ဒီဆိုက်ဒ်ထဲက စာတွေက ၀ါသနာအရ အားတဲ့အချိန်မှာ ရေးသားခြင်း ဖြစ်ပါတယ်။ စာအုပ်တွေကို အရင်ကတည်းက တွေ့တဲ့ဆိုက်ဒ်တွေကနေ Download ဆွဲထားခဲ့ပါတယ်။ ဒီကို ပြန်တင်မယ်ဆိုပြီး ရည်ရွယ်ရင်းမရှိခဲ့ပါ။ ဒါကြောင့် ခုလိုပြန်တင်ဖြစ်သွားတော့ ယူခဲ့တဲ့ဆိုက်ဒ်တွေကို မမှတ်မိတော့ပါဘူး။

Saturday, January 26, 2013

ကော့ဂွန်းဂူ

Unknown | 10:28 PM |
*****ကော့ဂွန်းဂူ*****
ကော့ဂွန်းဂူသည် မော်လမြိုင်မြို့ဖက်မှ ၂၈-မိုင်၊ ဖားအံမြို့မှ ၈-မိုင်၊ သံလွင်အနောက်ဖက်ရှိ ဘားကပ်ကျေးရွာမှ ၂-မိုင်၊ သံလွင်အနောက်ဖက်ရှိ ကော့ဂွန်းကျေးရွာမှ နှစ်ဖာလုံအကွာရှိ အမြင့်ပေ ၁၀၀၀၊ အလျားပေ ၆၀၀၀ ရှိသော ထုံးကျောက်တောင်အမျိုးအစားဖြစ်သည့် ကော့ဂွန်းတောင်တွင် တည်ရှိသည်။ ကော့ဂွန်းဂူသည် အလျား ပေ-၁၃၀၊ အနံ ပေ-၇၀၊ အမြင့် ၂၅-ပေရှိပြီး တစ်ဖက်ပိတ်ဂူဖြစ်ကာ ကျောက်စက်ပန်းစွဲ၊ ကျောက်စက်မိုးမျှော်များလည်း ရှိသည်။ ဂူအ၀သည် ကျောက်ကမ်းပါးယံအမိုးနောက်တွင် ရှိသောကြောင့်လည်းကောင်း အရှေ့အရပ်သို့မျက်နှာမူသဖြင့် နေရောင်ရသောကြောင့်လည်းကောင်း မိုးပက်ခြင်း စိုထိုင်းထိုင်းဖြစ်နေခြင်းတို့ ကင်းဝေးသည်။

*****နောက်ခံသမိုင်း*****
မြန်မာသက္ကရာဇ် ၄၁၉-တွင် အနော်ရထာမင်းသည် မနုဟာမင်းကိုတိုက်ခိုက်သဖြင့် သထုံပျက်သည်။ ပိဋကတ်တော်များ၊ ပညာရှင်များကိုလည်း ယူဆောင်သွားသည်။ ထွက်ပြေးလွတ်မြောက်လာသော မုတ္တမမိဖုရားသည် ကော့ဂွန်းဂူသို့ရောက်ရှိပုန်းအောင်းနေသည်။ ပုန်းအောင်နေစဉ်အတွင်း ကော့ဂွန်းဂူနှင့် ဂူအနီးနားတစ်ဝိုက်တွင် စေတီ၊ဆင်းတု၊ရုပ်ကြွများကို ဂူတွင်ပြုလုပ်ခဲ့သည်။

