မင်စာဆိုတာ
လွယ်လွယ်ပြောရမယ်ဆိုရင် မင်နဲ့ရေးထားတဲ့စာကို ဆိုလိုတာပါ။ ဒါပေမယ့် ဒီနေရာ မှာ ခက်အောင်ရေးမှသာ
စာများများထွက်မှာဖြစ်လို့ ခက်အောင်ရေးလိုက်ပါရစေ။
ဒီမှာရေးချင်တဲ့
မင်နဲ့ပတ်သက်ပြီး မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းမှာ “မင်ကြောင်ထိုး၊ မင်ခံစက္ကူ၊ မင်ရည်၊မင်သေ့၊မင်အိုးမင်တံ”လို့ ဖွင့်ဆိုထားပါတယ်။မြန်မာအဘိဓာန်မှာတော့“မင်၊မင်ကျမင်န၊
မင်ကြောင် ၊ မင်ခံစက္ကူ၊ မင်စာ၊ မင်နှိပ်စက္ကူ၊ မင်သေ့”လို့ ဖွင့်ဆိုထားပြန်ပါတယ်။ မင်ကို
သက္ကတ/ပါဠိကနေလာတဲ့ မသိ ဆိုတဲ့ စာလုံးကနေ မသိ>မင်သိ>မံ/မင် ။ အဲဒီလို အဆင့်ဆင့်ဆင်းသက်လာတယ်လို့
ဆိုကြတယ် ။ ရှေးအရေးအသား တွေမှာ မံဆိုတဲ့စကားလုံး နဲ့ ရေးထားတာ အတော်များများရှိပါတယ်။
(မသိ = (ပါဠိ) မီးသွေး)။
မင်ဆိုတဲ့စကားလုံးဖွင့်ဆိုအဓိပ္ပာယ်ကို
မြန်မာအဘိဓာန်မှာ “ရေးခြစ်၊ပုံနှိပ်ထိုးနှံရာတွင်သုံးသော အရောင်ရှိအရည်၊ အစေး”လို့
ဖွင့်ဆိုထားပါတယ်။
ရှေးဂူ၊ဘုရားတွေရဲ့
အတွင်းအုတ်နံရံတွေမှာ ဗုဒ္ဓ၀င်၊ ဇာတ်နိပါတ် ပန်းချီသရုပ်ဖေါ်ပုံတွေနဲ့ ဆိုင်တဲ့ စာတန်းတွေ၊
မူလကုသိုလ်ရှင်ရဲ့ဆုတောင်းတွေ၊ နောက်ထပ်မွမ်းမံသူရဲ့ဖြည့်စွက်စာတွေ၊ အဲဒီခေတ်မွေးတဲ့ သူရဲ့
ဇာတာခွင်တွေကို မင်နဲ့ရေးလေ့ရှိကြပါတယ်။ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင် ထိကို
မင်နဲ့ ရေးထားတဲ့စာတွေ တွေ့နိုင်ပြီး အဲဒီမင်စာပါအက္ခရာနဲ့ ခေတ်အဆက်ဆက် အက္ခရာပြောင်းလဲ ပုံတွေကို
သိနိုင်ပါတယ်။ ပုဂံမြို့၊ လောကထိပ်ပန်ဘုရားမှာရှိတဲ့ ဇာတ်တော်ကြီးဆယ်ဘွဲ့မင်စာတွေက
ထင် ရှားတဲ့မင်စာတွေ ဖြစ်ပါတယ်။ မင်စာတွေမှာ သက္ကရာဇ်ပါတာရှိသလို သက္ကရာဇ်မပါတဲ့ မင်စာတွေလည်း
ရှိပါတယ်။
ကမ္ဘာပေါ်မှာ
နှုတ်ပြောသံဘာသာစကားတွေကို မြင်သာတဲ့စာအရေးအသားနဲ့ တီထွင်ပြီးတဲ့အခါ မူပိုင်အက္ခရာတွေနဲ့
ထားရှိလာကြတယ်။ အဲဒီလို လူ့ယဉ်ကျေးမှု တိုးတက်လာတာနဲ့အမျှ ရေးလိုက်တာတွေ ကို ကာလတွေကြာသွားသော်လည်း
မပျက်စီးတည်ရှိနိုင်ဖို့အတွက် မင်တွေကို တီထွင်လာကြတယ်။ ဘယ် အချိန်က စတင်သုံးစွဲခဲ့တယ်လို့
အတိအကျမပြောနိုင်သော်ငြားလည်း အီဂျစ်နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ် ၄၀၀၀ - လောက်က မင်နဲ့ရေးထားတဲ့
လက်ရေးစာမူတစ်ခုကို ဒီနေ့ထိတွေ့နိုင်တာကြောင့် မင်ဆိုတာ လွန်ခဲ့တဲ့နှစ် ၄၀၀၀ လောက်ကတည်းက
