ဒီဆိုက်ဒ်ထဲက စာတွေက ၀ါသနာအရ အားတဲ့အချိန်မှာ ရေးသားခြင်း ဖြစ်ပါတယ်။ စာအုပ်တွေကို အရင်ကတည်းက တွေ့တဲ့ဆိုက်ဒ်တွေကနေ Download ဆွဲထားခဲ့ပါတယ်။ ဒီကို ပြန်တင်မယ်ဆိုပြီး ရည်ရွယ်ရင်းမရှိခဲ့ပါ။ ဒါကြောင့် ခုလိုပြန်တင်ဖြစ်သွားတော့ ယူခဲ့တဲ့ဆိုက်ဒ်တွေကို မမှတ်မိတော့ပါဘူး။

Monday, July 8, 2013

ကျောက်စာ

Unknown | 6:23 AM |


          ကျောက်စာဆိုတာ ဘာလဲလို့မေးမယ်ဆိုရင် လွယ်ပါတယ်။ ကျောက်စာဆိုတာ ကျောက်ပေါ်မှာရေး ထားတဲ့စာလို့ ဖြေရမှာပါပဲ။ ဟုတ်ပါတယ်။ ကျောက်စာဆိုမှတော့ ကြောက်လို့ရေးတဲ့စာမဟုတ်သလို စာရွက်ပေါ်မှာရေးတဲ့စာလဲမဟုတ်တာတော့ အသေချာပါပဲ။ ပထမဆုံးအနေနဲ့ အများသိကြတဲ့ အသောက ဘုရင်ရဲ့ ကျောက်စာကို ပြောကြပါစို့။ အသောကဘုရင်သည် ဗုဒ္ဓသာသနာ့သမိုင်းအတွက် တကယ် အားကိုးရတဲ့ မင်းတစ်ပါးဖြစ်ပါတယ်။ သူ့ရဲ့ကျောက်စာတွေသာမရှိခဲ့ရင် ဗုဒ္ဓဘာသာသည် တစ်ခေတ် တစ်ခါက ဘယ်လောက် ကျယ်ပြန့်ခဲ့တယ်စသည်ဖြင့် အတော်လေး အငြင်းအခုံဖြစ်ရမှာ သေချာပါတယ်။ ကဲ ဆက်ကြဦးစို့။
          အသောကမင်းသည် သာသနာနှစ် ၂၀၀-ကျော်၊ သီဟိုဠ်နဲ့မြန်မာတို့အလို ဘီစီ ၃၄၂-၂၆၄၊ အနောက်တိုင်း သုတေသီတို့အလို ဘီစီ ၂၆၄-၂၇၇ မှာ ပေါ်ထွန်းခဲ့တာဖြစ်လို့ သူ့ရဲ့ကျောက်စာတွေကို အဲဒီနှစ်တွေမှာ ရေးခဲ့တာပဲဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အသောကမင်းကြီးရဲ့ကျောက်စာတွေကို ၁၃၅၁ - ကနေစပြီး အိန္ဒိယသား တွေ ဘယ်သူမှမဖတ်တတ်ကြတော့ဘူး။ အဲဒီလိုနဲ့ အိပ်ပျော်နေတဲ့ အသောက -ကျောက်စာကို အမျိုးမျိုးဖေါ်ထုတ် ကြ၊ အသက်သွင်းကြရာကနေ ခရစ်နှစ် ၁၈၃၈-ခုနှစ်ရောက်တဲ့အခါ အင်္ဂလိပ်လူမျိုး ပညာရှင် ဂျိမ်းပရင့်ဆက် (James Prinsep)က အသောကကျောက်ကို ပထမဆုံးဖတ်နိုင် သူဖြစ်ခဲ့တယ်။ တနည်းပြောရရင် အိပ်ပျော်နေတဲ့ အသောကကျောက်စာကို