ဒီဆိုက်ဒ်ထဲက စာတွေက ၀ါသနာအရ အားတဲ့အချိန်မှာ ရေးသားခြင်း ဖြစ်ပါတယ်။ စာအုပ်တွေကို အရင်ကတည်းက တွေ့တဲ့ဆိုက်ဒ်တွေကနေ Download ဆွဲထားခဲ့ပါတယ်။ ဒီကို ပြန်တင်မယ်ဆိုပြီး ရည်ရွယ်ရင်းမရှိခဲ့ပါ။ ဒါကြောင့် ခုလိုပြန်တင်ဖြစ်သွားတော့ ယူခဲ့တဲ့ဆိုက်ဒ်တွေကို မမှတ်မိတော့ပါဘူး။
Showing posts with label ဘာသာရေးအမေးအဖြေ. Show all posts
Showing posts with label ဘာသာရေးအမေးအဖြေ. Show all posts

Saturday, February 2, 2013

ပဋ္ဌာန်းအမေး-အဖြေ

Unknown | 6:55 PM | Be the first to comment!
ဘာကြောင့်ပဋ္ဌာန်းလို့ခေါ်သလဲ
နာနပ္ပကာရာ ပစ္စယာ၊ နာနာဝိဘဇနာနိ ၀ါ။
နာနာဂမနာ ၀ါ ဧတ္ထ၊ ပဋ္ဌာနံ တေန ၀ုစ္စတိ။
အမျိုးမျိုးသောအကြောင်း၊ အမျိုးမျိုးသော ဝေဖန်မှု၊ အမျိုးမျိုးသော ကျက်စားရာနေရာဆိုတဲ့ သုံးမျိုးသော အကြောင်းကြောင့် ပဋ္ဌာန်းမည်ပါတယ်။


ဘယ်သူ့ကို ဟောတာလဲ
မာတရံ ပမုခံ ကတွာ၊ တဿာ ပညာယ တေဇသာ။
အဘိဓမ္မကထာ မဂ္ဂံ၊ ဒေ၀ါနံ သမ္ပ၀တ္တယိ။
မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုသိတနတ်သားကို အမှူးပြု၍ နတ်၊ဗြဟ္မာများကို ဟောခဲ့သည်။

 ဘယ်အချိန်ဆင်ခြင်ခဲ့တာလဲ
မဟာသက္ကရာဇ် ၁၀၃၊ဘုရားဖြစ်ပြီး ၂၁ ရက်အလွန် ၂၂ ရက်မှစ၍ ရတနာဃရ စတုတ္ထသတ္တာဟ၌ စံနေတော်မူခိုက် အဘိဓမ္မာခုနစ်ကျမ်းကို ဆင်ခြင်တော်မူပါတယ်

ဘာတွေထူးလဲ
ဓမ္မသင်္ဂဏီ၊၀ိဘင်း၊ဓာတုကထာ၊ပုဂ္ဂလပညတ်၊ကထာဝတ္ထု၊ယမိုက်ဆိုတဲ့ အဘိဓမ္မာရှေ့ ၆ပိုင်းကို သုံးသပ်တော်မူစဉ် မည်သည့်ရောင်ခြည်တော်မှ ထွက်တော်မမူပဲ ပဋ္ဌာန်းကျမ်းကို သုံးသပ်တော်မူသော အခါ ရောင်ခြည်တော် ၆သွယ်သည် စကြာဝဠာအနှံ့ ကွန့်မြူးတော်မူခဲ့သည်။

သက်တော်ဘယ်အရွယ်မှာဟောသလဲ
၆၀ါအလွန် ၇၀ါအရောက် သက်တော် ၄၂-တွင် ဟောသည်။

ဘယ်နေရာမှာဟောသလဲ
ပင်လယ်ကသစ်ပင်ရင်း ပဏ္ဍုကမ္ဗလာကျောက်ဖျာထက်ဝယ် ဟောတော်မူခဲ့ပါသည်။

မည်သူကပြန်လည်ဖြန့်ဖြူးခဲ့ပါသလဲ
ဘုရားရှင်သည် အရှင်သာရိပုတ္တရာအား ဟောတော်မူသည်မှာ အကျဉ်းမျှသာဖြစ်၏။ တစ်ဆင့်ပြန်လည် အကျယ်ချဲု့၍ အရှင်သာရိပုတ္တရာမှ ဖြန့ဖြူးခဲ့ပါသည်။

