လွန်းညဆိုသည်မှာ
လွန်းညဟူသည်
စေတီတော်၏ အမည်ဖြစ်သည်။ စေတီတော်ကို အစွဲပြု၍ လွန်းညရွာဟု ခေါ်တွင် ကြခြင်းဖြစ်သည်။ အိန္ဒုရွာကြီးမှ
ခရီးဆက်လျင် မိုင်တိုင်အမှတ် (၁၄/၂)၌ မိုင်အောင်စေတီတော် ကို တွေ့ရပါမည်။ မိုင်အောင်စေတီတော်မှ
ခရီးဆက်မည်ဆိုလျှင် တစ်မိုင်ခန့်အကွာရောက်သောအခါ လွန်းညစေတီတော်ကို တွေ့ရှိရပါမည်။ လွန်းညရွာ၊ လွန်းညစေတီသည်
မြန်မာဘာသာဖြင့် ခေါ်သော နာမည်ဖြစ်သည်။ အရှေ့ပိုးကရင်တို့က လွန်းညာရွာ၊ လွန်းညာစေတီဟုခေါ်ကြသည်။
ရှေးအရှေ့ပိုးကရင် တို့က လမွန်းကညာဟုလည်းကောင်း ကလွန်လောင်ယွာဟုလည်းကောင်း ခေါ်ကြသည်။
မွန်တို့က နိမွန်ည ဟုခေါ်ကြသည်။ အဓိပ္ပာယ်အတူတူပင်ဖြစ်သည်။ ရှေးက ဤအရပ်ကို ဋ္ဌာန့်ပတိုင်ဟုခေါ်ပြီး
ရွာပေါင်း ၆၃- ရွာရှိသည်။
လွန်းညစေတီဖြစ်ပေါ်လာပုံသမိုင်း
ရှေးအခါ လွမ်းဖွယ်တောင်(ခွတ်လွန်ယူးသီးတောင်)ပေါ်တွင်
ဋ္ဌာန့်ပိုင်ဒေသမှ ကရင်တို့က ၀ါဆိုဦး အချိန်ရောက်တိုင်း လာရောက်ကန်တော့ကြသော စေတီတစ်ဆူရှိသည်။
တစ်နေ့တွင် ၀ါဆိုမိုးဦးက သည်းထန်စွာရွသွန်းသဖြင့် တောင်နှင့်အတူ စေတီပါ ပြိုခဲ့ရာ
ဌပနာရုပ်ပွားတော်များ ရေနှင့်အတူ မျောပါ လာသည်ကို ရွာသားများမြင်သဖြင့် စေတီတည်ကာ ဌပနာသွင်းကိုးကွယ်ခဲ့သည်။
ရုပ်ပွားတော်များ ပင့်ဖိတ် ကာ တည်ထားသဖြင့် ကရင်တို့က လမွန်းညာ၊ မွန်တို့က နိမွန်ည-ဟု
ခေါ်ကြသည်။ ကာလကြာသော် လွန်းညဖြစ်လာသည်။ အခြားအဆိုတစ်ခုမှာ = စေတီတော်၏ မူလအမည်သည်
ကလွန်လောင်ယွာဖြစ်ပြီး ကလွန်-စေတီ၊ လောင်ယွာ-မျောလာခြင်း-ဟု အဓိပ္ပာယ်ရသည်။ ကာလကြာသော်
ကလွန်ကိုဖြုတ် ၍ လောင်ယွာ၊ ထိုမှ လွန်းယ၊ ထိုမှ လွမ်းယ၊ ထိုမှ လွန်းညဖြစ်လာခဲ့သည်။ သက်သေတစ်ခုကို
ပြရမည် ဆိုလျင် စေတီပရိဝုဏ်ရှိ ၁၃၀-ပိဿာရှိ ခေါင်းလောင်းစာအရ လွန်ခဲ့သော အနှစ်-၈၀ခန့်တွင်
