင်ငံမှာပေါက်တဲ့ ရှားစောင်းပင်ပေါ် တက်လေ့ရှိတဲ့ ရိုချီနီယမ်ခေါ် ပိုးကောင်အနီကို ခြစ်ယူအမှုန့်လုပ်ပြီး မင်နီလုပ်ကြပါတယ်။ တချို့က အမေရိကအလယ်ပိုင်းနဲ့ တောင်အမေရိကတွေမှာပေါက်တဲ့ ဗရာဇီးသစ်ကနေ အဆီထုတ်ပြီး ဖေါ် စပ်ကြတာလည်း ရှိပါတယ်။ ဒါပေမယ့် မင်နီချင်းအတူတူ အထက်ကမင်နီလောက် အရည်သွေး မကောင်းပဲ မှိန်လွယ်ပြီး ကြက်သွေးရောင် ကောင်းကောင်းမပေါ်လွင်တာကတော့ ဗရာဇီးသစ်အဆီရဲ့ အားနည်းချက် ပါပဲ။
          နောက်ထပ်မင်တစ်မျိုးပြောရမယ်ဆိုရင် လျို့ဝှက်ကိစ္စတွေမှာသုံးတဲ့ မင်မျိုးကိုပြောရပါလိမ့်မယ်။ အဲဒီမင်ကတော့ စာရွက်ပေါ်မှာရေးပေမယ့် အရောင်မထင်ပါဘူး။ လူသုံးများတဲ့ နောက်ထပ်လျို့ဝှက်မင် တစ်မျိုးကတော့ လက်အက်ဆက်တိတ်အရည်နဲ့ စာရွက်ပေါ်ရေးတာဖြစ်ပြီး ဆာလဖြူရက်တက်ဟိုက်ဒြိုဂျင် (ဟိုက်ဒြိုဂျင် ဆာလဖိုက်)နဲ့ထိမှသာ မည်းပြီးစာလုံး ပေါ်လာတာမျိုးဖြစ်ပါတယ်။ ကိုဗော့နိုက်ထရိတ်ရည် နဲ့ရေးတဲ့စာကတော့ အောက်ဇဲလစ်အက်ဆစ်ရည်နဲ့ ထိလိုက်တဲ့အခါ အပြာရောင်ကိုပြောင်းသွားပါတယ်။ ကိုဗော့ကလိုရိုက်(ဒ) ဒါမှမဟုတ် နိုက်ထရိုကလိုရိုက်(ဒ)ကတော့ အပူနဲ့ထိရင် အစိမ်းရောင်ကိုပြောင်းသွား ပါတယ်။ လွယ်ကူတဲ့လျို့ဝှက်စာတစ်မျိုးကတော့ အဖျားချွန်တဲ့ကလောင်သွားနဲ့ ရှောက်ရည်ကိုတို့ပြီး စက္ကူ -ပေါ်စာရေးတာပါပဲ။ ရေးပြီးတဲ့အခါ စာလုံးတွေကို မြင်ရမှာမဟုတ်ပေမယ့် အဲဒီစက္ကူကိုမီးကင်ပြီးဖတ်ရင် အညိုရောင်စာလုံးတွေ ပေါ်လာမှာဖြစ်ပါတယ်။
          ရှေးရောမလူမျိုးတွေ သုံးလေ့ရှိတဲ့ အကောင်းစားမင်တစ်မျိုးကို ဆက်ပြောပါရစေ။ အဲဒါကတော့ ကင်းမွန်အမျိုးစားဖြစ်တဲ့ ရုပ်ဆိုးဆိုးပင်လယ်သတ္တ၀ါဆိုတာ ရှိပါတယ်။ သူ့ကိုယ်အောက်မှာ အညိုနက်ရောင် ပါတဲ့ အိတ်တစ်ခုရှိပါတယ်။ အဲဒီထဲကအရည်နဲ့ သူ့ရဲ့ရန်သူတွေကို ပက်လေ့ရှိပါတယ်။ အဲဒီအရည် ကို ရှေးရောမလူမျိုးတွေ မင်အဖြစ်သုံးကြတာပဲဖြစ်ပါတယ်။ အကောင်းဆုံးပုံနှိပ်မင်စပ်နည်း ကတော့ကာဗွန် မှိုင်း ဒါမှမဟုတ် ဓာတ်ငွေ့မှိုင်းကို ဘီးသွားဆီနဲ့ရောပြီး ဖေါ်စပ်ကြတာဖြစ်သလို သစ်စေးဆီကိုလည်း သုံးကြပါတယ်။ အိမ်သုံးဆပ်ပြာကိုလည်း ထည့်သုံးတတ်ကြပါတယ်။

ကိုး = မြန်မာသဒ္ဒါ (မြန်မာစာအဖွဲ့)။ မြန်မာ့စွယ်စုံကျမ်း (အတွဲ ၉၊ အပိုင်း က)။ မြန်မာစာမြန်မာစကား (မြန်မာစာအဖွဲ့)။ Kiwix(ကီးဝစ်)။
Print Friendly and PDF

Monday, July 8, 2013

ကျောက်စာ

Unknown | 6:23 AM | Be the first to comment!


