ဒီဆိုက်ဒ်ထဲက စာတွေက ၀ါသနာအရ အားတဲ့အချိန်မှာ ရေးသားခြင်း ဖြစ်ပါတယ်။ စာအုပ်တွေကို အရင်ကတည်းက တွေ့တဲ့ဆိုက်ဒ်တွေကနေ Download ဆွဲထားခဲ့ပါတယ်။ ဒီကို ပြန်တင်မယ်ဆိုပြီး ရည်ရွယ်ရင်းမရှိခဲ့ပါ။ ဒါကြောင့် ခုလိုပြန်တင်ဖြစ်သွားတော့ ယူခဲ့တဲ့ဆိုက်ဒ်တွေကို မမှတ်မိတော့ပါဘူး။

Sunday, October 20, 2013

အဇ္ဈတ္တစကားများ

Unknown | 8:31 PM | Be the first to comment!
          စာမေးပွဲပြီးတော့ဖို့ တစ်ရက်ပဲလိုတော့တဲ့တစ်နေ့…
 တခြားဘာသာတွေထက် ခက်ခဲခဲ့ရတဲ့ အင်္ဂလိပ်ဘာသာကို ဒီနေ့ အဆင်ပြေပြေဖြေခဲ့ရလို့ စိတ်ထဲက ပေါ့ပါးနေတယ်။ အဲဒါနဲ့ အဆောင်ကသူငယ်ချင်းတွေစားချင်တဲ့ မုန့်လင်မယားအ၀ယ်တော်ပုံ ထွက်ခဲ့တယ်။ ဆိုင်ရောက်တော့ ဆွမ်းမကြာမကြာလာလာပို့တတ်တဲ့ ဒကာမနဲ့စကားစမြည်ပြောဆိုရင်း -
´ဖြေနိုင်ရဲ့လား`
`ဖြေနိုင်ပါတယ်၊ ဒါပေမယ့် ခါတိုင်းနေ့တွေလိုတော့ ဦးဇင်းအတွက်မလွယ်ဘူးပေါ့´
´ဟုတ်လား၊ ဒါနဲ့ စကားမစပ်၊ ဟိုတစ်နေ့က ဦးဇင်းသူငယ်ချင်း ဦး….ဆီ ရောက်ခဲ့သေးတယ်၊ သူ့အမေမှာထားတဲ့ ကျောက်ပြင် ၀ယ်ခိုင်းထားတာ ၀ယ်ပြီးလို့ သွားပို့တာပါ၊ ဒါပေမယ့် မတွေ့ခဲ့ဘူး၊ ဘုရားကြီးသွားတယ်…တဲ့´
´အော်…၊ စာမေးပွဲတွင်းကို ဘာဖြစ်လို့သွားရတာလဲ ´
´ကိုရင်တစ်ပါးပျံတော်မူလို့..တဲ့´
´ဘယ်ကိုရင်လဲမသိဘူး သူနဲ့တွေ့မှပဲ မေးကြည့်ဦးမယ်´
ပြောနေကျမဟုတ်တဲ့စကားတွေကို ပြောဖြစ်သွားတယ်။ အဲဒီလိုနဲ့ ပြောဆိုအပြီး အဆောင်ပြန်လာခဲ့တယ်။ သူငယ်ချင်းအဆောင်နဲ့ စာရေးသူတို့အဆောင်က တောင်နဲ့မြောက်ဆိုတော့ ခါတိုင်းဆိုရင်တောင် ဥပုသ်နေ့မှရောက်ဖြစ်တယ်၊ ဒီလိုစာမေးပွဲရက်ထဲသွားဖို့ဆိုတာ ပိုပြီးတောင်ခက်ပါတယ်။ စာမေးပွဲပြီးမှ မေးတော့မယ်ဆိုပြီး ဒီအတိုင်း နေလိုက်တယ်။
စာမေးပွဲပြီးတဲ့ည...
သူငယ်ချင်းရဲ့အဆောင်က ဦးဇင်းတစ်ပါးနဲ့တွေ့လို့ အကြောင်းရင်းမေးကြည့်တော့ -´အဲဒီကိုရင်က တက္ကသိုလ်ဝင်ခွင့်ဖြေဖို့ ဒီနှစ်မှ မန်းလေးကိုတက်လာတာ၊ သံလမ်းပေါ်ရပ်ပြီး ဖုန်းပြောရင်း ရထားတိုက်လို့ ပျံတော်မူတာ´လို့ သိလိုက်ရပါတယ်။ ဒါပေမယ့် စိတ်ထဲမှာ ရင်းနှီးနေတဲ့ ကိုရင်လေးနှစ်ပါးကိုပဲ မြင်နေမိတယ်။ နှမြောမိပေမယ့် အမှန်အတိုင်းဝန်ခံရရင် သာမန်နှမြောမှုလောက်ပါပဲ။
          မနက်မိုးလင်းလို့ သူငယ်ချင်းအဆောင်ကိုသွားပြီး အဲဒီအကြောင်းလေး မေးကြည့်လိုက်တယ်။ အဲဒီတော့မှ ဒီစာကိုရေးဖို့ အကြောင်းဖန်လာတာပါပဲ။
´စာဖြေတဲ့ညက ဘုရားကြီးသွားတယ်ဆို´
´ဟုတ်တယ်၊ ကိုရင်(…) ပြန်တော်မူလို့ပါ´
´ဦး…ရဲ့ညီကိုပြောတာလား၊ ဘယ်လိုဖြစ်ရတာလဲ´
´ဒီနှစ်မှ တက္ကသိုလ်ဝင်ခွင့်ဖြေဖို့ မန်းလေးကိုတက်လာတာ၊ ဖြစ်ပုံကတော့ ဘီးလင်းက သူ့ဒကာတစ်ယောက် ဖုန်းဆက်လို့ ဖုန်းလိုင်းအဆင်မပြေတာနဲ့ ကျောင်းနဲ့နီးတဲ့ သံလမ်းမှာ သွားဆက်တာ၊  အဲဒီမှာ ဖြစ်သွားတာပဲ၊ သူ့ဒကာတောင် သူ့ကြောင့်ဖြစ်တာဆိုပြီး စိတ်မကောင်းဖြစ်နေတယ်၊ ဒါပေမယ့် ဒကာကြောင့်တော့ မဟုတ်ပါဘူး´
´သူက တပည့်တော်နဲ့ ရင်းနှီးပါတယ်။ ဦးဇင်းရဲ့စာတမ်းကိစ္စနဲ့ ဘားအံကိုရောက်တော့ သူနဲ့တစ်ခေါက် ဆုံဖြစ်လိုက်သေးတယ်လေ၊ သူရော ခုကျောင်းထိုင်နေတဲ့ သူ့အကိုရော တပည့်တော်တို့နဲ့ စာသင်တိုက်မှာ အတူစာသင်ခဲ့တာဆိုတော့ ရင်းရင်းနှီးနှီး သိတာပေါ့´
´ဦးဇင်းကို ပြောမလို့ပါပဲ၊ စာဖြေတဲ့ရက်ဆိုတော့ စိတ်အနှောက်အယှက်ဖြစ်မှာစိုးလို့ မပြောလိုက်တာပါ၊ တခြားသူတွေကိုလဲ မပြောဖြစ်ပါဘူး၊ တပည့်တော်လဲ ခုထိမျက်စိထဲ သူ့ကိုမြင်နေတုန်းပဲ´
´တင်ပါ၊ တပည့်တော် တကယ်စိတ်မကောင်းပါဘူး၊ စိတ်မကောင်းတာထက် နှမြောတာက ပိုပါတယ်။ သူ့အကိုဆိုရင် တပည့်လဲဖြစ် ညီလဲဖြစ်တဲ့ သူ့ညီကို အတော်နှမြောရှာမှာပဲနော်´
´နှမြောတာပေါ့။ ဖြစ်ပြီး နောက်နေ့မှာ သူ့အကိုဦးဆောင်ပြီး ကားသုံးစီးနဲ့ တက်လာကြပါတယ်။ တပည့်တော်တို့ အသင်းက သံဃာတွေ လူတွေက အကူဝတ္ထုငွေထည့်ကြတာ ခုနစ်သိန်းကျော်လောက်ရပါတယ်။ သူ့အကိုက အဲဒီငွေတွေကိုရော သူတို့ဆီက ငွေတွေကိုပါ ထပ်တိုးပြီး အကုန်လှူသွားပါတယ်။ အောင်ချမ်းသာနာမှုကူညီရေး အဖွဲ့က ကူညီပေးပါတယ်´
´တကယ်နှမြောစရာပါပဲ၊ သူက ကွမ်းတော့ အတော်ကြိုက်ပုံရတယ်၊ သူ့ကို နောက်ဆုံးတစ်ခေါက် တွေ့တုန်းက ကွမ်းစားထားတာ တွေ့ရတယ်´
´ဟုတ်တယ်၊ သူပျံတော်မူပြီး နောက်တစ်ညမှာ ကျောင်းကဦးဇင်းက ကွေကာအုပ်ဖျော်ပြီး သူ့အိပ်ယာမှာ ထားသေးတယ်၊ မနက်မိုးလင်းတော့ အဲဒီဦးဇင်းကို အိပ်မက်မပေးပေမယ့် ကိုရင်လေးတစ်ပါးကို အိပ်မက်ပေးတယ်´
´ဟုတ်လား၊ ဘယ်လိုတဲ့လဲ´
´သူက ကွေကာအုပ်မကြိုက်ဘူး၊ ကွမ်းပဲကြိုက်တယ်..တဲ့´
´ဒါနဲ့ ဆွေးရုံမှာ အဆင်ပြေခဲ့ရဲ့လား´
´ပြေပါတယ်၊ ရထားတိုက်တုန်းက ချက်ချင်းပျံတော်မမူဘူး၊ ဆေးရုံရောက်လို့ နှစ်နာရီကြာမှ ပျံတော်မူတာပါ၊ သူ့ကိုယ်က လွင့်ပြီး ခဲတွေနဲ့ပွတ်မိ ခိုက်မိတာပဲ ရှိတာပါ၊ ခေါင်းကိုထိသွားလို့ သူပိုဆိုးသွားတာ´
´ဒါပေမယ့်.. တပည့်တော် စိတ်ထဲမတင်မကျဖြစ်နေတာ တစ်ခုရှိတယ်´
´ဘာဖြစ်လို့လဲ..´
´ညက ပျံတော်မူတော့ ခေါင်းမှာပဲ ဖြစ်တာပါ ဗိုက်ခွဲတဲ့ဒဏ်ရာမတွေ့ပါဘူး၊ မနက်မိုးလင်းတော့ ဗိုက်ခွဲထားတာ တွေ့တယ်၊ ဘာဖြစ်လို့ခွဲတာလဲမသိဘူး၊ အမှုအခင်းဘာမှလဲ မဖြစ်ပါဘူး၊ တပည့်တော်စဉ်းစား မရတာက သေပြီးတဲ့လူနာကို သူတို့လုပ်ချင်သလို လုပ်လို့ရသလား ဆိုတာပါပဲ။  ဘာဖြစ်လို့ဗိုက်ကိုခွဲတာလဲ..လို့ မေးကြည့်တဲ့အခါ ဘာမှရေရေရာရာ မဖြေဘူး၊ တကယ်ဆို ဘာဖြစ်လို့ခွဲတာလဲဆိုတဲ့အကြောင်း တပည့်တော်တို့ဘက်ကို ရှင်းပြသင့်တယ်လို့ ထင်မိတာပဲ´
´ဟုတ်တာပေါ့၊ အကြောင်းကလေးတော့ ရှင်းပြသင့်တာပေါ့´
          အဲဒီနောက်မှာတော့ ဟိုဟိုဒီဒီ စကားလေးနည်းနည်းပြောပြီး အဆောင်ကို ပြန်ခဲ့ပါတယ်။ ပြန်လာတဲ့လမ်းမှာ အတွေးလေးတွေလည်း ဟိုဟိုဒီဒီပါပဲ။
ဘ၀ဆိုတာ ခဏဆိုမှ တကယ်ကိုခဏလေးပါ၊ ဘယ်အချိန်သေဆုံးရမလဲဆိုတာ မြင်ရတဲ့ကိစ္စမှမဟုတ်ပဲ၊ ချစ်တဲ့သူဆိုတာ ခင်တဲ့သူဆိုတာ တကယ်တော့ တစ်နေ့ခွဲရမယ့်သူတွေပါ၊ အဲဒီခွဲရတဲ့အချိန်မှာ ငါ..သွားတော့မယ်လို့ လူတိုင်းက ဘယ်နှုတ်ဆက်နိုင်ပါ့မလဲ၊ အဆင်သင့်မဖြစ်သေးတဲ့ အခြေနေတွေကို အဆင်သင့်ဖြစ်အောင် ဖန်တီးရင်း အဆင်သင့်မဖြစ်ခင် ဘယ်သူက သေဆုံးချင်ပါ့မလဲ၊ ဘ၀ဆိုတာ တိုက်ပွဲ..တဲ့၊ လက်ခံပါတယ်။ ဘယ်သူမဆို ကောင်းမွန်တဲ့ အခြေနေတစ်ခုကနေ လုံးဝဆိုးသွမ်းတဲ့အခြေနေကို ရောက်သွားနိုင်တယ်လေ၊ ဥပပီဠကကံ ဆိုတာ ထည့်တွက်စဉ်းစားသင့်တဲ့ စကားတစ်လုံးပေါ့။ ဘယ်စစ်သားမှ စစ်တိုက်ရင်း မကျရှုံးချင်ကြပါဘူး၊ ဘယ်စာမေးပွဲသမားမှ စာဖြေရင်း မကျရှုံးချင်ကြပါဘူး။ ဒါပေမယ့် စစ်သားက စစ်တိုက်ရင်း သေဆုံးတာ ရှက်စရာမဟုတ်သလို စာဖြေတဲ့သူ စာမေးပွဲကျရှုံးတာ သေရာပါဒဏ်ရာမဟုတ်ပါဘူး။
ဦးဇင်းတို့တစ်တွေဟာ တစ်နေ့မှာ ဗုဒ္ဓရဲ့သာသနာကို ဘယ်လိုတစ်ထောင့်တစ်နေရာက ကူညီပေးလိုက်မယ်။ အားလုံးအတွက်မစွမ်းဆောင်နိုင်ရင်တောင် ငါ့ရွာ၊ ငါ့လူမျိုးအတွက် ဘယ်လိုစံပြဖြစ်မယ်။ ဘယ်သူ့အတွက်…ဘယ်သူ့အတွက်…ဆိုပြီး ရည်ရွယ်ချက်တစ်လှေကြီးနဲ့ ခရီးဆက်ခဲ့ကြတာပါ၊ အဲဒီလို မျှော်လင့်ချက်တွေနဲ့ သေဆုံးရခြင်းက မျှော်လင့်ချက်မရှိပဲ သေဆုံးရသူတွေထက်တော့ နိုင်းလို့မရအောင် သာပါတယ်။ လူယုတ်မာအယောက်တစ်သိန်းဆုံးရှုံးလိုက်ရလို့ လွတ်သွားတဲ့ကွက်လပ်တွေကို ဖြည့်ဖို့မခက်ပေမယ့် လူကောင်းတစ်ယောက်ဆုံးရှုံးသွားလို့ လွတ်သွားတဲ့ကွက်လပ်ကို ဖြည့်ဆည်းဖို့ခက်ပါတယ်။
ဒီတော့ သူငယ်ချင်းရေ… ငါတို့ဝေမျှတဲ့ ကောင်းခြင်းတွေကိုသာ မင်း..ရအောင်ယူလိုက်ပါ။ မနက်တွေ ညတွေ ရောက်တိုင်း ဘုရားရှေ့မှာ တစ်ယောက်ယောက်ကမင်းကို အမျှဝေမှာပါ။ အဲဒီတစ်ယောက်မှာ ငါလဲ ပါမှာပါ။ အမျှ… အမျှ… အမျှ… ယူပါ သူငယ်ချင်း။
          'Rebirth also is suffering; old age; illness; death; association with unloved; separation from love ones and not to get what one wants, also is suffering; in brief; the five aggregates of clinging are suffering.
