ပရပိုက်ဆိုတာ အလျားတစ်မိုက်၊ အနံတစ်တောင်ရှိတဲ့
စက္ကူအရှည်ကို ဘာဂျာပုံစံချိုးထားတဲ့ ရှေးစာ အုပ်တစ်မျိုးဖြစ်ပါတယ်။ ချိုးထားတာကိုကြည့်ပြီး
နာမည်ခုနစ်မျိုးရှိပါတယ်။ပုဂံဝန်ထောက်ဦးတင်က တစ်ရေ စီးနဲ့ လွှာချင်းဆိုတာ အတူတူပဲလို့ယူဆပြီး
အောက်ပါအတိုင်း ခုနစ်မျိုးခွဲပြထားပါတယ်။
၁။တစ်ရေစီးရှိလျင်
လွှာချင်း
၂။နှစ်ရေစီးရှိလျင်
အလွှာတစ်လွှာ
၃။သုံးရေစီးမှ
ငါးရေစီးရှိလျင် လွှာထပ်ကလေး
၎။ခြောက်ရေစီးမှ
ဆယ့်တစ်ရေစီးရှိလျင် လွှာထပ်ကြီး
၅။ဆယ့်နှစ်ရေစီးမှ
ဆယ့်ခြောက်ရေစီးရှိလျင် ဆူဝက်
၆။သုံးဆယ့်နှစ်ရေစီးရှိလျင်
တစ်ဆူ
၇။ခြောက်ဆယ့်လေးရေစီးရှိလျင်
ဆူထပ်
ရွှေကိုင်းသားကတော့
တစ်ရေစီးဆိုတာ နှစ်လွှာရှိရပါမယ်ဆိုပြီး အောက်ပါအတိုင်း ခုနစ်မျိုးခွဲပြထားပြန်ပါ တယ်။
၁။အလွှာတစ်ရွက်ရှိလျင်
လွှာချင်း
၂။အလွှာနှစ်ရွက်ရှိလျင်
တစ်ရေစီး
၃။သုံးလွှာမှ
ငါးလွှာထိရှိလျင် လွှာထပ်ကလေး
၎။ခြောက်လွှာမှ
ဆယ့်တစ်လွှာထိရှိလျင် လွှာထပ်ကြီး
၅။ဆယ့်နှစ်လွှာမှ
ဆယ့်ခြောက်လွှာထိရှိလျင် ဆူဝက်
၆။သုံးဆယ့်နှစ်လွှာရှိလျင်
တစ်ဆူ
၇။ခြောက်ဆယ့်လေးလွှာရှိလျင်
ဆူထပ်
ပုဂံခေတ်နောက်ပိုင်း ကျောက်စာထဲက [သင်ပုန်း
၂၊ ပရပိုက် ၁၊ ကံ့ကူဆံ ၅ချောင်း] ဆိုတဲ့ စာသားဟာ ပရပိုက်ကို စသုံးခဲ့တဲ့ အစောဆုံးအထောက်ထားတစ်ခု
ဖြစ်ပါတယ်။
ပရပိုက်ဆိုတဲ့စကားက မြန်မာစကားမဟုတ်ပဲ သက္ကတစကားဖြစ်တဲ့
ပရိဗ္ဗ မှ ပရိဗ၊ ပရိဗ မှ ပရပိုက် အဖြစ်ကို မွန်စကား ဗေလပေါ့ နဲ့ရောစပ်ပြီး ဖြစ်လာတယ်လို့
ပုဂံဝန်ထောက်ဦးတင်က ဆိုပါတယ်။ အဲဒီလို မပြောပါနဲ့၊ ပရပိုက်ကို အိန္ဒိယမှာ မသုံးပါဘူး၊
တကယ်တော့ ပရပိုက်ဆိုတာ တရုတ်ပြည်ကနေ ဖြစ်ပါတယ်၊ ပု-လိင်္ဂ-ပိုက် ဆိုတဲ့စကားကနေ ပရပိုက်ဖြစ်လာတာပါလို့
တော်စိန်ခိုက တစ်မျိုးဆိုပြန်ပါတယ်။ ဒေါက်တာ သန်းထွန်းကတော့ ရှမ်းကမိုင်းကိုင်းစက္ကူကို
တရုတ်တွေ စာအုပ်တွဲချုပ်သလို ချုပ်တာဖြစ်တယ်။ ဒါကြောင့် ပရပိုက်ကို မြန်မာနဲ့မွန်ပဲ
သုံးတယ်လို့ ပရပိုက်ရဲ့မူလအစကို ပြောပြန်ပါတယ်။
ပရပိုက်အဖြူနဲ့ ပရပိုက်အနက်ဆိုပြီး ပရပိုက်အမျိုးစား
နှစ်မျိုးရှိပါတယ်။ ပရပိုက်အဖြူပေါ်ကို မင်နဲ့ စာ ရေးလေ့ရှိပြီး ဆေးရောင်စုံပုံဆွဲလေ့ရှိပါတယ်။