          ကျောက်စာဆိုတာ ဘာလဲလို့မေးမယ်ဆိုရင် လွယ်ပါတယ်။ ကျောက်စာဆိုတာ ကျောက်ပေါ်မှာရေး ထားတဲ့စာလို့ ဖြေရမှာပါပဲ။ ဟုတ်ပါတယ်။ ကျောက်စာဆိုမှတော့ ကြောက်လို့ရေးတဲ့စာမဟုတ်သလို စာရွက်ပေါ်မှာရေးတဲ့စာလဲမဟုတ်တာတော့ အသေချာပါပဲ။ ပထမဆုံးအနေနဲ့ အများသိကြတဲ့ အသောက ဘုရင်ရဲ့ ကျောက်စာကို ပြောကြပါစို့။ အသောကဘုရင်သည် ဗုဒ္ဓသာသနာ့သမိုင်းအတွက် တကယ် အားကိုးရတဲ့ မင်းတစ်ပါးဖြစ်ပါတယ်။ သူ့ရဲ့ကျောက်စာတွေသာမရှိခဲ့ရင် ဗုဒ္ဓဘာသာသည် တစ်ခေတ် တစ်ခါက ဘယ်လောက် ကျယ်ပြန့်ခဲ့တယ်စသည်ဖြင့် အတော်လေး အငြင်းအခုံဖြစ်ရမှာ သေချာပါတယ်။ ကဲ ဆက်ကြဦးစို့။
          အသောကမင်းသည် သာသနာနှစ် ၂၀၀-ကျော်၊ သီဟိုဠ်နဲ့မြန်မာတို့အလို ဘီစီ ၃၄၂-၂၆၄၊ အနောက်တိုင်း သုတေသီတို့အလို ဘီစီ ၂၆၄-၂၇၇ မှာ ပေါ်ထွန်းခဲ့တာဖြစ်လို့ သူ့ရဲ့ကျောက်စာတွေကို အဲဒီနှစ်တွေမှာ ရေးခဲ့တာပဲဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အသောကမင်းကြီးရဲ့ကျောက်စာတွေကို ၁၃၅၁ - ကနေစပြီး အိန္ဒိယသား တွေ ဘယ်သူမှမဖတ်တတ်ကြတော့ဘူး။ အဲဒီလိုနဲ့ အိပ်ပျော်နေတဲ့ အသောက -ကျောက်စာကို အမျိုးမျိုးဖေါ်ထုတ် ကြ၊ အသက်သွင်းကြရာကနေ ခရစ်နှစ် ၁၈၃၈-ခုနှစ်ရောက်တဲ့အခါ အင်္ဂလိပ်လူမျိုး ပညာရှင် ဂျိမ်းပရင့်ဆက် (James Prinsep)က အသောကကျောက်ကို ပထမဆုံးဖတ်နိုင် သူဖြစ်ခဲ့တယ်။ တနည်းပြောရရင် အိပ်ပျော်နေတဲ့ အသောကကျောက်စာကို အသက်ပြန်သွင်းပေးခဲ့သူပေါ့။ အဲဒီကနေစပြီး တစ်ချပ်ပြီးတစ်ချပ် ဖေါ်ထုတ်ကြ၊ အဓိပ္ပာယ်ပြန်ဆိုထုတ်ဝေကြနဲ့ လုပ်လာလိုက်တာ မပျက် မစီးသေးတဲ့ အသောကကျောက်စာ အရေအတွက် ၃၅ (၄၀) ခု ရှိခဲ့တယ်။ ပြောရမယ်ဆိုရင် အသောက -ကျောက်စာတွေက အိန္ဒိယအရှေ့ပိုင်းဒေသ နဲ့ တောင်ဘက်စွန်းဒေသကိုချန်ထား ကျန်အိန္ဒိယနိုင်ငံ အနှံ့ အပြားမှာ တွေ့ရနိုင်ပါတယ်။
          အပေါ်မှာပြောခဲ့သလိုပါပဲ အသောကကျောက်စာရဲ့အကြောင်းအရာ၊ အရွယ်ပမာဏ၊ ကျောက် မျက်နှာပြင် အနေအထားကိုကြည့်ပြီး အမျိုးအစားခွဲတဲ့အခါ -
၁။ကျောက်ဆောင်ကြီး (ကျောက်ပြားကြီး) = ၁၄ ချပ်။
၂။ကျောက်ဆောင်စာငယ် (ကျောက်ပြားငယ်) = ၅ ချပ်။
၃။ကျောက်တိုင်စာကြီး = ၇ မျိုး။
၎။ကျောက်တိုင်စာငယ် = ၇ မျိုး။
၅။လိုဏ်ဂူကျောက်စာ = ၂ မျိုး။ ပေါင်း = ၃၅ မျိုးရှိပါတယ်။
          အရေအတွက်အနေနဲ့ဆိုရင် -
၁။ကျောက်ပြားငယ် = ၅ ချပ်။
၂။ကျောက်ပြားကြီး = ၁၄ ချပ်။
၃။ကလိင်္ဂကျောက်ပြား = ၂ ချပ်။
၎။ကျောက်တိုင် = ၇ လုံး။
၅။ကျောက်တိုင်ငယ် = ၆ လုံး။
၆။ကျောက်ဂူ = ၆ လုံး။ ပေါင်း ၄၀ ရှိပါတယ်။