ကော့ဂွန်းဂူနှင့်ပတ်သက်၍ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကို အေဒီ ၁၉-ရာစု အစောပိုင်းကပင် ရှေးဟောင်းနှင့်သမိုင်းပညာရှင်များက ကွင်းဆင်းလေ့လာခြင်း၊ ဂျာနယ်များ နှစ်ချုပ်အစီရင်ခံစာများတွင် ပြန်လည်ဖေါ်ပြခြင်းတို့ ပြုလုပ်ခဲ့သည်။ ၂၇-၁-၁၈၂၇-တွင် ဗြိတိသျှသံအမတ်ကြီး ဂျွန်ကရော့ဖို့ရောက်ခဲ့ကာ ၁၈၃၅-တွင် ကော့ဂွန်းဂူသို့ရောက်ရှိခဲ့သော သုတေသနပညာရှင် ရစ်ချတ်တင်ပယ်က ကော့ဂွန်းဂူရှိ နံရံကပ်ဆင်းတုများကို တန် ၅၀၀-ရှိသော သင်္ဘောဖြင့် တင်ဆောင်လျှင်ပင် အုတ်ခွက်အားလုံး၏ ထက်ဝက်မျှကိုပင် မသယ်ဆောင်နိုင်ဟု ဆိုခဲ့သည်။ ၁၈၃၆-တွင် ဂျပ်ဆင်အဘိဓာန်ပြုစုသူ ဆရာယုဒသန်ခေါ် မစ္စတာဂျက်ဂျပ်ဆင်ယုဒသန်နှင့်အဖွဲ့ ရောက်ရှိကာ ယင်းအဖွဲ့ထဲမှ ဟောင်းဝတ်မယ်လ်ကွန်သည် ၁၈၄၀-တွင် သူ၏ မြန်မာနိုင်ငံတစ်ခွင့်လှည့်လည်စဉ်-ဟူသော စာအုပ်တွင် ကော့ဂွန်းဂူအကြောင်းကို အသေးစိတ်ရေးသားခဲ့သည်။ ၁၈၉၁-တွင် ကျောက်စာဝန် မစ္စတာတော်စိန်ခိုနှင့်အဖွဲ့၊ ၁၈၉၂၊ ဧပြီ-တွင် မေဂျာအာရ်စီတမ်ပယ်နှင့်အဖွဲ့တို့ ရောက်ရှိကာ ၄င်းတို့၏မှတ်တမ်းတွင် ရှေးဟောင်းပစ္စည်းများ၏ ဓါတ်ပုံမှတ်တမ်းများကိုပါ ဖေါ်ပြသည်။ တော်စိန်ခိုမှတ်တမ်းတွင် ၁၄-ရာစု၊ ထိုင်းအက္ခရာဟု ယူဆရသည့် သစ်သားဆင်းတုသုံးဆူကို ယူဆောင်သွားသည်ဟု ဆိုသည်။ ၁၉၄၀-၄၁-တွင် ရှေးဟောင်းသုတေသနညွှန်ကြားရေးဝန်ဟောင်း ဦးလူဖေ၀င်းနှင့် ဒေါက်တာဂျီ၊အိတ်(ခ်ျ)လုစ်တို့ ရောက်ရှိခဲ့သည်။ ၁၉၅၈-တွင် ဦးဖိုးလတ်၊ဗိုလ်မှုးဘရှင်၊ နိုင်ပန်းလှ၊ ဒေါက်တာဂျီ၊အိတ်(ခ်ျ)လုစ်တို့က ကော့ဂွန်းဂူသို့သွားရောက်ကာ ရှေးဟောင်းသုတေသနဌာန၏ ထိမ်းသိမ်းမှုအောက်တွင် ထားရှိကြသည်။

*****သုတဝေဖြာ ရှုချင်စရာ*****
အ၀င်ဝဘေးဖက်ရှိ ကျောက်တောင်နံရံတွင် ဆင်းတုများ၊အုတ်ခွက်ဆင်းတုများ၊ အခြေပိုင်းတွင် ခေတ်လက်ရာဆင်းတုများ၊ ၀င်ပေါက်အနီး ကျောက်တောင်အောက်ခြေနားတွင် မွန်ဘာသာဖြင့်ရေးထိုးသော မင်စာများ၊ အလယ်တွင် မင်စာနှင့်ကျောက်ရုပ်ကြွ(သုံးချပ်)များကို တွေ့ရသည်။ ဂူ၏အမွေအနှစ်များကို ငါးမျိုးခွဲခြားပြီး လေ့လာနိုင်ပါသည်။