          The world is suffering and afflicted, no being is free from this bond of misery and this is a universal truth that no sensible man who sees things in their proper perspective can deny.
မှတ်ချက် = ဘယ်သူမဆို မမျှော်လင့်ပဲ သေဆုံးနိုင်တယ်။ ဒီလိုမဖြစ်အောင်လို့ သတိထားသင့်တယ် ဆိုတဲ့ ရည်ရွယ်ချက်လေးနဲ့ ပူပူနွေးနွေးဖြစ်ရပ်လေးကို ပြန်လည်ရေးသားမျှဝေခြင်းသာ….။

အဇ္ဈတ္တ
Print Friendly and PDF

Tuesday, September 10, 2013

်ရသေ့ပျံဂူ (ကရင်ပြည်နယ်)

Unknown | 9:00 PM | Be the first to comment!
၁။ရသေ့ပျံဂူ
        ရသေ့ပျံဂူဆိုတာ ကရင်ပြည်နယ်၊ ဘားအံမြို့ထဲက ထင်ရှားတဲ့ ဂူတစ်လုံး ဖြစ်ပါတယ်။ စကား မစပ် အားလုံးသိရအောင် ပြောချင်တာကတော့ ၁၉၆၃၊ ဧပြီ၊ ၃-ရက်မှာ ကရင်ပြည်နယ်၊ ကော်သူးလေပြည်နယ် လို့ ကြေညာခဲ့တယ်ဆိုတာပါပဲ။ ကရင်ပြည်နယ်ကို ဘားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်၊ မြ၀တီ၊ ဖာပွန်၊ သံတောင်၊ ကြာအင်းဆိပ်ကြီးဆိုတဲ့ မြို့နယ်ခုနစ်ခုနဲ့ ဖွဲ့စည်းထားတာပါ။ အများသိတဲ့ ဘားအံက ကရင်ပြည်နယ်ရဲ့ မြို့တော်ပါပဲ။ ဘားအံကို သံလွင်မြစ်ရဲ့ကျောက်စွန်းပေါ်မှာ တည် ဆောက်ထားတာဖြစ်ပါပြီး ဒဏ္ဍာရီပုံပြင်အရ ရေနဂါးမင်းသမီးလေးနဲ့ ဖားမင်းသားလေးတို့ ချစ်ကြိုက် ကြရာကနေ သူတို့မှာ ဖားတစ်ကောင်နဲ့ နဂါးတစ်ကောင် မွေးဖွားလာကြတယ်။ အဲဒီ ရင်သွေး နှစ်ကောင်ဟာ သံလွင်မြစ်အတိုင်း မျောလာရာကနေ နဂါးက ဖားကို အစာမှတ်ထင်ပြီး လိုက် ပါတယ်။ မိလို့မျိုတော့မယ့်ဆဲဆဲမှာ သားချင်းမှန်းသိလိုက်ရတဲ့အတွက် မမျိုရက်တာကြောင့် ပြန်အန် ထုတ်တဲ့ နေရာကို ဖားအံ (ဘားအံ)ဆိုတဲ့နာမည် ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။ သံလွင်ဆိုတာ ကရင်ပြည်နယ်ရဲ့ အလှတစ်စိတ်တစ်ပိုင်းဖြစ်ပြီး တိဗက်ကနေတစ်ဆင့် ရှမ်းကုန်းပင် မြင့်ကိုဖြတ်ကာ ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်ကို စီးဆင်းပါတယ်။ ဖာပွန်ကနေ တစ်ဆင့် ကရင်ပြည်နယ် တောင်ဘက် မော်လမြိုင်ကို မြစ်ကြောင်းနှစ်ခုခွဲပြီး ပင်လယ်ထဲ စီးဝင်ပါတယ်။ ဂူအ၀က ၇၅-ပေသာ ကျယ်ပေမယ့် ဂူတွင်းမှာ ပေ ၁၅၀-ခန့်ကျယ်ဝန်းပါတယ်။
၂။ရသေ့ပျံတောင်
        “တောင်ငါးလုံးကာခို ရာဇဂြိုဟ်”ဆိုတဲ့စကားကို စာအုပ်တွေမှာ ဖတ်ဖူးကြမှာပါ။ အဲဒီလိုပါပဲ ဘားအံမြို့ကို ထောင်ဝိတောင်၊ ထမင်းဆုပ်တောင်၊ ဘားကပ်တောင်၊ ရသေ့ပျံတောင်၊ ဖားပုတောင်၊ မင်းဇီတောင်၊ ဇွဲကပင်တောင်၊ တောင်ညိုတောင်နဲ့ ဘားမဲတောင်ဆိုတဲ့ တောင်ကိုးလုံးနဲ့ ၀န်းရံ ထားပါတယ်။ ဘားအံဆိုတဲ့ လိုတရဓာတ်လုံးကို ခြယ်ရံထားတဲ့ ရတနာကိုးပါးထဲက တစ်ပါး အပါအ၀င်ဖြစ်တဲ့ ရသေ့ပျံတောင်အကြောင်းကလည်း တကယ့်အံ့ဖွယ် အက်ဇခါဘန်ပါပဲ။ ကလေး ဘ၀က ဆိုခဲ့တဲ့ ကာရံကိုခိုးယူသုံးစွဲရမယ်ဆိုရင် “တောင်ခြေမှစ၍ ပေ-၁၅၀ကို ထုတ်ချင်းပေါက်သော သဘာဝကျောက်လိုဏ်ဂူတွင် ရှေးဟောင်းနံရံအုတ်ခွက်ဘုရားများရှိခြင်းနှင့် တရားထူးရသော ရသေ့ တစ်ပါးသည် တောင်ကိုဖေါက်၍ ကောင်းကင်သို့ ဈာန်ဖြင့် ပျံတက်သွားခြင်း အကြောင်း များကြောင့် ရသေ့ပျံတောင်ဟု ခေါ်သည်”လို့ ဆိုရမှာ ဖြစ်ပါတယ်။ ရသေ့ပျံဂူကို သွားချင်တယ်ဆိုရင် သံလွင် မြစ်အနောက်ဖက်ကမ်း သံလွင်တံတားကနေ ကော့ဂွန်းဂူလမ်းအတိုင်းသာ သွားလိုက်ပါလို့ လမ်းညွှန် လိုက်ပါရစေ။
၃။စိတ်ဝင်စားဖွယ်ပတ်ဝန်းကျင်
        ရသေ့ပျံရွာဆိုတာ ရှေးတုန်းက ကရင်၊ ရှမ်း၊ မွန်၊ မြန်မာအဆက်ဆက် နေခဲ့ဖူးတဲ့ နေရာ တစ်ခုပါ။ ရွာထဲမှာရှိတဲ့ စေတီဟောင်းတွေ၊ အုတ်ကန်တွေ၊ လက်ရေးစင်းအမှတ်သားပါတဲ့ အုတ်ချပ် တွေ၊ စဉ်ရေသုတ်အုတ်ကျွတ်တွေ၊ သိမ်နေရာဟောင်းတွေကြောင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု ထွန်းကား ခဲ့တဲ့ ခေတ်တစ်ခေတ်က မြို့ပြနေရာလို့လည်း သိနိုင်ပါတယ်။ အဝေးတစ်နေရာကနေ ရသေ့ပျံဂူကို လှမ်းကြည့်မယ်ဆိုရင် စာချောင်းနေတဲ့ ဖားပြုတ်တစ်ကောင်လို အစာကိုသုတ်ချီတော့မယ့် သိန်းငှက် တစ်ကောင်လို မြင်ရမှာဖြစ်ပါတယ်။ ဂူနဲ့နီးတဲ့ ပန်းကုန်း၊ ငနက်ပြာ တောင်ကြားလမ်းခွဲမှာ ကမာ့ဝေါ် (ခ) ကြာနီကန်လို့ခေါ်တဲ့ ကန်တစ်ကန်ရှိပါတယ်။ ၁၂-ရာသီမခန်းပဲ ကြားမျိုးငါးပါး ပေါက်ပြီး ကြာနီ တွေ ပိုများနေတဲ့အတွက်ကြောင့် ကြာနီကန်လို့ ခေါ်ရခြင်းဖြစ်ပါတယ်။ တံငါသည်တွေ ဘယ်လောက် ဖမ်းပါစေ ကန်ထဲမှာ ဘယ်သတ္တ၀ါတစ်ကောင်မှ မရှိတာကြောင့် ဘယ်တံငါသည်မှလည်း ကန်ထဲကို ၀မ်းစာအတွက် မရှာကြတာက ကြာနီကန်ရဲ့ထူးခြားချက်ပဲ ဖြစ်ပါတယ်။
၎။ဗုဒ္ဓဥာဏရသေ့
        “(မြန်မာ)သာသနာအစ သထုံက”လို့ ဆိုရိုးရှိသလိုပဲ ဘီစီ ၁၀၀၀-ခန့်မှာ မွန်လူမျိုးတွေဟာ သထုံမြို့နယ် ယနေ့ခေတ် ကေလာသခေါ်တဲ့ ၀န်းကျင်မှာ သုဓမ္မ၀တီမြို့ကို ထူထောင်ပြီး မင်းဆက် ၂၄-ဆက် အုပ်ချုပ်ခဲ့ပါတယ်။ အဲဒီနောက် အဲဒီနေရာမှာပဲ သုဘိန္နနဂရမြို့ကို ထူထောင်ပြီး မင်းသုံး ဆက် အုပ်ချုပ်ခဲ့ပါသေးတယ်။ သုဘိန္နနဂရမြို့ပျက်ပြီးနောက်မှာ သထုံကိုရွှေ့ပြီး ဥမိုးမင်းဆက် ငါးဆက်အုပ်ချုပ်ပြန်ပါတယ်။ အဲဒီနောက် သီဟသုဓမ္မရာဇာမင်းကနေ မနုဟာမင်းတိုင်အောင် မင်းဆက်ပေါင်း ၅၇-ဆက် အုပ်ချုပ်ခဲ့ပါတယ်။ ဒီလိုနဲ့ အေဒီ ၁၀၅၇၊ သာသနာ ၁၆၀၀-ခန့်မှာ သထုံနဲ့ အတူ မွန်ဘုရင်တွေ ပျောက်ကွယ်ခဲ့ရပါတယ်။ ဒီနေရာမှာ ပြောချင်တာကတော့ မင်းဆက်နဲ့ မြို့မကွယ်ခင် မနုဟာမင်းလက်ထက် မနုဟာမင်းရဲ့ဆရာရသေ့တစ်ပါးအကြောင်းပဲ ဖြစ်ပါတယ်။ သူကတော့ ရသေ့တွေတတ်သင့်တဲ့ အတတ်ကိုလည်းတတ်သလို ဘုရင့်စစ်သည်တော် တွေကို ပညာသင်ပေးရတဲ့အပြင် လောကီအရာမှာလည်း မဟိဒ္ဓိရထားတဲ့ ဗုဒ္ဓဥာဏရသေ့ပဲ ဖြစ်ပါ တယ်။ ဆရာက တော်သလို တပည့်ဖြစ်တဲ့ မနုဟာကလည်း လူတော်ပဲဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် မနုဟာဆိုတာ သူ့နာမည်အရင်းမဟုတ်ပါဘူး။ နာမည်အရင်းက မနော်ဟရီပါ။ မနော်ဟရီကနေ တစ်ဆင့် မနုဟာလို့ ဖြစ်လာရတာပါ။ ပါးစပ်ကိုဖွင့်လိုက်ရင် ၀င်းဝင်းပြောင်ပြောင် စက်အရောင်တွေ ထွက်တဲ့မင်းတစ်ပါးဖြစ်ပါတယ်။
၅။ရှင်အရဟံ
