ဒီဆိုက်ဒ်ထဲက စာတွေက ၀ါသနာအရ အားတဲ့အချိန်မှာ ရေးသားခြင်း ဖြစ်ပါတယ်။ စာအုပ်တွေကို အရင်ကတည်းက တွေ့တဲ့ဆိုက်ဒ်တွေကနေ Download ဆွဲထားခဲ့ပါတယ်။ ဒီကို ပြန်တင်မယ်ဆိုပြီး ရည်ရွယ်ရင်းမရှိခဲ့ပါ။ ဒါကြောင့် ခုလိုပြန်တင်ဖြစ်သွားတော့ ယူခဲ့တဲ့ဆိုက်ဒ်တွေကို မမှတ်မိတော့ပါဘူး။

Saturday, July 13, 2013

ခေါင်းလောင်းစာ

Unknown | 5:39 AM |
          ခေါင်းလောင်းစာဆိုတာ ခေါင်းလောင်းမှာရေးထားတဲ့စာကို ဆိုလိုတာပါ။ တရုတ်နိုင်ငံအရှေ့ပိုင်း၊ ရှန်ဒေါင်းပြည်နယ်၊ ဂျီနန်းမြို့၊ မင်မင်းဆက်(၁၃၆၈-၁၆၄၄)လက်ထက် သွန်းလုပ်ခဲ့တဲ့ ရွန်ဂဲ(လ်) -ခေါင်းလောင်းရဲ့အတွင်းအပြင်မျက်နှာစာအပြည့်မှာ တရုတ်အက္ခရာ(၂၂၇,၀၀၀)နဲ့ သုတ္တန်ကျမ်းစာတွေ -ရေးထားတယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံမှာတော့  တောင်ကြီးမြို့၊ မွေတော်ကက္ကူဘုရားမှာ ခေါင်းလောင်းစာတွေရှိသလို ချင်းတွင်းဒေသ၊ မုံရွာမြို့စတဲ့ နေရာတွေနဲ့ တခြား မြန်မာနိုင်ငံအတော်များများမှာလည်း ခေါင်းလောင်း စာတွေ တွေ့ရမှာဖြစ်ပါတယ်။ အဝေးကြီးမကြည့်ချင်ဘူးဆိုရင် ကုသိုလ်တော်ဘုရားထဲမှာလည်း နမူနာ ကြည့်နိုင်ပါတယ်။ ခေတ်အဆက်ဆက် စေတီ၊ပုထိုးတွေမှာ ခေါင်းလောင်းကို မပါမဖြစ်တစ်ခုလို ထားကြပါ တယ်။ ဘာဖြစ်လို့လဲဆိုရင် ဗုဒ္ဓဘာသာဝင်တွေဟာ ဘုရားမှာကုသိုလ်ပြုပြီးတိုင်း အမျှဝေရင် ခေါင်းလောင်း ထိုးပြီး အမျှဝေတတ်ကြတဲ့အတွက်ကြောင့်ပါ။ အဲဒီလို ခေါင်းလောင်းထားရှိကြတာနဲ့အမျှ ခေါင်းလောင်းမှာ ကုသိုလ်ရှင်ရဲ့နာမည်တွေ ဆုတောင်းစာတွေ ကမ္ပည်းစာတွေ၊ သွန်းလုပ်ပြီးစီးသည့် ခု၊နှစ်၊လ၊ရက်မှတ် တမ်းတွေ၊ သွန်းလုပ်ရခြင်းအကြောင်းတွေ ခေါင်းလောင်းအလေးချိန်တွေ၊ သွန်းလုပ်သူပန်းတဉ်းပညာရှင် ရဲ့နာမည်တွေ ရေးထိုးတတ်ကြပါတယ်။ ခေတ်အဆက်ဆက် ရေးခဲ့ကြတာဖြစ်တဲ့အတွက်ကြောင့် အဲဒီခေါင်း -လောင်းမှာပါတဲ့ မူလအရေးအသားစာတွေကလည်း မြန်မာအက္ခရာကိုလေ့လာဖို့အတွက် အထောက်ကူ တစ်ခုဖြစ်သလို သမိုင်း လေ့လာနေသူတွေအတွက်လည်း အထောက်အထားတစ်ခုဖြစ်ပါတယ်။