      ဆက်ပြီးတော့ မြန်မာနိုင်ငံရဲ့ကျောက်စာအခြေနေလေး ပြောပါရစေ။ မြန်မာနိုင်ငံမှာ ကျောက်ပြားပေါ်စာရေး တဲ့ အလေ့က သရေခေတ္တရာခေတ်ကတည်းက ရှိခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ သရေခေတ္တရာ မြို့ရိုးတံခါးပေါက်နားမှာ ကျောက်စာတိုင်နှစ်တိုင် တွေ့ရပါတယ်။ ရွှေတံခါးမြို့ပေါက်နားကတိုင်မှာ မင်္ဂလ သုတ်ဂါထာတွေကို တွေ့ရပြီး ကုန်းရိုးရွာနားကတိုင်မှာ ရတနသုတ် ပါဠိတွေ တွေ့ရပါတယ်။ ရေးထားတဲ့ အက္ခရာအနေအထားအရ အေဒီ ၅ ရာစု၊ ၆ ရာစု၊ ၇ ရာစုဖြစ်မယ်လို့ ခန့်မှန်း ရပါတယ်။
          ဘိုးတော်ဘုရားလက်ထက်မတိုင်မီခေတ်ရဲ့ ရေးထိုးတဲ့ကျောက်တွေကို ကြည့်မယ်ဆိုရင် များသော အားဖြင့် ဒေသနဲ့နီးစပ်ရာကျောက် ဒါမှမဟုတ် ထုဆစ်လွယ်တဲ့ကျောက်တွေကို အသုံးများတာတွေ့ရမယ်။ သဲကျောက်တို့ လိပ်သဲကျောက်တို့ကို အသုံးများကြတယ်။ ပုဂံခေတ်ကဆိုရင် ကျောက်ဆည်၊ ဝေဘူတောင် - ကျောက်တွေကို အသုံးများကြတယ်။ ကုန်းဘောင်မင်းဆက်ဖြစ်တဲ့ ဘိုးတော်မင်း (ပဒုံမင်း)လက်ထက် -ရောက်မှသာ မတ္တရာနယ်၊ စကျင်ကျောက်ကို စသုံးတာတွေ့ရတယ်။ မှတ်မှတ်ရရ ဇာတ်လမ်းတစ်ခု ကို ပြောရမယ်ဆိုရင် အရင်က စကျင်တောင်ကို ကျောက်ဖြူတောင်လို့ပဲ ခေါ်ကြတယ်။ တစ်ခါမှာတော့ စကျင်တောင်ကထွက်တဲ့ အရည်သွေးကောင်းတဲ့ ကျောက်နီတွေတွေ့လို့ မင်းတုန်းမင်းကို လာရောက် ဆက်သကြတယ်။ အဲဒီအခါ မင်းတုန်းဘုရင်က သဘောကျလို့ ပတ္တမြားတောင်လို့ နာမည်ပြောင်းခေါ်ခဲ့တဲ့ အမှတ်တရဇာတ်လမ်းလေး တစ်ပုဒ်ပါပဲ။
          ကျောက်စာနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် မြန်မာတို့ရဲ့အသဲနှလုံးဖြစ်တဲ့ ပုဂံကိုပြောရမှာပါပဲ။ ပုဂံပြည်ခေတ်ကောင်းစဉ် ကြီးကျယ်ခန်းနားစဉ်အခါတုန်းက ကျောက်စာအများအပြားကို ရာပေါင်းများစွာ စိုက်ထူထားခဲ့ကြတယ်။ အဲဒီထဲကမှ စိတ်ဝင်စားစရာကောင်းတာကတော့ ယနေ့တိုင်အောင် မြန်မာ့ -ကျောက်စာ ဟေ့-လို့ ပြောလိုက်ရင် နှုတ်ကနေအလိုလို ပြောထွက်နေကြတဲ့ ခရစ်နှစ် ၁၁၁၂-မှာ ရေးထိုး ခဲ့တဲ့ မြစေတီ ကျောက်စာ(ရာဇကုမာရကျောက်စာ) ပဲဖြစ်ပါတယ်။ အဲဒီကျောက်စာက မြန်မာ၊ပျူ၊ပါဠိ၊ မွန် လေးဘာသာနဲ့ ရေးထိုးထားတာကြောင့် အလွန်လဲစိတ်ဝင်စားစရာကောင်းပါတယ်။
          မြန်မာတွေအတွက် နောက်ထပ်ဂုဏ်ယူစရာကောင်းတာ ရှိပါသေးတယ်။ အဲဒါကတော့ ပိဋကတ် သုံးပုံကို ပထမဆုံး ကျောက်ထက်အက္ခရာတင်ခဲ့တာ မင်းတုန်းမင်း ဖြစ်နေတာပါပဲ။ ကျောက်စာချပ်ရေ ၇၂၉-ချပ် ရှိပါ တယ်။ မင်းတုန်းမင်းသည် ၁၂၁၉ (၁၈၅၂)မှာ နန်းတက်ပါတယ်။ ၁၂၂၁၊ ကဆုန်လပြည့် -ကျော် ၆-ရက်နေ့မှာ မန္တလေးရွှေမြို့တော်ကို တည်ထောင်ပါတယ်။ တည်ထောင်တဲ့အခါ နန်းမြို့ကြီး၊ ကျုံး၊ မဟာလောကမာရဇိန်စေတီတော်၊ ပဋ္ဌာန်းဟော ရွှေသိမ်၊ အတုမရှိကျောင်း၊ သုဓမ္မာဇရပ်၊ ပိဋကတ် တိုက်တော်တို့ကို တစ်ပြိုင်နက်ပန္နက်ချပြီး တည်ထောင်ခဲ့ပါတယ်။ ကျောက်စာတွေကိုတော့ ကုသိုလ်တော် -စေတီရဲ့တံတိုင်းသုံးထပ်အတွင်းမှာ ၁၂၂၂၊ တန်ဆောင်မုန်း လဆန်း ၁-ရက် (၁၄-၁၀-၁၈၆၀)မှာ စတင် ထုခဲ့ပြီး ၁၂၃၀၊ကဆုန်လဆန်း ၁၄-ရက် (၄-၅-၁၈၆၈)မှာ ပြီးစီးခဲ့ပါတယ်။ ၇-နှစ်၊ ၆-လနဲ့ ၁၄-ရက်ကြာပါ တယ်။ ဆက်ပြီးတော့ ဖြည့်စွက်ပြောရမယ်ဆိုရင် ပဉ္စမသင်္ဂါယနာတင်တာနဲ့ မင်းတုန်းမင်းရဲ့ကျောက်ထက် အက္ခရာတင်တာ အတူတူမဟုတ်ပါဘူး။ ပဉ္စမသင်္ဂါယနာကို ၁၂၃၃၊ တန်ခူးလပြည့်ကျော်၊၁၁-ရက် ၊ နှစ်ဆန်းတစ်ရက်၊ စနေနေ့ (၁၅-၄-၁၈၇၁)မှာ သံဃာတော် ၂၄၀၀-နဲ့ နေ့ညမစဲ ရွတ်ဖတ်ပူဇော်တာ အဲဒီနှစ် တော်သလင်းလပြည့်ကျော် ၁၄-ရက်၊ အင်္ဂါနေ့ (၁၂-၉-၁၈၇၁)မှာ ပြီးခဲ့ပြီး ၅-လနဲ့ ၃-ရက်ကြာ ပါတယ်။ ပြောရမယ်ဆိုရင် ပဉ္စမသင်္ဂါယနာတင်တာနဲ့ ကျောက်ထက်အက္ခရာတင်တာ ကြားမှာ ၃-နှစ် ကွာဟနေပါတယ်။
          ကျန်ရှိတဲ့ အဋ္ဌကထာ၊ဋီကာတွေကို ရသေ့ကြီးဦးခန္တီက ကနောင်မင်းသားရဲ့သမီးတော် ရန်အောင် -မြင်မြိ့စားမင်းသမီး သုသီရိသင်္ခါဝတီရဲ့ လျှောက်ထားချက်အရ ၁၂၇၅-မှာ စန္ဒာမုနိဘုရားအတွင်း စိုက်ထူ ခဲ့တာဖြစ်ပြီး ကျောက်စာချပ်ရေ ၁၇၇၄-ချပ် ရှိပါတယ်။
          ကုသိုလ်တော်ဘုရားထဲက ကျောက်စာတွေနဲ့ စန္ဒာမုနိဘုရားထဲကကျောက်စာတွေကို နှိုင်းယှဉ် ကြည့် လိုက်တဲ့အခါ ကုသိုလ်တော်ဘုရားကျောက်စာတွေက ပိုပြီးလက်ရာကောင်းတယ်လို့ဆိုပါတယ် ။ ကျောက်စာရဲ့ လက်ရာကောင်း၊မကောင်းကို ကြည့်နည်းကတော့ ကျောက်ပြားကြီးမျက်နှာပြင် ညီ,မညီ၊ ထွင်းထုထားတဲ့စာလုံး အတိမ်အနက်၊ စာနှုတ်ခမ်းအကျဉ်းအကျယ် ညီ,မညီ၊ အဲဒါတွေနဲ့ တိုင်းတာကြပါ တယ်။ အလွယ်သိချင်ရင်တော့ ဖယောင်းနဲ့နှိပ်ပြီး ကြည့်လို့ရပါတယ်။
          ကျောက်စာရေးတာနဲ့ပတ်သက်ပြီး ဗဟုသုတရစရာလေး ပြောပြပါရစေ။ ကျောက်စာချပ်တစ်ချပ် မှာ ကျောရောဝမ်းပါ နှစ်ဖက်ရှိတာကြောင့် နှစ်ဖက်လုံးကို ရေးမယ်ဆိုရင် လက်ရေးကလဲကောင်း မြန် ကလဲမြန်မယ်ဆိုရင် သုံးရက်အချိန်ကြာနိုင်ပြီး လက်ရေးကောင်းပေမယ့် အရေးနှေးရင်တော့ ငါးရက် အချိန်ကြာနိုင်ပါတယ်။ ရေးလို့လည်းပြီးပြီ စာတိုက်လို့လည်းမှန်ပြီဆိုရင် စာလုံးတွေ စတင်ထွင်းထုကြ ပါတယ်။ အဲဒီလိုထွင်းထုတဲ့အခါ စာထုမြန်တဲ့သူက တစ်ရက်ကို ၁၅-ကြောင်း ၁၆-ကြောင်း ထွင်းထုပြီးနိုင်ပေ မယ့် စာထုနှေးတဲ့သူဆိုရင်တော့ ၁၀-ကြောင်းလောက်ပဲ ပြီးနိုင်မှာဖြစ်ပါတယ်။ တစ်မျက်နှာကို စာကြောင်း ၈၀ ကနေ ၁၀၀ ကျော်ထိ ရှိနိုင်ပါတယ်။
          ထွင်းထုထားပြီးပြီဖြစ်တဲ့ အဲဒီစာလုံးတွေပေါ်ကို ရွှေမင်နဲ့ပဲဖြစ်ဖြစ် မင်နက်နဲ့ပဲဖြစ်ဖြစ် ထပ်ပြီးရေးရ ပါတယ်။ ဒါမှသာ ဖတ်လို့မြင်သာထင်သာရှိမှာဖြစ်ပါတယ်။ ယခုလက်ရှိ ကုသိုလ်တော်ဘုရားကျောက်စာ ရဲ့မင်တွေကတော့ မင်နက်ဖြစ်ပြီး စိန်တုံးဆရာတော်ရဲ့ မင်စပ်နည်းနဲ့ စပ်ထားတာဖြစ်ပါတယ်။ မင်ဖျော်ပုံ ကတော့ မန္တလေး၊ကွမ်းခြံရပ်၊ ကျောက်စလင်းမျက်မှန်တိုက် ဆရာထီဆီက ချိပ်တစ်ပိဿာကို တစ်ဆယ် ကျပ်နှုန်းနဲ့ဝယ်ပြီး ချိပ်အစိတ်သားကို ရေတစ်ပိဿာနဲ့ သုံးခွက်တစ်ခွက်တင်ကျိုပါတယ်။ ပြီးတော့ ရေနံ မှိုင်းခံပြီး ကောက်ရိုးပြာရည်နဲ့ရောပြီး ချိပ်ရည်နဲ့မွှေပါတယ်။ အဲဒီနည်းစနစ်နဲ့ အသုံးပြုထားတဲ့ မင်နက်ပဲ ဖြစ်ပါတယ်။