အသက်ပြန်သွင်းပေးခဲ့သူပေါ့။ အဲဒီကနေစပြီး တစ်ချပ်ပြီးတစ်ချပ် ဖေါ်ထုတ်ကြ၊ အဓိပ္ပာယ်ပြန်ဆိုထုတ်ဝေကြနဲ့ လုပ်လာလိုက်တာ မပျက် မစီးသေးတဲ့ အသောကကျောက်စာ အရေအတွက် ၃၅ (၄၀) ခု ရှိခဲ့တယ်။ ပြောရမယ်ဆိုရင် အသောက -ကျောက်စာတွေက အိန္ဒိယအရှေ့ပိုင်းဒေသ နဲ့ တောင်ဘက်စွန်းဒေသကိုချန်ထား ကျန်အိန္ဒိယနိုင်ငံ အနှံ့ အပြားမှာ တွေ့ရနိုင်ပါတယ်။
          အပေါ်မှာပြောခဲ့သလိုပါပဲ အသောကကျောက်စာရဲ့အကြောင်းအရာ၊ အရွယ်ပမာဏ၊ ကျောက် မျက်နှာပြင် အနေအထားကိုကြည့်ပြီး အမျိုးအစားခွဲတဲ့အခါ -
၁။ကျောက်ဆောင်ကြီး (ကျောက်ပြားကြီး) = ၁၄ ချပ်။
၂။ကျောက်ဆောင်စာငယ် (ကျောက်ပြားငယ်) = ၅ ချပ်။
၃။ကျောက်တိုင်စာကြီး = ၇ မျိုး။
၎။ကျောက်တိုင်စာငယ် = ၇ မျိုး။
၅။လိုဏ်ဂူကျောက်စာ = ၂ မျိုး။ ပေါင်း = ၃၅ မျိုးရှိပါတယ်။
          အရေအတွက်အနေနဲ့ဆိုရင် -
၁။ကျောက်ပြားငယ် = ၅ ချပ်။
၂။ကျောက်ပြားကြီး = ၁၄ ချပ်။
၃။ကလိင်္ဂကျောက်ပြား = ၂ ချပ်။
၎။ကျောက်တိုင် = ၇ လုံး။
၅။ကျောက်တိုင်ငယ် = ၆ လုံး။
၆။ကျောက်ဂူ = ၆ လုံး။ ပေါင်း ၄၀ ရှိပါတယ်။
      ဆက်ပြီးတော့ မြန်မာနိုင်ငံရဲ့ကျောက်စာအခြေနေလေး ပြောပါရစေ။ မြန်မာနိုင်ငံမှာ ကျောက်ပြားပေါ်စာရေး တဲ့ အလေ့က သရေခေတ္တရာခေတ်ကတည်းက ရှိခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ သရေခေတ္တရာ မြို့ရိုးတံခါးပေါက်နားမှာ ကျောက်စာတိုင်နှစ်တိုင် တွေ့ရပါတယ်။ ရွှေတံခါးမြို့ပေါက်နားကတိုင်မှာ မင်္ဂလ သုတ်ဂါထာတွေကို တွေ့ရပြီး ကုန်းရိုးရွာနားကတိုင်မှာ ရတနသုတ် ပါဠိတွေ တွေ့ရပါတယ်။ ရေးထားတဲ့ အက္ခရာအနေအထားအရ အေဒီ ၅ ရာစု၊ ၆ ရာစု၊ ၇ ရာစုဖြစ်မယ်လို့ ခန့်မှန်း ရပါတယ်။