လွမ်းယ ဟုခေါ်၍ ၂၈-ဆူ အ၀င်အပါဖြစ်သော သရဏင်္ဂရဘုရားရှင်၏ အမည်ဖြစ်ကြောင်း သိရသည်။ (အရှင်စန္ဒန၊ ဇွဲကပင်ဆံတော်ရှင်စေတီတော်သမိုင်းစာအုပ်)
လောင်းညစေတီနှင့်လောင်းညတောင်သည်
နောင်လုံရွာအရှေ့ဘက်တွင်ရှိပြီး စေတီတည်၍ပြီးဆုံးစဉ် စောနန်းဝေမိ မိဖုရားလေးက ဘုရင်ကြီးနှင့်တိုင်းပြည်၊ရွှေနန်းတော်ကို
လွမ်းဆွတ်ခြင်းကို အကြောင်းပြုလျက် လွမ်းစေတီ -ဟု နာမည်ကိုလျှောက်ထား ကိုးကွယ်ခဲ့သည်။
ကြာသော် လွမ်းညဘုရား၊ လွန်းညရွာ-ဟုခေါ်သည်။ (ဒေါ်ဝင်းမြင့်၊
တောတောင်ရေမြေစာအုပ်)
အခါတစ်ပါး
ဇွဲကပင်တောင်တော်ကို ရစ်ခွေစီးဆင်းသော အဿကဏ်နဒီခေါ် သံလွင်မြစ်ဝယ် အဓိဋ္ဌာန်ဖြင့် ရုပ်ပွားတော်များ
မျောလာရာ လူအများက ဆယ်ယူပင့်ဆောင်ကိုးကွယ်ကြသည်။ ထိုသို့ မျောလာသော ရုပ်ပွားများကို ဆယ်ယူကိုးကွယ်၍ ကလွန်လောင်ယွာ-ဟု
ဘွဲ့အမည်ပေးသည်။ လမွန်းကညာ -ဟုခေါ် တွင်စေ၍ လူနေအိမ်ခြေများလာသောခါ လမွန်ကညာ၊ ထိုမှ လမွန်ညာ၊
ထိုမှ လွန်းည-ဟုခေါ်လာခဲ့ကြ သည်။ (ဦးဇာဂရ =
ဖားအံမြို့ရွှေယဉ်မျှော်ဘုရား၊ဖားနဂါးသမိုင်းစာအုပ်)
အဿကဏ်နဒီခေါ်
သံလွင်မြစ်မှ မျောလာသောရုပ်ပွားတော်ငါးဆူကို စေတီတည်ရာမှ ကရင့်စကား ကလွန်လောင်ယွာခေါ်
ငါးဆူဝပ်မှီလွန်းညစေတီခေါ်တွင်လာခဲ့သည်။ (မန်းသင့်နောင်(ကော့ကရိတ်)
= ကရင်ပြည်နယ်အလှ)
လွန်းညရွာအနီး
ပတ်ဝန်းကျင်စေတီတော်များတွင် ရှေးဟောင်းလက်ရေးစင်းအမှတ်အသားပါသော အုတ် ချပ်များ၊ ရှေးပစ္စည်းအသုံးအဆောင်များကို
တွေ့ရသဖြင့် ရှေးဟောင်းသမိုင်းဝင် စေတီဖြစ်ကြောင်း သိရ သည်။
နှုတ်ပြောအဆိုတစ်ခုတွင်
ရှေးအခါက လူနေအိမ်ခြေမရှိသေးသော ကုန်းမြေနေရာတွင် ရသေ့တစ်ပါး တရားအားထုတ်နေထိုင်သည်။
တရားအားထုတ်ပြီး၍ ခုနစ်ရက်မြောက်သောနေ့တွင် နတ်သိကြားဖန် ဆင်းသော စေတီငယ်ငါးဆူသည် ရေမှစုန်ချီဆန်ချီ
မျောလာနေသည်။ ရသေ့ကြီးက ဤရုပ်ပွားတော်များ သည် ငါနှင့်ထိုက်တန်လျင် ကမ်းခြေသို့ကပ်ရောက်ပါစေသား-ဟု