ရေးပြီးရင်လဲ ပြန်ဖျက်လေ့မရှိပါဘူး။ ပရပိုက်အနက် က ရေးပြီးရင် ပြန်ဖျက်လို့ရပါတယ်။
ကျောက်သင်ပုန်းလိုမျိုး ရေးပြီးရင်ပြန်ဖျက်နိုင်ဖို့အတွက် ထမင်းရည်နဲ့ မီးသွေး မှုန့်ရောနယ်ပြီး
သုတ်လိုက်ရင် အနက်ရောင်ပြန်ဖြစ်သွားပါတယ်။ တစ်ချို့ပရပိုက်အောက်ခြေမှာ ´ခြေ`ဆိုတဲ့
စကားလုံးပါတတ်တယ်။ အဓိပ္ပာယ်က ဒီစာကိုဖျက်လိုက ဖျက်နိုင်တယ်ဆိုတဲ့ သဘောပါပဲ။
ပရပိုက်မှာ အကြောင်းရာတစ်မျိုးတည်းရေးတာ
အတော်ရှားပါတယ်။ အကြောင်းရာ မျိုးစုံပါတတ်တယ်။ ပရပိုက်ကို အသုံးပြုရာမှာလည်း နှစ်-၂၀၊
၃၀ ထိ မျိုးရိုးစဉ်ဆက် ရေးသားကြတယ်။ ဖျက်လို့ပြုလို့ရတာကြောင့်လည်းဖြစ်မှာပါ။ ဒါ့အပြင်
ပေရွက်တွေမှာလို ပရပိုက်တစ်ခုမှာ ဘယ်နှစ်ကြောင်း ပဲ ရေးရမယ်၊ ဘယ်ကနေ စရေး ရမယ်ဆိုပြီး
သတ်မှတ်ချက်မရှိပါဘူး။ ပရပိုက်မှာ ဂဏန်းတွေကို ရေးတဲ့ အခါ အသံထွက်အတိုင်း ရေးလေ့ရှိပါ
တယ်။ ပရပိုက်မှာ ငွေကြေးတန်ဘိုးရေးထုံး၊ အချင်အတွယ်ဆိုင်ရာ -ရေးထုံး၊ အတိုင်းအထွာရေးထုံး၊
ကိန်းဂဏန်း ရေးထုံးတွေကို လင်္ကာနဲ့သာမက နမူနာနဲ့ပါ ဖေါ်ပြထားတာ ကို တွေ့နိုင်ပါတယ်။ နမူနာကို
ကြည့်ကြရအောင် =
ငွေကြေးတန်ဘိုးရေးထုံး =
တရွေး
=ေ၁ွး ၊ ၁ွံ
တပဲ
= ၁ဲ
တမူး
= ၁ူ
တမတ်
= ၁ံ
တကျပ်
= ၁ိ
အချင်အတွယ်ဆိုင်ရာရေးထုံး =
တပိဿာ
= ၁ိါ
တတင်း
= ၁င်္
တစိတ်
= ၁ိ
တပြီ
= ၁်
တလမျက်
= ၁ျက်
တခွက်
= ၁ွက်
တစလယ်
= ၁ံ
အတိုင်းအထွာရေးထုံး =
တတောင်
= ၁င်္
တမိုက်
= ၁်
တလက်သစ်
= ၁ံ
တထွာ
= ၁ွါ
ကိန်းဂဏန်းရေးထုံး =
ငွေ
၁ိ ကို ၄ံ ရှိပါတယ်။
ငွေ
၁၀ ကို မတ် ၄၀
ငွေ
၁ိါ ကို မတ် ၄၀၀
ငွေ
၁ိ ကို ရွေး ၁၀၀၂၀
ငွေ
၁၀ ကို ရွေး ၁၀၀၀၂၀၀
ငွေ
၁ိါ ကို ရွေး ၁၀၀၀၀၂၀၀၀
သက္ကရာဇ်ရေးထုံးကိုတော့ ပေမှာကဲ့သို့ ဝေါဟာရသင်္ချာနည်းတွေ
ဗေဒင်နည်းတွေနဲ့ ရေးလေ့မရှိပါဘူး။ ပရ ပိုက်မှာ တွေ့ရတတ်တဲ့ ရေးနည်းတွေကတော့ အောက်ပါအတိုင်းပါပဲ။
၁၂၈
ပြည့် = ၁၂၈၀ ပြည့်
၁၁၁၀၅
ခု = ၁၁၁၅ ခု
၁၂၁၀၆
ခု = ၁၂၁၆ ခု
၁၁၀၁၀၅
= ၁၁၁၅
၁၂၀၀၁၁
= ၁၂၁၁
ဒါ့အပြင် သက္ကရာဇ်အတိုရေးနည်းကိုလည်း တွေ့နိုင်ပါတယ်။
ဥပမာ = x x ဆက်သမြဲ လက်ဆောင် တော် လယ်တော်လုပ်သားတို့က ၁၂၃၆ ခုနှစ်အတွက် ပေးဆောင်ရမည်။