ကိုး = မြန်မာ့စွယ်စုံကျမ်း(အတွဲ-၆)။ ကမ္ဘာ့အကြီးဆုံးစာအုပ်(လူထုဒေါ်အမာ)။ အသောကကျောက်စာများကိုလေ့လာခြင်း Term Paper (အရှင်သုစိတ္တ-ရွှေဘို/လင်းနေ(နမော)။
Print Friendly and PDF

Saturday, July 6, 2013

ပေ (ပေစာ)

Unknown | 7:07 PM | Be the first to comment!
          ပေပင်အရွက်ကို စာရေးလို့ရအောင်လုပ်ပြီး စာတွေရေးထားတာကို ပေစာလို့ ခေါ်တယ်။ ပေပင် ဆိုတာကတော့ အိန္ဒိယ၊ သီဟိုဠ်၊ မြန်မာစတဲ့ အပူပိုင်းဒေသတွေမှာပဲ ပေါက်လေ့ရှိပါတယ်။ သာသနာ-၄၅၀၊ အာလောကလိုဏ်၊ သီဟိုဠ်မှာ ၀ဋ္ဋဂါမဏိမင်းကို အမှီပြုပြီး ရဟန်းငါးရာတို့က ပိဋကတ်သုံးပုံနဲ့ အဋ္ဌကထာ -တွေကို ပေထက်အက္ခရာ တင်ပြီး စတုတ္ထသင်္ဂါယနာတင်ခဲ့ကြတယ်။ အဲဒါကြောင့်ပဲ စတုတ္ထသင်္ဂါယနာ ကို ပေါတ္ထကာရုဠှသင်္ဂါယနာလို့ ခေါ်ကြတာဖြစ်တယ်။
          တကယ်တော့ ယဉ်ကျေးစခေတ်တုန်းက လူတွေဟာ မိမိတို့အကြောင်း၊သမိုင်းကို မှတ်တမ်းပြုနိုင်ဖို့ အတွက် စာရေးနည်းတွေ၊ စာရေးကိရိယာတွေကို ရှာဖွေကြတဲ့အခါ ပေပေါတဲ့အိန္ဒိယကတော့ ပေနဲ့စာရေး သား ခဲ့တာပါပဲ။ အိန္ဒိယနဲ့သီဟိုဠ်က ကညစ်ရေးပေကို အသုံးများပြီး ပေရွက်ပေါ်ကို သံချွန်နဲ့ရေးရတာဖြစ် တယ်။ အဲဒီသံချွန်ကို မြန်မာတွေကတော့ ကညစ်တံလို့ခေါ်ပြီး နောက်ပိုင်း မင်ရေးပေ၊ ဆေးဒါန်းရွှေချပေ သို့မဟုတ် ဇီဇ၀ါပေရေးနည်းတို့ကို အသုံးပြုကြတယ်။ မြန်မာ့ပေအရေးအသားကို အိန္ဒိယကနေရရှိတာဖြစ် ပါတယ်။ အစောဆုံးအနေနဲ့ မြန်မာသက္ကရာဇ် ၁၀၀၀-ခန့်(အေဒီ ၁၇-ရာစု)က မြန်မာ့ပေမူကို  တွေ့ရနိုင်ပါ တယ်။ ဒေါက်တာသန်းထွန်းက ပေသည် နှစ် ၁၀၀၀-ထိ သက်တမ်းနိုင်တယ်လို့ ပြောခဲ့ဖူးတာကို ဆရာ ဦးစိုးကျော်သူ ပြန်ပြောပြချက်အရ သိရဖူးပါတယ်။
          ပေသည် အလျားတစ်ပေထိရှည်နိုင်ပြီး အချို့ပေတွေကတော့ လက်ဝါးပေါ်တင်နိုင်လောက်တဲ့ ထိ သေးငယ်ပါတယ်။ အဲဒီသေးငယ်တဲ့ပေပေါ်ကို စာကြောင်းရေ ၂၀-အထိ ရေးကြတာလည်း ရှိပါတယ် ။ ပေတစ်အင်္ဂါမှာ ၁၂-ချပ်ရှိပါတယ်။ အဲဒီ (က၊ကာ၊ကိ၊ကီ၊ကု၊ကူ၊ကေ၊ကဲ၊ကော့၊ကော်၊ကံ၊ကား) ၁၂-ချပ်မှာ တစ်ချပ်ကို နှစ်မျက်နှာဆိုတော့ အားလုံးပေါင်း ၂၄-မျက်နှာ ရှိရပါမယ်။ တစ်မျက်နှာကို အနည်းဆုံး ၈ -ကြောင်း ရေးကြပါတယ်။ ဒါဆိုရင် တစ်အင်္ဂါမှာ ၁၂၉-ကြောင်း ရှိရပါမယ်။ ဒါကအနည်းဆုံးကို ပြောတာဖြစ် ပါတယ်။ စာရေးကောင်းပါတယ်ဆိုတဲ့သူတွေတိုင်း တစ်ရက်ကို တစ်အင်္ဂါပြီးအောင် ရေးနိုင်ကြတာမဟုတ် ပါဘူး။ စာအတော်မြင်တဲ့သူတွေမှသာ ရေးနိုင်ကြမှာပါ။ ဘာဖြစ်လို့လဲဆိုရင် စာတစ်ပိုဒ်ရေးလိုက် စာအုပ် တစ်ခါ ကြည့်လိုက်ဆိုရင် အချိန်အများကြီးလင့်သွားနိုင်တာကြောင့် ဖြစ်ပါတယ်။
          ရေးတဲ့အခါမှာ လက်ညှိုး၊လက်မသာမက လက်ဆယ်ချောင်းလုံး သူ့နေရာနဲ့သူ အရေးပါပါတယ်။ လက်မကတော့ အဓိကကျပါတယ်။ ပေစာရေးတဲ့သူဟာ ရေးနေရင်း စာလုံးမှားပြီဆိုတာနဲ့ မှားတဲ့စာလုံး အထဲကို ဗိန္ဓုခေါ် အပြောက်ကလေးကို ကညစ်နဲ့ထိုးဖေါက်ခဲ့ရတယ်။ ဒါမှပဲ စာဖတ်သူက ဒါအမှား ဖြစ်တယ် ဆိုတာသိပြီး ကျော်ဖတ်သွားမှာဖြစ်တယ်။ တစ်မျက်နှာကို သုံးကြိမ်ထက်ပိုပြီး အမှားမခံပါဘူး။ သုံးကြိမ်ထက် ပိုပြီဆိုတာနဲ့ အဲဒီစာမျက်နှာကို ဆက်မရေးတော့ပဲ ပေချပ်အသစ်တစ်ထပ်ယူပြီး အစကနေ ပြန်ရေးကြပါ တယ်။ အက္ခရာတွေကို ကညစ်နဲ့ရေးပြီးရင် အမည်းရောင်အမှုန့်တစ်မျိုးနဲ့ သုတ်လိမ်းပွတ်တိုက်ရပါသေး တယ်။ အိန္ဒိယပေချပ်တွေဆိုရင် ပေချပ်အလယ်တည့်တည့်ကို မီးရဲရဲဖုတ်ထားတဲ့ သံစူးနဲ့ဖောက်ပြီး ကြိုးသီ ထားကြတယ်။ အထက်အောက် ပျဉ်ပြားတစ်ချပ်စီနဲ့ပိတ်ပြီး ကြိုးနဲ့ချည်ထားရတယ်။ တစ်ခါတစ်ရံ အပေါ်ဖုံး ပျဉ်ချပ်ပေါ် အယူဝါဒဆိုင်ရာ ဇာတ်ဝတ္ထုပန်းချီတွေ ရေးခြယ်ထားတတ်ကြတယ်။
          အိန္ဒိယမှာလည်း မြန်မာနိုင်ငံလိုပဲ ပေရဲ့တန်ဖိုးကိုမသိလို့ မထိန်းမသိမ်းနဲ့ နေရာအနှံ့ပျံ့ကျဲခဲ့ဖူး တယ်။ ဒါပေမယ့် ၁၈၆၀-မှာ အစိုးရက ဌာနတစ်ခုဖွင့်ပြီး ပေစာတွေကို စုဆောင်းခဲ့ပါတယ်။ အဲဒီ လိုဆောင်ရွက်တဲ့ သူတွေထဲမှာ အနောက်တိုင်းပညာရှင်တွေကပါ အံ့သြချီးကျူးခဲ့ရတဲ့ဌာနက ၁၈၈၇-ခုမှာ မိုက်ဆိုးပြည်နယ် စော်ဘွားကြီး မဟာရာဇာဇာဝူးဒီးယားမဟာဒူး တည်ထောင်ခဲ့တဲ့ အရှေ့တိုင်းသုတေသန ဌာနဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အဲဒီဌာနက လွန်ခဲ့တဲ့နှစ်ငါးရာကျော်က ရေးကူးခဲ့တဲ့ ပညာရှိ က၀ိ ကြီး ကောတ္တိလျ (စာဏကျနီတိဆရာကြီး)ရဲ့ အာသာသျှတ္တရကျမ်းပေမူကို တွေ့ရှိခဲ့လို့ပဲဖြစ်ပါတယ်။

