ပေပင်အရွက်ကို စာရေးလို့ရအောင်လုပ်ပြီး စာတွေရေးထားတာကို
ပေစာလို့ ခေါ်တယ်။ ပေပင် ဆိုတာကတော့ အိန္ဒိယ၊ သီဟိုဠ်၊ မြန်မာစတဲ့ အပူပိုင်းဒေသတွေမှာပဲ ပေါက်လေ့ရှိပါတယ်။
သာသနာ-၄၅၀၊ အာလောကလိုဏ်၊ သီဟိုဠ်မှာ ၀ဋ္ဋဂါမဏိမင်းကို အမှီပြုပြီး ရဟန်းငါးရာတို့က ပိဋကတ်သုံးပုံနဲ့ အဋ္ဌကထာ -တွေကို
ပေထက်အက္ခရာ တင်ပြီး စတုတ္ထသင်္ဂါယနာတင်ခဲ့ကြတယ်။ အဲဒါကြောင့်ပဲ စတုတ္ထသင်္ဂါယနာ ကို ပေါတ္ထကာရုဠှသင်္ဂါယနာလို့
ခေါ်ကြတာဖြစ်တယ်။
တကယ်တော့ ယဉ်ကျေးစခေတ်တုန်းက လူတွေဟာ မိမိတို့အကြောင်း၊သမိုင်းကို
မှတ်တမ်းပြုနိုင်ဖို့ အတွက် စာရေးနည်းတွေ၊ စာရေးကိရိယာတွေကို ရှာဖွေကြတဲ့အခါ ပေပေါတဲ့အိန္ဒိယကတော့
ပေနဲ့စာရေး သား ခဲ့တာပါပဲ။ အိန္ဒိယနဲ့သီဟိုဠ်က ကညစ်ရေးပေကို အသုံးများပြီး ပေရွက်ပေါ်ကို
သံချွန်နဲ့ရေးရတာဖြစ် တယ်။ အဲဒီသံချွန်ကို မြန်မာတွေကတော့ ကညစ်တံလို့ခေါ်ပြီး နောက်ပိုင်း
မင်ရေးပေ၊ ဆေးဒါန်းရွှေချပေ သို့မဟုတ် ဇီဇ၀ါပေရေးနည်းတို့ကို အသုံးပြုကြတယ်။ မြန်မာ့ပေအရေးအသားကို
အိန္ဒိယကနေရရှိတာဖြစ် ပါတယ်။ အစောဆုံးအနေနဲ့ မြန်မာသက္ကရာဇ် ၁၀၀၀-ခန့်(အေဒီ ၁၇-ရာစု)က
မြန်မာ့ပေမူကို တွေ့ရနိုင်ပါ တယ်။ ဒေါက်တာသန်းထွန်းက
ပေသည် နှစ် ၁၀၀၀-ထိ သက်တမ်းနိုင်တယ်လို့
ပြောခဲ့ဖူးတာကို ဆရာ ဦးစိုးကျော်သူ ပြန်ပြောပြချက်အရ သိရဖူးပါတယ်။
ပေသည် အလျားတစ်ပေထိရှည်နိုင်ပြီး အချို့ပေတွေကတော့
လက်ဝါးပေါ်တင်နိုင်လောက်တဲ့ ထိ သေးငယ်ပါတယ်။ အဲဒီသေးငယ်တဲ့ပေပေါ်ကို စာကြောင်းရေ ၂၀-အထိ
ရေးကြတာလည်း ရှိပါတယ် ။ ပေတစ်အင်္ဂါမှာ ၁၂-ချပ်ရှိပါတယ်။ အဲဒီ (က၊ကာ၊ကိ၊ကီ၊ကု၊ကူ၊ကေ၊ကဲ၊ကော့၊ကော်၊ကံ၊ကား)
၁၂-ချပ်မှာ တစ်ချပ်ကို နှစ်မျက်နှာဆိုတော့ အားလုံးပေါင်း ၂၄-မျက်နှာ ရှိရပါမယ်။ တစ်မျက်နှာကို
အနည်းဆုံး ၈ -ကြောင်း ရေးကြပါတယ်။ ဒါဆိုရင် တစ်အင်္ဂါမှာ ၁၂၉-ကြောင်း ရှိရပါမယ်။ ဒါကအနည်းဆုံးကို
ပြောတာဖြစ် ပါတယ်။ စာရေးကောင်းပါတယ်ဆိုတဲ့သူတွေတိုင်း တစ်ရက်ကို တစ်အင်္ဂါပြီးအောင် ရေးနိုင်ကြတာမဟုတ် ပါဘူး။