          ပုဂံခေတ်က ခေါင်းလောင်းကို “ခောင်လောင်”လို့ ရေးသားကြပါတယ်။ သာဓကပြရမယ်ဆိုရင် မင်းမတ်ဥာဏမိစည်ကျောက်စာ၊ ကြောင်းရေ ၉-မှာ “ခောင်လောင် ကြိယ် အပိသာ ၁၀၆ ခွယ်ဧအ်”လို့ ပါရှိသလို သင်္ကန်းရုံဘုရားကျောက်စာ၊ ကြောင်းရေ ၄-၅-မှာလည်း “ခောင်လော ပ္လုယေ”လို့ ပါရှိပါတယ်။
          ခောင်လောင်ရဲ့ ခက်ဆစ်အဓိပ္ပာယ်ကို ခရီးဆောင်မြန်မာအဘိဓာန်မှာ “ကြေးငွေစသည်ဖြင့် သွန်းလုပ်ထားသည့် လုံးပတ်ဝန်း၍ အ၀ကားသော တီးခတ်စရာပစ္စည်း။ အခေါင်းအတွင်းရှိ အဆန်ကို ခတ်လှုပ်၍ အသံမြည်စေသော ခွက်ပုံသတ္တုကိရိယာ”လို့ ပြဆိုထားပါတယ်။
          ရှေးခေတ်မြန်မာ့လက်ရာခေါင်းလောင်းတွေကို အပြောက်အမွှန်းပန်းမချယ်တဲ့ ရိုးရိုးရှင်းရှင်းတွေနဲ့ပဲ အတွေ့များပါတယ်။ ပုဇွန်တုပ်ကွေးခေါ် ခေါင်းလောင်းချိတ်ကိုင်းကို ရိုးရိုးပဲထားသလို ခေါင်းလောင်းချိတ် ဖို့ ခေါင်းလောင်းအထက်နားမှာ အကိုင်းအကွေးမှာလည်း ခေါင်းလောင်းချိတ်ဖို့ အကိုင်းအကွေးသာမန်ပဲ ထားရှိကြပါတယ်။ ခေါင်းလောင်းရဲ့ အပေါ်ပိုင်းဖောင်းရစ်၊ အလယ်ပိုင်းခါးစည်းချက်၊ အောက်အနားဖောင်း ရစ်တွေမှာ သာမန်အရေးအကြောင်းလောက်ပဲ ပြုလုပ်ကြပါတယ်။ ဒါပေမယ့် တဖြေးဖြေးနဲ့ ပိုမိုလှပလာ -အောင် လုပ်ဆောင်ကြတဲ့အခါ ပုဇွန်တုပ်ကွေးခေါ် ခေါင်းလောင်းချိတ်ကိုင်းမှာ ကိန္နရီ၊ကိန္နရာရုပ်တွေ တိုးနယားရုပ်တွေ ပဉ္စရူပရုပ်တွေနဲ့ အလှဆင်လာကြတယ်။ အကိုင်းအကွေးကိုတော့ ခြင်္သေ့ရုပ်တွေနဲ့ ပိုလှပ လာအောင်လုပ်ပြီး ဖောင်းရစ်နေရာတွေကိုလည်း ကြာမှောက်ကြာလှန်ပန်းကနုတ်တွေနဲ့ ပိုမိုအနုစိတ် လာကြပါတယ်။
          ခေါင်းလောင်းကို မြန်မာတစ်နိုင်ငံတည်းမှာသာမက အာရှနိုင်ငံတွေအပြင် ဥရောပနိုင်ငံတွေမှာ လည်း အသုံးပြုကြပါတယ်။ဘာဖြစ်လို့လဲဆိုရင် ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းဆယ်လုံးမှာ အာရှကသုံးလုံး သာ ပါရှိပြီး ကျန်ခုနစ်လုံးက ဥရောပနိုင်ငံကဖြစ်နေလို့ပါပဲ။ ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းဆယ်လုံး ကတော့=