ပဋ္ဌာန်း ၂၄ ကျမ်းကို ဘယ်လိုရေတွက်မလဲ
ဓမ္မအနုလုံတွင် တိကပဋ္ဌာန်း၊ ဒုကပဋ္ဌာန်း၊ ဒုကတိကပဋ္ဌာန်း၊ တိကဒုကပဋ္ဌာန်း၊ တိကတိကပဋ္ဌာန်း၊ ဒုကဒုကပဋ္ဌာန်းအားဖြင့် ၆ကျမ်း။
ဓမ္မပစ္စနိက်တွင် အလားတူ ၆ကျမ်း။
ဓမ္မအနုလောမပစ္စနိတ်တွင် အလားတူ ၆ကျမ်း။
ဓမ္မပစ္စနိယာနုလောမတွင် အလားတူ ၆ကျမ်း။ ပေါင်း ၂၄ ကျမ်း။

တိကပဋ္ဌာန်းစသည်ဟူသည်
တိက် ၂၂ တိက်ကို မူတည်ဟောသောကျမ်းကို တိကပဋ္ဌာန်းမည်၏။
ဒုက် ၁၀၀ကို မူတည်ဟောသောကျမ်းကို ဒုကပဋ္ဌာန်းမည်၏။
ဒုက် ၁၀၀ကို မူတည်၍ ၂၂တိက်ကို မူလီသွတ်ဟောသောကျမ်းကို ဒုကတိကပဋ္ဌာန်းမည်၏။
တိက် ၂၂တိက်ကို မူတည်၍ ဒုက် ၁၀၀ကို မူလီသွတ်ဟောသောကျမ်းကို တိကဒုကပဋ္ဌာန်းမည်၏။
တိက် ၂၂တိက်ကို မူတည်၍ တိက် ၂၂တိက်ကို မူလီသွတ်ဟောသောကျမ်းကို တိကတိကပဋ္ဌာန်းမည်၏။
ဒုက် ၁၀၀ကို မူတည်၍ ဒုက် ၁၀၀ကို မူလီသွတ်ဟောသောကျမ်းကို ဒုကဒုကပဋ္ဌာန်းမည်၏။

တိကပဋ္ဌာန်းစသည်အရေအတွက်
ဓမ္မအနုလုံ၌ = ၃၂၃၀၀။
တိကပဋ္ဌာန်း = ၂၂။
ဒုကပဋ္ဌာန်း = ၁၀၀။
ဒုကတိကပဋ္ဌာန်း = ၆၆၀၀။
တိကဒုကပဋ္ဌာန်း = ၄၄၀၀။
တိကတိကပဋ္ဌာန်း = ၁၃၈၆။
ဒုကဒုကပဋ္ဌာန်း = ၁၉၈၀၀။
ဓမ္မပစ္စနိက်၌ = ၃၂၃၀၀။
ဓမ္မအနုလောမပစ္စနိက်၌ = ၃၂၃၀၀။
ဓမ္မပစ္စနိယာနုလောမ၍ = ၃၂၃၀၀။ ပေါင်း = ၁၂၉၂၃၂။ Print Friendly and PDF

ခန္ဓာဘုရားလား ဥာဏ်ဘုရားလား?