အဓိဋ္ဌာန်ရာ ရုပ်ပွားတော်များ ကပ်ရောက် လာကြသည်။ ရသေ့ကြီးက နောင်အခါတွင် လူနေအိမ်ခြေများလာလိမ့်မည်၊
ထိုသို့များပြားလာခဲ့လျှင် ပူဇော်စရာ စေတီပုထိုးလိုအပ်လိမ့်မည်ကို သိသဖြင့် ရုပ်ပွားငါးဆူကို
ဌပနာ၍ စေတီတစ်ဆူတည်ခဲ့သည်။ ကလွန်လောင်ယွာ-ဟုလည်း အမည်ပေးခဲ့သည်။ စေတီတော်မှ မကြာခဏ
ရောင်ခြည်တော်လွှတ်လေ့ ရှိသည်- ဟုလည်း ဆိုကြသည်။
အခြားအဆိုတစ်ခုတွင်
လွန်ညစေတီ၏ တည်နေရာသည် ရှေးအခါက မြစ်ချောင်းအင်းအိုင်များ ၀န်းရံနေကြ သည်။ မွန်၊ကရင်အမျိုးသားတို့
နေထိုင်ကြပြီး ရွာတစ်ရွာ၏အကြီးအကဲ ကရင်ခေါင်းဆောင်ကြီးသည် ကတိ သစ္စာတည်၍ ရတနာသုံးပါးလေးစားယုံကြည်သူဖြစ်သည်။
ထိုအချိန် သီဟိုဠ်ဘုရင် ဒေ၀ါနံပိယတိဿမင်း သည် ဘုရားရှင်ကို မဖူးလိုက်ရသူတို့က ဘုရားဖူးနိုင်စေရန်
သိကြားပေးသော ရုပ်ပွားလေးဆူကို ဖောင် တစ်မျိုးစီဖြင့် မျှောလိုက်လေသည်။ ထိုလေးဆူအနက်
ကျွန်းဖောင်ဖြင့် မျှောလိုက်သော ရုပ်ပွားတော်သည် ဂျိုင်းမြစ်ကိုဆန်တက်ကာ ခွတ်လွန်ယူးသီ့ခေါ်
လွမ်းဖွယ်တောင်အနီးသို့ ရောက်ရှိလာသည်။ ခေါင်းဆောင် ကြီးသည် ထိုညတွင် အသင်တို့အား ချီးမြင့်ရန်
ငါဘုရားကြွလာ၏၊ သင်တို့ကိုးကွယ်နိုင်မည်လော-ဟု အိပ် မက်မြင်မက်လေသည်။ အိပ်မက်အရ နံနက်မိုးသောက်သောအခါ
လာရောက်ဆယ်ယူသော်လည်း မရွှေ့ သဖြင့် သစ္စာဆိုပင့်ပါမှ ရွေ့တော့သည်။ ထိုသို့ပင့်ဆောင်ယူရခြင်းကို
အကြောင်းပြု၍ ပိုးကရင်စကားဖြင့် လမွန်းကညာ၊ ထိုမှ လမွန်းညာ၊ ထိုမှ လွန်းညာ-ဟု ပြောင်းလာကာ
မြန်မာစကားဖြင့် လွန်းည-ဟု ခေါ် တွင်လေသည်။ သမိုင်းစာတွင် သာသနာ ၂၃၇၊ သီတင်းကျွတ်လပြည့်-တွင်
ထီးတော်တင်သည်ဟု ပါရှိ သည်။
ရာဇ၀င်ထဲက လွန်းည
၁။နန်းရွှေကျင်နှင့်လွန်းည = (ဆဒ္ဒန်ဂူသမိုင်းတွင် မိမိရေးခဲ့ပြီဖြစ်၍
ထိုတွင်ရှုပါ)
၂။မုတ္တမမင်းသား+ဒုံရင်းမင်းသမီးတို့နှင့်