၁။ရုရှားနိုင်ငံ၊ မော်စကိုမြို့၊ ကရင်မလင်နန်းတော်ရှိ ၁၇၃၃ (သုတေသနသရုပ်ပြအဘိဓာန်)/ ၁၈၃၃ (မြန်မာ့စွယ်စုံကျမ်း)ခုမှာ သွန်းလုပ်ခဲ့ပြီး (တန်-၂၀၀-မြန်မာ့စွယ်စုံ)(တန်-၁၈၀-Britanica Emcyclopacedia အတွဲ-၂) (တန်-၂၁၉-Children Emcyclopacedia အတွဲ-၂)၊ ပိဿာ-၁၂၈၀၀၁၊ အမြင့်ပေ-၁၉ နဲ့ ၃-လက်မ၊ အ၀န်းပေ-၉၀၉၊ ထိပ်ဝ ပေ-၂၂၊ ဒု ၂-ပေ ရှိတဲ့ ဆာ-ကိုလိုကိုး (Tsar Kolokoခေါင်းလောင်းကြီး။ လက်မှုပညာရှင် ၂၀၀-ကျော်နဲ့ သွန်းလုပ်ခဲ့တာဖြစ်ပါတယ်။
၂။ရုရှားနိုင်ငံ၊ လီနင်ဂရက်မြို့အနီး၊ ကရာစနိုဗာဒါရက်စ်မြို့မှာ အလေးချိန် တန်-၁၇၁၊ ပိဿာချိန်-၁၀၉ ၄၄၀ ရှိတဲ့ ခေါင်းလောင်းကြီး။
၃။ရုရှားနိုင်ငံ၊ မောစကိုမြို့မှာ အလေးချိန် တန်-၁၁၀ (သုတေသနသရုပ်ပြအဘိဓာန်)/တန်-၁၂၈ (မြန်မာ့ စွယ်စုံကျမ်း)၊ ပိဿာချိန်-၇၀၄၀၀ ရှိတဲ့ ခေါင်းလောင်းကြီး။
၎။မြန်မာနိုင်ငံ၊ ဘိုးတော်ဘုရားလက်ထက်၊ မြန်မာသက္ကရာဇ်-၁၁၇၀-ခုမှာ သွန်းခဲ့ပြီး အလေးချိန် တန်-၈၇၊ ပိဿာချိန်-၅၅၆၈၁၊ အမြင့်ပေ-၂၀ နဲ့ ၃-လက်မ၊ အ၀န်း ပေ-၁၆ နဲ့ ၉-လက်မ၊ ဒု ၆-လက်မမှ ၁၂-လက်မ (မြန်မာ့စွယ်စုံကျမ်းမှာ = အပြင်ဘက်အချင်းနှုတ်ခမ်းဝ ပေ-၁၆ နဲ့ ၃-လက်မ၊ အတွင်းဘက်နှုတ်ခမ်းဝ အထက် ၄-ပေ နဲ့ ၈-လက်မနေရာမှာ အချင်း ၁၀-ပေ၊ အတွင်းဘက်အမြင့် ၁၁-ပေ နဲ့ ၆-လက်မ၊ အပြင် ဘက်အမြင့် ၁၂-ပေ၊ အတွင်းဘက်အချင်း ၈-ပေ နဲ့ ၆-လက်မ)အထိ ရှိတဲ့ မင်းကွန်းခေါင်းလောင်းတော် ကြီး။ မြန်မာတွေကတော့ မမင်းဖြူမှန်မှန်ပြောဆိုတဲ့ အမှတ်သားနဲ့ အလေးချိန် ၅၅၅၅၅၅ ရှိတယ်လို့ အစဉ် အဆက်မှတ်သားကြပါတယ်။မင်းကွန်းခေါင်းလောင်းကြီးကို ကြေးညိုနဲ့သွန်းလုပ်ခဲ့တာဖြစ်ပြီး ကြေးခဲတွေရဲ့ ကြားမှာ ရွှေစငွေစတွေ သွန်းမြှုပ်ထားပါတယ်။
၅။တရုတ်နိုင်ငံ၊ ပီကင်းမြို့မှာ တန်-၅၃၊ ပိဿာချိန်-၃၃၉၂၀ ရှိတဲ့ ဂရိတ်ဘဲလ်ခေါင်းလောင်းကြီး။
၆။အမေရိကန်နိုင်ငံ၊ကွိုင်နွန်မြို့မှာ သွန်းလုပ်ပြီး နယူးယောက်မြစ်ဆိပ် ကမ်းဘုရားရှိခိုးကျောင်းမှာထားရှိတဲ့ တန်-၂၅၊ ပိဿာ-၁၆၀၀၀ ရှိတဲ့ ခေါင်းလောင်းကြီး။
၇။ဂျာမဏီနိုင်ငံ၊ ကိုလုံးမြို့မှာ တန်-၂၄၊ ပိဿာ-၁၅၃၆၀ ရှိတဲ့ အင်ပါယာခေါင်းလောင်းကြီး။ ၁၈၇၀-၇၁ စစ်ပွဲမှာ ပြင်သစ်ကနေ ယူလာတဲ့အမြှောက်ကြီး ၂၂-လက်ရဲ့ သတ္ထုတွေကို အရည်ကျိုပြီး သွန်းလုပ်တဲ့အခါ တန်ချိန် ၂၇-ရှိခဲ့ပါတယ်။ သူ့ကို အင်ပါယာခေါင်းလောင်းလို့ ခေါ်ခဲ့ပြီး နောင်အခါ လက်နက်ခဲယမ်းအတွက် သတ္တုတွေလိုတာကြောင့် ၁၉၁၇-မှာ အရည်ကျိုပြီး အသုံးပြုခဲ့ပါတယ်။ ၁၉၂၇-ခုမှာ အသစ်ပြန်ကျိုပြီး သွန်းလုပ်တဲ့အခါ ၂၄-တန်ပဲ ကျန်ပါတော့တယ်။