Unknown | 6:36 PM | Be the first to comment!
ဘုရားရှင်ဟာ ခန္ဓာဘုရားလား ဥာဏ်ဘုရားလား?
ဘုရားရှင်သည် လူသားဇာတ်တစ်ဦးဖြစ်ပါတယ်။ လူတွေခန္ဓာကိုယ်လို ဘုရားရှင်မှာလဲ ခန္ဓာကိုနဲ့ပါပဲ၊ သို့သော် ဘုရားရှင်ရယ်လို့ အမည်ရခြင်းသည် သဗ္ဗညုတဥာဏ်တော် တည်နေလို့ပါပဲ။ ဘုရားရှင်၏ သန္တာန်သို့ သဗ္ဗညုတဥာဏ်တော် မရောက်မီက ငါသည် ဘုရားဖြစ်၏လို့ ၀န်ခံတော်မမူခဲ့ပါဘူး။ သဗ္ဗညုတ ဥာဏ်တော်ကို ရပြီးမှသာ ဘုရားရယ်လို့ မိမိကိုယ်ကို ၀န်ခံတော်မူခဲ့ပါတယ်။ ဒါပေမယ့် သဗ္ဗညုတ ဥာဏ်တော်ဟာ ဒီအတိုင်းကြီးတည်နေတာမဟုတ်ဘူး ခန္ဓာကိုယ်တော်ကို မှီပြီတည်နေတာပါ။ ကော်နဲ့ ကပ်ထားသလိုမျိုးတည်နေတဲ့ သြပသိလေသိကာ-တည်နေပုံမျိုးမဟုတ်ဘူး။ အရာမျှလောက်တည်နေတဲ့ ၊ ဝေသယိက-တည်နေပုံမျိုးလည်းမဟုတ်ဘူး။ အနီးကပ်တည်နေတဲ့ သာမီပိယာ-တည်နေပုံမျိုးလဲ မဟုတ်ဘူး။ ခန္ဓာကိုယ်တော်တစ်ခုလုံးကို မွှမ်းထုံးပြီးတည်နေတဲ့ ဗျာပိကာ-တည်နေပုံမျိုးဖြစ်တယ်။ ဥပမာအနေနဲ့ လောကမှာ အမွှေးနံ့အထုံလိုပဲ။ အမွှေးထုံကို လိုချင်တဲ့သူဟာ နံ့သာတုံးကို ယူလိုက်တယ် ဆိုပါစို့၊ အဲဒီနံ့သာခဲကို သူလိုချင်တာတော့မဟုတ်ဘူး။ အမွှေးနံ့သာကိုလိုချင်တာ။ ဒါပေမယ့် အနံ့ရဲ့ တည်ရာ နံ့သာတုံးကိုပါယူရတယ်။ အဲဒီလိုပဲ ဘုရားလို့ဆိုလိုက်တာနဲ့ ဥာဏ်တော်ရဲ့တည်ရာ ခန္ဓာတော်ကိုပါ ကောက်ယူရပါတယ်။

ဥာဏ်တော်သာဘုရားလို့ ဆိုလိုက်ရင် ဒေ၀ဒတ်က ဘုရားရှင်ကို သွေးစိမ်းတည်အောင်လုပ်တာ အနန္တရိယကံထိုက်စရာ အကြောင်းမရှိဘူး။ ဓါတ်တော်မွေတော်တွေကို ပူဇော်တာလည်း အကျိုးမရှိဘူး။ အဲလိုဖြစ်သွားလိမ့်မယ်။ အဲလိုယူပြီး ဖျက်ဆီးမှုတွေလုပ်ရင် ပဉ္စာနန္တရိယကံလောက်နီးပါး အပြစ်ဖြစ်လိမ့်မယ် ဘာဖြစ်လို့ အဲဒီလိုပြောတာလဲဆိုရင် ပေတ၀တ္ထုအဋ္ဌကထာ ၁၉၆-၇ မှာ အဇာတသတ်မင်းကြီးက ဘုရားရှင်ရဲ့ ဓါတ်တော်များကို အမွေရပြီးတဲ့အခါ ခုနစ်နှစ်၊ခုနစ်လ၊ခုနစ်ရက်လုံး ပူဇော်တဲ့အခါ ကြည်ညိုတဲ့သူတွေက နတ်ပြည်ရောက်ကြပြီး မကြည်ညိုပစ်မှားကြတဲ့ သူတွေက ပြိတ္တာဖြစ်ကြရတယ်တဲ့။
ဒါဆိုရင် အဖြေကတော့ ဘုရားဆိုတာ ခန္ဓာရောဥာဏ်ရောကို ဆိုလိုတာလို့ မှတ်ယူနိုင်ပါပြီ။

တည်တောဆရာတော်၏ ဗုဒ္ဓ၀ါဒဆိုင်ရာအမေးအဖြေများ (၁)ကို ကောက်နှုတ်ရေးသားသည်။
အရှင်က၀ိန္ဒ(ချောင်းဆုံ)
Print Friendly and PDF

Friday, February 1, 2013

မိမိအိမ်မှာသီလခံယူချင်သလား?

Unknown | 12:32 AM | Be the first to comment!
အဲဒီလိုမေးခွန်းထွက်ပေါ်လာတာ ရိုးရိုးသားသားထွက်ပေါ်လာတာလည်း ဖြစ်နိုင်သလို မရိုးမသားဖြစ်ပေါ်လာတာလည်း ဖြစ်နိုင်ပါတယ်။ ဗုဒ္ဓဘုရားရှင်ခေတ်က ဘုရားဆီကို သီလသွားခံယူတဲ့ ၀ိသာခါ၊ အနာထပိဏ်တို့လို ဒါယိကာ၊ဒါယိကာမတို့ ရှိခဲ့တာ အထင်အရှားဖြစ်လို့ပါပဲ။ ဒါပေမယ့် ခုနက မေးခွန်းကို ပြန်ကောက်ရင် အဲဒီမေးခွန်းဖြစ်ပေါ်ရာသည် ပတ်ဝန်းကျင်နဲ့လဲ ဆိုင်ပါတယ်။ ခေါင်းပါးတဲ့အရပ်လဲ ဖြစ်နိုင်တယ်။ ဘုန်းကြီးမရှိတဲ့ သို့မဟုတ် ဘုန်းကြီးမမြဲတဲ့ အရပ်ဒေသလဲ ဖြစ်နိုင်ပါတယ်။ အဲလိုမျိုးအရပ်မှာ ဘုန်းကြီးဆီ သီလခံယူတာဟာ အဓိပ္ပါယ်မရှိဘူး-လို့ ပြောတာမဆန်းပါဘူး။
သီလဆိုတာ မိဘကျင့်ဝတ်စတဲ့ မကျင့်မနေရ၊ မကျင့်ရင် အပြစ်ဖြစ်ပြီး ဘယ်သူ့ဆီမှ တောင်းခံဖို့မလိုတဲ့ စာရိတ္တသီလနဲ့ ၀ါရိတ္တသီလဆိုပြီး နှစ်မျိုးရှိတယ်။ ၀ါရိတ္တသီလက နှစ်မျိုးရှိတယ်။ ငါးပါးသီလဆိုတဲ့ ၀ါရိတ္တသီလကျတော့ သူတစ်ပါးထံ တောင်းသည်ဖြစ်စေ မတောင်းသည်ဖြစ်စေ လိုက်နာရမယ့် သီလမျိုးဖြစ်တယ်။ ရှစ်ပါးသီလဆိုတဲ့ ၀ါရိတ္တသီလကျတော့ စာရိတ္တ၊၀ါရိတ္တ နှစ်ပါးရောနေတာဖြစ်တယ်။ ၀ိရတီအနေနဲ့ပြောရရင် အရိယာတို့ရဲ့ အရာသာဖြစ်တဲ့ သမုစ္ဆေဒ၀ိရတီကိုချန်ထား ပုထုဇဉ်တို့အရာဖြစ်တဲ့ သမ္ပတ္တ၀ိရတီဆိုတာ ခံယူဆောက်တည်စရာ မလိုတဲ့သီလဖြစ်တယ်။ သမာဒါန၀ိရတီဆိုတာ ခံယူဆောက်တည်ရတဲ့ သီလဖြစ်တယ်။ အကျိုးအားဖြင့်လည်း အခွင့်ကြုံမှ သီလကိုဖြစ်စေတဲ့ သီလထက် ခံယူတဲ့အချိန်ကစပြီး သီလကုသိုလ်ဖြစ်နေတဲ့ သီလက ပိုပြီး အကျိုးကြီးပါတယ်။ သီလခံယူရာမှာ ရတနာသုံးပါး၊ဆရာသမားထံခံယူဖို့ အခွင့်မသာရင်တော့ နာလကမထေရ်၊ မဟာကဿပထေရ်တို့လို ရတနာသုံးပါးကိုရည်စူးပြီး ခံယူရင်တော့ရပါတယ်။ အခွင့်သာရင်တော့ ရတနာသုံးပါး ဆရာသမားထံ ခံယူသင့်ပါတယ်။ ပိုပြီးတော့ လေးနက်တာပေါ့။ ဘာလို့လဲဆိုရင် မိမိဘာသာဆောက်တည်ရင် မိမိတစ်ဦးတည်းသာ ငဲ့ကွက်စရာရှိတဲ့အတွက် ဖေါက်ဖျက်ဖို့ ၀န်မလေးပါဘူး။ ရတနာသုံးပါးဆရာသမားထံမှာ ခံယူထားရင်တော့ ကျူးလွန်တော့မယ်ဆိုရင် ငဲ့ကွက်စရာရှိလို့ မကျူးလွန်ဖြစ်ပဲ နောက်ဆုတ်သွားနိုင်တဲ့အတွက် ပိုပြီးလေးနက်ပါတယ်။