ကိုး = မြန်မာ့စွယ်စုံကျမ်း(အတွဲ-၆)။ မြန်မာသဒ္ဒါ(မြန်မာစာအဖွဲ့)။ ကမ္ဘာ့အကြီးဆုံးစာအုပ်(လူထုဒေါ်အမာ) ။    
Print Friendly and PDF

Wednesday, July 3, 2013

ပရပိုက်

Unknown | 7:52 AM | Be the first to comment!
ပရပိုက်ဆိုတာ အလျားတစ်မိုက်၊ အနံတစ်တောင်ရှိတဲ့ စက္ကူအရှည်ကို ဘာဂျာပုံစံချိုးထားတဲ့ ရှေးစာ အုပ်တစ်မျိုးဖြစ်ပါတယ်။ ချိုးထားတာကိုကြည့်ပြီး နာမည်ခုနစ်မျိုးရှိပါတယ်။ပုဂံဝန်ထောက်ဦးတင်က တစ်ရေ စီးနဲ့ လွှာချင်းဆိုတာ အတူတူပဲလို့ယူဆပြီး အောက်ပါအတိုင်း ခုနစ်မျိုးခွဲပြထားပါတယ်။
၁။တစ်ရေစီးရှိလျင် လွှာချင်း
၂။နှစ်ရေစီးရှိလျင် အလွှာတစ်လွှာ
၃။သုံးရေစီးမှ ငါးရေစီးရှိလျင် လွှာထပ်ကလေး
၎။ခြောက်ရေစီးမှ ဆယ့်တစ်ရေစီးရှိလျင် လွှာထပ်ကြီး
၅။ဆယ့်နှစ်ရေစီးမှ ဆယ့်ခြောက်ရေစီးရှိလျင် ဆူဝက်
၆။သုံးဆယ့်နှစ်ရေစီးရှိလျင် တစ်ဆူ
၇။ခြောက်ဆယ့်လေးရေစီးရှိလျင် ဆူထပ်

ရွှေကိုင်းသားကတော့ တစ်ရေစီးဆိုတာ နှစ်လွှာရှိရပါမယ်ဆိုပြီး အောက်ပါအတိုင်း ခုနစ်မျိုးခွဲပြထားပြန်ပါ တယ်။
၁။အလွှာတစ်ရွက်ရှိလျင် လွှာချင်း
၂။အလွှာနှစ်ရွက်ရှိလျင် တစ်ရေစီး
၃။သုံးလွှာမှ ငါးလွှာထိရှိလျင် လွှာထပ်ကလေး
၎။ခြောက်လွှာမှ ဆယ့်တစ်လွှာထိရှိလျင် လွှာထပ်ကြီး
၅။ဆယ့်နှစ်လွှာမှ ဆယ့်ခြောက်လွှာထိရှိလျင် ဆူဝက်
၆။သုံးဆယ့်နှစ်လွှာရှိလျင် တစ်ဆူ
၇။ခြောက်ဆယ့်လေးလွှာရှိလျင် ဆူထပ်