        ဗုဒ္ဓဥာဏရသေ့လိုပဲ မနုဟာမင်းကိုးကွယ်တဲ့ ရှင်ငယ်တစ်ပါးရှိပါတယ်။ သူကတော့ မြန်မာကို ထေရ၀ါဒဗုဒ္ဓသာသနာဖြန့်ခဲ့တဲ့ သထုံနယ်သား၊ မွန်လူမျိုးဖြစ်တဲ့ ရှင်အရဟံပဲ ဖြစ်ပါတယ်။ ရှင်အရဟံ ကို မြန်မာသက္ကရာဇ် ၃၉၆-မှာ ဖွားမြင်ခဲ့ပါတယ်။ ကလျာဏီကျောက်စာမှာ ရှင်အရဟံက ရှင်မဟာ ကာလထေရ်ဆီမှာ လောကီ၊လောကုတ်ပညာရပ်တွေကို သင်ယူခဲ့ပြီး ထူးချွန်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့ ဆိုထားပါတယ်။ မဟာကာလထေရ်ဆီမှာ ကိုရင်ဝတ်ပြီး ရှင်ဓမ္မဒဿီလို့ ဘွဲ့အမည်ရခဲ့ပါတယ်။ တစ်ချို့ရာဇ၀င်တွေမှာ ရဟန္တာအရှင်သီလဗုဒ္ဓိရဲ့တပည့်ဖြစ်ပြီး ရဟန်းဝတ်မှပဲ ရှင်အရဟံနာမည် ရတယ်လို့ ဆိုပါတယ်။ ရှင်ဓမ္မဒဿီရဲ့ သထုံမှာသာသနာပြုတဲ့ ဂုဏ်သတင်းက ယိုးဒယားဘုရင် ကိုယ်တိုင် သူ့နိုင်ငံကို သာသနာပြုဖို့ ပင့်လျှောက်ရတဲ့အထိ ထင်ရှားပါတယ်။ ယိုးဒယား ဘုရင်ဆောက်လှုတဲ့ ကျောင်းမှာ သာသနာပြုလို့ ၁၀-နှစ်ပြည့်တဲ့အခါ မွေးရပ်မြေသထုံကိုပြန်ပြီး ဆရာဖြစ်တဲ့ မဟာကာလထေရ်ဆီမှာ ပဉ္စင်းးတက်ပါတယ်။ ပဉ္စင်းဖြစ်တော့ တပည့်တွေကို စာပေသင်ကြားပေးပြီး အဲဒီနောက်မှာ တစ်ပါးထဲ တောမှာတရားအားထုတ်လို့ ရဟန္တာဖြစ်ခဲ့ပါတယ်။ ရဟန္တာဖြစ်တဲ့ သာသနာ ၁၆၀၀ ပြည့်၊ မြန်မာသက္ကရာဇ် ၄၁၈-ခုနှစ်မှာ သထုံပြည် တိုင်းရေးအခြေနေ ယိုယွင်းလာပါတယ်။ အဲဒီအချိန်မှာ ရှင်အရဟံကလည်း တစ်ပါးထဲအရည၀ါသီ လှည့်လည်ရင်း ပုဂံကိုရောက်ပါတယ်။ ပုဂံမှာလည်း အဲဒီအချိန် အရည်းကြီးတွေကို ကိုးကွယ်နေကြတာကြောင့် အနော်ရထာကိုယ်တိုင် မကြည်ညိုနိုင် ဖြစ်ရတဲ့အခြေနေပါပဲ။ သိကြားမင်းက မုဆိုးတစ်ယောက်ကို အရှင်ကိုမြင်အောင် တန်ခိုးနဲ့ပြပါတယ်။ မုဆိုးက ရှင်အရဟံကိုမြင်တဲ့အခါ ကြည်ညိုတာကြောင့် ဘုရင်ကိုဆက်သဖို့ ခေါ်သွားပါတယ်။ အရှင်နဲ့ဘုရင်တွေ့တဲ့အခါ ရှင်အရဟံရဲ့အနေအထိုင်၊ အဟော အပြောကြောင့် ကြည်ညိုပြီး မင်းဆရာအဖြစ် ကိုးကွယ်ပါတယ်။
        တစ်နေ့မှာတော့ ပုဂံဘုရင် အနော်ရထာ ထွန်းတောက်ချိန်တန်ပြီဆိုတာကို သိတာကြောင့် သထုံမှာ ပိဋကတ်စာပေ အစုံ(၃၀)ရှိကြောင်း မိန့်ပါတယ်။ အနော်ရထာကလည်း ချက်ချင်းပဲ မနုဟာဘုရင်ဆီ လက်ဆောင်နဲ့အတူ တမန်လွှတ်ပြီး တောင်းခံပါတယ်။ ဒါပေမယ့် ပုဂံနဲ့ အနော်ရထာကို အကြောင်းအမျိုးမျိုးကြောင့် အထင်သေးနေတဲ့ မနုဟာက “ခြသေ့င်္ဆီကို မြေခွက်၊ ကြေးခွက်ထဲ မထည့်နိုင်သလို ပိဋကတ်သုံးပုံကို သင်တို့အရိုင်းအစိုင်းတွေလက်ထဲ မထည့်နိုင်”လို့ ဆိုလိုက်တဲ့စကားကြောင့် အနော်ရထာဟာ ပုဂံကနေ ရေကြောင်း၊ ကြည်းကြောင်းနဲ့ချီတက်လာပြီး ဥဿာပဲခူးမှာ ပေါင်းဆုံပါတယ်။ စစ်တောင်းကနေကူးပြီး သုဓမ္မပူရသထုံကျေးစပ်မင်းသားရဲ့နေရာ ကသာအရပ်မှာ စခန်းချပါတယ်။ အဲဒီကနေ ရေကြောင်းမှာ ညောင်ဦးဖီးနဲ့ငလုံးလက်ဖယ်တို့ကို လွှတ်ပြီး သထုံကို တောင်ဘက်ကနေ၀င်တိုက်ခိုင်းပါတယ်။ ကျန်တဲ့တပ်က ကျန်စစ်သားဦးဆောင်ပြီး အနောက်ဖက်ကို ၀င်တိုက်ခိုင်းပြီး ငထွေးရူးကိုတော့ အရှေ့ဖက်ကနေ တိုက်ခိုင်းပါတယ်။ မနုဟာဘက်က အင်အားကောင်းပေမယ့် အနော်ရထာတို့က စွမ်းအားပိုမို သာလွန်တဲ့အတွက် ကြောင့် မနုဟာဘက်က ဆုတ်ခွာကြရပါတယ်။ စည်းစိမ်နဲ့အသက်မသေချင်ရင် ပိဋကတ်နဲ့ ထီးနန်းကိုအပ်ပါလို့ ပြောပေမယ့် မနုဟာဘက်က အကြောင်းပြန်မလာတာကြောင့် သထုံကို အရှေ့ တောင်က ဂေါတပ်မတော်၊ အနောက်တောင်က မုခိစ္စရဏီတပ်မတော်၊ မြောက်တည့်တည့်က ဘုရင့်တပ်မတော် အဲဒီလို အသီးသီး ငါးတပ်လုံးဝိုင်းတိုက်ခိုက်တာကြောင့် သက္ကရာဇ် ၄၁၉-မှာ သထုံကို အောင်နိုင်ခဲ့ပါတယ်။ သထုံကနေ မင်း၊ မိဖုရား၊ ပိဋကတ်တော်၊ ဓာတ်တော်မွေတော်၊ ဆင်းတုတော်၊ ဆင်ဖြူတော်(၃၂)စီး၊ ကျမ်းဂန်တတ်ရဟန်းသာမဏေ၊ ပန်းပု၊ ပန်းတည်း၊ ပန်းပွတ်၊ ပန်းချီ၊ ပန်းရံ၊ ပန်းတိမ်၊ ပန်းပဲစတဲ့ အတတ်ပညာသည် အနုပညာသည်တွေနဲ့ အရိယာသံဃာအပါး ၁၀၀၀ ရခဲ့ပါတယ်။
၆။ပြေးသူဗုဒ္ဓဥာဏနှင့်လိုက်သူအနော်ရထာတို့အားပြိုင်ပွဲ
        နန်းဦးမှာ သူရိယစန္ဒာမင်းလက်ထက်ကနေ မနုဟာမင်းလက်ထက်အထိ သထုံမင်းဆက်တွေ မြတ်မြတ်နိုးနိုး ကိုးကွယ်ခဲ့တဲ့ ဇိနမာရ်အောင် ဆင်းတုတစ်ဆူရှိပါတယ်။ အဲဒီဆင်းတုက အနော်ရထာ ပင့်ဆောင်တဲ့အထဲမှာ မပါဝင်ခဲ့ပါဘူး။ ကျောက်စာဝန်ဟောင်း မစ္စတာတော်စိန်ခို၊ ဒုတိယမြောက် ကျောက်စာဝန်ဟောင်းဦးမြတို့ ရှာကြပေမယ့် မတွေ့ခဲ့ပါဘူး။ မတွေ့တာလည်း အကြောင်းကတော့ ရှိပါတယ် ။
        သထုံကို အနော်ရထာဘုရင်ဝိုင်းတော့ ဆင်းတုကို ဗုဒ္ဓဥာဏရသေ့က သူ့တန်ခိုးနဲ့ ဇင်းကျိုက် တောင် သေလဉ္စရကျောက်ဂူမှာ ကိုးကွယ်ခဲ့ပါတယ်။ အနော်ရထာဘုရင်ကလည်း ဘုရားကျောင်း ဆောင်ကိုတွေ့ပေမယ့် ဘုရားကိုမတွေ့လို့ စုံစမ်းတဲ့အခါ ဗုဒ္ဓဥာဏရသေ့ယူသွားတယ်လို့ သိသွား ပါတယ်။ အဲဒါကိုမကျေနပ်နိုင်တဲ့ အနော်ရထာဘုရင်ဟာ ဆင်းတုရအောင်ရှာပြီး ပုဂံကိုလာရောက် ဆက်သဖို့ သူ့စစ်သည်တွေကို အမိန့်ချပါတယ်။ အဲဒါကိုသိတဲ့ ဗုဒ္ဓဥာဏရသေ့က ကော့ဂွန်းဂူနားက (ခိုအွာ)သရက်ဖြူရွာ တောင်လိုဏ်ဂူကို ရွှေ့ထားလိုက်ပါတယ်။ သရက်ဖြူပင်ရဲ့ အရိပ်ကလည်း ကောင်း အကိုင်းချင်းကလည်းဆက် အခက်ချင်းကလည်း ဆက်နေတဲ့အပြင် ၁၂-ရာသီသီးနေလို့ သရက်ဖြူပင်ကိုစွဲပြီး သရက်ဖြူရွာလို့ခေါ်တာပါ။ ဗုဒ္ဓဥာဏရသေ့ဟာ အဲဒီဂူမှာ နှစ်အတော်များများ နေပြီး သူ့အတတ်နဲ့ ရပ်ကျိုးရွာကျိုးသယ်ပိုးခဲ့ပါတယ်။ သူ့မှာ အစွမ်းဆုံးကတော့ ဆေးဝိဇ္ဇာဖြစ်ပြီး ဆေးကြိတ်ဖို့ ဆေးထောင်းဖို့ ဆေးပေးမီးယူဖို့ သူ့ရဲ့ဝိဇ္ဇာပညာနဲ့ သမီးတော်တစ်ပါးကို ဖန်ဆင်း ထားပါတယ်။ သမီးတော်ကို အနောက်ဘက်ဂူကျောက်ပြင်နဲ့အတူ ထားပါတယ်။ ရသေ့ကြီးကို ရွာအကြီးအကဲ စောထွန့်ဖောင်၊ ဇနီး နန်းဒါးဘူ နဲ့ တပည့်တွေက မကြာမကြာ သီလယူရင်း သရက်သီး လှူလေ့ရှိပါတယ်။ ဗုဒ္ဓဥာဏရသေ့ဟာ ဂူအလယ်က ကျောက်ဖျာပေါ်မှာ သမထကနေ ၀ိပဿနာဘက်ကို ကူးပြောင်းကျင့်ကြံခဲ့ပါတယ်။ သူဖန်ဆင်းတဲ့သမီးတော်ကို သူကိုယ်တိုင် ပြန်ရုတ်သိမ်းခဲ့တဲ့အပြင် ဆေးသွေးတဲ့ကျောက်ပျဉ်ကိုလည်း မှောက်ထားလိုက်ပါတယ်။ ဂူနဲ့နီးတဲ့ ကျားဂူ(ခေတ်ဖန်)မှာလည်း ထွက်ရပ်ပေါက်ဖိုထိုးတဲ့ သိန္ဒိသေက၀ိဇ္ဇာဇော်ဂျီတစ်ယောက်ရှိပြီး အဲဒီ ဇော်ဂျီကလည်း သံသေပြဒါးသေပေါက်ပြီး လောကီကိစ္စအောင်သွားပါတယ်။