          ဘိုးတော်ဘုရားလက်ထက်မတိုင်မီခေတ်ရဲ့ ရေးထိုးတဲ့ကျောက်တွေကို ကြည့်မယ်ဆိုရင် များသော အားဖြင့် ဒေသနဲ့နီးစပ်ရာကျောက် ဒါမှမဟုတ် ထုဆစ်လွယ်တဲ့ကျောက်တွေကို အသုံးများတာတွေ့ရမယ်။ သဲကျောက်တို့ လိပ်သဲကျောက်တို့ကို အသုံးများကြတယ်။ ပုဂံခေတ်ကဆိုရင် ကျောက်ဆည်၊ ဝေဘူတောင် - ကျောက်တွေကို အသုံးများကြတယ်။ ကုန်းဘောင်မင်းဆက်ဖြစ်တဲ့ ဘိုးတော်မင်း (ပဒုံမင်း)လက်ထက် -ရောက်မှသာ မတ္တရာနယ်၊ စကျင်ကျောက်ကို စသုံးတာတွေ့ရတယ်။ မှတ်မှတ်ရရ ဇာတ်လမ်းတစ်ခု ကို ပြောရမယ်ဆိုရင် အရင်က စကျင်တောင်ကို ကျောက်ဖြူတောင်လို့ပဲ ခေါ်ကြတယ်။ တစ်ခါမှာတော့ စကျင်တောင်ကထွက်တဲ့ အရည်သွေးကောင်းတဲ့ ကျောက်နီတွေတွေ့လို့ မင်းတုန်းမင်းကို လာရောက် ဆက်သကြတယ်။ အဲဒီအခါ မင်းတုန်းဘုရင်က သဘောကျလို့ ပတ္တမြားတောင်လို့ နာမည်ပြောင်းခေါ်ခဲ့တဲ့ အမှတ်တရဇာတ်လမ်းလေး တစ်ပုဒ်ပါပဲ။
          ကျောက်စာနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် မြန်မာတို့ရဲ့အသဲနှလုံးဖြစ်တဲ့ ပုဂံကိုပြောရမှာပါပဲ။ ပုဂံပြည်ခေတ်ကောင်းစဉ် ကြီးကျယ်ခန်းနားစဉ်အခါတုန်းက ကျောက်စာအများအပြားကို ရာပေါင်းများစွာ စိုက်ထူထားခဲ့ကြတယ်။ အဲဒီထဲကမှ စိတ်ဝင်စားစရာကောင်းတာကတော့ ယနေ့တိုင်အောင် မြန်မာ့ -ကျောက်စာ ဟေ့-လို့ ပြောလိုက်ရင် နှုတ်ကနေအလိုလို ပြောထွက်နေကြတဲ့ ခရစ်နှစ် ၁၁၁၂-မှာ ရေးထိုး ခဲ့တဲ့ မြစေတီ ကျောက်စာ(ရာဇကုမာရကျောက်စာ) ပဲဖြစ်ပါတယ်။ အဲဒီကျောက်စာက မြန်မာ၊ပျူ၊ပါဠိ၊ မွန် လေးဘာသာနဲ့ ရေးထိုးထားတာကြောင့် အလွန်လဲစိတ်ဝင်စားစရာကောင်းပါတယ်။
          မြန်မာတွေအတွက် နောက်ထပ်ဂုဏ်ယူစရာကောင်းတာ ရှိပါသေးတယ်။ အဲဒါကတော့ ပိဋကတ် သုံးပုံကို ပထမဆုံး ကျောက်ထက်အက္ခရာတင်ခဲ့တာ မင်းတုန်းမင်း ဖြစ်နေတာပါပဲ။ ကျောက်စာချပ်ရေ ၇၂၉-ချပ် ရှိပါ တယ်။ မင်းတုန်းမင်းသည် ၁၂၁၉ (၁၈၅၂)မှာ နန်းတက်ပါတယ်။ ၁၂၂၁၊ ကဆုန်လပြည့် -ကျော် ၆-ရက်နေ့မှာ မန္တလေးရွှေမြို့တော်ကို