လေးအသေင်္ချေနှင့်
ကမ္ဘာတစ်သိန်းကာလပတ်လုံး ပါရမီတော်များကို အပြင်းအထန်ဖြည့်ကျင့်၍ ပါရမီတော် များ အရင့်အသန်ဖြစ်နေချိန်တွင်
မိမိတစ်ကိုယ်တည်း ကိုယ်လွတ်ရုန်း၍ သံသရာစက်အကန့် ကို ဖြတ်တောက်နိုင်သည် ဖြစ်ပါလျက်
လောကသားတို့ကို ငဲ့ကွက်ခြင်းအားကြီးစွာဖြင့် ပါရမီတော်များကို ဆက်လက်ဖြည့်ကျင့်ကာ သဗ္ဗညုတညာဏ်အမြင့်ကို
ရအောင်ကျင့်တော်မူခဲ့သည်။ ရတော်မူပြီးသော အခါ တွင်လည်း ဧကောဟမသ္မိ လောကဿ-ဟု မိမိကိုယ်ကို
ရဲဝံ့စွာကြွေကြော်တော်မူလျက် ပရဟိတလုပ်ငန်း ကို ဆက်လက်လုပ်ကိုင်တော်မူခဲ့သည်။ စရိယသုံးပါးတွင်
လောကတ္ထစရိယကို ရှေ့တန်းထားလျက် ဘာသာတရားတစ်ခု ထူထောင်တော်မူခဲ့သည်။ ပရဟိတလုပ်ငန်းများကို
လုပ်ဆောင်သော ပထမဆုံး ဘာသာရေးခေါင်းဆောင်လည်း ဖြစ်ခဲ့သည်။
မြတ်စွာဘုရားရှင်ကို
အားကျအတုယူကာ မိမိတို့ကိုယ်တိုင်ကလည်း ဂုဏ်ယူဝင့်ကြွားခဲ့ရသည်။ တစ်ခုရှိ သည်မှာ မိမိတို့သည်
မြတ်ဘုရားရှင်ကို အားကျရုံနှင့် မလုံလောက်သေးဟူ၍ဖြစ်သည်။ ဘုရားရှင်ကို အား ကျပါလျင်
ဘုရားရှင်၏ တပည့်သာဝက ပီသပါလျင် ဘုရားရှင်၏ လမ်းစဉ်ကို လိုက်ရပါမည်။ အချို့က သာ သနာတော်ကို
မိမိစွမ်းနိုင်သည့်အလျောက် လုပ်ဆောင်ကြ၊သာသနာပြုကြသည်မဟုတ်ပါပဲလျက် ပရဟိတ လုပ်ငန်းများသည်
မိမိတို့အလုပ်မဟုတ်ပါ-ဟု ဘေးထိုင်ဘုပြောကြသည်။ လုပ်နေသူများကို ကဲ့ရဲ့သံနှော တတ်ကြသည်။
ထိုသူတို့ကို ပြောစရာအနည်းငယ်သာ ရှိပါသည်။ ယင်းစကားမှာ သင်တို့သည် မိမိစွမ်းအား ကို
အပြည့်ထုတ်သုံးလျက် သာသနာပြုနေကြပြီလား သို့မဟုတ် အတ္တဟိတလုပ်ငန်းစစ်စစ်ကို တကယ်ပင်
လုပ်ဆောင်နေကြသလား-ဟူ၍ဖြစ်သည်။ အကယ်၍ လုပ်ဆောင်နေသည်ဆိုပါလျင် သာဓုအကြိမ်ကြိမ်ခေါ် ပါသည်။
သို့မဟုတ်ပါပဲလျက် လုပ်ဆောင်နေသူများလောက်မှ အစွမ်းကို ထုတ်သုံးကြခြင်း မရှိပါလျင်
ထိုသို့ မပြောကြပါနှင့် အားပေးလိုက်ကြပါ-ဟူ၍သာ ပြောချင်ပါသည်။ သူတစ်ဦးတစ်ယောက်သည် ပရဟိတ လုပ်ငန်းကို
တကယ်လုပ်ဆောင်နေသလား မလုပ်ဆောင်ဘူးလား ဆိုသည်ကို မိမိတို့ကိုယ်တိုင် သိရှိ လေ့ လာနိုင်ပါသည်။
မြတ်ဗုဒ္ဓ၏ သဘောထားအမှန်ကို သိရှိနားလည်နိုင်ပါစေ။
မွေးလာကတည်းက
ဘာကိုမျှဆွဲငင် ယူဆောင်လာခြင်းမရှိပဲလျက် လက်ခြေခေါင်းတို့သာ ယူဆောင်လာ ခဲ့သော ကျွန်ုပ်တို့သည်
လက်ဖြင့် လိုချင်သည်များကို ပူဆာခဲ့ကြသည်။ ခြေဖြင့် သွားလိုရာကို ရှေးရှုခဲ့ကြ သည်။ ခေါင်းဖြင့်