ဥပုသ်သီလကျတော့ ဥပေါသထဆိုတဲ့အတိုင်း ဥပုသ်နေ့မှာ ရဟန်း သို့မဟုတ် ရဟန်းမထံ ချဉ်းကပ်ပြီး တစ်ပါးစီဖြစ်စေ၊ ပေါင်းပြီးဖြစ်စေ ခံယူရပါမယ်။ တစ်ပါးစီခံယူထားရင် တစ်ပါးကျိုးပျက်တဲ့အခါ ကျန်တဲ့ သီလတွေကျန်သေးပေမယ့် ပေါင်းပြီးခံယူထားရင် တစ်ပါးကျူးလွန်ရင် အကုန်ကျိုးပျက်ပါတယ်။ မဟာဇနက မင်းသားဟာ သင်္ဘောပျက်တော့ ဥပုသ်နေ့ဖြစ်လို့ ပါးစပ်ကို ဆားငန်ရေနဲ့ဆေးပြီး ဥပုသ်စောင့်တယ်လို့ စာမှာရှိပေမယ့်လို့ ၀စီဘေဒေါ ပန ကာတဗ္ဗောယေ၀ ဆိုပြီး ဧ၀သဒ္ဒါနဲ့ ပြထားတဲ့အတွက်ကြောင့် ဥပုသ်စောင့်တဲ့အခါ စိတ်နဲ့စောင့်လို့မရဘူး။ နှုတ်ကမြွက်ဆိုဆောက်တည်ရပါမယ်။ အဲဒါမှ ဥပုသ်အရာမြောက်ပါမယ်။
ဥပုသ်သီလဆိုတာ အရိယာတွေ အပြည့်အ၀ကျင့်သုံးတဲ့ သီလပါပဲ။ ဘုရားကိုယ်တိုင်ကလည်း လူတွေက ရဟန္တာများလိုပဲ ရှစ်ပါးသီလကို စောင့်လိုတဲ့အတွက် ခံယူကျင့်သုံးခြင်းဖြစ်တယ်လို့ တိကင်္ဂုတ္တရပါဠိ ၂၁၁-မှာ မိန့်ပါတယ်။ လူတွေဟာ ဘယ်လောက်ပဲ ခန္ဓာကိုယ်စင်ကြယ်ပါစေ၊ ဖုန်ထူတဲ့လမ်းမှာနေရင် ညစ်ပတ်ကုန်မယ်။ အဲဒီလိုပဲ အိမ်မှာနေပြီးဥပုသ်စောင့်တာထက်စာရင် ဘုရားကျောင်းကန်မှာပဲ ဥပုသ်စောင့်ပြီးနေထိုင်သင့်တယ်။ အိမ်မှာပြန်နေလို့ သီလမကျိုးရင် အပြစ်တော့မဖြစ်ပါဘူး။
အချို့ပုဂ္ဂိုလ်တွေဟာ ဥပုသ်စောင့်ပြီး ညကျတော့ ဗိုက်ဆာလို့ဆိုပြီး ဥပုသ်ချပြီး ထမင်းစားကြသတဲ့။ အဲဒီလို ပုဂ္ဂိုလ်မျိုးကတော့ အတော်အားနည်းတဲ့ ဥပုသ်သည်လို့ဆိုရပါမယ်။ သူဟာ သီလခံယူကတည်းက သမာဓိယာမိဆိုတာပါပြီးသားပဲ၊ သူ့ဆိုလိုချက်က ကျင့်သုံးဆောက်တည်မယ်လို့ ယခုတောင်းခံတဲ့တရားကို ကျင့်ပါမယ်၊ ကျင့်ပြီး သီတင်းသုံးနေထိုင်ပါမယ်၊ ဤတရားကို လုံ့လပြုပြီး ရှောင်ပါ့မယ်၊ ရှောင်ကြဉ်ပါမယ်လို့လဲ လေးနက်စွာ အဓိဋ္ဌာန်ပါတယ်-လို့ ဆိုလိုပါတယ်။ အဲဒီလိုဆိုထားရဲ့သားနဲ့ ချိုးဖေါက်ရင် အောက်တန်းကျတဲ့သူ၊ ယုံဖို့မကောင်းတဲ့သူဆိုတဲ့ အဓိပ္ပါယ်သက်ရောက်ပြီး သစ္စာရေသောက်ရင်း သေးပေါက်ရင်းဆိုသလိုဖြစ်တဲ့သူပါပဲ။