လွန်းည
အခါတစ်ပါး
မုတ္တမမင်းသားသည် နှစ်စဉ်ကျင်းပလေ့ရှိသော လွန်းညဘုရားပွဲတော်သို့ လာရောက်လေသည် ။ ထို့အတူ
ဒုံရင်းမြို့စား၏သမီး နန်းဖော့တိန်းငါ့ (စကားစိမ်းပန်း) မင်းသမီးသည်လည်း ထိုပွဲတော်သို့
လာရောက်လေသည်။ စတွေ့ကတည်းက ခင်မင်၍ ကြာသော် လူငယ်သဘာဝချစ်သူဖြစ်သွားကြသည်။ မိဘများက
သိလေလျှင် မုတ္တမမင်းသားဖက်မှ အဆင့်တန်းချင်းမတူဟုဆိုကာ မင်းသားလေးကို သွားခွင့် မပြုတော့ပေ၊
မင်းသမီးဖက်မှလည်း သူတို့သဘောမတူလျှင် ငါတို့က ဘာကြောင့်ခွင့်ပြုရမည်နည်း- ဆိုကာ ခွဲထားလိုက်ကြသည်။
တစ်နှစ်တွင် မထင်မှတ်ပဲ ပြန်လည်ဆုံတွေ့ကြရာ ချစ်သူနှစ်ဦးတို့သည် လွမ်းစေတီ၏ - မြောက်ဖက်ရှိ
ခွတ်လွန်ယူးသီ့ခေါ် လွမ်းဖွယ်တောင်သို့ ထွက်ပြေးကြရာ ယင်းနေ့မှစ၍ မည်သို့ပင် ရှာဖွေ ကြသော်ငြား
သတင်းကလေးမျှပင် မရကြတော့ချေ။
၃။သထုံမင်းသား+ယိုးဒယားမင်းသမီးတို့နှင့်
လွန်းည
အခါတစ်ပါး
သထုံမင်းသားသည် ယိုးဒယားမင်းသမီး (ဟာရီဘုဉ္ဇနွယ်)ကို ဆောင်ယူထွက်ပြေးလာသည်။ ယိုးဒယားစစ်သည်များ
မမီအောင်လည်း ထွက်ပြေးရခြင်းဖြစ်ရာ လွန်စွာပင်ပန်းကြသည်။ လမ်းခရီး တစ်လျှောက် နေပြည်တော်မရောက်မီ
လွန်းညတောင်ခြေတွင် ခေတ္တနားကြသည်။ မင်းသမီးလေးက လွန်စွာပင်ပန်းလှသဖြင့် ထိုနေရာတွင်ပင်
အပြင်းဖျားကာ ကံတော်ကုန်လေသည်။ လွန်စွာစိတ်ထိခိုက် လှသော မင်းသားလေးသည် လွန်းညတောင်ခြေတွင်ပင်
မီးသင်္ဂြိုဟ်ပြီး ခွတ်လွန်ယူသီ့ (လွမ်းဖွယ်တောင်) တွင် စေတီတစ်ဆူတည်ထားခဲ့သည်။
၎။နန်းရွှေလှဖော့၏ ခမည်းတော်နှင့် လွန်းည
ရှေးအခါက
ကော့နန်းသာရွာတွင် နန်းစိုက်သော ဒုံရင်းဘုရင်တစ်ပါးတွင် အလွန်လှပသော နန်းရွှေလှဖော့ မည်သော
သမီးတော်တစ်ပါးရှိသည်။ နန်းရွှေလှဖော့သည် မုတ္တမမင်းသားနှင့် လွန်းညဘုရားပွဲတွင် တွေ့ဆုံ ချစ်ကြိုက်သဖြင့်