        တစ်နေ့မှာ အနော်ရထာဘုရင်က စစ်သည်ခုနစ်ရာနဲ့ ဗုဒ္ဓဥာဏရသေ့မထွက်ပြေးနိုင်အောင် ဆိုပြီး ဂူဝနှစ်ဖက်ကို ပိတ်ဆို့ထားပါတယ်။ ဒါကိုသိနေတဲ့ ရသေ့ကြီးဟာ သူ့ရဲ့ဈာန်အဘိဥာဏ်နဲ့ ဆင်းတုတော်ကိုပွေ့ပိုက်ပြီး ဂူပေါ်တည့်တည့်ကနေ ပျံတက်သွားပါတယ်။ အနော်ရထာဘုရင် လွှတ်လိုက်တဲ့ စစ်သည်တွေဟာ အကြိမ်ကြိမ်ပင့်ပေမယ့် မရတဲ့အတွက်ကြောင့် နှစ်တွေ ကြာလာတဲ့အခါ ပုဂံကိုမပြန်တော့ပဲ အဲဒီမှာနေထိုင်သွားပါတယ်။ ဂူရဲ့တောင်ဘက်သုံးဖာလုံဝေးတဲ့ တောင်ထွတ်တစ်နေရာမှာ စစ်သည်ခုနစ်ရာစခန်းချတာကိုစွဲပြီး ဒီကနေ့ထိ ခုနစ်ရာဝိုင်းလို့ ခေါ်ကြ ပါတယ်။ ရသေ့ပျံတာကိုစွဲပြီး သရက်ဖြူရွာကိုလည်း ရသေ့ပျံလို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ကြပါတယ်။ အဲဒီနေရာမှာ နေထိုင်ခဲ့တဲ့စစ်သည်တွေထဲမှာ မနုဟာမင်းရဲ့ပန်းပု၊ပန်းတည်းပညာရှင်တွေ ပါတာ ကြောင့် သူတို့တွေကပဲ ဆက်လက်သာသနာပြုသွားကြပါတယ်။
၇။တွေ့ရှိမှုများ
        ၁။ မြို့ရိုးသဖွယ်ရှိနေတဲ့ မိုးပျံကျောက်ဖျာလိုဏ်ဂူကြီး = မိုးတွင်းကာလ ကျလာတဲ့ကျောက် စက်၊ ကျောက်ခက်၊ ကျောက်နွယ်တွေကြောင့် ကာလကြာလာရင် ကျောက်ဖျာကြီး ကွယ်သွား နိုင်ပါတယ်။ ၁၃၆၂-ခုက အဲဒီအပေါ် ငြမ်းဆင်တက်တဲ့အခါ ပကတိကျောက်ဖျာလို ချောမွေ့နေ ပေမယ့် ခုတော့ ဆင်ခြေလျှောသဏ္ဍာန် ဖြစ်နေလို့ အရင်ကထက် ပိုခက်လာမယ်ထင်ပါတယ်။
        ၂။ဂူအပေါ်က ကျောက်အမိုးပေါက်တစ်ခု = ရသေ့ထွက်သွားတဲ့နေရာဖြစ်ပြီး စေတီရဲ့ အပေါ် တည့်တည့်ဖြစ်ပါတယ်။ အဲဒီနေရာကလည်း ကျောက်စက်ရေတွေကြောင့် နောင်အခါ အပေါက်ပိတ် လို့ အလင်းရောင် ကွယ်နိုင်တဲ့အနေထားနဲ့ ကြုံလာနိုင်ပါတယ်။
        ၃။ရသေ့ဆေးထောင်းတဲ့ ကျောက်ဆုံတစ်ခု = လိုဏ်ရဲ့မြောက်ဘက် ဂူထဲဝင်ဝင်ချင်း ခုနစ်ဆူ ဘုရားညာဘက်အနိမ့်ပိုင်းမှာ ရှိပါတယ်။ ဘုရားဖူးတွေက ရောဂါပျောက်တယ်လို့ ယုံကြည်ပြီး ပွတ်သတ်သွားကြလေ့ရှိပါတယ်။
        ၄။ရသေ့မှောက်ထားခဲ့တဲ့ ဆေးသွေးကျောက်ဖျာကြီးတစ်ချပ် = ရသေ့သမီးဂူဝကနေ ညာဘက်လူသွားလမ်းကျဉ်းကိုဖြတ်ပြီး ပေ ၂၀-ခန့်မှာ ၁၅-ပေခန့်ကျယ်တဲ့ လိုဏ်ခန်းငယ်တစ်ခု ရှိပါတယ်။ အဲဒီမှာ ကျောက်ထိုင်ခုံတစ်ခုနဲ့ ဆေးသွေးကျောက်ပြင်ရှိပါတယ်။ ကျောက်ပြင်ရဲ့ အလယ်ကကျောက်ခွက်ကိုလည်း ယုံကြည်သူတွေက ပွတ်သတ်သွားကြလေ့ရှိပါတယ်။
        ၅။ရသေ့သမီးဂူ (ခ) အိုက်သိုက်ပျော် = ဂူထဲကချောက်ကမ်းပါးကိုဖြတ်ပြီး ကိုက် ၁၀၀-ကျော်ခန့်မှာ ရှိပါတယ်။ ရုပ်ပွားဆင်းတုတွေကို မတွေ့ရပဲ ကျောက်ပြင်ကြီးတစ်ချပ်ပဲ တွေ့ရပါတယ်။ တောင်ခြေကနေ ပေ ၂၀၀-ခန့်မှာရှိပြီး ပေ ၁၀၀-ခန့် ကျယ်ပါတယ်။ ၁၂၅၄-ခုနှစ်ခန့်ကနေစပြီး ရဟန်းတော်ဦးဆံဖြူ နေထိုင်ခဲ့တဲ့ ဂူဝဖြစ်ပါတယ်။ ဦးဆံဖြူဟာ သူ့ရဲ့ကျောင်းသားတစ်ယောက်နဲ့ အတူ ငွေဒင်္ဂါးလုပ်ခဲ့ဖူးတယ်လို့ ရှေးလူကြီးတွေ ဆိုကြပါတယ်။
၈။ရသေ့ပျံရဲ့သမိုင်းအပိုင်းအစများ
        ရှေးလူတွေက  နှောင်းလူတွေအမှတ်ရနိုင်ဖို့ ရုပ်တုတစ်ခုစီမှာ အချိန် ၁၀၀-ခန့် ကြီးမားတဲ့ ရသေ့နဲ့ဇော်ဂျီရုပ်တု ထုလုပ်ထားပေမယ့် မသမာသူတွေရဲ့ စီးပွားရေးလောဘကြောင့် အခိုးခံခဲ့ရ ပါတယ်။ ဆယ်ဘီးကားနဲ့သယ်ရလောက်အောင်များတဲ့ လက်ကျိုး၊ ခြေကျိုး၊ ဦးခေါင်းပဲ့ မဏိတော် အမျိုးမျိုး၊ မုဒြာဟန်အမျိုးမျိုး၊ သစ်သားရုပ်တုအမျိုးမျိုး၊ ခေတ်လက်ရာအမျိုးမျိုး၊ အရွယ်စားအမျိုးမျိုး၊ ပလ္လင်တံကဲအမျိုးမျိုးတွေကို ဂူထဲက ခုနစ်ဆူဘုရားစေတီကြီးရဲ့ အုတ်ရိုးခြေရင်းမှာ စုံပုံထားတာ ရှိပေမယ့် အချို့ရုပ်ပွားဆင်းတုအကျိုးအပဲ့တွေက နည်းအမျိုးမျိုးနဲ့ မှောင်ခိုဈေးကွက်ကို ရောက်ကုန် ကြပါပြီ။ အဲဒီရုပ်ပွားဆင်းတုတွေက အနော်ရထာဘုရင့်စစ်သည်တွေရဲ့ ကောင်းမှုလို့ ဆိုကြပါတယ်။ ပုဂံ၊အင်းဝ၊တောင်ငူ၊ကုန်းဘောင်ခေတ် ဆင်းတုလက်ရာတွေဖြစ်ပြီး ကော့ဂွန်းဂူမှာလိုပဲ အုတ်၊ ကျောက်၊အင်္ဂတေ၊သစ်သားတွေနဲ့အရွယ်အမျိုးမျိုး၊ အနေအထားအမျိုးမျိုးနဲ့ ထုလုပ်ထားတဲ့ ရုပ်ပွား ဆင်းတုတွေ ရုပ်လုံးရုပ်ပွားစေတီတွေ ဖြစ်ပါတယ်။ ဂူအပြင်ကျောက်ကမ်းပါးယံနဲ့ ဂူတွင်း ကျောက်နံရံမှာ ကျောက်ခက်ပန်းဆွဲတွေ သုံးလက်မ၊လေးလက်မခန့်ရှိတဲ့ ရုပ်လုံးရုပ်ကြွတွေ ရှိပါ တယ်။ နံရံကပ်အုတ်ခွက်ဘုရားတွေရဲ့သက်တမ်းကို အတိအကျမပြောနိုင်ပေမယ့် ဂူအမိုးပေါ် အမြင့် ပေ ၁၅၀-လောက်မှာ ပထမအုတ်ခွက်ဘုရားတွေ ထွင်းထုထားပြီး တစ်နေရာမှာ အနီရောင်ဆေးနဲ့ ကမ္ဗည်းစာလေးကြောင်းတွေ့ရပါတယ်။ ၁၃၆၂-ခုနှစ်၊ တော်သလင်းလပြည့်မှာ စာရေးဆရာ မန်းသင့်နောင်နဲ့ မန်းလင်းမြတ်ကျော်တို့က လက်ရေးစင်းအုတ်ချပ်တွေကို တူးဖော်လေ့လာတဲ့အခါ ကော့ဂွန်းဂူမှာတွေ့ရတဲ့ အုတ်ချပ်နဲ့အရွယ်စားတူညီတဲ့ ကန့်လန့်ဖြတ် လက်ရေးစင်းသုံးကြောင်း ပုံစံတူတွေ့ခဲ့ပါတယ်။ ၁၄-၄-၂၀၁၂ တနင်္ဂနွေနေ့မှာ ဂူဘေးမှာရှိတဲ့ ဘေးမဲ့ကန်ကို တူးဖော်တဲ့အခါ အနက်သုံးပေခန့်အရောက်မှာ လက်ရေးစင်းအုတ်နဲ့လုပ်တဲ့ ရေတွင်း တစ်တွင်းကိုတွေ့ရပါတယ်။ ဆက်တူးဖော်တဲ့အခါ အနက်အုတ်ချပ် ၁၉-ချပ်၊ အ၀ိုင်းအုတ်ချပ် ၁၈-ချပ်၊ ရေတွင်းအချင်း ၆-ပေခွဲ၊ အနက် ၇-ပေ ရှိတာကို တွေ့ရပါတယ်။ အုတ်တစ်ချပ်ကို အလျား ၁၄-လက်မ၊ အနံ(အရင်း) ၁၁-လက်မ၊ အလျား ၇-လက်မ၊ ထု ၃-လက်မခွဲ ရှိပြီး အ၀ိုင်းသဏ္ဍာန်ဖြစ်ကာ အရင်းကြီးပြီး အဖျား သေးတာကို တွေ့ရပါတယ်။ တစ်ချို့အုတ်ချပ်တွေကတော့ မျဉ်းကြောင်းမျဉ်းကွေးတွေမှာ အလျား လိုက်၊ ဒေါင်လိုက်၊ ကန့်လန့်ဖြတ်ကြက်ခြေခတ်စတဲ့ ပုံစံအမျိုးမျိုးရှိနေပါတယ်။ အဲဒီလိုအုတ်ချပ်မျိုးက ပျူခေတ်ထွန်းကားစဉ်က ဗိဿနိုးဟန်လင်း သရေခေတ္တရာမြို့ဟောင်းကြီးများရဲ့မြို့ရိုးနဲ့ နံရံ အဆောက်အဦတွေမှာ တွေ့ရှိရတဲ့အုတ်ချပ်မျိုး ဖြစ်ပါတယ်။
၉။ဇိနမာရ်အောင်ဆင်းတုတော်