တစ်ချို့ကျတော့လဲ အပိုင်းအခြားနဲ့စောင့်ကြတာရှိပါတယ်။ သိက္ခာပုဒ်ဘယ်နှစ်ပါးစောင့်ပါ့မယ်ဆိုတဲ့ သိက္ခာပဒပရိယန္တသီလနဲ့ ကျောင်းဝင်းအတွင်းစောင့်မယ် အိမ်ရောက်တဲ့အထိစောင့်မယ် တစ်ရက်စောင့်မယ် တစ်လစောင့်မယ်စသည်ဖြင့် ကာလကိုပိုင်းပြီးစောင့်တဲ့ ကာလပရိယန္တသီလဆိုပြီး နှစ်မျိုးရှိပါတယ်။ နောက်အပိုင်းအခြားနှစ်မျိုးရှိပါသေးတယ်။ အသက်ထက်ဆုံးကျင့်ပါမယ်လို့ ဆောက်တည်တဲ့ အာပါဏကောဋိကသီလနဲ့ ယနေ့မြန်မာနိုင်ငံမှာ တစ်ရက်၊ တစ်သီတင်း၊ တစ်လစသည်ဖြင့် စောင့်နေကြတဲ့ ကာလပရိယန္တသီလမျိုးဖြစ်ပါတယ်။ ဘယ်လိုသီလမျိုးပဲဖြစ်ဖြစ် သီလစောင့်မယ်၊ ဘယ်ရွေ့ဘယ်မျှ စောင့်မယ်လို့ ကတိပေးထားရင် ပေးတဲ့ကတိအတိုင်းတည်မယ်ဆိုပါက အလွန်အကျိုးကျေးဇူးများပါတယ်။
ကိုးပါးသီလနဲ့ပတ်သက်လို့ တချို့က ကိုးပါးသီလထဲက မေတ္တာတရားဟာ သမာဓိမျိုးဖြစ်တယ်။ မခံယူကောင်းဘူးလို့ ပြောကြတယ်။ ဒါပေမယ့် ဘုရားရှင်က အင်္ဂုတ္ထုရ် န၀ကနိပါတ် သီဟနာဒ၀ဂ် ၁၉၂-မှာ ရဟန်းတို့ ကိုးပါးသီလကိုခံယူရင် အကျိုးကြီးမြတ်တယ်လို့ မိန့်ခဲ့တယ်။ တစ်ခုပြောစရာရှိတာက သီလဆိုတာ ကာယကံမှု၊၀စီကံမှုဖြစ်တယ်။ မေတ္တာကတော့ မနောကံဖြစ်တယ်။ ဒါကြောင့် ရှစ်ပါးသီလကို ခံယူပြီး ကျင့်သုံးတဲ့အခါ ကမ္မဋ္ဌာန်းကို စီးဖြန်းပြီး နေထိုင်သင့်တယ်။ ဘာဖြစ်လို့လဲဆိုရင် ရှစ်ပါးကို ရှောင်ကြဉ်ပုံကို အင်္ဂုတ္ထိုရ် န၀ကနိပတ် န၀င်္ဂုပေါသထသုတ်မှာ ဣမိနာပင်္ဂေန အရဟတံ အနုကရောမိ၊ ဥပေါသထော စ မေ ဥပ၀ုတ္တော ဘ၀ိဿတိ-လို့ဆိုထားပြီး မေတ္တာကိုကျတော့ ဣမိနာ န၀မေန အင်္ဂေန သမန္နာဂတော ဟောတိ-လို့  ဥပေါသထသဒ္ဒါကိုမထည့်ပဲ မိန့်ထားလို့ပါပဲ။ သို့ပေမယ့် ယနေ့ခေတ်မှာ ကိုးပါးလုံးကို ရွတ်ဆိုခံယူကြတယ်။ အဲဒီလိုရွတ်ဆိုတဲ့အတွက် အပြစ်မဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီစီးဖြန်းတဲ့သူဟာ သူ့စိတ်မှာ အကုသိုလ် စိတ်နဲ့ ခံယူရွတ်ဆိုတာမဟုတ်လို့ပါပဲ။ တနည်းပြောရရင် မိမိကျင့်သုံးဖို့အတွက် သက်သေပြုပြောဆိုသလိုလဲ ဖြစ်နေတဲ့အတွက် ပိုပြီးတောင် ခိုင်မာပါတယ်။
မှတ်ချက် = တည်တောဆရာတော်၏ ဗုဒ္ဓ၀ါဒဆိုင်ရာအမေးအဖြေများ (၁)ဟူသော စာအုပ်မှ ကောက်နှုတ် တင်ပြပါသည်။
Print Friendly and PDF