၁။ထိုင်တော်မူဗုဒ္ဓဆင်းတုတော်များ
ရုပ်ပွားတော်များသည် တမူထူးခြားစွာ နှစ်ဆူ၊သုံးဆူ၊လေးဆူတွဲ၍ ထုလုပ်ထားသည်။ တာဝတိံသာတွင် နိမ္မိတရုပ်ပွားတော်ကို ဖန်ဆင်း၍ နတ်တို့အားတရားဟောစေကာ လူ့ပြည်တွင် အရှင်သာရိပုတ္တရာအား အဘိဓမ္မာမာတိကာကို ဟောပြီးသောအခါ နတ်ပြည်သို့ပြန်ကြွ၍ တစ်ဆက်တည်းဖြစ်စေရန် ပဏ္ဍုကမ္ဗလာမြကျောက်ဖြာထက်ဝယ် တူယှဉ်တွဲထိုင်နေဟန်ကို ရည်ရွယ်သည်။ ရိုးရိုးထိုင်ဆင်းတုများနှင့် မကိုဋ်ဆင်မြန်းထားသော ဆင်းတုများကိုလည်း တွေ့ရသည်။ မကိုဋ်ဆင်မြန်းထားသော ဆင်းတုများကို အိန္ဒိယနိုင်ငံ၊ဗီတားနှင့် ဘင်္ဂလားဒေသတို့၌ ပါလခေတ် (အေဒီ၊၁၀-၁၂)တွင် စတင်ထုလုပ်သည်။ ဗုဒ္ဓဆင်းတု ထုလုပ်သောအခါ မြတ်စွာဘုရားရှင်သည် မင်းမျိုးဖြစ်ခြင်း၊ မြတ်စွာဘုရား၏တန်ခိုးတော်ကို စကြာဝတေးမင်းနှင့်ခိုင်းနိုင်းခြင်း၊ ယုံကြည်ခြင်းတို့ကြောင့် ပန်းချီပန်းပုဆရာတို့နှင့် သဒ္ဓါကြည်ညိုသူတို့က မကိုဋ်နှင့်လည်ဆွဲတို့ဖြင့် ထုလုပ်ခဲ့ကြသည်။ မြန်မာနှင့်အိန္ဒိယတို့ ယဉ်ကျေးမှုခြင်း ကူးလူးဆက်ဆံရာမှ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။
စူဠ၀ံသနှင့်မဟာဝံသတို့တွင် သဒ္ဓါကြည်ညိုသူတို့က မြတ်စွာဘုရားဆင်းတုကို အ၀တ်တန်ဆာများလှူဒါန်းရာမှ ဖြစ်ပေါ်လာခဲ့သည်ဟုလည်းကောင်း မဟာပရိနိဗ္ဗာနပါဠိတော်တွင် မြတ်စွာဘုရားသည် စကြာဝဠာတစ်ခုမှ အခြားစကြာဝဠာတစ်ခုသို့ တရားဟောကြွသောအခါ ထိုဒေသ၏ရှင်ဘုရင်ထိုင်ရာ ရာဇပလ္လင်တွင် ထိုင်တော်မူလေ့ရှိပြီး လူတို့က မိမိတို့၏ဘုရင်တည်းဟု ထင်မှတ်မှုကိုရည်ရွယ်၍လည်းကောင်း ဇင်းမယ်ယွန်းပဏ္ဏာသကျမ်းအရ မာန်မာနကြီးသော ဇမ္ဗူပတိမင်းကို အမျိုးမျိုးဖန်ဆင်းရာမှ ဗြဟ္မာအသွင် ဖန်ဆင်းသည်ကို ရည်ရွယ်၍ ထုလုပ်ကိုးကွယ်ရာမှလည်းကောင်း ထိုသို့သောဟန် ဖြစ်ပေါ်လာသည်ဟုဆိုသည်။

၂။ရပ်တော်မူဗုဒ္ဓဆင်းတုတော်များ
ဤကော့ဂွန်းဂူရှိ ရပ်တော်မူရုပ်ပွားများသည် =
၁။လက်ဝဲလက်ယာလက်သို့ တိမ်းစောင်းခြင်းမရှိပဲ တည့်မတ်ညီမျှစွာ ရပ်နေတော်မူဟန်ဖြစ်သော သမဘင်္ဂ (သို့) သမပါဒရပ်တော်မူပုံ
၂။ဦးခေါင်းမှဖနောင့်နှစ်ခုအလယ်ဗဟိုသို့ သုမကြာမျဉ်ကြိုးမှန်းဆ ဆွဲကြည့်လျှင် ချက်တော်၏လက်ယာဘက် သို့မဟုတ် လက်ဝဲဘက်ကို ခပ်စွေစွေဖြတ်သန်းသွားပါက ရုပ်ပွားတော်၏ အထက်ပိုင်းနှင့်အောက်ပိုင်းတို့သည် အနည်းငယ် ကွေးယိုင်ယိမ်းညွတ်မှု ရှိနေဟန်ဖြစ်သော အာဘင်္ဂရပ်တော်မူပုံ
၃။ရုပ်ပွားတော်အလယ်ဗဟိုကို သုမတြာမျဉ်းကြိုးမှန်းဆဆွဲကြည့်လျှင် လက်ဝဲမျက်လုံး သို့မဟုတ် လက်ယာမျက်လုံး သို့မဟုတ် ရင်ဘတ်အလယ် ချက်၏လက်ယာ သို့မဟုတ် လက်ဝဲကိုဖြတ်၍ ခြေဖနောင့်အထက်သို့ ဆင်းသွားသောသုံးဆစ်ချိုးဟန်၊ ကိုယ်တော်အောက်ပိုင်းသည် ခါးတင်ပဆုံမှခြေဖျားထိ လက်ယာဘက် သို့မဟုတ် လက်ဝဲဘက်သို့ ကွေးညွတ်နေဟန်၊ ခန္ဓာကိုယ်အလယ်ပိုင်း လည်ပင်းနှင့်ခါးတင်ပဆုံမှာမူ လက်ဝဲ သို့မဟုတ် လက်ယာသို့ ကွေးညွတ်နေဟန် ဦးခေါင်းမှာ လက်ယာ သို့မဟုတ် လက်ဝဲသို့ခေါင်းညွတ်နေဟန်ဖြစ်သော တြိဘင်္ဂသုံးဆစ်ချိုးရပ်တော်မူပုံ
၎။ ရပ်တော်မူကိုယ်တော်ကို ကွေးညွတ်ယိမ်းယိုင်၍ ပြထားဟန်ဖြစ်သော အတိဘင်္ဂရပ်တော်မူပုံ အရပ်အခေါ် အချိုးတော်ကြီး (အလွန်တရာလှုပ်ရှား အသက်ဝင်နေုပုံကို ဖေါ်ဆောင်ရာတွင်  ထုလုပ်လေ့ရှိသည်) ဟူ၍ လေးမျိုးရှိရာတွင် ဤကော့ဂွန်းဂူတွင် သမဘင်္ဂ သို့ သမပါဒကို တွေ့ရသည်။