        ဆင်းတုတော်အတိုင်းအတာက ဓမ္မခဏ်တော်ရွှေသားအပြင်ကနေ အထက်ရောင်လျှံအောက် ဆုံးထိ ၁-တောင်နဲ့ လက်လေးသစ်၊ နဖူးသင်းကျစ်တော်က ၂-လက်မခွဲ၊ သင်းကျစ်တော်အပြန့်က ၃-လက်မ၊ လက်ဝဲလက်တော်က ၁၀-လက်မ၊ ရတနာရွှေဟင်္ဟာ ခြေနှစ်ဖိနပ်တော်က ၂-လက်မခွဲ၊ ပထမဓမ္မခဏ် ပဒုမ္မာပလ္လင်တော် ရှစ်မျက်နှာဝန်းကျင်က ၁-တောင်ကျော်၊ ဒုတိယဓမ္မခဏ် ပဒုမ္မာ ပလ္လင်တော် ရှစ်မျက်နှာဝန်းကျင်က ၁၄-လက်မခွဲ၊ တတိယဓမ္မခဏ် ပဒုမ္မာပလ္လင်တော် ရှစ်မျက်နှာ ၀န်းကျင်က ၁၁-လက်မ၊ စတုတ္ထဓမ္မခဏ် ပဒုမ္မာပလ္လင်တော် စကြာဝဠာတိုက်အ၀န်းဝိုင်းပုံသဏ္ဍာန်က ၁၀-လက်မရှိပြီး အလေးချိန် ၇-ပိဿာရှိပါတယ်။ လယ်တီဆရာတော် သထုံ၊ ကတွန်ကျောက် သမိုင်းမှာ သာသနာပြုနေတုန်း မနက်မျက်နှာသစ်ဖို့ ပြတင်းဖွင့်တဲ့အခါ ရုပ်ပွားတော်က ကောင်းကင် မှာ ရပ်တည်နေတာကို မြင်လို့ အဓိဋ္ဌာန်နဲ့ပင့်ပါတယ်။ ရုပ်ပွားတော်ဟာ ထူးဆန်းစွာနဲ့ ဧည့်ခန်း စားပွဲကို ကြွတော်မူလို့ ဖူးမြှော်ခွင့်ရခဲ့ပါတယ်။ ၁၂၈၅-ခုမှာ ဆရာတော်ပျံတော်မူတော့ တပည့်နှစ်ပါး တစ်လှည့်စီကိုးကွယ်ရာကနေ ကိုယ်ပွားတစ်ဆူကို ထုလုပ်ခဲ့ပြီး မူလရုပ်ပွားတော်ကို လယ်တီ ဦးလှတင်က ရခဲ့ပါတယ်။ လူပျံတော်ဦးလှတင်ရဲ့ဇနီးက ဒေါ်မြရှင်ဖြစ်ပြီး ကိုးကွယ်ခွင့်ရတဲ့နေ့ကစလို့ သဇင်နီသွေးဆေးနဲ့ ကြီးပွားလာကြပါတယ်။ ၁၃၅၇-ခု၊ ၀ါဆိုလဆန်း ၁၄-ရက်မှာ  ဒေါ်မြရှင်ဆီကနေ မြိုင်ကြီးငူဆရာတော်က အလှူခံပြီး ဘေသဇ္ဇမုနိကြေးသွန်းရုပ်ပွားတော် ဂန္ဓကုဋိတိုက်ရဲ့ အလယ် ဗဟိုတည့်တည့် ကြေးသွန်းဘုရားသီတင်းသုံးမယ့် ဌာပနာတိုက်ထဲကို ၁၃၅၇-ခု၊ ၀ါဆိုလပြည့်၊ မနက်-၉ နာရီတိတိမှာ ဌာပနာခဲ့ပါတယ်။
၁၀။ရသေ့ပျံဂူနဲ့ဒုအင်ဝေါ၀်မြို့ဟောင်း
        ကော့ဂွန်းဂူမှာရှိတဲ့ မုတ္တမမိဖုရားရေး မွန်ကျောက်စာမှာ ဒုအင်ဝေါ၀်မှာနေစဉ် မြို့ရဲ့အတွင်း အပြင်မှာ မြေနဲ့ကျောက်ဆင်းတုတွေကို သူနဲ့သူ့တပည့်တွေ စွမ်းအားရှိသလောက် ထွင်းတုခဲ့တယ်လို့ ရေးထားပါတယ်။ ဒုအင်ဝေါ၀်မြို့ဆိုတာ ကော့ဂွန်း၊ရသေ့ပျံ၊ဘားကပ်ဂူတို့ရဲ့ အလယ်ဗဟိုကုန်းအမြင့် နေရာ ရသေ့ပျံရွာဦးစေတီပတ်ဝန်းကျင်တစ်ဝိုက်ပဲ ဖြစ်ပါလိမ့်မယ်။ ဒုအင်ဝေါ၀်ရဲ့ အဓိပ္ပာယ်ကတော့ ပုန်းအောင်းနေသောနေရာလို့ ဆိုလိုပါတယ်။ ၁၆-ရာစုမှာ မုတ္တမမြို့စားနဲ့ တပင်ရွှေထီးတို့ စစ်တိုက် လို့ မုတ္တမမြို့စား စစ်ရှုံးရာကနေ မုတ္တမတောင်ရိုးတစ်လျှောက် ဖြတ်ကျော်ပြီး မိုင် ၂၀-ခန့်ဝေးတဲ့ ကော့ဂွန်းဂူအနားက ကိုမွန်တန်ဒေသမှာ ပုန်းအောင်းခဲ့ပါတယ်။ ကိုမွန်တန်ဆိုတာ ကရင်စကား ဖြစ်ပြီး တောထူထပ်တဲ့နေရာလို့ ဆိုလိုပါတယ်။ အဲဒီမှာနေစဉ်အတွင်း အုတ်ခွက်ဘုရားတွေ ထုလုပ် ခဲ့တာပါ။
        မုတ္တမမြို့စားနဲ့ညီဖြစ်သူတို့ဟာ သာသနာပြုစိတ်ထက်သန်လွန်းလို့ ရသေ့ဘ၀ကို ကူးပြောင်းပြီး အစ်ကိုက ဗုဒ္ဓဥာဏရသေ့နေခဲ့တဲ့ ရသေ့ပျံဂူမှာနေပြီး ဗုဒ္ဓဥာဏရသေ့ရဲ့နာမည်ကိုပဲယူပြီး ဗုဒ္ဓဥာဏ လို့ ဘွဲ့ခံခဲ့ပါတယ်။ ညီဖြစ်တဲ့ဓမ္မဥာဏရသေ့ကတော့ ကော့ဂွန်းမှာသာသနာပြုပြီး သိမ်ဟောင်း နေရာမှာ သစ်သားကျောင်းဆောက်နေပါတယ်။ မုတ္တမမိဖုရားဟာ မုတ္တမမြို့စား ရသေ့ဝတ်သွားတဲ့ အတွက် အတူသာသနာပြုဖို့မသင့်တာကြောင့် သူ့တပည့်တွေနဲ့အတူ သာသနာပြုဆောင်ရွက်ရင်း မွန်တန်ကုန်းအရပ်မှာ ဒုအင်ဝေါ၀်မြို့ထူထောင်ပြီး သာသနာပြုခဲ့ပါတယ်။ လုပ်ငန်းအောင်မြင်ခဲ့လို့ မိဖုရားနာမည်ကို ကော့ဂွန်း၊ရသေ့ပျံ၊ဘားကပ်ဂူနဲ့ တခြားမြို့နယ်ထိ မုတ္တမမိဖုရားကောင်းမှုဆိုတဲ့ ကမ္ဗည်းကျန်ခဲ့တာဖြစ်ပါတယ်။
၁၉၉၆-မှာ အုတ်ခွက်ဘုရားအကျိုးအပဲ့တွေ တွေ့ရပြီး ၁၃၄၃-မှာ သံနဲ့လုပ်ထားတဲ့ အုပ်ခွက် ဘုရားဘလောက်တုံးနှစ်ခုတွေ့ရပါတယ်။ အဲဒီဘလောက်တုံးကို ကော့ကသောင်ဆရာတော်က တစ်ဆင့် ကော့ဂွန်းကျောင်းဆရာတော်ယူသွားပြီး ဆရာတော်ပျံတော်မူတဲ့အခါ ပျောက်သွားခဲ့ ပါတယ်။ လက်ရှိမှာတော့ အဲဒီနေရာမှာ အောက်ခံပလ္လင်ဂ၀ံ၊ ငှက်ပျော်ဖူး၊ ဂ၀ံစေတီတစ်ခြမ်း၊ တူးဖော်ထားတဲ့ အမြင့်(၁၀)တောင်ခန့် ကိုးမြောင့်သဏ္ဍာန်စေတီကြီးတစ်ဆူ၊ စေတီအရှေ့ဘက်က စေတီငယ်သုံးဆူ၊ စေတီတောင်ဘက်က စေတီငယ်နှစ်ဆူ၊ အလျား၈-တောင် အနံ၆-တောင် အမြင့်၃-တောင်ရှိတဲ့ ကျောက်နိမိတ်နဲ့လုပ်တဲ့ သိမ်နေရာဟောင်း အုတ်ကုန်းတစ်ခုတို့ကို တွေ့ရ ပါတယ်။ ကော့ဂွန်းဂူ၊ရသေ့ပျံဂူ၊ဘားကပ်ဂူမှာ မတွေ့ရတဲ့ စဉ့်ရေသုတ်အနက်ရောင် အနီရောင် အဖြူရောင် အစိမ်းရောင်အုတ်ကျွတ်အမိုးတွေကို ဒီနေရာမှာ တွေ့ရပါတယ်။ တောင်ကလေး ဆရာတော်(တောမှီရဟန်း)က လွန်ခဲ့တဲ့ နှစ်ကိုးရာခန့်ကလို့ မှတ်ချက်ချပါတယ်။ ၁၃၆၇-ခု၊ တန်ဆောင်မုန်းလဆန်း ၂-ရက်မှာ သံလွင်မြစ်ရေကျချိန် ကမ်းပါးပြိုရာကနေ စဉ့်ဖိုလ်လို့ယူဆရတဲ့ ပေ၃၀-အကွာဝေးရှိတဲ့ ဖိုလ်ငါးခုပေါ်လာပါတယ်။ သိမ်နေရာဟောင်းမှာတော့ အုတ်ကုန်းသုံးပုံ၊ ရေကန်ုနှစ်ကန်ကို တွေ့ရပါတယ်။
၁၁။မာရ်ပြေရန်ပြေ အောင်စကြာသိဒ္ဓိရွာဦးစေတီ
        ကောဇာသက္ကရာဇ် ၁၂၉၉-မှာ သက်တော် ၂၉၊ ကိုးဝါရပြီးဖြစ်တဲ့ ဆရာတော်ဦးဣန္ဒ၀ံသဟာ ရသေ့ပျံဂူမှာ တောရပ်မှီနေစဉ် ရသေ့ပျံရွာကိုဆွမ်းခံကြွဖို့ သင်္ကန်းရုံမယ့်ဆဲဆဲမှာ ရွာရဲ့အရှေ့ဘက် မှာ ဆည်းလည်းသံနဲ့စေတီတစ်ဆူကို မြင်လိုက်ရတဲ့အတွက် စေတီကိုဖူးပြီးမှ ဆွမ်းခံဆက်ကြွခဲ့ ပါတယ်။ နောက်တစ်နေ့မှာ ဖူးမြှော်ဖို့သွားတဲ့အခါ စေတီတော်က မရှိတော့ပါဘူး။ ဒါပေမယ့် စိတ်ထဲကဖျောက်မရတဲ့အတွက် ပုံစံတူစေတီတည်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ၁၃၀၃-မှာ ဂျပန်တွေ မြန်မာနိုင်ငံကို ၀င်လာတာကတစ်ကြောင်း ၁၃၄၄-မှာ ကျန်းမာရေးကြောင့် ဆေးရုံတက်ခွဲစိပ်ရ တာကတစ်ကြောင်းကြောင့် ဘုရားတည်ဖို့ မဖြစ်မြောက်ခဲ့ပါဘူး။ ဒါပေမယ့် ရသေ့ပျံဒကာ ဒကာမ တွေရဲ့တောင်းဆိုမှုကြောင့် ၁၃၅၅-ခုနှစ်၊ တန်ခူးလဆန်း(၄)ရက်၊အင်္ဂါနေ့မှာ မြေသန့်၊ တန်ခူးလဆန်း ၇-ရက် သောကြာမှ ပန္နက်ချ၊ တန်ခူးလဆန်း(၁၀)ရက် တနင်္လာနေ့မှာ သံဃာသုံးဆယ်ကျော်ခြံရံပြီး အုတ်မြစ်ချ၊ ၁၃၃၈၊ တန်ခူးလပြည့်မှာ ထီးတော်တင်လှူခဲ့ပါတယ်။ ကွာသင်ကျောင်းဆရာတော် ဦးဣန္ဒ၀ံသဟာ ၁၉၈၈၊တန်ခူးလပြည့်ကျော်(၄)ရက်နေ့မှာ ဘားကပ်ရွာပဋ္ဌာန်းဖွင့်ပွဲ သြ၀ါဒပေးရင်း ပျံတော်မူခဲ့ပါတယ်။
၁၂။အစဉ်အလာထူး
        အရင်က သင်္ကြန်အတက်နေ့ရောက်တိုင်း ရသေ့ပျံရွာလုံးကျွတ်လူတွေဟာ အစ်ကိုဖြစ်သူ မုတ္တမမြို့စား ပြုပြင်တည်ဆောက်ခဲ့တဲ့ ကော့ဂွန်းဂူကိုသွားပြီး ဆွမ်းတော်တင်ကြတယ်။ ပြီးတော့ ဂူအရှေ့ဘက်က နတ်ရေကန်နားမှာ အသက်ကြီးတဲ့သူတစ်ယောက်က တိုင်ပေးပြီး စုပေါင်းရေစက် ချကြတယ်။ ရေစက်ချချိန်မှာ ဥမကွဲသိုက်မပျက်နေရဖို့အတွက် ရည်ရွယ်ပြီး အသားချင်း ဒါမှမမဟုတ် အ၀တ်နဲ့ ထိစပ်ထားကြပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်(၃၀)ခန့်က ကန်ထဲကိုငါးတွေမွေးလို့ ကန် မသန့်တာကြောင့် ရေခမ်းခြောက်ခဲ့ပါတယ်။ အဲဒီကနေ ယနေ့ထိ အစဉ်အလာပျက်ခဲ့ပါတယ်။ တစ်ခုတော့ ကျန်ခဲ့ပါတယ်။ အဲဒါက သင်္ကြန်အတက်နေ့ရောက်တိုင်း မုတ္တမမြို့စားရဲ့ညီတည်ခဲ့တဲ့ ရသေ့ပျံဂူကိုသွားပြီး ဆွမ်းတော်ကပ်၊ ပြီးတော့ ရေစက်ချ၊ ပြီးမှ ဂူထဲကနတ်ရေစင်ကို အိမ်ယူသွားတဲ့ အလေ့အထပဲ ဖြစ်ပါတယ်။ ကျောက်စက်ရေခေါ် နတ်ရေကန်ဟာ ဂူအတွင်းညာဘက်ဘေး အနိမ့် ပိုင်း ကျောက်တုံးနားမှာ ရှိပါတယ်။