တည်ထောင်ပါတယ်။ တည်ထောင်တဲ့အခါ နန်းမြို့ကြီး၊ ကျုံး၊ မဟာလောကမာရဇိန်စေတီတော်၊ ပဋ္ဌာန်းဟော ရွှေသိမ်၊ အတုမရှိကျောင်း၊ သုဓမ္မာဇရပ်၊ ပိဋကတ် တိုက်တော်တို့ကို တစ်ပြိုင်နက်ပန္နက်ချပြီး တည်ထောင်ခဲ့ပါတယ်။ ကျောက်စာတွေကိုတော့ ကုသိုလ်တော် -စေတီရဲ့တံတိုင်းသုံးထပ်အတွင်းမှာ ၁၂၂၂၊ တန်ဆောင်မုန်း လဆန်း ၁-ရက် (၁၄-၁၀-၁၈၆၀)မှာ စတင် ထုခဲ့ပြီး ၁၂၃၀၊ကဆုန်လဆန်း ၁၄-ရက် (၄-၅-၁၈၆၈)မှာ ပြီးစီးခဲ့ပါတယ်။ ၇-နှစ်၊ ၆-လနဲ့ ၁၄-ရက်ကြာပါ တယ်။ ဆက်ပြီးတော့ ဖြည့်စွက်ပြောရမယ်ဆိုရင် ပဉ္စမသင်္ဂါယနာတင်တာနဲ့ မင်းတုန်းမင်းရဲ့ကျောက်ထက် အက္ခရာတင်တာ အတူတူမဟုတ်ပါဘူး။ ပဉ္စမသင်္ဂါယနာကို ၁၂၃၃၊ တန်ခူးလပြည့်ကျော်၊၁၁-ရက် ၊ နှစ်ဆန်းတစ်ရက်၊ စနေနေ့ (၁၅-၄-၁၈၇၁)မှာ သံဃာတော် ၂၄၀၀-နဲ့ နေ့ညမစဲ ရွတ်ဖတ်ပူဇော်တာ အဲဒီနှစ် တော်သလင်းလပြည့်ကျော် ၁၄-ရက်၊ အင်္ဂါနေ့ (၁၂-၉-၁၈၇၁)မှာ ပြီးခဲ့ပြီး ၅-လနဲ့ ၃-ရက်ကြာ ပါတယ်။ ပြောရမယ်ဆိုရင် ပဉ္စမသင်္ဂါယနာတင်တာနဲ့ ကျောက်ထက်အက္ခရာတင်တာ ကြားမှာ ၃-နှစ် ကွာဟနေပါတယ်။
          ကျန်ရှိတဲ့ အဋ္ဌကထာ၊ဋီကာတွေကို ရသေ့ကြီးဦးခန္တီက ကနောင်မင်းသားရဲ့သမီးတော် ရန်အောင် -မြင်မြိ့စားမင်းသမီး သုသီရိသင်္ခါဝတီရဲ့ လျှောက်ထားချက်အရ ၁၂၇၅-မှာ စန္ဒာမုနိဘုရားအတွင်း စိုက်ထူ ခဲ့တာဖြစ်ပြီး ကျောက်စာချပ်ရေ ၁၇၇၄-ချပ် ရှိပါတယ်။
          ကုသိုလ်တော်ဘုရားထဲက ကျောက်စာတွေနဲ့ စန္ဒာမုနိဘုရားထဲကကျောက်စာတွေကို နှိုင်းယှဉ် ကြည့် လိုက်တဲ့အခါ ကုသိုလ်တော်ဘုရားကျောက်စာတွေက ပိုပြီးလက်ရာကောင်းတယ်လို့ဆိုပါတယ် ။ ကျောက်စာရဲ့ လက်ရာကောင်း၊မကောင်းကို ကြည့်နည်းကတော့ ကျောက်ပြားကြီးမျက်နှာပြင် ညီ,မညီ၊ ထွင်းထုထားတဲ့စာလုံး အတိမ်အနက်၊ စာနှုတ်ခမ်းအကျဉ်းအကျယ် ညီ,မညီ၊ အဲဒါတွေနဲ့ တိုင်းတာကြပါ တယ်။ အလွယ်သိချင်ရင်တော့ ဖယောင်းနဲ့နှိပ်ပြီး ကြည့်လို့ရပါတယ်။