၃။လျောင်းတော်မူ ဗုဒ္ဓဆင်းတုတော်များ
လျောင်းခြင်းကို သယန-ဟု ခေါ်ဝေါ်သုံးနှုန်း၍ ယင်းသယန-လျောင်းတော်မူပုံ ထုလုပ်ရာတွင် =
၁။ခြင်္သေ့မင်းလျောင်းနေပုံနှင့်တူသဖြင့် သီဟသယနခေါ်သော အညောင်းညာပြေလဲလျောင်းနေဟန်
၂။ဂီလာနသယန သို့မဟုတ် ဗျာဓိသယနခေါ် မကျန်းမမာသဖြင့် မထနိုင်သောကြောင့် လဲလျောင်းနေဟန်
၃။မဟာပရိနိဗ္ဗာနသယန သို့မဟုတ် ကုသိန္နာပုံတော်ခေါ် မဟာပရိနိဗ္ဗာန်စံတော်မူဟန်
လျောင်းတော်မူဗုဒ္ဓဆင်းတုကိုးကွယ်ရာတွင် အရပ်မျက်နှာကိုလိုက်၍ အမည်မှတ်ကြသည်လည်းရှိ၏။ ယင်းကား ၁။အရှေ့သာလျောင်း၊ တောင် ပေါင်းလောင်း၊ နောက်စောင်းနေရဗာ၊ မြောက်စောင်း ကုသိန္နာ၊ လေးဖြာခေါ်ဝေါ်တာ-ဟူသော နိယံနှင့်
၂။အရှေ့ဦးခေါင်း၊ ရွှေသာလျောင်း၊ ပေါင်းလည်းဒက္ခိဏာ၊ နောက်နေရဗဏ် ပစ္ဆမံ၊ မြောက်မှန်နိဗ္ဗာန်သာ-ဟူသောနိယံတို့နှင့်အညီ အရှေ့အရပ်ကို မျက်နှာမူလျောင်းနေဟန်ကို ရွှေသာလျောင်း၊ တောင်ဖက်သို့ ဦးခေါင်းလှည့်လျောင်းတော်မူဟန်ကို ပေါင်းလည်းပုံတော် (သို့) ပေါင်းလည်းပုံတော်၊ အနောက်ဖက်သို့ ဦးခေါင်းလှည့်လျောင်းဟန်ကိုးနေရဗဏ်ပုံ (သို့) ဧည့်ခံတော်မူပုံ၊ မြောက်ဖက်သို့ ဦးခေါင်းပြု လျောင်းတော်မူဟန်ကို မဟာပရိနိဗ္ဗာနပုံတော်ဟူ၍ ခေါ်ဝေါ်ကြသည်။

ဤကော့ဂွန်းဂူတွင် ကျောက်တောင်နံရံ၊ မျက်နှာကြက်အနေအထားတို့အပေါ် မူတည်၍ တိကျသောအရပ်မျက်နှာသတ်မှတ်မှု မရှိသောကြောင့် သီဟာသနလျောင်းတော်မူအနေအထားကို တွေ့ရသည်။

၎။အုတ်ခွက်ဗုဒ္ဓဆင်းတုတော်များ
အုတ်ခွက်ဆင်းတုလုပ်ရာတွင် မြေကိုအလိုရှိသလို ပုံဖေါ်သွန်းလုပ်ရခြင်းဇြစ်ပြီး ယင်းအုတ်ခွက်ဆင်းတုကို သရေခေတ္တရာ၊ပျူခေတ်မှစကာ ထုလုပ်ခဲ့ကြသည်။ အုတ်ခွက်တွင် စာရေး၍လည်း ပူဇော်လေ့ရှိသည်။ အုတ်ခွက်ကို ပျူခေတ်တွင် မည်သို့ခေါ်သည်မသိရသော်ငြား မွန်တို့က ကျက်=ဘုရား-ဟုခေါ်ပြီး ပုဂံခေတ် စိပေမိဖုရားတစ်ဦးနှင့်ထီးလှိုင်မင်းတို့က ပါဠိဖြင့် ပဋိမံ=ရုပ်ပွားဆင်းတုတော်-ဟုခေါ်ကာ အနော်ရထာမင်းကြီးကမူ ဒေ၀နာဂရီအက္ခရာဖြင့် ဥုံ ဣတိနိယံ ရာညးဂြီ အနိရုဒ္ဓဒေ၀သျှ = ဤပုံတော်အား အနိရုဒ္ဓဒေ၀မင်း ပြုတော်မူသည် - ဟုရေးခဲ့သောကြောင့် ပုဂံခေတ်တွင် ပုံတော်၊ရုပ်ပွားဆင်းတုတော်-ဟုသာ ခေါ်ဝေါ်သည်ဟုမှတ်ရမည်။ အုတ်ခွက်ဝေါဟာရမတိုင်မီ၌မူ မြေပုံဘုရား-ဟု ခေါ်တွင်ကြသည်။ အုတ်ခွက်ဘုရား ကိုးကွယ်မှုအကြီးမားဆုံးသောခေတ်မှာ ပျူခေတ်နှင့်ပုဂံခေတ်တို့ဖြစ်ပြီး ယနေ့မြန်မာနိုင်ငံတွင် အုတ်ခွက်ဘုရား အများဆုံးတွေ့ရသောနေရာမှာ သရေခေတ္တရာ(မှော်ဇာ)၊ ပုဂံ၊ သထုံ၊ ဘားအံ(ကော့ဂွန်းဂူ)တို့ဖြစ်သည်။