ကော့ဂွန်းဂူထက်ပိုထူးတဲ့ အစဉ်လာတစ်ရပ်ကတော့ ၀ါးကျည်တောက်ကို နနွင်းနဲ့လိမ်းပြီး အဖျားကို နနွင်းလိမ်းထားတဲ့ချည်နဲ့ပတ်ထားပြီး ထိပ်ဝမှာ ပရိတ်ပန်းတွေထည့် အဲဒီနောက် ရသေ့ပျံဂူရဲ့ ခုနစ်နေ့ဘုရားမှာ နေ့နံအလိုက်တစ်ညပူဇော်လို့ လင်းတဲ့အခါ ရလာတဲ့ “ထီ့လ်ုဖုဂ်”ခေါ်တဲ့ အိုးကို ကိုယ်စီယူ၊ ဂူပေါ်ကဆင်းပြီး ဂူရှေ့လမ်းဘေးမှာ သင်္ကြန်ကာလအလျောက် ပျော်ပျော်ပါးချိုးကြ၊ ချိုးပြီးရင် တခြားနေရာမှာ အဲဒီအိုးကိုမသုံးမိစေဖို့ အဲဒီနေရာမှာပဲ ခွဲပစ်ခဲ့တဲ့ ထီ့ဖ်ုလုဂ်ရေသောက်ချိုး အစဉ်အလာပဲဖြစ်ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်(၃၀)ခန့်ကရှိခဲ့တဲ့ ထီ့ဖ်ုလုဂ်အစဉ်လာကလည်း ခုခေတ်မှာ ခေတ်ရေစီးကြောင်းကြောင့် ပျောက်ကွယ်ခဲ့တာလား ဘာကြောင့်လဲဆိုတာကို ဘယ်သူမှ တိတိကျကျ မပြောနိုင်တော့လောက်အောင် ပျောက်ကွယ်ခဲ့ပါပြီ။ အခေါ်အဝေါ်အနေနဲ့ သိမ်ဟောင်း နေရာကို သိင့်ခေါဟ်ဍာ၊ ရသေ့ကြီးနေခဲ့တဲ့နေရာကို ဖူအ်ါသါ်ဟှုဂ် (ဘိုးရသေ့ခြံ) လို့ ဒီနေ့ထိ ခေါ်ဝေါ် ကြတုန်းပါပဲ။
ကိုး = ရသေ့ပျံဂူတော်မြတ်သမိုင်းအကျဉ်း ( ဦးဝိသုဒ္ဓိ၊ရသေ့ပျံဂူ)။
Print Friendly and PDF

Saturday, July 13, 2013

ခေါင်းလောင်းစာ

Unknown | 5:39 AM | Be the first to comment!
          ခေါင်းလောင်းစာဆိုတာ ခေါင်းလောင်းမှာရေးထားတဲ့စာကို ဆိုလိုတာပါ။ တရုတ်နိုင်ငံအရှေ့ပိုင်း၊ ရှန်ဒေါင်းပြည်နယ်၊ ဂျီနန်းမြို့၊ မင်မင်းဆက်(၁၃၆၈-၁၆၄၄)လက်ထက် သွန်းလုပ်ခဲ့တဲ့ ရွန်ဂဲ(လ်) -ခေါင်းလောင်းရဲ့အတွင်းအပြင်မျက်နှာစာအပြည့်မှာ တရုတ်အက္ခရာ(၂၂၇,၀၀၀)နဲ့ သုတ္တန်ကျမ်းစာတွေ -ရေးထားတယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံမှာတော့  တောင်ကြီးမြို့၊ မွေတော်ကက္ကူဘုရားမှာ ခေါင်းလောင်းစာတွေရှိသလို ချင်းတွင်းဒေသ၊ မုံရွာမြို့စတဲ့ နေရာတွေနဲ့ တခြား မြန်မာနိုင်ငံအတော်များများမှာလည်း ခေါင်းလောင်း စာတွေ တွေ့ရမှာဖြစ်ပါတယ်။ အဝေးကြီးမကြည့်ချင်ဘူးဆိုရင် ကုသိုလ်တော်ဘုရားထဲမှာလည်း နမူနာ ကြည့်နိုင်ပါတယ်။ ခေတ်အဆက်ဆက် စေတီ၊ပုထိုးတွေမှာ ခေါင်းလောင်းကို မပါမဖြစ်တစ်ခုလို ထားကြပါ တယ်။ ဘာဖြစ်လို့လဲဆိုရင် ဗုဒ္ဓဘာသာဝင်တွေဟာ ဘုရားမှာကုသိုလ်ပြုပြီးတိုင်း အမျှဝေရင် ခေါင်းလောင်း ထိုးပြီး အမျှဝေတတ်ကြတဲ့အတွက်ကြောင့်ပါ။ အဲဒီလို ခေါင်းလောင်းထားရှိကြတာနဲ့အမျှ ခေါင်းလောင်းမှာ ကုသိုလ်ရှင်ရဲ့နာမည်တွေ ဆုတောင်းစာတွေ ကမ္ပည်းစာတွေ၊ သွန်းလုပ်ပြီးစီးသည့် ခု၊နှစ်၊လ၊ရက်မှတ် တမ်းတွေ၊ သွန်းလုပ်ရခြင်းအကြောင်းတွေ ခေါင်းလောင်းအလေးချိန်တွေ၊ သွန်းလုပ်သူပန်းတဉ်းပညာရှင် ရဲ့နာမည်တွေ ရေးထိုးတတ်ကြပါတယ်။ ခေတ်အဆက်ဆက် ရေးခဲ့ကြတာဖြစ်တဲ့အတွက်ကြောင့် အဲဒီခေါင်း -လောင်းမှာပါတဲ့ မူလအရေးအသားစာတွေကလည်း မြန်မာအက္ခရာကိုလေ့လာဖို့အတွက် အထောက်ကူ တစ်ခုဖြစ်သလို သမိုင်း လေ့လာနေသူတွေအတွက်လည်း အထောက်အထားတစ်ခုဖြစ်ပါတယ်။
          ပုဂံခေတ်က ခေါင်းလောင်းကို “ခောင်လောင်”လို့ ရေးသားကြပါတယ်။ သာဓကပြရမယ်ဆိုရင် မင်းမတ်ဥာဏမိစည်ကျောက်စာ၊ ကြောင်းရေ ၉-မှာ “ခောင်လောင် ကြိယ် အပိသာ ၁၀၆ ခွယ်ဧအ်”လို့ ပါရှိသလို သင်္ကန်းရုံဘုရားကျောက်စာ၊ ကြောင်းရေ ၄-၅-မှာလည်း “ခောင်လော ပ္လုယေ”လို့ ပါရှိပါတယ်။
          ခောင်လောင်ရဲ့ ခက်ဆစ်အဓိပ္ပာယ်ကို ခရီးဆောင်မြန်မာအဘိဓာန်မှာ “ကြေးငွေစသည်ဖြင့် သွန်းလုပ်ထားသည့် လုံးပတ်ဝန်း၍ အ၀ကားသော တီးခတ်စရာပစ္စည်း။ အခေါင်းအတွင်းရှိ အဆန်ကို ခတ်လှုပ်၍ အသံမြည်စေသော ခွက်ပုံသတ္တုကိရိယာ”လို့ ပြဆိုထားပါတယ်။
          ရှေးခေတ်မြန်မာ့လက်ရာခေါင်းလောင်းတွေကို အပြောက်အမွှန်းပန်းမချယ်တဲ့ ရိုးရိုးရှင်းရှင်းတွေနဲ့ပဲ အတွေ့များပါတယ်။ ပုဇွန်တုပ်ကွေးခေါ် ခေါင်းလောင်းချိတ်ကိုင်းကို ရိုးရိုးပဲထားသလို ခေါင်းလောင်းချိတ် ဖို့ ခေါင်းလောင်းအထက်နားမှာ အကိုင်းအကွေးမှာလည်း ခေါင်းလောင်းချိတ်ဖို့ အကိုင်းအကွေးသာမန်ပဲ ထားရှိကြပါတယ်။ ခေါင်းလောင်းရဲ့ အပေါ်ပိုင်းဖောင်းရစ်၊ အလယ်ပိုင်းခါးစည်းချက်၊ အောက်အနားဖောင်း ရစ်တွေမှာ သာမန်အရေးအကြောင်းလောက်ပဲ ပြုလုပ်ကြပါတယ်။ ဒါပေမယ့် တဖြေးဖြေးနဲ့ ပိုမိုလှပလာ -အောင် လုပ်ဆောင်ကြတဲ့အခါ ပုဇွန်တုပ်ကွေးခေါ် ခေါင်းလောင်းချိတ်ကိုင်းမှာ ကိန္နရီ၊ကိန္နရာရုပ်တွေ တိုးနယားရုပ်တွေ ပဉ္စရူပရုပ်တွေနဲ့ အလှဆင်လာကြတယ်။ အကိုင်းအကွေးကိုတော့ ခြင်္သေ့ရုပ်တွေနဲ့ ပိုလှပ လာအောင်လုပ်ပြီး ဖောင်းရစ်နေရာတွေကိုလည်း ကြာမှောက်ကြာလှန်ပန်းကနုတ်တွေနဲ့ ပိုမိုအနုစိတ် လာကြပါတယ်။
          ခေါင်းလောင်းကို မြန်မာတစ်နိုင်ငံတည်းမှာသာမက အာရှနိုင်ငံတွေအပြင် ဥရောပနိုင်ငံတွေမှာ လည်း အသုံးပြုကြပါတယ်။ဘာဖြစ်လို့လဲဆိုရင် ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းဆယ်လုံးမှာ အာရှကသုံးလုံး သာ ပါရှိပြီး ကျန်ခုနစ်လုံးက ဥရောပနိုင်ငံကဖြစ်နေလို့ပါပဲ။ ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းဆယ်လုံး ကတော့=
၁။ရုရှားနိုင်ငံ၊ မော်စကိုမြို့၊ ကရင်မလင်နန်းတော်ရှိ ၁၇၃၃ (သုတေသနသရုပ်ပြအဘိဓာန်)/ ၁၈၃၃ (မြန်မာ့စွယ်စုံကျမ်း)ခုမှာ သွန်းလုပ်ခဲ့ပြီး (တန်-၂၀၀-မြန်မာ့စွယ်စုံ)(တန်-၁၈၀-Britanica Emcyclopacedia အတွဲ-၂) (တန်-၂၁၉-Children Emcyclopacedia အတွဲ-၂)၊ ပိဿာ-၁၂၈၀၀၁၊ အမြင့်ပေ-၁၉ နဲ့ ၃-လက်မ၊ အ၀န်းပေ-၉၀၉၊ ထိပ်ဝ ပေ-၂၂၊ ဒု ၂-ပေ ရှိတဲ့ ဆာ-ကိုလိုကိုး (Tsar Kolokoခေါင်းလောင်းကြီး။ လက်မှုပညာရှင် ၂၀၀-ကျော်နဲ့ သွန်းလုပ်ခဲ့တာဖြစ်ပါတယ်။
၂။ရုရှားနိုင်ငံ၊ လီနင်ဂရက်မြို့အနီး၊ ကရာစနိုဗာဒါရက်စ်မြို့မှာ အလေးချိန် တန်-၁၇၁၊ ပိဿာချိန်-၁၀၉ ၄၄၀ ရှိတဲ့ ခေါင်းလောင်းကြီး။
၃။ရုရှားနိုင်ငံ၊ မောစကိုမြို့မှာ အလေးချိန် တန်-၁၁၀ (သုတေသနသရုပ်ပြအဘိဓာန်)/တန်-၁၂၈ (မြန်မာ့ စွယ်စုံကျမ်း)၊ ပိဿာချိန်-၇၀၄၀၀ ရှိတဲ့ ခေါင်းလောင်းကြီး။