          ပုဂံခေတ်နောက်ပိုင်း ကျောက်စာထဲက [သင်ပုန်း ၂၊ ပရပိုက် ၁၊ ကံ့ကူဆံ ၅ချောင်း] ဆိုတဲ့ စာသားဟာ ပရပိုက်ကို စသုံးခဲ့တဲ့ အစောဆုံးအထောက်ထားတစ်ခု ဖြစ်ပါတယ်။
          ပရပိုက်ဆိုတဲ့စကားက မြန်မာစကားမဟုတ်ပဲ သက္ကတစကားဖြစ်တဲ့ ပရိဗ္ဗ မှ ပရိဗ၊ ပရိဗ မှ ပရပိုက် အဖြစ်ကို မွန်စကား ဗေလပေါ့ နဲ့ရောစပ်ပြီး ဖြစ်လာတယ်လို့ ပုဂံဝန်ထောက်ဦးတင်က ဆိုပါတယ်။ အဲဒီလို မပြောပါနဲ့၊ ပရပိုက်ကို အိန္ဒိယမှာ မသုံးပါဘူး၊ တကယ်တော့ ပရပိုက်ဆိုတာ တရုတ်ပြည်ကနေ ဖြစ်ပါတယ်၊ ပု-လိင်္ဂ-ပိုက် ဆိုတဲ့စကားကနေ ပရပိုက်ဖြစ်လာတာပါလို့ တော်စိန်ခိုက တစ်မျိုးဆိုပြန်ပါတယ်။ ဒေါက်တာ သန်းထွန်းကတော့ ရှမ်းကမိုင်းကိုင်းစက္ကူကို တရုတ်တွေ စာအုပ်တွဲချုပ်သလို ချုပ်တာဖြစ်တယ်။ ဒါကြောင့် ပရပိုက်ကို မြန်မာနဲ့မွန်ပဲ သုံးတယ်လို့ ပရပိုက်ရဲ့မူလအစကို ပြောပြန်ပါတယ်။
          ပရပိုက်အဖြူနဲ့ ပရပိုက်အနက်ဆိုပြီး ပရပိုက်အမျိုးစား နှစ်မျိုးရှိပါတယ်။ ပရပိုက်အဖြူပေါ်ကို မင်နဲ့ စာ ရေးလေ့ရှိပြီး ဆေးရောင်စုံပုံဆွဲလေ့ရှိပါတယ်။ ရေးပြီးရင်လဲ ပြန်ဖျက်လေ့မရှိပါဘူး။ ပရပိုက်အနက် က ရေးပြီးရင် ပြန်ဖျက်လို့ရပါတယ်။ ကျောက်သင်ပုန်းလိုမျိုး ရေးပြီးရင်ပြန်ဖျက်နိုင်ဖို့အတွက် ထမင်းရည်နဲ့ မီးသွေး မှုန့်ရောနယ်ပြီး သုတ်လိုက်ရင် အနက်ရောင်ပြန်ဖြစ်သွားပါတယ်။ တစ်ချို့ပရပိုက်အောက်ခြေမှာ ´ခြေ`ဆိုတဲ့ စကားလုံးပါတတ်တယ်။ အဓိပ္ပာယ်က ဒီစာကိုဖျက်လိုက ဖျက်နိုင်တယ်ဆိုတဲ့ သဘောပါပဲ။
          ပရပိုက်မှာ အကြောင်းရာတစ်မျိုးတည်းရေးတာ အတော်ရှားပါတယ်။ အကြောင်းရာ မျိုးစုံပါတတ်တယ်။ ပရပိုက်ကို အသုံးပြုရာမှာလည်း နှစ်-၂၀၊ ၃၀ ထိ မျိုးရိုးစဉ်ဆက် ရေးသားကြတယ်။ ဖျက်လို့ပြုလို့ရတာကြောင့်လည်းဖြစ်မှာပါ။ ဒါ့အပြင် ပေရွက်တွေမှာလို ပရပိုက်တစ်ခုမှာ ဘယ်နှစ်ကြောင်း ပဲ ရေးရမယ်၊ ဘယ်ကနေ စရေး ရမယ်ဆိုပြီး သတ်မှတ်ချက်မရှိပါဘူး။ ပရပိုက်မှာ ဂဏန်းတွေကို ရေးတဲ့ အခါ အသံထွက်အတိုင်း ရေးလေ့ရှိပါ တယ်။ ပရပိုက်မှာ ငွေကြေးတန်ဘိုးရေးထုံး၊ အချင်အတွယ်ဆိုင်ရာ -ရေးထုံး၊ အတိုင်းအထွာရေးထုံး၊ ကိန်းဂဏန်း ရေးထုံးတွေကို လင်္ကာနဲ့သာမက နမူနာနဲ့ပါ ဖေါ်ပြထားတာ ကို တွေ့နိုင်ပါတယ်။ နမူနာကို ကြည့်ကြရအောင် =
          ငွေကြေးတန်ဘိုးရေးထုံး =
တရွေး =ေ၁ွး ၊ ၁ွံ
တပဲ = ၁ဲ
တမူး = ၁ူ
တမတ် = ၁ံ
တကျပ် = ၁ိ
          အချင်အတွယ်ဆိုင်ရာရေးထုံး =
တပိဿာ = ၁ိါ
တတင်း = ၁င်္
တစိတ် = ၁ိ
တပြီ = ၁်
တလမျက် = ၁ျက်
တခွက် = ၁ွက်
တစလယ် = ၁ံ
          အတိုင်းအထွာရေးထုံး =
တတောင် = ၁င်္
တမိုက် = ၁်
တလက်သစ် = ၁ံ
တထွာ = ၁ွါ
          ကိန်းဂဏန်းရေးထုံး =
ငွေ ၁ိ ကို ၄ံ ရှိပါတယ်။
ငွေ ၁၀ ကို မတ် ၄၀
ငွေ ၁ိါ ကို မတ် ၄၀၀
ငွေ ၁ိ ကို ရွေး ၁၀၀၂၀
ငွေ ၁၀ ကို ရွေး ၁၀၀၀၂၀၀
ငွေ ၁ိါ ကို ရွေး ၁၀၀၀၀၂၀၀၀