ကော့ဂွန်းဂူရှိ အုတ်ခွက်ဆင်းတုတို့ကို လေ့လာသောအခါ =
၁။ရိုးရိုးသင်္ကန်းဝတ်၍ ခန္ဓာကိုယ်ပြည့်လုံးသော မျက်နှာသွယ်၍ နားရွက်တော် ပုခုံးသို့မထိသော ကန်တော့ပုံ ဥဏ္ဏလုံမွှေးရှင်တော်ရှိ၍ သင်္ကန်းကို ထင်ထင်ရှားရှားမြင်ရသော နှစ်ထပ်သဏ္ဍာန် သင်္ကန်းအနားရှိ၍ ချက်တိုင်အောင် သင်္ကန်းအနားစွန်းရှိသော လက်တော်သည် ဘူမိဖုဿမုဒြာဟန်ရှိ၍ ပလ္လင်ထိရောက်သော ခြေချိတ်ထားဟန်ရှိ၍ ကြာလှန်တစ်ထပ်အောက်၌ အခြားကြာလှန်တစ်ထပ်သဏ္ဍာန် အောက်ခံကြာပလ္လင်ရှိသော နောက်ခံတံကဲမှာ ညောင်ရွက်သဏ္ဍာန်ရှိ၍ တံကဲမျက်နှာပြင်ကို တန်ဆာဆင်ပုံဖေါ်ထားသော အုတ်ခွက်ဆင်းတုတော်။
၂။မကိုဋ်တန်ဆာဆောင်း၍ ဆင်းတုပုံစံမထင်ရှားသော ကြာမှောက်ကြာလှန်ပလ္လင်ပေါ်တွင် ဘူမိဖုဿမုဒြာဟန် ထိုင်ဆင်းတုဖြစ်၍ ဘဒ္ဒပိဌပုံစံကဲ့သို့ အပေါ်ပိုင်းကား အလယ်ပိုင်းသိမ် အောက်ပိုင်းကားသည့် ပလ္လင်ရှိသော မကိုဋ်သရဖူထိပ်တွင် တုရင်ပုံစံရှိ၍ ကြီးမားကာ အခက်အနွယ်ပုံဖေါ်ထားသည့် နားကင်းတော်ရှိသော နားတွင် နားပန်တော်ရှိ၍ စလွယ်ဝတ်ထားသော ပလ္လင်ကိုထိနေသည့် လက်တော်ရှိ၍ ခြေတော်မှာ ချိတ်ထားဟန်ရှိသော နောက်ခံခုံးချွန်ပုံစံ အုတ်ခွက်ဆင်းတုတော်။
၃။မကိုဋ်တန်ဆာဆောင်း၍ ကြာဖတ်ခုနစ်ဖတ်ပါသည့် ကြာပလ္လင်တွင် ဘူမိဖဿမုဒြာဖြင့် ထိုင်နေဟန်ရှိသော ဆင်းတုဦးခေါင်းတော်တွင် စိန်တောင်များဖြင့်ပုံဖေါ်ထား၍ မကိုဋ်သရဖူမှာ ငှက်ပျောဖူးသဏ္ဍာန်ရှိသော နားကင်းတော်များကို ရိုးရိုးနှင့်လှပစွာ ပုံဖေါ်ထားပြီး နားပန်တော်ရှိသော စလွယ်ထင်ထင်ရှားရှားရှိ၍ လက်မောင်း၌ လက်ကြပ်တန်ဆာပါရှိသော လက်တော်သည် ပလ္လင်ကိုထိနေ၍ နောက်ခံခုံးချွန်တံကဲ၏ အနားသတ်များကို ရွဲလုံးအစက်အပြောက်များဖြင့် စီတန်းပုံဖေါ်ထားသော အုတ်ခွက်ဆင်းတုတော် - ဟူ၍ သုံးမျိုးကို တွေ့ရသည်။