အတူပေါင်းဖက်ကာ သျှောင်နောက်ဆံထုံးပါဟူသည်နှင့်အညီ မုတ္တမသို့ လိုက်ပါနေ ထိုင်လေသည်။
ခမည်းတော် ဒုံရင်းဘုရင်သည် သမီးတော်ကိုလွမ်းလှသဖြင့် တောင်ထိပ်တောင်ပေါ်တစ်နေ ရာသို့
လွမ်းစိတ်ဖြေလေ့ရှိသည်။ ထိုနေရာသည် ဇွဲကပင်တောင်တော် အနောက်ဖက်ခြမ်း အောက်ရေတံခွန် စခန်း
တစ်နေရာတွင် ယနေ့တိုင် တည်ရှိသည်-ဟု ဆိုကြသည်။
၅။ချစ်သူနှစ်ဦးနှင့် လွန်းည
အခါတစ်ပါး
ကရဏ္ဏကတိုင်းသားတို့နှင့် ယောနက(ယိုးဒယား)တို့ စစ်ဖြစ်ကြရာ ယောနကတို့
စစ်ပြန်ဆုတ် သည့်အချိန်တွင် သံလွင်မြစ်အရှေ့အနောက်တွင် နေကြသော
ဒေသခံတိုင်းရင်းသားတို့ကို စစ်သုံ့ပန်း အဖြစ် ဖမ်းဆီးသွားကြသည်။ ထိုစစ်သုံ့ပန်းများထဲမှ လွန်စွာချစ်ကြသော
မောင်မယ်နှစ်ယောက်လည်း ပါလေသည်။ ချစ်သူနှစ်ဦးသည် ယောနကတို့အလစ်တွင် ထွက်ပြေးကြရာ ချစ်သူကောင်မလေးကို
ပြန် လည်ဖမ်းမိသွားလေသည်။ ကောင်လေးရောက်လာလျင် သိရှိနိုင်ရန် ဆံထုံးကိုဖြတ်၍ အမှတ်အသားဖြစ်ရန်
ပစ်ချထားခဲ့သည်။ ကောင်လေးရောက်လာချိန်တွင် ယောနကတို့က စစ်သုံ့ပန်းများကို အဝေးသို့ဆောင် ယူပြီဖြစ်ရာ
ဘာမျှမတတ်နိုင်ပဲ ရင်ကွဲလုမတတ်ပြေးလွှားနေခဲ့ရသည်။ ညချမ်းတွင် လွမ်းဖွယ်တောင်သို့ တက်ကာ
မျှော်၍ကြည့်သည်မှာ ညလုံးပေါက်ဖြစ်သည်။ တစ်ရံတစ်ခါ ကရင်စောင်းကောက်ကို တီးခတ်အလွမ်းဖြေလေ့ရှိသည်။
ရက်လတို့ကြာသော် ရင်ကွဲနာကျ၍ သေဆုံးရတော့သည်။ နောင်သော အခါ စစ်သုံ့ပန်းတို့ကို ပြန်လွှတ်သည့်အချိန်တွင်
ချစ်သူကောင်မလေးလည်း ပါလေသည်။ သို့သော် အချိန်နှောင်းခဲ့ပြီဖြစ်ရာ ရင်ကွဲနာကျ၍ သေဆုံးပြီဖြစ်သည့်
ကောင်လေးကိုမြှုပ်ထားသော နေရာ အရောက် တွင် ရုတ်ချည်းရင်ကွဲနာကျ၍ သေပွဲဝင်ရတော့သည်။ နောင်အခါ
ချစ်သူနှစ်ဦးအတွက် လွမ်းစေတီတစ်ဆူ တည်ပေးကြသည်။ ရှေးက ညအချိန်တွင် လွမ်းစေတီအနား စောင်းကောက်သံကြားရသည်-ဟု
ဆိုသည်။
လွမ်းညနှင့် ထူးသည့်နေရာ