          သက္ကရာဇ်ရေးထုံးကိုတော့ ပေမှာကဲ့သို့ ဝေါဟာရသင်္ချာနည်းတွေ ဗေဒင်နည်းတွေနဲ့ ရေးလေ့မရှိပါဘူး။ ပရ ပိုက်မှာ တွေ့ရတတ်တဲ့ ရေးနည်းတွေကတော့ အောက်ပါအတိုင်းပါပဲ။
၁၂၈ ပြည့် = ၁၂၈၀ ပြည့်
၁၁၁၀၅ ခု = ၁၁၁၅ ခု
၁၂၁၀၆ ခု = ၁၂၁၆ ခု
၁၁၀၁၀၅ = ၁၁၁၅
၁၂၀၀၁၁ = ၁၂၁၁
          ဒါ့အပြင် သက္ကရာဇ်အတိုရေးနည်းကိုလည်း တွေ့နိုင်ပါတယ်။ ဥပမာ = x x ဆက်သမြဲ လက်ဆောင် တော် လယ်တော်လုပ်သားတို့က ၁၂၃၆ ခုနှစ်အတွက် ပေးဆောင်ရမည်။ ၅ ခုနှစ် အတွက် ပေးဆောင်ရမည် များကို လျှောက်ထားရာ ဆိုင်ရာမိဖုရားမှာ အသုံးတော်လိုကြောင်း ၆ ခုနှစ်တွက် ကို နောင်မတောင်းမိစေရပါ၊ x x လယ်တော်လုပ်သားကြီးငယ်တို့မှာ ၆ ခုနှစ်ဆောင်ချိန်ကာလ မတိုင်မီ -ဖြစ်သော်လည်း x x ပေးဆောင်ရမည်။
          အထက်ပါ ဥပမာစာပိုဒ်မှ ၅ ခု၊ ၆ ခု တို့ကို အကြောင်းအရာ၊ သမိုင်းနောက်ခံတို့ကို ဖတ်ထား၊ သိ ထားမှ သာ အတိအကျပြောနိုင်ပါမယ်။ ဒီမှာပါတဲ့ ၅ ခု၊ ၆ ခုဆိုတာ ၁၂၃၅ ခု၊ ၁၂၃၆ ခု တို့ကို ဆိုလိုတာပါ။
          ကဲ ပရပိုက်နဲ့ပတ်သက်တာ ဒီလောက်ဆိုရင် ကျေနပ်လောက်မှာပါ။ ဒါပေမယ့် တစ်ဆက်တည်း ဗဟုသုတ ဖြစ်ဖွယ်ရာ ငွေကြေးအကြောင်းပြောပါရစေ။
          ဗဒုံမင်း(၁၇၈၂-၁၈၁၉)လက်ထက်မှာ တရားဝင် စံငွေတုံးငွေခဲ သုံးမျိုးသတ်မှတ်ပါတယ်။ အဲဒါတွေက -
၁။ရွက်နီ (ကြေး ၁၀% ရောထားသည်)
 ၂။ရွက်သေး (ကြေး ၁၅% ရောထားသည်)
 ၃။ရွက်စို (ကြေး ၂၀% ရောထားသည်)
          ကုန်းဘောင်ခေတ်အလယ်ပိုင်းမှာ ရွက်နီကို စံအဖြစ်ထားသုံးတယ်။ မိတ္ထီလာနယ်ပရပိုက်များမှာ ၄င်း သုံးမျိုးအနက် ရွက်နီကိုပဲ သုံးတာတွေ့ရတယ်။ ကြေးအရောအကဲကို မူတည်ပြီး ငွေကဲအသုံးကို မိတ္ထီ လာနယ် ပရပိုက်မှာ ရွက်နီထက်ပိုသုံးမယ် ထင်ရပါတယ်။ ကုန်းဘောင်ခေတ်က ရွက်နီတွက်နည်းသုံးမျိးရှိပါ တယ်။ ၁။အကဲနည်း ၂။ဒိုင်တက်နည်း ၃။မီးနှုတ်နည်းတို့ပဲဖြစ်ပါတယ်။
          ကုန်းဘောင်ခေတ်မှာ ဒင်္ဂါးအသုံးကိုလဲ တွေ့ရပါတယ်။ ဗဒုံမင်းလက်ထက်က ကျားရုပ် ၊နှစ်ကောင်ရုပ်၊ ရွှေပြည်စိုးရုပ်တွေနဲ့ ဒင်္ဂါးသွန်းလုပ်ခဲ့ပါတယ်။ ဒါပေမယ့် မိတ္ထီလာနယ်မှာ ဗဒုံမင်းလက်ထက် ဒင်္ဂါး သုံးတဲ့အချက်တွေ မတွေ့ရပါဘူး။ သာယာဝတီရွှေဘိုမင်း(၁၈၃၇-၄၆)၊ ပုဂံမင်း(၁၈၄၆-၅၂) လက် ထက်မှာ ဒင်္ဂါး လုပ်တယ်လို့ ဆိုတယ်။ ပရပိုက်မှာတော့ အဲဒီအထောက်ထားတွေ မတွေ့ရပါဘူး။ ဒါပေမယ့် မင်းတုန်းမင်း (၁၈၅၂-၇၈)လက်ထက် ဒင်္ဂါးအသုံးကို ပရပိုက်မှာ အများအပြားတွေ့ရပါတယ်။ ၁၈၆၅၊နိုဝင် ဘာ၊၁၁-ရက်မှာ ဒင်္ဂါး သွန်းလုပ်ခဲ့ပါတယ်လို့ ဆိုပါတယ်။

မှတ်ချက် = အားလုံးဖတ်လို့ရအောင်ဆိုပြီး စာအုပ်သက်သက်မဟုတ်ပဲ စာကိုပါ အဆင်ပြေ သလို ပြန်ရေးလိုက်ပါတယ်။ ၀င်းတင်နာမည်နဲ့ ပြုစုထားတဲ့စာရေးဆရာရဲ့ စာအုပ်ဖြစ်ပါတယ်။ မိမိကိုယ် တိုင်လဲ စိတ်ဝင်စားလို့ပါ။
Print Friendly and PDF
Twitter Bird Gadget