Thursday, January 31, 2013

ဆန္ဒပြတာအာပတ်သင့်သလား?

Unknown | 6:25 PM | Be the first to comment!

(ပါချုပ် ဆရာတော်ဘုရားကြီး၏ စင်္ကာပူ တရားပွဲ (ပ) နေ့တွင် ဖြေကြားသော မေးခွန်း အဖြေလွှာမှ)

မေး ။……….။ တပည့်တော် ရိုသေစွာမေးလျှောက်အပ်ပါသည်ဘုရား၊ ရဟန်းတော်များ လမ်းပေါ်ထွက် ၍ ဆန္ဒပြခြင်းသည် မည်သည့်သိက္ခာပုဒ်များနှင့် ငြိစွန်း နေပါသနည်း။ ( ကိုမြင့်သိန်း (စင်္ကာပူ))

ဖြေ။…………။ ဒီမိုကရေစီ မေးခွန်းဖြစ်တယ်။ (ရယ်သံများ)
ပက္ကာသနိယကံလုပ်တာ အခုရှင်းပြမယ်။ မြို့ထဲမှာ ဆန္ဒပြတယ်ဆိုတဲ့အခါမှာ သင်္ကန်းရုံပြီး ဝိနည်း သိက္ခာပုဒ် မဖောက်ဖျက်ရင်တော့ ဆန္ဒပြတယ်ဆိုတာနဲ့ သိ က္ခာပုဒ်ငြိစွန်းစရာ အကြောင်းမရှိဘူး။ ဆန္ဒ ကိုထုတ်ဖော်တာ အများကို သိအောင် လုပ်တယ်ဆိုတဲ့နေရာမှာ တစ်ခုတော့မှတ်ရမယ်… Strike နဲ့ Riot ကိုကွဲအောင် ကြည့်ရမယ်။ Strike လုပ်တာလား Riot လား Riot ဆိုတာ အကြမ်းဖက်တဲ့ အ ဓိကရုဏ်းလုပ်တာ ဖျက်စီးတာ ဟိုဟာ ဒီဟာတွေ ဖျက်စီးတယ် အဲဒါဆိုရင်Riot လို့ခေါ်တယ်၊ Riot မဟုတ်ဘဲ Strike ဆိုတာ ကိုယ့်ဆန္ဒကို ထုတ်ဖော်ပြ တာပဲ။ ဥပမာ Hungier Strike ဆိုရင် သူ့ဟာသူ အိပ်နေတာပဲလေ အဲဒီတော့ Strike ဆိုရင် အပြစ်ဖြစ်စရာ အကြောင်းမရှိပါဘူး။ ...

ဥပမာတစ်ခု ပြောပြရမယ် ဆိုရင် ဆန္ဒပြတယ်လို့ ခုခေတ်လို ခေါ်ရင်ခေါ်ရမှာပေါ့ ဆန္ဒထုတ်ဖော် တယ်လို့ ထုတ်ဖော်တာနဲ့ ပြတာ ဘယ်ကွဲတယ် ထင်သလဲ… (ရယ်သံများ) စကားကလည်း ယဉ်ယဉ် ကျေးကျေးလေး သုံးတဲ့အခါ မှာ တစ်မျိုး ပေါ့နော်…အဲဒီတော့…
ဒေဝဒတ်ပြဿနာ ပေါ်လာခါနီးမှာ ရှင်သာရိပုတ္တရာနဲ့ ရဟန်းတွေ ဟာ ရာဇဂြိုဟ် မြို့ထဲမှာ ဆန္ဒပြတယ်။ (ကြားဖူးကြလား) (မကြားဖူးပါဘုရား)