မှေးစက်နားခိုရာ ရှာခဲ့ကြသည်။ မိဘတို့ကလည်း မိမိတို့တာဝန်များကို ကျေပွန်ခဲ့ကြ သည်။
မိမိတို့က တဖန်ပြန်လည်ကာ ထိုသို့ပေးဆပ်နိုင်ပါမည်လော မေးခွန်းထုတ်စရာပင် ။ ပို၍အရေး ကြီးသည်မှာ
ဘာကိုမျှယူဆောင်လာနိုင်ခြင်းမရှိသော မိမိတို့သည် ဘာကိုမျှယူဆောင်သွားနိုင်ခြင်းမရှိပဲ လျက်
သေဆုံးရမည်ကိုပင်ဖြစ်သည်။ ထိုသို့သေဆုံးသောအခါ နာမည်ကောင်းတစ်ခုမကျန်ခဲ့လျင် ငါသည် အလကားလူတစ်ယောက်ဟု
မိမိကိုယ်ကိုမိမိ သိလိုက်ရပါမည်။ မှန်ပါသည် လူတစ်ယောက်သည် သေ ဆုံးသွားခဲ့လျင် လောကကြီးအတွက်
အမှိုက်တစ်ခုမဖြေစ်စေရ လူသေသော်လည်း မသေပဲကျန်ရစ်နေ မည့် ကောင်းသောလုပ်ငန်းတစ်ခု လုပ်ကိုင်ထားနိုင်ရမည်။
သို့မှသာ လူ့ဘ၀ရခြင်း၏ တန်ဖိုးကို မိမိရော အများကပါ ခံစားကြရမည်ဖြစ်သည်။
မိမိတို့သည်
လူသားများဖြစ်ကြသည်။ ယနေ့ခေတ်သည် ကမ္ဘာကရွာတစ်ရွာဖြစ်လို့နေပါပြီ။ တစ်ဦးကိုတစ်ဦး မှီခိုနေကြရသည့်
ကမ္ဘာဖြစ်သည်။ လူ့အဖွဲ့အစည်းကို ဗဟိုပြုတွေးခေါ်နေကြပါပြီ။ အကယ်၍ သင်သည် ရွာ တစ်ရွတွင်
ရပ်ရွာဥက္ကဋ္ဌ သို့မဟုတ် ရွာကျောင်းထိုင်ဖြစ်နေလျင် မိမိရပ်ရွာ အကျိုးစီးပွားကို တတ်စွမ်းသည့်
အလျောက် စွမ်းဆောင်သင့်သည်။ မိမိနေရာဒေသအလိုက် အလုပ်လုပ်ကြရမည်။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့်
နိုင်ငံ့အကျိုးကိုထမ်းဆောင်နေကြသူများ ဖြစ်နေကြပါပြီ။ မိမိအမျိုး၊ ဘာသာ၊ သာသနာ ကို မျက်ကွယ်မပြုပဲ
အရှည်တည်တန့်အောင် ဆောင်ရွက်ကြသူများ ဖြစ်နေကြပါပြီ။
ရဟန်းတော်များသည်
ဘာသာရေးခေါင်းဆောင်များဖြစ်ကြသည်။ ရဟန်းတော်များရှိနေသည်ကို မြင်ရ သဖြင့် သာသနာတော်ရှိနေသည်-ဟု
သိရှိနိုင်သည်။ ကမ္ဘာနှင့်မတွက်ပါနှင့်ဦး မြန်မာနိုင်ငံနှင့်သာ စဉ်းစား ကြည့်ကြပါ။
မြန်မာနိုင်ငံသည် တိုင်းတစ်ပါးတို့၏ ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး၊ ရိုးရာဓလေ့ထိုးစံ၊
ဝတ် စားဆင်ယဉ်မှုတို့ဖြင့် နည်းမျိုးစုံ ထိုးနှက်ခြင်းကို ခံနေရသည်။ ရုပ်ဝတ္ထုတိုးတက်နေသော
ယနေ့ခေတ်တွင် လူသားတို့၏ အတွင်းစိတ်နှလုံးကား နူးညံ့ပျော့ပြောင်းမှု အားနည်းလာကြပြီဖြစ်သည်။
ကျောင်းတိုက် တွင်သာနေလျက် တစ်သီးပုဂ္ဂလ နေထိုင်၍ရသောခေတ် မဟုတ်တော့ပေ။ သာမန်နေထိုင်ရုံဖြင့်
မလုံလောက်တော့ပေ။ ကျောင်းသို့လာရောက်ကြသူတို့ပင် အင်မတန်နည်းနေပြီဖြစ်သည်။ ထိုသူတို့၏ စိတ်နှလုံး