၎။မြန်မာနိုင်ငံ၊ ဘိုးတော်ဘုရားလက်ထက်၊ မြန်မာသက္ကရာဇ်-၁၁၇၀-ခုမှာ သွန်းခဲ့ပြီး အလေးချိန် တန်-၈၇၊ ပိဿာချိန်-၅၅၆၈၁၊ အမြင့်ပေ-၂၀ နဲ့ ၃-လက်မ၊ အ၀န်း ပေ-၁၆ နဲ့ ၉-လက်မ၊ ဒု ၆-လက်မမှ ၁၂-လက်မ (မြန်မာ့စွယ်စုံကျမ်းမှာ = အပြင်ဘက်အချင်းနှုတ်ခမ်းဝ ပေ-၁၆ နဲ့ ၃-လက်မ၊ အတွင်းဘက်နှုတ်ခမ်းဝ အထက် ၄-ပေ နဲ့ ၈-လက်မနေရာမှာ အချင်း ၁၀-ပေ၊ အတွင်းဘက်အမြင့် ၁၁-ပေ နဲ့ ၆-လက်မ၊ အပြင် ဘက်အမြင့် ၁၂-ပေ၊ အတွင်းဘက်အချင်း ၈-ပေ နဲ့ ၆-လက်မ)အထိ ရှိတဲ့ မင်းကွန်းခေါင်းလောင်းတော် ကြီး။ မြန်မာတွေကတော့ မမင်းဖြူမှန်မှန်ပြောဆိုတဲ့ အမှတ်သားနဲ့ အလေးချိန် ၅၅၅၅၅၅ ရှိတယ်လို့ အစဉ် အဆက်မှတ်သားကြပါတယ်။မင်းကွန်းခေါင်းလောင်းကြီးကို ကြေးညိုနဲ့သွန်းလုပ်ခဲ့တာဖြစ်ပြီး ကြေးခဲတွေရဲ့ ကြားမှာ ရွှေစငွေစတွေ သွန်းမြှုပ်ထားပါတယ်။
၅။တရုတ်နိုင်ငံ၊ ပီကင်းမြို့မှာ တန်-၅၃၊ ပိဿာချိန်-၃၃၉၂၀ ရှိတဲ့ ဂရိတ်ဘဲလ်ခေါင်းလောင်းကြီး။
၆။အမေရိကန်နိုင်ငံ၊ကွိုင်နွန်မြို့မှာ သွန်းလုပ်ပြီး နယူးယောက်မြစ်ဆိပ် ကမ်းဘုရားရှိခိုးကျောင်းမှာထားရှိတဲ့ တန်-၂၅၊ ပိဿာ-၁၆၀၀၀ ရှိတဲ့ ခေါင်းလောင်းကြီး။
၇။ဂျာမဏီနိုင်ငံ၊ ကိုလုံးမြို့မှာ တန်-၂၄၊ ပိဿာ-၁၅၃၆၀ ရှိတဲ့ အင်ပါယာခေါင်းလောင်းကြီး။ ၁၈၇၀-၇၁ စစ်ပွဲမှာ ပြင်သစ်ကနေ ယူလာတဲ့အမြှောက်ကြီး ၂၂-လက်ရဲ့ သတ္ထုတွေကို အရည်ကျိုပြီး သွန်းလုပ်တဲ့အခါ တန်ချိန် ၂၇-ရှိခဲ့ပါတယ်။ သူ့ကို အင်ပါယာခေါင်းလောင်းလို့ ခေါ်ခဲ့ပြီး နောင်အခါ လက်နက်ခဲယမ်းအတွက် သတ္တုတွေလိုတာကြောင့် ၁၉၁၇-မှာ အရည်ကျိုပြီး အသုံးပြုခဲ့ပါတယ်။ ၁၉၂၇-ခုမှာ အသစ်ပြန်ကျိုပြီး သွန်းလုပ်တဲ့အခါ ၂၄-တန်ပဲ ကျန်ပါတော့တယ်။
၈။တရုတ်နိုင်ငံ၊ နန်ကင်းမြို့မှာ တန်-၂၂၊ ပိဿာ-၁၄၀၈၀ ရှိတဲ့ ခေါင်းလောင်းကြီး။
၉။အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၊ စိန်ပေါဘုရားကျောင်းမှာရှိတဲ့ တန်-၁၇၊ ပိဿာ-၁၀၈၈၀ ရှိတဲ့ ခေါင်းလောင်းကြီး။
၁၀။အင်္ဂလန်နိုင်ငံ၊ ၀က်စ်မင်နစ်စတာမြို့၊ ပါလီမန်လွှတ်တော် ဘစ်ဘင်နာရီစင်မှာ ထားရှိပြီး တန်-၁၃၊ ပိဿာ- ၈၆၄၀ ရှိတဲ့ ခေါင်းလောင်းကြီး။
          အထက်မှာ ပြဆိုထားတဲ့ ခေါင်းလောင်းကြီးဆယ်လုံးကို သိပြီးပြီဆိုတော့ မင်းကွန်းခေါင်းလောင်းကို ဘယ်နံပါတ်ထဲပါသလဲဆိုတာလဲ တွေ့ရမှာဖြစ်ပါတယ်။ Kiwix-မှာ ပြထားတဲ့ ခေါင်းလောင်းကြီးတွေထဲမှာ ဂျပန်နိုင်ငံ၊ ချီယွန်အင်ကျောင်းမှာရှိတဲ့ ခေါင်းလောင်းကြီးဟာ ၁၆၃၃-မှာ သွန်းလုပ်ခဲ့တာဖြစ်ပြီး ၇၄- တန် အလေးချိန် ရှိတဲ့အတွက် အဲဒီခေါင်းလောင်းကို ထိုးခတ်ဖို့ ရဟန်း ၁၇-ပါးလောက် လိုအပ်မယ် လို့ပြထားပါ တယ်။ ဒါဆိုရင်တော့ နံပါတ်ငါးလောက်ချိတ်မှာ အသေအချာပါပဲ။ နောက်တစ်ခုရှိတာက ဒီနေ့ စာအုပ်တွေ မှာ တတိယအကြီးဆုံးလို့ မင်းကွန်းခေါင်းလောင်းကို ပြောကြတာတွေ့နေရပါတယ်။ ဘာကြောင့် လဲဆိုတာ ကိုတော့ ဆက်လေ့လာရမှာပါ။ (နံပါတ်-၂ ခေါင်းလောင်းကြီးကို လေ့လာရင် ဒီအကြောင်းသေသေချာချာ သိရမယ်ထင်ပါတယ်)။
          မြန်မာနိုင်ငံမှာ လူတိုင်းနီးပါး သိပြီး၊ကြားဖူးပြီးဖြစ်တဲ့ ခေါင်းလောင်းတစ်လုံး ရှိပါသေးတယ်။ သူ့ကို ခုချိန် လက်တွေ့မပြနိုင်သေးတဲ့အတွက် စာရင်းထဲထည့်လို့မရဖြစ်နေပါတယ်။ အဲဒီခေါင်းလောင်းက အ၀ ရှစ်တောင်၊ အစောက် ၁၂-တောင်ရှိပြီး ပိဿာချိန် ၁၈၀၀၀၀-ရှိတဲ့ ကြေးခေါင်းလောင်းဖြစ်ပါတယ်။ အဲဒီခေါင်းလောင်းကို ခရစ်နှစ်-၁၄၇၆-ခုနှစ်မှာ သွန်းလုပ်ခဲ့တာဖြစ်ပြီး ရွှေတိဂုံစေတီတော်ကို လှုဒါန်းခဲ့ တာဖြစ်ပါတယ်။ ဒါပေမယ့် သွန်းလုပ်ပြီး နှစ်-၂၀၀ လောက်ပဲ ကောင်းကောင်းနေခဲ့ရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ခရစ်နှစ် ၁၆၁၂-မှာ ဘုရားရွှေခွာ၊ ဘုရားဌာပနာဖောက်၊ ကြေးခေါင်းလောင်းတွေကို ဖြုတ်ပြီး အမြှောက်လုပ်၊ ဗုဒ္ဓဘာသာကိုစော်ကား၊ အာဏာကိုအသုံးပြုပြီး သူ့ဘာသာကိုအတင်းဆွဲသွင်းစတာတွေနဲ့ နာမည်ကြီးပြီး ချမ်းသာနေတဲ့ ပေါ်တူဂီနိုင်ငံသား၊ သံလျင်မြို့စား ဘရင်ဂျီကုလားလူယုတ်မာ ငဇင်ကာဆိုတဲ့ သူက အမြှောက်လုပ်ဖို့အတွက် ဒဂုံကနေ သံလျင်ကိုသယ်ယူတဲ့အခါ လှေဝမ်းကွဲလို့ ခေါင်းလောင်းကြီး ဒေါ ပုံမြစ်ထဲ ကျပျောက်ခဲ့တာကနေစပြီး ဒီကနေ့ထိ ဘယ်သူမှရှာဖွေလို့မရသေးပါဘူး။ ခုထိ ဆက်ရှာနေကြဆဲ ပါပဲ။ အဲဒီခေါင်းလောင်းကို “ဓမ္မစေတီ” ဒါမှမဟုတ် “အ၀ိန္ဒဆောက်” ခေါင်းလောင်းလို့ ခေါ်တယ်။ အဲဒီခေါင်း -လောင်းကို သက္ကရာဇ် ၈၃၈-မှာ ရွှေတိဂုံစေတီတော်ကို လှူဒါန်းခဲ့ပါတယ်။

အထက်မှာ ငဇင်ကာဆိုတဲ့ပုဂ္ဂိုလ်ရဲ့ ဆိုးသွမ်းယုတ်မာမှုကို ရေးပြခဲ့ပါတယ်။ ငဇင်ကာရဲ့အန္တရာယ်ကို သိတော်မူတဲ့ အနောက်ဘက်လွန်မင်းတရားကြီးဟာ ရေကြောင်း၊ကြည်းကြောင်းနဲ့ သံလျင်ကို သုံးလတိုင် တိုင်ဝန်းရံပြီးမှ ငဇင်ကာကို ဖမ်းဆီးမိခဲ့ပါတယ်။ အပြစ်ကိုဝန်ခံရင် အသက်ချမ်းသာပေးမယ်လို့ အခွင့်ပေး ခဲ့တာတောင်မှ အပြစ်ကို ၀န်မခံပဲ နတ်ရှင်နောင်အားကိုးနဲ့ မိုက်ရဲခဲ့တဲ့အတွက် စအိုကိုတံကျင်လျှို သတ်ခဲ့ရ တယ်။ ရတုမှာပညာရှင်တစ်ဦးဖြစ်သော်ငြား စိတ်နှလုံးကောက်ကျစ်တဲ့နတ်ရှင်နောင်ကိုလည်း လူမျိုခြား၊ ဘာသာခြား ဘရင်ဂျီကုလားယုတ်နဲ့ ပူးပေါင်းခဲ့တဲ့အတွက် ကွပ်မျက်ခဲ့ရပါတယ်။ တကယ်တော့ အနောက် ဘက်လွန်မင်းတရားကြီးဟာ တောင်ငူကိုသိမ်းပိုက်ခဲ့ပြီးတဲ့နောက်မှာ နတ်ရှင်နောင်ကို မြို့စား အဖြစ် ခန့်အပ်ပြီး မြှောက်စားခဲ့ပါတယ်။ အနောက်ဘက်လွန်မင်းတရားကြီးဟာ မထမဆုံးချေကုပ်ယူလာတဲ့ နယ် ချဲ့အန္တရာယ်ကို ကာကွယ်ခဲ့တဲ့ မင်းတစ်ပါးဖြစ်ပါတယ်။