၅။ကျောက်ရုပ်ကြွများ
 ပန်းပဲ၊ ပန်းတိမ်၊ ပန်းပု၊ ပန်းချီ၊ ပန်းယွန်း၊ ပန်းပွတ်၊ ပန်းတော့၊ ပန်းတမော့၊ ပန်းရံ၊ ပန်းတဉ်း=ဟူသော ပန်းဆယ်မျိုးတို့ကို ဘုရားမတင်၊ နတ်မ၀င်၊လူတွင်ပန်းဆယ်မျိုး=ဟူ၍ ဆိုစမှတ်ပြုကြရာ ထိုဆယ်မျိုးအ၀င်အပါ ဖြစ်သည့် ပန်းတမော့အတတ်သည် ကျောက်သားတို့ကို လှပအောင် ပုံဖေါ်ရသောအတတ်တစ်မျိုးဖြစ်သည်။ ခိုင်ခံ့မှုတွင် ပန်းချီပန်းပုတို့ထက် သာလွန်၍ ဗုဒ္ဓဘာသာနှင့်အတူ ပေါ်ထွန်းလာခြင်းဖြစ်သောကြေင် ဗုဒ္ဓအနုပညာဟူ၍ သတ်မှတ်ခေါ်ဆိုကြသည်။ အိန္ဒိယမှ ရခိုင်သို့ သို့မဟုတ် အာသံမဏိပူရလမ်းကြောင်းဖြင့် ရောက်လာသည်ဟုလည်းကောင်း တောင်ပိုင်းအိန္ဒိယယဉ်ကျေးမှု၏ ပင်လယ်ရေကြောင်းမှတစ်ဆင့် မြန်မာနိုင်ငံတောင်ပိုင်းသို့ ထိုမှတစ်ဆင့် မြန်မာနိုင်ငံအလယ်ပိုင်းသို့ ပျံ့နှံ့ရောက်ရှိလာခဲ့သည်ဟုလည်းကောင်း ပညာရှင်တို့က ယူဆကြသည်။ ပန်းတမော့ပညာသည် ပျူခေတ်ကတည်းကရှိခဲ့သည်ကို သရေခေတ္တရာမြို့ဟောင်းမှ လက်ရာအထောက်အထားများကို ကြည့်၍လည်း သိရှိနိုင်သည်။ ထို့အပြင် ရခိုင်ပြည်နယ် မြောက်ဦးရှိ စေတီပုထိုးများ သာသနိကအဆောက်အဦများတွင်လည်း တွေ့ရပြီး ပန်းတမော့နှင့်ပတ်သက်၍ အကြွယ်ဝဆုံးတွေ့ရှိရသည့် နေရာမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာတစ်ဖက်ရှိ ဖိုးဝန်းတောင်ဖြစ်သည်။
ကော့ဂွန်းဂူတွင် ဗုဒ္ဓ၀ါဒဆိုင်ရာ ရုပ်တုနှစ်ခုနှင့် ဟိန္ဒူဝါဒဆိုင်ရာ ရုပ်တုနှစ်ခု ပေါင်း-သုံးခုကို တွေ့ရသည့်အပြင် ပန်းတမော့အခြေခံလေးမျိုးဖြစ်သော ကနုတ်၊ နာရီ၊ ကပီ၊ဂဇာတို့တွင် နာရီအမျိုးအစားဖြစ်သည်။

၆။မင်စာများနှင့်ကျောက်စာ
ရှေးမြန်မာတို့ လှူဒါန်းထားခဲ့သော စေတီပုထိုးများ၊ ဂူဘုရားများ၊ ဥမင်များ၊ သိမ်၊ တန်ဆောင်းများတွင် မင်ဖြင့်ရေးထားသော အရေးအသားများကို သုတေသီတို့က မင်စာ(Ink Inscription)ဟူ၍လည်းကောင်း Ink Writing-ဟူ၍လည်းကောင်း ခေါ်ဝေါ်ကြသည်။ ကော့ဂွန်းဂူတွင် မင်စာခုနစ်ခုကို တွေ့ရသည်။ သတေသနသမားတို့အတွက် ကော့ဂွန်းဂူသို့ သွားရောက်လေ့လာရန် အလွန်သင့်လျော်လှပါသည်။ ဆင်းတုတို့၏ သမိုင်းတန်ဖိုးကို ကျောက်ပြင်နံတွင် သက္ကရာဇ်-၁၀၅၇ နှင့် ၁၁၅၇-ခု ရေးထိုးထားသော မင်စာနှစ်ခုက သက်သေခံနေသည်။ မင်စာအမှတ် ၇-တွင် အောက်ခံအမည်းပေါ် အဖြူဖြင့်ရေးသော စာသုံးကြောင်းကို ယနေ့တိုင် မည်သူမျှဖတ်နိုင်ခြင်းမရှိသေးပေ၊ ယခင်ပညာရှင်တို့က အေဒီ ၆-ရာစု၊ အိန္ဒိတောင်ပိုင်းရှိ ပလ္လ၀နှင့်ကဒမ္ဗအက္ခရာနှင့် တူသည်ဟုလည်းကောင်း ၄င်းခေတ် တိုင်း-ကမ္ဘောဒီးယား (ခမာ) ရှေးဟောင်းအက္ခရာများနှင့် ဆင်သည်ဟုလည်းကောင်း သုံးသပ်ခဲ့ကြသည်။