မာကျောခက်ထန်မှုကို နူးညံ့လာအောင် ယဉ်ကျေးမှုသင်တန်းစသည့် လုပ်ငန်းများကို လုပ်ဆောင်ကြရတော့မည်။
မေ့မေ့လျော့လျော့နေခြင်း အားတက်သရောမရှိခြင်းတို့ကို အတတ်နိုင်ဆုံး ဖယ် ထုတ်ကာ စွမ်းနိုင်သည့်ဖက်မှ
သာသနာပြုခြင်းဖြင့် သာသနာ့တာဝန်ကို ထမ်းဆောင်ရမည်။ ဘာသာရေး အခြေခံသော မြန်မာနိုင်ငံတွင်
မိမိတို့က ဘာသာရေးခေါင်းဆောင် ပီသလျင် နိုင်ငံ့တာဝန်ထမ်းဆောင် ၊ နေုခြင်းပင်ဖြစ်သည်။
ထမ်းဆောင်သည်ဆိုရာတွင် မိမိတို့ကိုယ်တိုင်က အမြင်ကျဉ်းလွန်းသူများ မဖြစ်ရ၊ အမြင်ကျဉ်းလွန်းသူများ
လောကကြီးနှင့် သဟဇာတမဖြစ်ကြသူများကိုလည်း သဘောထားများ ပြောင်း လဲအောင် လုပ်ဆောင်ကြရမည်။
လောကကြီးနှင့် သင့်မြတ်အောင်နေထိုင်နိုင်မည့်နည်းလမ်းများ ယုတ္တိ ကင်းမဲ့လွန်းနေသည့်
အယူအဆ၊ အတွေးအခေါ်များ၊ လမ်းမှားကိုပင် လမ်းမှန်ထင်နေကြသူများ၊ လူလူ ချင်း နှိပ်ကွပ်ခေါင်းပုံဖြတ်သူများကို
လူ့အဖွဲ့အစည်းစိတ်ဓါတ် ပရဟိတစိတ်ဓါတ် ရှင်သန်လာအောင် ၊ ဟောပြောပြသ ဆုံးမသွန်သင်ကြရမည်။
ထိုသို့ပြုသည့်အခါ ပုဂ္ဂိုလ်ရေးအမြင်များ၊ အမျိုးဇာတ်အနိမ့်အမြင့် ချမ်းသာဆင်းရဲကို
မငဲ့ကွက်ပဲ ပရဟိတစိတ်ဓါတ်သက်သက်ဖြင့် ကူညီလုပ်ကိုင်နိုင်ရမည်။ ဤသို့ပြုခြင်း သည် ဘုရားရှင်၏
လမ်းစဉ်ပင်ဖြစ်သည်။
ဘုရားရှင်သည်
အမ္ဗပါလီကို
ပြည့်တန်ဆာဖြစ်သည်ဟူ၍လည်းကောင်း သုနီတကို ဆင်းရဲသားဖြစ်သည် ဟူ၍ လည်းကောင်း
အင်္ဂုလိမာလကို လူသတ်သမားလူဆိုးလူမိုက်ဟူ၍လည်းကောင်း အာဠာဝကကို နတ်
ဘီလူးဆိုးဟူ၍လည်းကောင်း
ရာဓပုဏ္ဏား၊ဗဟုဓီတရပုဏ္ဏား၊ဗဟုပုတ္တိကသောဏတို့ကို ခိုကိုးရာမဲ့သူ
အသက်ကြီးရင့်အိုမင်းမစွမ်းသူဟူ၍လည်းကောင်း
သံကိစ္စ၊သောပါက၊လောသက ၊အရှင်အာနန္ဒာ၏ ဆွမ်း ဒကာဖြစ်ဖူးသည့် ကလေးငယ်တို့ကို
မိဘမဲ့သူ လေလွင့်သူများဟူ၍လည်းကောင်း
အနာရောဂါ ပြင်း ထန်စွာဖြစ်ပွားနေသဖြင့် မည်သူမျှအနားမကပ်ကြသော
ပူတိဂတ္တရဟန်းအပေါ်၌ မျှော်လင့်ချက်မရှိ သူ၊ရွံရှာဖွယ်ဖြစ်သူဟူ၍လည်းကောင်း
သဘောမထား ဖေးမစောင့်ရှောက် ပြုစုတော်မူခဲ့သည်။ စင်စစ် ဘုရားရှင်သည်
လူသားချင်းစာနာထောက်ထားရေးလုပ်ငန်း
ဆင်းရဲသားကာကွယ်စောင့်ရေးလုပ်ငန်း ယဉ်ကျေးလိမ္မာရေး
(ယဉ်ကျေးမှုသင်တန်း)လုပ်ငန်း သက်ကြီးရွယ်အိုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း
ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း
ဂိလာနပြုစုစောင့်ရှောက်ရေးလုပ်ငန်းများကို
လွန်ခဲ့ သည့် နှစ်ပေါင်း ၂၅၅၀ကျော်ကပင် ရှေ့ဆောင်ပြုတော်မူခဲ့ပြီးဖြစ်သည်။
လူတို့အနေဖြင့်
စာပေများတွင် ယသသူဋ္ဌေးသားတို့ကဲ့သို့ နာရေးကူညီမှုလုပ်ငန်းလုပ်သူ၊ မဃလုလင်တို့ ကဲ့သို့
လမ်းတံတားပြုပြင်မှုနှင့် လူမှုရေးလုပ်ငန်းလုပ်သူတို့ကိုလည်းကောင်း ယနေ့ခေတ်နှင့် မကြာမီအချိန် က
ဖွားဦးဇွန်း၊ သီတဂူဆရာတော်၊ ဦးကျော်သူ၊ စသော ဆရတော်များ လူပုဂ္ဂိုလ်များကိုလည်း တွေ့ရနိုင် သည်။
သို့သော်
ဗုဒ္ဓသာသာဝင်တို့ ပရဟိတလုပ်ငန်းများကို လုပ်ကိုင်ကြသည်ထက် အခြားဘာသာဝင်တို့က ပရ ဟိတလုပ်ငန်းများကို
လုပ်ကိုင်ကြသည်ကို ပို၍လူသိများကြသည်။ ဗုဒ္ဓဘာသာနှင့်ပတ်သက်၍ ပရဟိတ လုပ်ငန်းလုပ်သဖြင့်
အောင်မြင်လူသိများခဲ့သူများကို ကမ္ဘာနှင့်ချီပြောရလျင် နှစ်အတော်ကြာက ဂျပန်ဗုဒ္ဓ ဘာသာခေါင်းဆောင်တစ်ယောက်ဖြစ်သူ
နစ်ခိုနိရ၀ါနို-သည် ဘာသာတရားအားလုံး ပေါင်းစည်းညီညွတ်ရန် ကျိုးပန်းခဲ့သည့်အတွက်
Templeton Prize ဆုကို ရရှိခဲ့ပါတယ်။ ထိုင်းဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါး သည် မူးယစ်ဆေးစွဲသူများကို
ကုသရာတွင် ထူးချွန်သောကြောင့် မက်ဆေးဆေးဆုကို ရရှိခဲ့ပါတယ်။ ၁၉၈၇-ခု အရှင်ကန္တပိဝတ်ဆိုသော
ထိုင်းဘုန်းကြီးတစ်ပါးသည် ကျေးလက်တောရွာရှိ အခြေနေမဲ့ကလေး များကို ပြုစုစောင့်ရှောက်ခဲ့သောကြောင့်
နော်ဝေကလေးများ၏ ငြိမ်းချမ်းရေးဆုကို ရရှိခဲ့ပါတယ်။ အနောက် တိုင်းဗုဒ္ဓဘာသာအဖွဲ့
(Westem Buddhist Order)သည် အိန္ဒိယပြည်ရှိ ဆင်းရဲသားများအတွက် ကျယ်ပြန့်သော လူမှုရေးလုပ်ငန်းများ
လုပ်ဆောင်ခြင်း၊ စာသင်ကျောင်း၊ ကလေးပြုစုရေးဋ္ဌာန၊ ဆေးပေးခန်း၊ တနိုင်စက်မှုလုပ်ငန်းအသေးစားများ
တည်ထောင်ပျိုးထောင်ခဲ့ခြင်းကို ပြုလုပ်ခဲ့ပါတယ်။ ထိုသို့ပင် လုပ်ကြသော်ငြား ကမ္ဘာက အသိနည်းရခြင်းမှာ
ဗုဒ္ဓဘာသာဝင်များသည် မိမိတို့ကိုယ်ကိုမိမိ ဒါနအမှု၊ ပရ ဟိတအမှုလုပ်ရမည်ဟု မသိမဟုတ်သိကြပါသည်။
အားကျိုးမာန်တက်လည်း လုပ်ဆောင်ကြပါသည်။ သို့သော် ထိုသို့ပြုရာတွင် မိမိကိုယ်မိမိ ထင်ပေါ်စေလိုသောစိတ်ကို
မထားသင့် တိုးတိုးတိတ်တိတ် ပြုလုပ် သင့်သည်-ဟု ယုံကြည်ကြသောကြောင့် ကမ္ဘာကမသိရခြင်းဖြစ်နိုင်ပါသည်။
အရှင်က၀ိန္ဒ(ချောင်းဆုံ)
No comments:
Post a Comment