မြန်မာနိုင်ငံသမိုင်းမှာ အဆိုးဆုံးမြို့စားယုတ်နှစ်ဦးရှိပါတယ်။ ဒါ့ထက်ပိုဆိုးတာကတော့ သူတို့ဟာ မြန်မာနိုင် ငံသားမဟုတ်ပဲ တိုင်းတစ်ပါးသား ကုလားနှစ်ဦးဖြစ်တဲ့ သံလျင်မြို့စား ဖိလစ်ဒီဘရစ်တို(Philip de brito) နဲ့ အမရပူရမြို့တော်ဝန် ဘိုင်ဆတ်တို့ပဲဖြစ်ပါတယ်။ မင်းတုန်းမင်းနဲ့ကနောင်မင်းသားတို့ရဲ့နောင်တော်ပုဂံမင်း ဟာ ကြက်တိုက်စတဲ့အပျော်အပါးကိစ္စတွေမှာ အလွန်မွေ့လျော်တဲ့သူဖြစ်ပါတယ်။ ဘိုင်ဆတ်ဆိုတာ အဲဒီ မကောင်းတဲ့အရာတွေမှာ ဆရာလုပ်ပေးနေတဲ့ မွတ်ဆလင်ကုလား တိရစ္ဆာန်ကျွမ်းကျင်ဆရာဖြစ်ပါတယ်။ ဘုရင်သဘောကျလို့ သူ့ကိုအမရပူရမြို့ဝန်ခန့်ခဲ့ပါတယ်။ သူ့မှာတပည့်တစ်ယောက်ရှိပါတယ်။ မောင်ပိန် လို့ခေါ်တယ်။ မောင်ပိန်ဆိုတဲ့ပုဂ္ဂိုလ်ဟာ အင်းဝနဲ့စစ်ကိုင်းမှာရှိတဲ့ နန်းတော်တိုင်တွေကို ယူပြီး တံတားတစ် စင်းဆောက်ခဲ့တယ်။ ရည်ရွယ်ချက်ကတော့ အကြောင်းကိစ္စရှိလို့ သူ့ဘက်က မွတ်ဆလင် ကုလားတွေ အမရပူရကို ကူးချင်ရင် ကူးရလွယ်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ သူတို့ဆရာတပည့်နှစ်ယောက်ရဲ့ဆိုး သွမ်း ယုတ်မာမှုတွေကို မခံနိုင်ကြပေမယ့် ဘုရင့်နားခစားတဲ့ ပေါက်ပေါက်ရောက်ရောက် ရှိသူတွေဖြစ်လို့ ငုံ့ခံနေရတယ်။ နောက်တော့ ဘုရင်သိပြီး သတ်ပစ်ခဲ့ရတယ်။
          လိုရင်းအကြောင်းအရာကိုပဲ ဆက်ပြောပါရစေ။ ငဇင်ကာကြောင့်ကျပျောက်ခဲ့ရတဲ့ ဓမ္မစေတီခေါင်းလောင်းကို တကယ်သာ ဆယ်ယူနိုင်ခဲ့မယ်ဆိုရင် ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းကို ၁၈၃၃- မှာ သွန်းလုပ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့် ၁၄၇၆-မှာ သွန်းလုပ်ခဲ့တဲ့ ဓမ္မစေတီခေါင်းလောင်းက လက်ရှိ ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းထက် နှစ်ပေါင်း -၂၅၀ ကျော် စောတဲ့အပြင် မင်းကွန်းခေါင်းလောင်းထက် အချိန် ၃-ဆ ပိုလေးပြီး တန် ၂၇၀-ကျော်တာကြောင့် ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းတွေထဲမှာ ဓမ္မစေတီ -ခေါင်းလောင်းဟာ နံပါတ်တစ်ဖြစ်မှာ အသေအချာပါပဲ။ အဲဒီလိုဖြစ်ခဲ့ရင် ရွှေတိဂုံစေတီတော်ကို ဖူးမြှော်ရင်း ဓမ္မစေတီခေါင်းလောင်းကိုလည်း လေ့လာခွင့်ရကြမှာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေအရ ခရစ် -နှစ် ၁၇၇၈-ခုနှစ်မှာ သွန်းခဲ့တဲ့ ၁၅၅၅၅-ပိဿာရှိတဲ့ မဟာဃဏခေါင်းလောင်းနဲ့ သာယာဝတီမင်းလှူခဲ့တဲ့ ပိဿာ-၂၅၉၄၀ နဲ့ ၄၉-ကျပ်ရှိတဲ့ မဟာသဒ္ဒဃဏ ခေါင်းလောင်းကြီးနှစ်လုံးသာ ရွှေတိဂုံစေတီတော်မှာ အကြီးဆုံးတွေ့ရှိရပါတယ်။
          မြန်မာ့ပန်းဆယ်မျိုးမှာ ပန်းတဉ်းပညာဆိုတာ ရှိပါတယ်။ အဲဒီပန်းတဉ်းပညာမှာ ကြေးသွန်းလုပ်ငန်း နဲ့ ကြေးခတ်လုပ်ငန်းဆိုပြီး နှစ်မျိုးရှိပါတယ်။ ခေါင်းလောင်းသွန်းလုပ်တာက ပန်းတဉ်းပညာရပ်မှာ ပါပါတယ် ။ မြန်မာတွေ ခေါင်းလောင်း၊ ချူနဲ့ ဆည်းလည်းတွေကို သရေခေတ္တရာ၊ ပျူလက်ထက်ကတည်းက သွန်း လုပ်နေခဲ့ပြီဖြစ်ပါတယ်။
          ၁၉၆၆-၆၇ ခုနှစ်တုန်းက ပြည်၊မှော်ဇာ၊ ဘုရားမာအနီး ကုန်းမြေမှာ ၁၂-လက်မ(သုတေသနဌာနမှူး ဦးကိုကို) ၁၁-လက်မ (ဓမ္မစေတီခေါင်းလောင်းကြီး၏ လျို့ဝှက်ချက်များ) ရှိပြီး ကြေးနဲ့သွန်းလုပ်ထားတဲ့ ပျူခေတ်ခေါင်းလောင်းတစ်လုံးကို တွေ့ရပါမယ်။ အဲဒီခေါင်းလောင်းမှာ ပျူခေတ်အနုပညာလက်ရာ သဘင် ပညာသည်ငါးဦးအရုပ်လေးတွေ တွေ့ရပါတယ်။ ပုဂံခေတ် ကျန်စစ်သားမင်းကြီးကလည်း ကြေးစင် တစ်ထောင် သွန်းထားတဲ့ ခေါင်းလောင်းငါးလုံးကို ရွှေစည်းခုံစေတီမှာ ၃-လုံး၊ အာနန္ဒာဘုရားမှာ ၁-လုံး၊ မင်းအိုချမ်းသာစေတီမှာတစ်လုံး လှူဒါန်းခဲ့ပါတယ်။ ကျန်စစ်သားမင်းကြီးရဲ့မြေးတော် အလောင်းစည်သူ မင်းကလည်း ကြေးစင်-၅၀၀၀၀ ပိဿာနဲ့ သွန်းထားတဲ့ ခေါင်းလောင်းနှစ်လုံးကို သဗ္ဗညုဘုရားမှာ ၁-လုံး ၊ ရွှေဂူဘုရားမှာ ၁-လုံး လှူဒါန်းခဲ့ပါတယ်။
          ခေါင်းလောင်းကို မွန်ဘုရင်တွေကလည်း ဘုရားမှာလှူဒါန်းမှုပြုခဲ့ပါသေးတယ်။ ခရစ်နှစ် ၁၃၆၉-မှာ နန်းတက်တဲ့ ဗညားဦးဟာ ရွှေမော်ဓောစေတီကို ကြေး ၃၁၀-ပိဿာနဲ့ သွန်းခဲ့တဲ့ခေါင်းလောင်းကို လှူခဲ့ သလို ခရစ်နှစ် ၁၄၄၉-မှာ နန်းတက်တဲ့ ဗညားကျန်းကလည်း ကြေး ၇၅၀-ပိဿာရှိတဲ့ ခေါင်းလောင်းကို လှူဒါန်းခဲ့ပါတယ်။ ခရစ်နှစ် ၁၄၅၂-မှာ နန်းတက်ခဲ့တဲ့ ဘုရင်မကြီးရှင်စောပုကလည်း ရွှေတိဂုံစေတီတော် ကို ကြေး ၁၇၀၀-ရှိတဲ့ ခေါင်းလောင်းကို လှူခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်-၄၀၀၀ လောက်ကတည်းက ခေါင်းလောင်းစတင်ပေါ်ပေါက်ခဲ့ပြီလို့ ဆိုကြပေ မယ့် ခိုင်မာတဲ့အထောက်ထား မပြနိုင်သေးပါဘူး။ ရောမလူမျိုးတွေအုပ်ချုပ်တဲ့ အနောက်နိုင်ငံမှာတော့ ခရစ်ယန်ဝါဒကို အခိုင်အမာယုံကြည်နေပြီဖြစ်တဲ့ ၅-ရာစု၊ ၆-ရာစုလောက်ကစပြီး ခရစ်ယန်ဘုရားရှိခိုး - ကျောင်းတွေမှာ ခေါင်းလောင်းတွေ ချိတ်ထားကြပါပြီ။ မြန်မာအပါအ၀င် ဗုဒ္ဓဘာသာနိုင်ငံတွေ မှာတော့ ခေါင်းလောင်းကို စေတီ၊ပုထိုးတွေ သိမ်၊ကျောင်းတွေမှာ အများအပြား ထားရှိကြပါတယ်။ အသုံးပြု တဲ့အခါမှာလည်း သာသနာရေးကိစ္စကနေလွဲပြီး နန်းတက်ပွဲ၊ လက်ထပ်ပွဲ၊ စစ်ကြီးပြီးလို့ ၀မ်းသာတဲ့အခါတွေ မှာ တီးခတ်ကြပါတယ်။ နှိုးစက်အနေနဲ့ပဲဖြစ်ဖြစ် ဘုရင်နတ်ရွာစံတဲ့အခါ ၀မ်းနည်းခြင်းအထိမ်းအမှတ် အနေနဲ့ပဲဖြစ်ဖြစ် အစည်းဝေးခေါ်တဲ့ အခါပဲဖြစ်ဖြစ် ကျောင်းတက်ကျောင်း ဆင်းအချိန်တွေမှာပဲဖြစ်ဖြစ်တီး ခတ်ကြပါတယ်။ ဒါ့အပြင် စကားပြောကြေး နန်းခေါင်းလောင်း၊ လူခေါ်ခေါင်းလောင်း၊ ကြိုး ဆွဲခေါင်းလောင်း၊ စက်တပ်ခေါင်းလောင်း၊ သံစုံမြည် -ခေါင်းလောင်း စတာတွေ အနေနဲ့ အရေးပါအရာရောက်ခဲ့ပါတယ်။

အင်္ဂလန်နိုင်ငံ၊ ဗဲလဖတ်မြို့မှာရှိတဲ့ စိန့်ပက်ထရစ်ခေါင်းလောင်းဟာ ၆-ရာစုလောက်က ပြုလုပ်ခဲ့တာဖြစ် -ပြီး ထောင့်မှန်စတုဂံဖြစ်ပါတယ်။ သတ္တုပြားတွေကို စို့နဲ့တေ့ဆက်ထားတာပါ။ တဖြေးဖြေးနဲ့ သတ္တုကို အရည်ကျိုပြီး ပုံသွင်းတဲ့စနစ်ပေါ်လာတဲ့အခါ ဒီနေ့ခေတ်မြင်နေရသလို သွန်းလောင်းတဲ့အတတ်နဲ့ သွန်း လုပ်လာကြတော့တာပါပဲ။ ရှေးတုန်းကသုံးတဲ့ခေါင်းလောင်းတွေဟာ လေးဒေါင့်ပုံဖြစ်ပြီး တချို့ဆိုရင် အလုံ ပိတ် ခလောက်လေးတွေဖြစ်ကြပါတယ်။ ခလောက်တွေကိုတော့ ခွေးနဲ့ကျွဲနွားတွေရဲ့လည်ပင်းမှာ ချိတ်ထား တတ်ကြသလို အဲဒီခေတ်က ဟီဗြူဘုန်းကြီးတစ်ချို့ရဲ့ ၀တ်ရုံတွေမှာ ရွှေသွန်းခေါင်းလောင်းလေးတွေ တပ် ဆင်ထားတတ်ကြပါတယ်။
ကိုး = မြန်မာသဒ္ဒါ(မြန်မာစာအဖွဲ့)။ သုတေသနသရုပ်ပြအဘိဓာန်၊၂၀၀၉-ခု (ဖျာပုံ၊ဦးသြဘာသာဘိဝံသ) ။ မြန်မာ့စွယ်စုံကျမ်း(အတွဲ-၂၊အပိုင်း-ခ)။ ပုဂံခေတ်မြန်မာကျောက်စာများလာဝေါဟာရများလေ့လာချက် (ပါမောက္ခ ဒေါ်တင်အုန်း)။ ဓမ္မစေတီခေါင်းလောင်းကြီး၏လျှို့ဝှက်ချက်များ(ချစ်စံဝင်း)။ Kiwix (ကီးဝစ်)။ www.chintwin.com
Print Friendly and PDF
Twitter Bird Gadget