၈။တရုတ်နိုင်ငံ၊ နန်ကင်းမြို့မှာ တန်-၂၂၊ ပိဿာ-၁၄၀၈၀ ရှိတဲ့ ခေါင်းလောင်းကြီး။
၉။အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၊ စိန်ပေါဘုရားကျောင်းမှာရှိတဲ့ တန်-၁၇၊ ပိဿာ-၁၀၈၈၀ ရှိတဲ့ ခေါင်းလောင်းကြီး။
၁၀။အင်္ဂလန်နိုင်ငံ၊ ၀က်စ်မင်နစ်စတာမြို့၊ ပါလီမန်လွှတ်တော် ဘစ်ဘင်နာရီစင်မှာ ထားရှိပြီး တန်-၁၃၊ ပိဿာ- ၈၆၄၀ ရှိတဲ့ ခေါင်းလောင်းကြီး။
          အထက်မှာ ပြဆိုထားတဲ့ ခေါင်းလောင်းကြီးဆယ်လုံးကို သိပြီးပြီဆိုတော့ မင်းကွန်းခေါင်းလောင်းကို ဘယ်နံပါတ်ထဲပါသလဲဆိုတာလဲ တွေ့ရမှာဖြစ်ပါတယ်။ Kiwix-မှာ ပြထားတဲ့ ခေါင်းလောင်းကြီးတွေထဲမှာ ဂျပန်နိုင်ငံ၊ ချီယွန်အင်ကျောင်းမှာရှိတဲ့ ခေါင်းလောင်းကြီးဟာ ၁၆၃၃-မှာ သွန်းလုပ်ခဲ့တာဖြစ်ပြီး ၇၄- တန် အလေးချိန် ရှိတဲ့အတွက် အဲဒီခေါင်းလောင်းကို ထိုးခတ်ဖို့ ရဟန်း ၁၇-ပါးလောက် လိုအပ်မယ် လို့ပြထားပါ တယ်။ ဒါဆိုရင်တော့ နံပါတ်ငါးလောက်ချိတ်မှာ အသေအချာပါပဲ။ နောက်တစ်ခုရှိတာက ဒီနေ့ စာအုပ်တွေ မှာ တတိယအကြီးဆုံးလို့ မင်းကွန်းခေါင်းလောင်းကို ပြောကြတာတွေ့နေရပါတယ်။ ဘာကြောင့် လဲဆိုတာ ကိုတော့ ဆက်လေ့လာရမှာပါ။ (နံပါတ်-၂ ခေါင်းလောင်းကြီးကို လေ့လာရင် ဒီအကြောင်းသေသေချာချာ သိရမယ်ထင်ပါတယ်)။
          မြန်မာနိုင်ငံမှာ လူတိုင်းနီးပါး သိပြီး၊ကြားဖူးပြီးဖြစ်တဲ့ ခေါင်းလောင်းတစ်လုံး ရှိပါသေးတယ်။ သူ့ကို ခုချိန် လက်တွေ့မပြနိုင်သေးတဲ့အတွက် စာရင်းထဲထည့်လို့မရဖြစ်နေပါတယ်။ အဲဒီခေါင်းလောင်းက အ၀ ရှစ်တောင်၊ အစောက် ၁၂-တောင်ရှိပြီး ပိဿာချိန် ၁၈၀၀၀၀-ရှိတဲ့ ကြေးခေါင်းလောင်းဖြစ်ပါတယ်။ အဲဒီခေါင်းလောင်းကို ခရစ်နှစ်-၁၄၇၆-ခုနှစ်မှာ သွန်းလုပ်ခဲ့တာဖြစ်ပြီး ရွှေတိဂုံစေတီတော်ကို လှုဒါန်းခဲ့ တာဖြစ်ပါတယ်။ ဒါပေမယ့် သွန်းလုပ်ပြီး နှစ်-၂၀၀ လောက်ပဲ ကောင်းကောင်းနေခဲ့ရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ခရစ်နှစ် ၁၆၁၂-မှာ ဘုရားရွှေခွာ၊ ဘုရားဌာပနာဖောက်၊ ကြေးခေါင်းလောင်းတွေကို ဖြုတ်ပြီး အမြှောက်လုပ်၊ ဗုဒ္ဓဘာသာကိုစော်ကား၊ အာဏာကိုအသုံးပြုပြီး သူ့ဘာသာကိုအတင်းဆွဲသွင်းစတာတွေနဲ့ နာမည်ကြီးပြီး ချမ်းသာနေတဲ့ ပေါ်တူဂီနိုင်ငံသား၊ သံလျင်မြို့စား ဘရင်ဂျီကုလားလူယုတ်မာ ငဇင်ကာဆိုတဲ့ သူက အမြှောက်လုပ်ဖို့အတွက် ဒဂုံကနေ သံလျင်ကိုသယ်ယူတဲ့အခါ လှေဝမ်းကွဲလို့ ခေါင်းလောင်းကြီး ဒေါ ပုံမြစ်ထဲ ကျပျောက်ခဲ့တာကနေစပြီး ဒီကနေ့ထိ ဘယ်သူမှရှာဖွေလို့မရသေးပါဘူး။ ခုထိ ဆက်ရှာနေကြဆဲ ပါပဲ။ အဲဒီခေါင်းလောင်းကို “ဓမ္မစေတီ” ဒါမှမဟုတ် “အ၀ိန္ဒဆောက်” ခေါင်းလောင်းလို့ ခေါ်တယ်။ အဲဒီခေါင်း -လောင်းကို သက္ကရာဇ် ၈၃၈-မှာ ရွှေတိဂုံစေတီတော်ကို လှူဒါန်းခဲ့ပါတယ်။

အထက်မှာ ငဇင်ကာဆိုတဲ့ပုဂ္ဂိုလ်ရဲ့ ဆိုးသွမ်းယုတ်မာမှုကို ရေးပြခဲ့ပါတယ်။ ငဇင်ကာရဲ့အန္တရာယ်ကို သိတော်မူတဲ့ အနောက်ဘက်လွန်မင်းတရားကြီးဟာ ရေကြောင်း၊ကြည်းကြောင်းနဲ့ သံလျင်ကို သုံးလတိုင် တိုင်ဝန်းရံပြီးမှ ငဇင်ကာကို ဖမ်းဆီးမိခဲ့ပါတယ်။ အပြစ်ကိုဝန်ခံရင် အသက်ချမ်းသာပေးမယ်လို့ အခွင့်ပေး ခဲ့တာတောင်မှ အပြစ်ကို ၀န်မခံပဲ နတ်ရှင်နောင်အားကိုးနဲ့ မိုက်ရဲခဲ့တဲ့အတွက် စအိုကိုတံကျင်လျှို သတ်ခဲ့ရ တယ်။ ရတုမှာပညာရှင်တစ်ဦးဖြစ်သော်ငြား စိတ်နှလုံးကောက်ကျစ်တဲ့နတ်ရှင်နောင်ကိုလည်း လူမျိုခြား၊ ဘာသာခြား ဘရင်ဂျီကုလားယုတ်နဲ့ ပူးပေါင်းခဲ့တဲ့အတွက် ကွပ်မျက်ခဲ့ရပါတယ်။ တကယ်တော့ အနောက် ဘက်လွန်မင်းတရားကြီးဟာ တောင်ငူကိုသိမ်းပိုက်ခဲ့ပြီးတဲ့နောက်မှာ နတ်ရှင်နောင်ကို မြို့စား အဖြစ် ခန့်အပ်ပြီး မြှောက်စားခဲ့ပါတယ်။ အနောက်ဘက်လွန်မင်းတရားကြီးဟာ မထမဆုံးချေကုပ်ယူလာတဲ့ နယ် ချဲ့အန္တရာယ်ကို ကာကွယ်ခဲ့တဲ့ မင်းတစ်ပါးဖြစ်ပါတယ်။