ရှေးလူကြီးများသည် အကြောင်းအရာတစ်ခုကို ရည်ရှည်တည်တံ့ရန် ကျောက်တိုင်၊ ကျောက်တုံးနှင့် ကျောက်ပြားများတွင် စာများရေးထိုးထားခဲ့ကြရာ မြန်မာနိုင်ငံတွင် ပျူစာ၊ မွန်စာ၊ မြန်မာစာ၊ ပါဠိစာ၊ သက္ကတစာ၊ ရှမ်းစာများဖြင့် ရေးထားသောကျောက်စာ အများအပြားကို တွေ့ရသည်။ ကော့ဂွန်းဂူတွင် ကျောက်စာတစ်ခုရှိသည်။ ကျောက်ရုပ်ကြွဝတ်ရုံ၌ ရေးထိုးထားသောကျောက်စာတွင် သက္ကရာဇ်ရေးထိုးထားခြင်း မရှိသော်ငြား သထုံ၊ ရွှေစာရံပရ၀ုဏ်ရှိ တရာပ်နှင့်ပဏ္ဍိတ်ခေါ် မွန်ကျောက်စာတို့မှ စာလုံးတစ်ချို့နှင့်တူသည်ကို တွေ့ရသည်။ ထိုင်းနိုင်ငံရှိ ပရပထုံမွန်ကျောက်စာ(အေဒီ ၆-ရာစု)နှင့် လော့ဗူရီမွန်ကျောက်စာ(အေဒီ ၈-ရာစု)တို့မှ မွန်စာလုံးတို့၏ စာလုံးအက္ခရာသဏ္ဍာန်နီးစပ်သည်။ ကော့ဂွန်းဂူရှိ ကျောက်စာတို့ကား မြစေတီကျောက်စာ အရေးအသားနှင့် ဆင်တူသဖြင့် အနော်ရထာမင်း သထုံကိုသိမ်းပိုက်သည့် အေဒီ ၁၀၅၇(၁၁-ရာစု)က ရေးထိုးသော ကျောက်စာဖြစ်သည်ဟု သုံးသပ်ရပါမည်။

၇။မွန်းမံပုံဖေါ်ထားရှိမှုများ
ကော့ဂွန်းဂူတွင် မွမ်းမံပုံဖေါ်ထားမှု များစွာရှိသည်။ ထူးခြားသည်မှာ စွန်းထွက်နေသည့် ကျောက်တော်မျက်နှာပြင်ဝယ် ဘုံ ၁၁-ဆင့်ပါသော ပြသာဒ်ပေါ်၌ စေတီကဲ့သို့ ပုံဖေါ်ထားမှု၊ ယင်းကျောက်တောင်စွန်း၏ ထိပ်ပိုင်းတွင် လှည်းဘီးပုံ ဓမ္မစကြာအ၀ိုင်းနှစ်ခု၊ ယင်းကျောက်တောင်စွန်း၌ပင် ပုံစံတူပြသာဒ်သုံးဆောင်၊ ဘုံကိုးဆင့်ပါကျောင်းဆောင်၊ သဘာဝကျောက်စွယ်ကြီးကို ရှစ်မြှောင့်သဏ္ဍာန်ဖေါ်ကာ ယင်း၌ အုတ်ခွက်ဆင်းတုကပ်ထားမှုတို့သည် ကော့ဂွန်းဂူ၏ မွမ်းမံထားမှုတွင် ထူးခြားချက်များဖြစ်သည်။

*****ရှေးဟောင်းအမွေအနှစ်များ*****
ရှေးဟောင်းအမွေအနှစ်များ ပျက်စီးရခြင်းအကြောင်းကို ဆန်းစစ်ကြည့်ပါက ၁။နှစ်ကာလကြာရှည်လာမှုကြောင့် ၂။သဘာဝဘေးအန္တရာယ်ကြောင့် ၃။သစ်ပင်ကြီးများပေါက်ရောက်မှုကြောင့် ၄။ပိုးမွှားများ၊မှိုများကပ်ငြိမှုကြောင့် ၅။လူသားများကြောင့်-ဟု သိရှိရသည်။ ကော့ဂွန်းဂူတွင် များသောအားဖြင့် နံရံကပ်ဗုဒ္ဓဆင်းတုအုတ်ခွက်ဘုရားများ ပျက်စီးဆုံးရှုံးရခြင်းဖြစ်သည်။
ကော့ဂွန်းဂူကို ၁။နည်းပညာ (က)အင်ဂျင်နီယာ (ခ)ဓာတုဗေဒ ၂။ဥပဒေ၊အက်ဥပဒေတို့ဖြင့် ကာကွယ်ထားသည်။ အခြားရှေးဟောင်းအမွေအနှစ်များကိုလည်း ထို့အတူပင်စောင့်ရှောက်ထားပါသည်။