ပေါ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီမင်ကို မီးသွေးမှုန့်နဲ့ကော် ရောစပ်ထားတယ် လို့ ယူဆရပါတယ်။
ခရစ်မပေါ်မီ လွန်ခဲ့တဲ့နှစ် ၁၂၀၀ ခန့်က တရုတ်နိုင်ငံမှာ ဆီမှိုင်းကို နွားသားရေး၊ မြည်း သားရေကနေထွက်တဲ့ကော်နဲ့
ရောစပ်ပြီး ပျစ်ပျစ်နယ်ကာ အခဲ၊အတောင့်ဖြစ်အောင်လုပ်ကြတယ်။ အဲဒီ နည်းနဲ့လုပ်ထားတဲ့မင်နက်ကို
ဒီကနေ့ထိ ပန်ချီဆရာတွေသုံးနေကြဆဲပါပဲ။ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံတွေမှာ ယနေ့တိုင်ပြုလုပ်နေကြပါတယ်။
ရှေးတုန်းက စာရေးဆရာတွေက ကိုယ့်ဘာသာကိုယ် မင်စပ်လေ့ရှိကြပါ တယ်။
နေထိပေမယ့်
အရောင်မှိန်ခြင်းမရှိပဲ ရှေးရာစုနှစ်များစွာကတည်းက သုံးခဲ့တဲ့ အကောင်းဆုံး မင်တစ်မျိုး
ရှိပါတယ်။ အဲဒီမင်ကတော့ အာရှမိုင်းနားကျွန်းဆွယ်မှာပေါက်တဲ့ ၀က်သစ်ချပင်မှာတွေ့ရတဲ့
သစ်ဖုနဲ့လုပ်ထားတဲ့ မင်ပဲဖြစ်ပါတယ်။ အဲဒီသစ်ဖုဘယ်လိုဖြစ်လာသလဲဆိုရင် ပင်ပေါင်ဘော်လုံးအရွယ်ရှိတဲ့
နကျယ်ကောင်လို သစ်ဖု ပိုးကောင်ကလေးတွေဟာ သစ်ရွက်အပျော့လေးတွေကိုဖေါက်ပြီး ဥတွေဥကြပါ တယ်။
အဲဒီသစ်ရွက်အပေါက်မှာ အပွေးတက်လာသလိုဖြစ်ပြီး အဖုတွေဖြစ်လာကြတယ်။ တစ်ခါတစ်လေ အချင်းတစ်လက်မလောက်
အဖုတွေ ဖြစ်လာတာလည်းရှိပါတယ်။
အဲဒီသစ်ဖုနဲ့
အကောင်းစားမင်နက်ဖျော်ဖို့အတွက် သစ်ဖုမှုန့်တစ်ဂါလံ၊ ရေဆူဆူတစ်ဂါလံ၊ ရေ မှာဖျော်ထားတဲ့
ဒုတ္ထာစိမ်း(သံဒုတ္ထာ)ခေါ် ဖဲရတ်ဆာလဖိတ်ရည် ၅ (၁-၃)အောင်စ၊ ထနောင်းစေးရည် ၃ အောင်စနဲ့
ကာဗိုလစ်အက်ဆစ်ရည်စက်အနည်းငယ်တို့ လိုအပ်ပါတယ်။ ဖျော်စပ်နည်းကတော့ သစ်ဖု မှုန့်တွေကို ရေဆူဆူမှာ
၂၄ နာရီစိမ်ရပါမယ်။ အဲဒီနောက်မှာ အရည်ကိုစစ်ယူပြီး သစ်ဖုရည်ထဲကို သံဒုတ္ထာ စိမ်း၊ ထနောင်းစေးနဲ့
ကာဗိုလစ်အက်ဆစ်ရည်ကို ရောလိုက်ရတာပါပဲ။
အနောက်အိန္ဒိယကလာတဲ့
လော့ဂ၀ုခေါ် သစ်တစ်မျိုးကို သစ်ဖုတွေအစား သုံးလို့ရပေမယ့် အရည်သွေးကတော့ နည်းနည်းညံ့ပါတယ်။
ဒါ့အပြင် ဖန်ရည်ဓာတ်ပါတဲ့ အခြားဖန်ရည်တွေကို ဒုတ္ထာစိမ်း နဲ့ ရောပြီးဖေါ်စပ်ကြတာလည်း ရှိပါတယ်။
သူလည်းပဲ အရည်သွေးညံ့တာကြောင့် ကြာရင်အရောင်မှိန်လာ ပါတယ်။ ဒီကနေ့ခေတ် ဖေါင်တိန်မှာအသုံးပြုတဲ့မင်ကတော့
နိုက်ဂရင်းဆိုင်းခေါ် အင်နီလင်ဆိုးဆေးအနက် ပဲ ဖြစ်ပြီး အနည်ထိုင်တာ၊ ပျစ်ခဲတာမရှိပဲ ဖေါင်တိန်မှာထည့်သုံးဖို့
သင့်တော်တဲ့အပြင် အရောင်တွေကို လည်း အမျိုးမျိုး ပြောင်းလဲနိုင်ပါတယ်။
တစ်ဆက်တည်းမှာပဲ