မြန်မာနိုင်ငံသမိုင်းမှာ အဆိုးဆုံးမြို့စားယုတ်နှစ်ဦးရှိပါတယ်။ ဒါ့ထက်ပိုဆိုးတာကတော့ သူတို့ဟာ မြန်မာနိုင် ငံသားမဟုတ်ပဲ တိုင်းတစ်ပါးသား ကုလားနှစ်ဦးဖြစ်တဲ့ သံလျင်မြို့စား ဖိလစ်ဒီဘရစ်တို(Philip de brito) နဲ့ အမရပူရမြို့တော်ဝန် ဘိုင်ဆတ်တို့ပဲဖြစ်ပါတယ်။ မင်းတုန်းမင်းနဲ့ကနောင်မင်းသားတို့ရဲ့နောင်တော်ပုဂံမင်း ဟာ ကြက်တိုက်စတဲ့အပျော်အပါးကိစ္စတွေမှာ အလွန်မွေ့လျော်တဲ့သူဖြစ်ပါတယ်။ ဘိုင်ဆတ်ဆိုတာ အဲဒီ မကောင်းတဲ့အရာတွေမှာ ဆရာလုပ်ပေးနေတဲ့ မွတ်ဆလင်ကုလား တိရစ္ဆာန်ကျွမ်းကျင်ဆရာဖြစ်ပါတယ်။ ဘုရင်သဘောကျလို့ သူ့ကိုအမရပူရမြို့ဝန်ခန့်ခဲ့ပါတယ်။ သူ့မှာတပည့်တစ်ယောက်ရှိပါတယ်။ မောင်ပိန် လို့ခေါ်တယ်။ မောင်ပိန်ဆိုတဲ့ပုဂ္ဂိုလ်ဟာ အင်းဝနဲ့စစ်ကိုင်းမှာရှိတဲ့ နန်းတော်တိုင်တွေကို ယူပြီး တံတားတစ် စင်းဆောက်ခဲ့တယ်။ ရည်ရွယ်ချက်ကတော့ အကြောင်းကိစ္စရှိလို့ သူ့ဘက်က မွတ်ဆလင် ကုလားတွေ အမရပူရကို ကူးချင်ရင် ကူးရလွယ်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ သူတို့ဆရာတပည့်နှစ်ယောက်ရဲ့ဆိုး သွမ်း ယုတ်မာမှုတွေကို မခံနိုင်ကြပေမယ့် ဘုရင့်နားခစားတဲ့ ပေါက်ပေါက်ရောက်ရောက် ရှိသူတွေဖြစ်လို့ ငုံ့ခံနေရတယ်။ နောက်တော့ ဘုရင်သိပြီး သတ်ပစ်ခဲ့ရတယ်။
          လိုရင်းအကြောင်းအရာကိုပဲ ဆက်ပြောပါရစေ။ ငဇင်ကာကြောင့်ကျပျောက်ခဲ့ရတဲ့ ဓမ္မစေတီခေါင်းလောင်းကို တကယ်သာ ဆယ်ယူနိုင်ခဲ့မယ်ဆိုရင် ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းကို ၁၈၃၃- မှာ သွန်းလုပ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့် ၁၄၇၆-မှာ သွန်းလုပ်ခဲ့တဲ့ ဓမ္မစေတီခေါင်းလောင်းက လက်ရှိ ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းထက် နှစ်ပေါင်း -၂၅၀ ကျော် စောတဲ့အပြင် မင်းကွန်းခေါင်းလောင်းထက် အချိန် ၃-ဆ ပိုလေးပြီး တန် ၂၇၀-ကျော်တာကြောင့် ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းတွေထဲမှာ ဓမ္မစေတီ -ခေါင်းလောင်းဟာ နံပါတ်တစ်ဖြစ်မှာ အသေအချာပါပဲ။ အဲဒီလိုဖြစ်ခဲ့ရင် ရွှေတိဂုံစေတီတော်ကို ဖူးမြှော်ရင်း ဓမ္မစေတီခေါင်းလောင်းကိုလည်း လေ့လာခွင့်ရကြမှာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေအရ ခရစ် -နှစ် ၁၇၇၈-ခုနှစ်မှာ သွန်းခဲ့တဲ့ ၁၅၅၅၅-ပိဿာရှိတဲ့ မဟာဃဏခေါင်းလောင်းနဲ့ သာယာဝတီမင်းလှူခဲ့တဲ့ ပိဿာ-၂၅၉၄၀ နဲ့ ၄၉-ကျပ်ရှိတဲ့ မဟာသဒ္ဒဃဏ ခေါင်းလောင်းကြီးနှစ်လုံးသာ ရွှေတိဂုံစေတီတော်မှာ အကြီးဆုံးတွေ့ရှိရပါတယ်။