မကြားဖူးဆိုရင် ပြော ပြမယ်။ ဒေဝဒတ်က မြတ်စွာ ဘုရားကိုဆန့်ကျင်ပြီးတော့ သူရာဇဝတ်အမှုမကင်းတဲ့ အလုပ်တွေကို လုပ်တော့မယ်ဆိုတာ ဘုရားက သိတယ်။ သိတဲ့အခါကြတော့ မြတ်စွာဘုရားက ရှင်သာရိပုတ္တရာကို ဦးဆောင်ခိုင်းပြီးတော့ ပကာသနိ ယကံဆိုတာကို ပြုခိုင်းတယ်။ ပကာသနိယရဲ့ အဓိပ္ပာယ်က ဘာလဲ ဆိုတော့ ဒေဝဒတ်ရဲ့ သဘော ထားနဲ့ ဘုရားသာသနာမှာ ကျန်တဲ့ရဟန်းတွေရဲ့ သဘောထားမတူ တာကို ထုတ်ဖော်ပြတာ ဒါလည်း ဆန္ဒပြတာပါပဲ။ ဒီလိုထုတ်ဖော်တာကို ရာဇဂြိုဟ်မြို့ထဲမှာရှင်သာရိ ပုတ္တရာ ခေါင်းဆောင်ပြီးတော့ လိုက်ပြောရတယ်။ ဒေဝဒတ်ရဲ့ သဘောထားဟာ အရင်တုန်းကတစ်မျိုး အခုတစ်မျိုး ဖြစ်နေပြီ။ ဒေဝဒတ်လုပ်သမျှကိစ္စတွေဟာ သာသနာနဲ့မဆိုင်ဘူး။ ကျန်တဲ့ရဟန်းတွေနဲ့ မဆိုင်ဘူး။ ဒေဝဒတ်နဲ့သာဆိုင်တယ်ဆိုတာကို ထုတ်ဖော်ကြေငြာပြီး မြို့ထဲမှာ လှည့်လည် ပြောတာရှိတယ်။ အဲဒါကို တစ် နည်းအားဖြင့်ပြောရရင် ဒါဆန္ဒပြတာပါပဲ။ အဲဒီလို ပြသင့်တဲ့ အချိန်မှာပြတာ အကောင်းဘက်ကို ဦး တည်ပြီးတော့ ပြတာ၊ အပြစ်ရယ်လို့ပြောစရာအကြောင်းမရှိဘူးပေါ့။

ခုနလို Riot လိုမျိုးဆိုရင်တော့ မီးရှို့မယ်၊ ဖျက်စီးမယ်ဆိုရင် မီးရှို့တယ် ဖျက်စီးတယ်ဆိုတဲ့ အပြစ် တော့ ရှိတယ်ပေါ့။ ဒါကို Riot လို့ ခေါ်တယ်။ Strike ဆိုတာကြတော့ ကိုယ့်ဆန္ဒကို ထုတ်ဖော်တာ အများသိအောင် ကြေငြာတာတော့လုပ်ရတာ အဲလိုလုပ်ခြင်းကြောင့် မည်သည့်သိက္ခပုဒ်နဲ့ ငြိစွန်းပါ သနည်းလို့ဆိုရင် ...
မြတ်စွာဘုရားက “ချစ်သား ရဟန်းတို့ ဆန္ဒမပြရဘူး ဆန္ဒပြရင် အာပတ်သင့်စေ”ဆိုတာမရှိဘူး အဲဒီတော့ ဥပဒေမရှိသည့်အတွက်ကြောင့် ဘယ်သိက္ခပုဒ်နဲ့မှ ငြိစွန်းစရာ မရှိဘူး။ သို့သော် ငြိစွန်းနိုင်စရာ ဆိုလို့ မြို့ထဲရွာထဲသွာရင် သင်္ကန်းရုံသွားရမယ်၊ မျက်လွှာချပြီး သွားရမယ်ဆိုတဲ့ သေက္ခိယ သိက္ခပုဒ် မှာ လိုက်နာရမယ့် ဟာလေးတွေ ရှိတယ်။ အဲဒီအတိုင်း လိုက်နာရင်တော့ ဒါဟာဆန္ဒပြတာနဲ့ မဆိုင် ဘူး သွားတာလာတာနဲ့ ဆိုင်တယ်ပေါ့။ အဲဒီလိုသာရှိတယ် ဒီတော့ ဒီမေးခွန်းက အဲဒီလိုသာ မှတ်ရမယ်။


 “ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ” ၏သီလဂုဏ်,သမာဓိဂုဏ်,ပညာဂုဏ် ,တို့ကို ပူဇော်ကြည်ညိုသောအားဖြင့်,ဆရာတော်ရေးသားသည့်တရားတော်တစ်ပုဒ်ကိုပြန်လည်မျှဝေဓမ္မဒါနပြု
ခြင်းဖြစ်ပါသည်

အထက်ပါအမေးအဖြေများကို http://lovemusicbirds.ning.com/profiles/blogs/6480001:BlogPost:291886?xg_source=activity တွင် ကိုညီညီတင်ထံမှ ခွင့်တောင်း၍ မိမိဆိုက်ဒ်တွင် တင်ထားခြင်းဖြစ်ပါသည်။ Print Friendly and PDF
Twitter Bird Gadget