မင်နီဖေါ်စပ်ပုံလေး ပြောပါရစေ။ မက္ကဆီကိုနဲ့ပီရူးနိုင်ငံမှာပေါက်တဲ့ ရှားစောင်းပင်ပေါ်
တက်လေ့ရှိတဲ့ ရိုချီနီယမ်ခေါ် ပိုးကောင်အနီကို ခြစ်ယူအမှုန့်လုပ်ပြီး မင်နီလုပ်ကြပါတယ်။
တချို့က အမေရိကအလယ်ပိုင်းနဲ့ တောင်အမေရိကတွေမှာပေါက်တဲ့ ဗရာဇီးသစ်ကနေ အဆီထုတ်ပြီး ဖေါ် စပ်ကြတာလည်း
ရှိပါတယ်။ ဒါပေမယ့် မင်နီချင်းအတူတူ အထက်ကမင်နီလောက် အရည်သွေး မကောင်းပဲ မှိန်လွယ်ပြီး
ကြက်သွေးရောင် ကောင်းကောင်းမပေါ်လွင်တာကတော့ ဗရာဇီးသစ်အဆီရဲ့ အားနည်းချက် ပါပဲ။
နောက်ထပ်မင်တစ်မျိုးပြောရမယ်ဆိုရင်
လျို့ဝှက်ကိစ္စတွေမှာသုံးတဲ့ မင်မျိုးကိုပြောရပါလိမ့်မယ်။ အဲဒီမင်ကတော့ စာရွက်ပေါ်မှာရေးပေမယ့်
အရောင်မထင်ပါဘူး။ လူသုံးများတဲ့ နောက်ထပ်လျို့ဝှက်မင် တစ်မျိုးကတော့ လက်အက်ဆက်တိတ်အရည်နဲ့
စာရွက်ပေါ်ရေးတာဖြစ်ပြီး ဆာလဖြူရက်တက်ဟိုက်ဒြိုဂျင် (ဟိုက်ဒြိုဂျင် ဆာလဖိုက်)နဲ့ထိမှသာ
မည်းပြီးစာလုံး ပေါ်လာတာမျိုးဖြစ်ပါတယ်။ ကိုဗော့နိုက်ထရိတ်ရည် နဲ့ရေးတဲ့စာကတော့ အောက်ဇဲလစ်အက်ဆစ်ရည်နဲ့
ထိလိုက်တဲ့အခါ အပြာရောင်ကိုပြောင်းသွားပါတယ်။ ကိုဗော့ကလိုရိုက်(ဒ) ဒါမှမဟုတ် နိုက်ထရိုကလိုရိုက်(ဒ)ကတော့
အပူနဲ့ထိရင် အစိမ်းရောင်ကိုပြောင်းသွား ပါတယ်။ လွယ်ကူတဲ့လျို့ဝှက်စာတစ်မျိုးကတော့ အဖျားချွန်တဲ့ကလောင်သွားနဲ့
ရှောက်ရည်ကိုတို့ပြီး စက္ကူ -ပေါ်စာရေးတာပါပဲ။ ရေးပြီးတဲ့အခါ စာလုံးတွေကို မြင်ရမှာမဟုတ်ပေမယ့်
အဲဒီစက္ကူကိုမီးကင်ပြီးဖတ်ရင် အညိုရောင်စာလုံးတွေ ပေါ်လာမှာဖြစ်ပါတယ်။
ရှေးရောမလူမျိုးတွေ
သုံးလေ့ရှိတဲ့ အကောင်းစားမင်တစ်မျိုးကို ဆက်ပြောပါရစေ။ အဲဒါကတော့ ကင်းမွန်အမျိုးစားဖြစ်တဲ့
ရုပ်ဆိုးဆိုးပင်လယ်သတ္တ၀ါဆိုတာ ရှိပါတယ်။ သူ့ကိုယ်အောက်မှာ အညိုနက်ရောင် ပါတဲ့ အိတ်တစ်ခုရှိပါတယ်။
အဲဒီထဲကအရည်နဲ့ သူ့ရဲ့ရန်သူတွေကို ပက်လေ့ရှိပါတယ်။ အဲဒီအရည် ကို ရှေးရောမလူမျိုးတွေ
မင်အဖြစ်သုံးကြတာပဲဖြစ်ပါတယ်။ အကောင်းဆုံးပုံနှိပ်မင်စပ်နည်း ကတော့ကာဗွန် မှိုင်း ဒါမှမဟုတ်
ဓာတ်ငွေ့မှိုင်းကို ဘီးသွားဆီနဲ့ရောပြီး ဖေါ်စပ်ကြတာဖြစ်သလို သစ်စေးဆီကိုလည်း သုံးကြပါတယ်။
အိမ်သုံးဆပ်ပြာကိုလည်း ထည့်သုံးတတ်ကြပါတယ်။
ကိုး = မြန်မာသဒ္ဒါ (မြန်မာစာအဖွဲ့)။ မြန်မာ့စွယ်စုံကျမ်း (အတွဲ
၉၊ အပိုင်း က)။ မြန်မာစာမြန်မာစကား (မြန်မာစာအဖွဲ့)။ Kiwix(ကီးဝစ်)။
No comments:
Post a Comment