          မြန်မာ့ပန်းဆယ်မျိုးမှာ ပန်းတဉ်းပညာဆိုတာ ရှိပါတယ်။ အဲဒီပန်းတဉ်းပညာမှာ ကြေးသွန်းလုပ်ငန်း နဲ့ ကြေးခတ်လုပ်ငန်းဆိုပြီး နှစ်မျိုးရှိပါတယ်။ ခေါင်းလောင်းသွန်းလုပ်တာက ပန်းတဉ်းပညာရပ်မှာ ပါပါတယ် ။ မြန်မာတွေ ခေါင်းလောင်း၊ ချူနဲ့ ဆည်းလည်းတွေကို သရေခေတ္တရာ၊ ပျူလက်ထက်ကတည်းက သွန်း လုပ်နေခဲ့ပြီဖြစ်ပါတယ်။
          ၁၉၆၆-၆၇ ခုနှစ်တုန်းက ပြည်၊မှော်ဇာ၊ ဘုရားမာအနီး ကုန်းမြေမှာ ၁၂-လက်မ(သုတေသနဌာနမှူး ဦးကိုကို) ၁၁-လက်မ (ဓမ္မစေတီခေါင်းလောင်းကြီး၏ လျို့ဝှက်ချက်များ) ရှိပြီး ကြေးနဲ့သွန်းလုပ်ထားတဲ့ ပျူခေတ်ခေါင်းလောင်းတစ်လုံးကို တွေ့ရပါမယ်။ အဲဒီခေါင်းလောင်းမှာ ပျူခေတ်အနုပညာလက်ရာ သဘင် ပညာသည်ငါးဦးအရုပ်လေးတွေ တွေ့ရပါတယ်။ ပုဂံခေတ် ကျန်စစ်သားမင်းကြီးကလည်း ကြေးစင် တစ်ထောင် သွန်းထားတဲ့ ခေါင်းလောင်းငါးလုံးကို ရွှေစည်းခုံစေတီမှာ ၃-လုံး၊ အာနန္ဒာဘုရားမှာ ၁-လုံး၊ မင်းအိုချမ်းသာစေတီမှာတစ်လုံး လှူဒါန်းခဲ့ပါတယ်။ ကျန်စစ်သားမင်းကြီးရဲ့မြေးတော် အလောင်းစည်သူ မင်းကလည်း ကြေးစင်-၅၀၀၀၀ ပိဿာနဲ့ သွန်းထားတဲ့ ခေါင်းလောင်းနှစ်လုံးကို သဗ္ဗညုဘုရားမှာ ၁-လုံး ၊ ရွှေဂူဘုရားမှာ ၁-လုံး လှူဒါန်းခဲ့ပါတယ်။
          ခေါင်းလောင်းကို မွန်ဘုရင်တွေကလည်း ဘုရားမှာလှူဒါန်းမှုပြုခဲ့ပါသေးတယ်။ ခရစ်နှစ် ၁၃၆၉-မှာ နန်းတက်တဲ့ ဗညားဦးဟာ ရွှေမော်ဓောစေတီကို ကြေး ၃၁၀-ပိဿာနဲ့ သွန်းခဲ့တဲ့ခေါင်းလောင်းကို လှူခဲ့ သလို ခရစ်နှစ် ၁၄၄၉-မှာ နန်းတက်တဲ့ ဗညားကျန်းကလည်း ကြေး ၇၅၀-ပိဿာရှိတဲ့ ခေါင်းလောင်းကို လှူဒါန်းခဲ့ပါတယ်။ ခရစ်နှစ် ၁၄၅၂-မှာ နန်းတက်ခဲ့တဲ့ ဘုရင်မကြီးရှင်စောပုကလည်း ရွှေတိဂုံစေတီတော် ကို ကြေး ၁၇၀၀-ရှိတဲ့ ခေါင်းလောင်းကို လှူခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်-၄၀၀၀ လောက်ကတည်းက ခေါင်းလောင်းစတင်ပေါ်ပေါက်ခဲ့ပြီလို့ ဆိုကြပေ မယ့် ခိုင်မာတဲ့အထောက်ထား မပြနိုင်သေးပါဘူး။ ရောမလူမျိုးတွေအုပ်ချုပ်တဲ့ အနောက်နိုင်ငံမှာတော့ ခရစ်ယန်ဝါဒကို အခိုင်အမာယုံကြည်နေပြီဖြစ်တဲ့ ၅-ရာစု၊ ၆-ရာစုလောက်ကစပြီး ခရစ်ယန်ဘုရားရှိခိုး - ကျောင်းတွေမှာ ခေါင်းလောင်းတွေ ချိတ်ထားကြပါပြီ။ မြန်မာအပါအ၀င် ဗုဒ္ဓဘာသာနိုင်ငံတွေ မှာတော့ ခေါင်းလောင်းကို စေတီ၊ပုထိုးတွေ သိမ်၊ကျောင်းတွေမှာ အများအပြား ထားရှိကြပါတယ်။ အသုံးပြု တဲ့အခါမှာလည်း သာသနာရေးကိစ္စကနေလွဲပြီး နန်းတက်ပွဲ၊ လက်ထပ်ပွဲ၊ စစ်ကြီးပြီးလို့ ၀မ်းသာတဲ့အခါတွေ မှာ တီးခတ်ကြပါတယ်။ နှိုးစက်အနေနဲ့ပဲဖြစ်ဖြစ် ဘုရင်နတ်ရွာစံတဲ့အခါ ၀မ်းနည်းခြင်းအထိမ်းအမှတ် အနေနဲ့ပဲဖြစ်ဖြစ် အစည်းဝေးခေါ်တဲ့ အခါပဲဖြစ်ဖြစ် ကျောင်းတက်ကျောင်း ဆင်းအချိန်တွေမှာပဲဖြစ်ဖြစ်တီး ခတ်ကြပါတယ်။ ဒါ့အပြင် စကားပြောကြေး နန်းခေါင်းလောင်း၊ လူခေါ်ခေါင်းလောင်း၊ ကြိုး ဆွဲခေါင်းလောင်း၊ စက်တပ်ခေါင်းလောင်း၊ သံစုံမြည် -ခေါင်းလောင်း စတာတွေ အနေနဲ့ အရေးပါအရာရောက်ခဲ့ပါတယ်။

အင်္ဂလန်နိုင်ငံ၊ ဗဲလဖတ်မြို့မှာရှိတဲ့ စိန့်ပက်ထရစ်ခေါင်းလောင်းဟာ ၆-ရာစုလောက်က ပြုလုပ်ခဲ့တာဖြစ် -ပြီး ထောင့်မှန်စတုဂံဖြစ်ပါတယ်။ သတ္တုပြားတွေကို စို့နဲ့တေ့ဆက်ထားတာပါ။ တဖြေးဖြေးနဲ့ သတ္တုကို အရည်ကျိုပြီး ပုံသွင်းတဲ့စနစ်ပေါ်လာတဲ့အခါ ဒီနေ့ခေတ်မြင်နေရသလို သွန်းလောင်းတဲ့အတတ်နဲ့ သွန်း လုပ်လာကြတော့တာပါပဲ။ ရှေးတုန်းကသုံးတဲ့ခေါင်းလောင်းတွေဟာ လေးဒေါင့်ပုံဖြစ်ပြီး တချို့ဆိုရင် အလုံ ပိတ် ခလောက်လေးတွေဖြစ်ကြပါတယ်။ ခလောက်တွေကိုတော့ ခွေးနဲ့ကျွဲနွားတွေရဲ့လည်ပင်းမှာ ချိတ်ထား တတ်ကြသလို အဲဒီခေတ်က ဟီဗြူဘုန်းကြီးတစ်ချို့ရဲ့ ၀တ်ရုံတွေမှာ ရွှေသွန်းခေါင်းလောင်းလေးတွေ တပ် ဆင်ထားတတ်ကြပါတယ်။
ကိုး = မြန်မာသဒ္ဒါ(မြန်မာစာအဖွဲ့)။ သုတေသနသရုပ်ပြအဘိဓာန်၊၂၀၀၉-ခု (ဖျာပုံ၊ဦးသြဘာသာဘိဝံသ) ။ မြန်မာ့စွယ်စုံကျမ်း(အတွဲ-၂၊အပိုင်း-ခ)။ ပုဂံခေတ်မြန်မာကျောက်စာများလာဝေါဟာရများလေ့လာချက် (ပါမောက္ခ ဒေါ်တင်အုန်း)။ ဓမ္မစေတီခေါင်းလောင်းကြီး၏လျှို့ဝှက်ချက်များ(ချစ်စံဝင်း)။ Kiwix (ကီးဝစ်)။ www.chintwin.com
Print Friendly and PDF

No comments:

Post a Comment

Twitter Bird Gadget