၅ ခုနှစ် အတွက် ပေးဆောင်ရမည် များကို လျှောက်ထားရာ ဆိုင်ရာမိဖုရားမှာ အသုံးတော်လိုကြောင်း
၆ ခုနှစ်တွက် ကို နောင်မတောင်းမိစေရပါ၊ x x လယ်တော်လုပ်သားကြီးငယ်တို့မှာ ၆ ခုနှစ်ဆောင်ချိန်ကာလ
မတိုင်မီ -ဖြစ်သော်လည်း x x ပေးဆောင်ရမည်။
အထက်ပါ ဥပမာစာပိုဒ်မှ ၅ ခု၊ ၆ ခု တို့ကို
အကြောင်းအရာ၊ သမိုင်းနောက်ခံတို့ကို ဖတ်ထား၊ သိ ထားမှ သာ အတိအကျပြောနိုင်ပါမယ်။ ဒီမှာပါတဲ့
၅ ခု၊ ၆ ခုဆိုတာ ၁၂၃၅ ခု၊ ၁၂၃၆ ခု တို့ကို ဆိုလိုတာပါ။
ကဲ ပရပိုက်နဲ့ပတ်သက်တာ ဒီလောက်ဆိုရင် ကျေနပ်လောက်မှာပါ။
ဒါပေမယ့် တစ်ဆက်တည်း ဗဟုသုတ ဖြစ်ဖွယ်ရာ ငွေကြေးအကြောင်းပြောပါရစေ။
ဗဒုံမင်း(၁၇၈၂-၁၈၁၉)လက်ထက်မှာ တရားဝင် စံငွေတုံးငွေခဲ
သုံးမျိုးသတ်မှတ်ပါတယ်။ အဲဒါတွေက -
၁။ရွက်နီ
(ကြေး ၁၀% ရောထားသည်)
၂။ရွက်သေး (ကြေး ၁၅% ရောထားသည်)
၃။ရွက်စို (ကြေး ၂၀% ရောထားသည်)
ကုန်းဘောင်ခေတ်အလယ်ပိုင်းမှာ ရွက်နီကို စံအဖြစ်ထားသုံးတယ်။
မိတ္ထီလာနယ်ပရပိုက်များမှာ ၄င်း သုံးမျိုးအနက် ရွက်နီကိုပဲ သုံးတာတွေ့ရတယ်။ ကြေးအရောအကဲကို
မူတည်ပြီး ငွေကဲအသုံးကို မိတ္ထီ လာနယ် ပရပိုက်မှာ ရွက်နီထက်ပိုသုံးမယ် ထင်ရပါတယ်။ ကုန်းဘောင်ခေတ်က
ရွက်နီတွက်နည်းသုံးမျိးရှိပါ တယ်။ ၁။အကဲနည်း ၂။ဒိုင်တက်နည်း ၃။မီးနှုတ်နည်းတို့ပဲဖြစ်ပါတယ်။
ကုန်းဘောင်ခေတ်မှာ ဒင်္ဂါးအသုံးကိုလဲ တွေ့ရပါတယ်။
ဗဒုံမင်းလက်ထက်က ကျားရုပ် ၊နှစ်ကောင်ရုပ်၊ ရွှေပြည်စိုးရုပ်တွေနဲ့ ဒင်္ဂါးသွန်းလုပ်ခဲ့ပါတယ်။
ဒါပေမယ့် မိတ္ထီလာနယ်မှာ ဗဒုံမင်းလက်ထက် ဒင်္ဂါး သုံးတဲ့အချက်တွေ မတွေ့ရပါဘူး။ သာယာဝတီရွှေဘိုမင်း(၁၈၃၇-၄၆)၊
ပုဂံမင်း(၁၈၄၆-၅၂) လက် ထက်မှာ ဒင်္ဂါး လုပ်တယ်လို့ ဆိုတယ်။ ပရပိုက်မှာတော့ အဲဒီအထောက်ထားတွေ
မတွေ့ရပါဘူး။ ဒါပေမယ့် မင်းတုန်းမင်း (၁၈၅၂-၇၈)လက်ထက် ဒင်္ဂါးအသုံးကို ပရပိုက်မှာ အများအပြားတွေ့ရပါတယ်။
၁၈၆၅၊နိုဝင် ဘာ၊၁၁-ရက်မှာ ဒင်္ဂါး သွန်းလုပ်ခဲ့ပါတယ်လို့ ဆိုပါတယ်။
မှတ်ချက် = အားလုံးဖတ်လို့ရအောင်ဆိုပြီး စာအုပ်သက်သက်မဟုတ်ပဲ စာကိုပါ အဆင်ပြေ သလို ပြန်ရေးလိုက်ပါတယ်။ ၀င်းတင်နာမည်နဲ့ ပြုစုထားတဲ့စာရေးဆရာရဲ့ စာအုပ်ဖြစ်ပါတယ်။ မိမိကိုယ် တိုင်လဲ စိတ်ဝင်စားလို့ပါ။
No comments:
Post a Comment