*****ကော့ဂွန်းဂူ၏ ရှေးဟောင်းအမွေအနှစ်*****
ကော့ဂွန်းဂူရှိ ဗုဒ္ဓဆင်းတုတော်များမှာ မြန်မာပုံစံစစ်စစ်မဟုတ်ပါပဲ အေဒီ-၁၂၄၅ မှ ၁၄၃၈-ခုနစ်အတွင်း သောက္ကတဲ(ဆူခိုထိုင်း)ခေတ်လက်ရာနှင့် ဆင်နေသည်။ သောက္ကတဲခေတ်လက်ရာများသည် ဦးခေါင်းတော်မှ ဥဏှလုံမွှေးရှင်တော်သည် မီးလျှံပုံသဏ္ဍာန်ရှိပြီး လက်ခြေပြည့်ဖြိုး၍ ဘယ်ခြေပေါ်ညာခြေထပ်ထားဟန်ဖြစ်သည်။ ခမာနှင့်သီဟိုဠ်လက်ရာရောနေသော သောက္ကတဲခေတ်လက်ရာကို ယနေ့တိုင် တွေ့မြင်နိုင်သည်။ ထိုင်းရာဇ၀င်တွင် သောက္ကတဲဘုရင် Ramkhamhaeng-၏ သြဇာအာဏာသည် မြန်မာနိုင်ငံ မုတ္တမဒေသတို့တိုင်အောင် ပျံ့နှံ့ခဲ့သည်ဟုဆိုသည်။ မွန်ရာဇ၀င်တွင် မွန်ပြည်နယ်၊သထုံမြို့၊ဒုန်ဝန်းရွာမှ မွန်လူမျိုး (အချို့က ရှမ်းလူမျိုးဟုဆိုသည်) ကုန်သည် ၀ါရေရု (၀ါဂရု) သို့မဟုတ် မာဂဒူးသည် သောက္ကတဲ့(ဆူခိုထိုင်း)သို့ ကုန်သွယ်ရာမှ ဘုရင့်ထံအမှုထမ်းရာ ဘုရင့်သမီးနှင့်ချစ်ကြိုက်သဖြင့် ဒုံဝန်းသို့ ခိုးယူခဲ့သည်။ ထို့နောက် မုတ္တမကိုအုပ်စိုးသော အလိမ္မာမင်း(သက္ကရာဇ် ၆၄၃)ကို လုပ်ကြံကာ မြို့သစ်ထောင်သည်။ ထိုအချိန်က မွန်တို့နေရာသည် မုတ္တမကို အလယ်ထား၊ မြောက်ဘက်တွင် ပြည်နှင့်တောင်ငူအောက်ပိုင်း၊ တောင်ဘက်တွင် ရေး၊မြိတ်၊တနင်္လာရီတိုင်အောင် ပျံ့ခဲ့သည်။ ဥဏှိဿ မီးလျှံပုံသည် သီဟိုဠ်မှ သောက္ကတဲသို့ရောက်ရှိပြီးနောက် ယင်းမှတစ်ဆင့် ကော့ဂွန်းဂူသို့ရောက်သည်-သို့မဟုတ် မွန်တို့ယဉ်ကျေးမှုသည် ထိုင်းတို့ထက်စောသဖြင့် မွန်မှတစ်ဆင့် ထိုင်းသို့ရောက်သည် သို့မဟုတ် မြန်မာ၊သီဟိုဠ်၊ထိုင်းတို့သည် ယဉ်ကျေးမှုချင်းကူးလူးဆက်ဆံရာမှ ဖြစ်ပေါ်လာသည်-ဟု မှန်းဆနိုင်သည်။ သီရိလင်္ကာ၏ အေဒီ ၅-ရာစုလက်ရာကို ယနေ့တိုင်တွေ့မြင်နိုင်သည်။

စာရေးဆရာ မောင်မောင်နန်းနွယ်ရေးသော ကော့ဂွန်းဂူရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များစာအုပ် (ပခုက္ကူဦးအုန်းဖေ၊သုတေသနစာပေ တတိယဆု)မှ ထုတ်နှုတ်ရေးသားသည်။ Print Friendly and PDF

No comments:

Post a Comment

Twitter Bird Gadget