          ကျောက်စာရေးတာနဲ့ပတ်သက်ပြီး ဗဟုသုတရစရာလေး ပြောပြပါရစေ။ ကျောက်စာချပ်တစ်ချပ် မှာ ကျောရောဝမ်းပါ နှစ်ဖက်ရှိတာကြောင့် နှစ်ဖက်လုံးကို ရေးမယ်ဆိုရင် လက်ရေးကလဲကောင်း မြန် ကလဲမြန်မယ်ဆိုရင် သုံးရက်အချိန်ကြာနိုင်ပြီး လက်ရေးကောင်းပေမယ့် အရေးနှေးရင်တော့ ငါးရက် အချိန်ကြာနိုင်ပါတယ်။ ရေးလို့လည်းပြီးပြီ စာတိုက်လို့လည်းမှန်ပြီဆိုရင် စာလုံးတွေ စတင်ထွင်းထုကြ ပါတယ်။ အဲဒီလိုထွင်းထုတဲ့အခါ စာထုမြန်တဲ့သူက တစ်ရက်ကို ၁၅-ကြောင်း ၁၆-ကြောင်း ထွင်းထုပြီးနိုင်ပေ မယ့် စာထုနှေးတဲ့သူဆိုရင်တော့ ၁၀-ကြောင်းလောက်ပဲ ပြီးနိုင်မှာဖြစ်ပါတယ်။ တစ်မျက်နှာကို စာကြောင်း ၈၀ ကနေ ၁၀၀ ကျော်ထိ ရှိနိုင်ပါတယ်။
          ထွင်းထုထားပြီးပြီဖြစ်တဲ့ အဲဒီစာလုံးတွေပေါ်ကို ရွှေမင်နဲ့ပဲဖြစ်ဖြစ် မင်နက်နဲ့ပဲဖြစ်ဖြစ် ထပ်ပြီးရေးရ ပါတယ်။ ဒါမှသာ ဖတ်လို့မြင်သာထင်သာရှိမှာဖြစ်ပါတယ်။ ယခုလက်ရှိ ကုသိုလ်တော်ဘုရားကျောက်စာ ရဲ့မင်တွေကတော့ မင်နက်ဖြစ်ပြီး စိန်တုံးဆရာတော်ရဲ့ မင်စပ်နည်းနဲ့ စပ်ထားတာဖြစ်ပါတယ်။ မင်ဖျော်ပုံ ကတော့ မန္တလေး၊ကွမ်းခြံရပ်၊ ကျောက်စလင်းမျက်မှန်တိုက် ဆရာထီဆီက ချိပ်တစ်ပိဿာကို တစ်ဆယ် ကျပ်နှုန်းနဲ့ဝယ်ပြီး ချိပ်အစိတ်သားကို ရေတစ်ပိဿာနဲ့ သုံးခွက်တစ်ခွက်တင်ကျိုပါတယ်။ ပြီးတော့ ရေနံ မှိုင်းခံပြီး ကောက်ရိုးပြာရည်နဲ့ရောပြီး ချိပ်ရည်နဲ့မွှေပါတယ်။ အဲဒီနည်းစနစ်နဲ့ အသုံးပြုထားတဲ့ မင်နက်ပဲ ဖြစ်ပါတယ်။

ကိုး = မြန်မာ့စွယ်စုံကျမ်း(အတွဲ-၆)။ ကမ္ဘာ့အကြီးဆုံးစာအုပ်(လူထုဒေါ်အမာ)။ အသောကကျောက်စာများကိုလေ့လာခြင်း Term Paper (အရှင်သုစိတ္တ-ရွှေဘို/လင်းနေ(နမော)။
Print Friendly and PDF

No comments:

Post a Comment

Twitter Bird Gadget