၁။ငါးကျိပ်ငါးလီရွှေစေတီ = စေတီတော်ကို စေတီငယ် ၄၇-ဆူရံထားပြီး သီးခြားစေတီရှစ်ဆူတို့လည်း ရှိသည်။
၂ကလွန်လောင်ယွာစေတီငါးဆူ = ရုပ်ပွားတော်ငါးဆူကို မည်သည့်စေတီတွင်
ဌပနာထားသည်ကို မသိစေ ရန် ပုံသဏ္ဍာန်မတူအောင် ငါးဆူတည်ထားသည်။ အသီးသီး ဥာဏ်တော်ခုနစ်တောင်ရှိသည်။
လွန်းည တွင် ရှေးအကျဆုံးဖြစ်သည်။
၃။အိမ်ကမလန့်-သိကြားမင်းရေတွင်း = ကလွန်လောင်ယွာစေတီတည်စဉ်က လူအများအသုံးပြုနိုင်ရန်
သိကြားမင်းမှ ရေတွင်းတစ်တွင်းတူးခဲ့သည်-ဟုဆိုသည်။ ရေတွင်းမှရေတို့သည် သန့်ရှင်းစရာမလိုပဲ
အမြဲ သန့်နေသည်။ သောက်သုံးလျှင် ရောဂါကင်းသည်။ မိန်းကလေးတို့ ခပ်သောက်မရပေ၊ ယောက်ျားလေးတို့
ခပ်ပေးမှ သောက်ရသည်။ အကြောင်းမသိသဖြင့် ဘုရားဖူးထဲမှ မိန်းကလေးခပ်သောက်သဖြင့် အခါမဲ့
မိုးရွာခြင်း၊ မိုးကြိုးပစ်ခြင်းတို့ နှစ်ကြိမ်ဖြစ်ခဲ့ဖူးသည်။
၎။ဓာတ်တော်ပျံစေတီ = ဥာဏ်တော် ၁၇-တောင်ရှိပြီး ရှေးက
ရောင်ခြည်တော် မကြာမဏကွန့်မြူး သည်ဟု ဆိုသည်။
၅။နောင်တော်ကြီး (ကလွန်ဗွဲဘူ-အောင်မြေနင်း)စေတီ = ရှေးက စစ်ချီခြင်း၊ ခရီးသွားခြင်းမပြုမီ
လာရောက်ကန်တော့ပြီးမှ သွားကြသည်။ ယနေ့ခေတ်တွင်လည်း စာမေးပွဲဖြေခါနီးစသည်အချိန်တွင်
လာရောက်ကန်တော့လေ့ရှိသည်။ ဆုတောင်းပြည်သည်ဟုဆိုသည်။
၆။ရာဇ၀င်နဲ့ခေါင်းလောင်း = စေတီဝင်းအရှေ့ဖက် စေတီခြေရင်းတွင်
ပိဿာချိန် ၁၃၀-ရှိသော ကြေး -ခေါင်းလောင်းရှိ၍ ခေါင်းလောင်းစာများ ရေးထားသည်။ စေတီတော်အကြောင်းတစ်စိတ်တစ်ဒေသကိုလည်း
တွေ့ရသည်။ ခေါင်းလောင်းစာတွင် အလှူရှင်ကိုမရေးပဲ ရွာပေါင်း ၆၃-ရွာကိုရေးထားပြီး ထိုရွာများသည် ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့မှ ရွာ များဖြစ်ကြသည်။
ဤစာအုပ်ကို
မန်းသင့်နောင် (ကော့ကရိတ်)ရေးသည့် လွန်းညစေတီတော်ဟူသော စာအုပ်မှ ထုတ်နှုတ်ရေးသားပါသည်။
No comments:
Post a Comment