စာအတော်မြင်တဲ့သူတွေမှသာ ရေးနိုင်ကြမှာပါ။ ဘာဖြစ်လို့လဲဆိုရင် စာတစ်ပိုဒ်ရေးလိုက် စာအုပ် တစ်ခါ ကြည့်လိုက်ဆိုရင် အချိန်အများကြီးလင့်သွားနိုင်တာကြောင့် ဖြစ်ပါတယ်။
ရေးတဲ့အခါမှာ လက်ညှိုး၊လက်မသာမက လက်ဆယ်ချောင်းလုံး
သူ့နေရာနဲ့သူ အရေးပါပါတယ်။ လက်မကတော့ အဓိကကျပါတယ်။ ပေစာရေးတဲ့သူဟာ ရေးနေရင်း စာလုံးမှားပြီဆိုတာနဲ့
မှားတဲ့စာလုံး အထဲကို ဗိန္ဓုခေါ် အပြောက်ကလေးကို ကညစ်နဲ့ထိုးဖေါက်ခဲ့ရတယ်။ ဒါမှပဲ စာဖတ်သူက
ဒါအမှား ဖြစ်တယ် ဆိုတာသိပြီး ကျော်ဖတ်သွားမှာဖြစ်တယ်။ တစ်မျက်နှာကို သုံးကြိမ်ထက်ပိုပြီး
အမှားမခံပါဘူး။ သုံးကြိမ်ထက် ပိုပြီဆိုတာနဲ့ အဲဒီစာမျက်နှာကို ဆက်မရေးတော့ပဲ ပေချပ်အသစ်တစ်ထပ်ယူပြီး
အစကနေ ပြန်ရေးကြပါ တယ်။ အက္ခရာတွေကို ကညစ်နဲ့ရေးပြီးရင် အမည်းရောင်အမှုန့်တစ်မျိုးနဲ့
သုတ်လိမ်းပွတ်တိုက်ရပါသေး တယ်။ အိန္ဒိယပေချပ်တွေဆိုရင် ပေချပ်အလယ်တည့်တည့်ကို မီးရဲရဲဖုတ်ထားတဲ့
သံစူးနဲ့ဖောက်ပြီး ကြိုးသီ ထားကြတယ်။ အထက်အောက် ပျဉ်ပြားတစ်ချပ်စီနဲ့ပိတ်ပြီး ကြိုးနဲ့ချည်ထားရတယ်။
တစ်ခါတစ်ရံ အပေါ်ဖုံး ပျဉ်ချပ်ပေါ် အယူဝါဒဆိုင်ရာ ဇာတ်ဝတ္ထုပန်းချီတွေ ရေးခြယ်ထားတတ်ကြတယ်။
အိန္ဒိယမှာလည်း မြန်မာနိုင်ငံလိုပဲ ပေရဲ့တန်ဖိုးကိုမသိလို့
မထိန်းမသိမ်းနဲ့ နေရာအနှံ့ပျံ့ကျဲခဲ့ဖူး တယ်။ ဒါပေမယ့် ၁၈၆၀-မှာ အစိုးရက ဌာနတစ်ခုဖွင့်ပြီး
ပေစာတွေကို စုဆောင်းခဲ့ပါတယ်။ အဲဒီ လိုဆောင်ရွက်တဲ့ သူတွေထဲမှာ အနောက်တိုင်းပညာရှင်တွေကပါ
အံ့သြချီးကျူးခဲ့ရတဲ့ဌာနက ၁၈၈၇-ခုမှာ မိုက်ဆိုးပြည်နယ် စော်ဘွားကြီး မဟာရာဇာဇာဝူးဒီးယားမဟာဒူး
တည်ထောင်ခဲ့တဲ့ အရှေ့တိုင်းသုတေသန ဌာနဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အဲဒီဌာနက လွန်ခဲ့တဲ့နှစ်ငါးရာကျော်က
ရေးကူးခဲ့တဲ့ ပညာရှိ က၀ိ ကြီး ကောတ္တိလျ (စာဏကျနီတိဆရာကြီး)ရဲ့ အာသာသျှတ္တရကျမ်းပေမူကို
တွေ့ရှိခဲ့လို့ပဲဖြစ်ပါတယ်။
ကိုး = မြန်မာ့စွယ်စုံကျမ်း(အတွဲ-၆)။
မြန်မာသဒ္ဒါ(မြန်မာစာအဖွဲ့)။ ကမ္ဘာ့အကြီးဆုံးစာအုပ်(လူထုဒေါ်အမာ) ။
No comments:
Post a Comment