အဲဒီလိုမေးခွန်းထွက်ပေါ်လာတာ
ရိုးရိုးသားသားထွက်ပေါ်လာတာလည်း ဖြစ်နိုင်သလို မရိုးမသားဖြစ်ပေါ်လာတာလည်း ဖြစ်နိုင်ပါတယ်။
ဗုဒ္ဓဘုရားရှင်ခေတ်က ဘုရားဆီကို သီလသွားခံယူတဲ့ ၀ိသာခါ၊ အနာထပိဏ်တို့လို ဒါယိကာ၊ဒါယိကာမတို့
ရှိခဲ့တာ အထင်အရှားဖြစ်လို့ပါပဲ။ ဒါပေမယ့် ခုနက မေးခွန်းကို ပြန်ကောက်ရင် အဲဒီမေးခွန်းဖြစ်ပေါ်ရာသည်
ပတ်ဝန်းကျင်နဲ့လဲ ဆိုင်ပါတယ်။ ခေါင်းပါးတဲ့အရပ်လဲ ဖြစ်နိုင်တယ်။ ဘုန်းကြီးမရှိတဲ့ သို့မဟုတ်
ဘုန်းကြီးမမြဲတဲ့ အရပ်ဒေသလဲ ဖြစ်နိုင်ပါတယ်။ အဲလိုမျိုးအရပ်မှာ ဘုန်းကြီးဆီ သီလခံယူတာဟာ အဓိပ္ပါယ်မရှိဘူး-လို့
ပြောတာမဆန်းပါဘူး။
သီလဆိုတာ
မိဘကျင့်ဝတ်စတဲ့ မကျင့်မနေရ၊ မကျင့်ရင် အပြစ်ဖြစ်ပြီး ဘယ်သူ့ဆီမှ တောင်းခံဖို့မလိုတဲ့
စာရိတ္တသီလနဲ့ ၀ါရိတ္တသီလဆိုပြီး နှစ်မျိုးရှိတယ်။ ၀ါရိတ္တသီလက နှစ်မျိုးရှိတယ်။ ငါးပါးသီလဆိုတဲ့
ဝါရိတ္တသီလကျတော့ သူတစ်ပါးထံ တောင်းသည်ဖြစ်စေ မတောင်းသည်ဖြစ်စေ လိုက်နာရမယ့် သီလမျိုးဖြစ်တယ်။
ရှစ်ပါးသီလဆိုတဲ့ ၀ါရိတ္တသီလကျတော့ စာရိတ္တ၊၀ါရိတ္တ နှစ်ပါးရောနေတာဖြစ်တယ်။ ၀ိရတီအနေနဲ့ပြောရရင်
အရိယာတို့ရဲ့ အရာသာဖြစ်တဲ့ သမုစ္ဆေဒ၀ိရတီကိုချန်ထား ပုထုဇဉ်တို့အရာဖြစ်တဲ့ သမ္ပတ္တ၀ိရတီဆိုတာ
ခံယူဆောက်တည်စရာ မလိုတဲ့သီလဖြစ်တယ်။ သမာဒါန၀ိရတီဆိုတာ ခံယူဆောက်တည်ရတဲ့ သီလဖြစ်တယ်။
အကျိုးအားဖြင့်လည်း အခွင့်ကြုံမှ သီလကိုဖြစ်စေတဲ့ သီလထက် ခံယူတဲ့အချိန်ကစပြီး သီလကုသိုလ်ဖြစ်နေတဲ့
သီလက ပိုပြီး အကျိုးကြီးပါတယ်။ သီလခံယူရာမှာ ရတနာသုံးပါး၊ဆရာသမားထံခံယူဖို့ အခွင့်မသာရင်တော့
နာလကမထေရ်၊ မဟာကဿပထေရ်တို့လို ရတနာသုံးပါးကိုရည်စူးပြီး ခံယူရင်တော့ရပါတယ်။ အခွင့်သာရင်တော့
ရတနာသုံးပါး ဆရာသမားထံ ခံယူသင့်ပါတယ်။ ပိုပြီးတော့ လေးနက်တာပေါ့။ ဘာလို့လဲဆိုရင် မိမိဘာသာဆောက်တည်ရင်
မိမိတစ်ဦးတည်းသာ ငဲ့ကွက်စရာရှိတဲ့အတွက် ဖေါက်ဖျက်ဖို့ ၀န်မလေးပါဘူး။ ရတနာသုံးပါးဆရာသမားထံမှာ
ခံယူထားရင်တော့ ကျူးလွန်တော့မယ်ဆိုရင် ငဲ့ကွက်စရာရှိလို့ မကျူးလွန်ဖြစ်ပဲ နောက်ဆုတ်သွားနိုင်တဲ့အတွက်
ပိုပြီးလေးနက်ပါတယ်။
ဥပုသ်သီလကျတော့
ဥပေါသထဆိုတဲ့အတိုင်း ဥပုသ်နေ့မှာ ရဟန်း သို့မဟုတ် ရဟန်းမထံ ချဉ်းကပ်ပြီး တစ်ပါးစီဖြစ်စေ၊
ပေါင်းပြီးဖြစ်စေ ခံယူရပါမယ်။ တစ်ပါးစီခံယူထားရင် တစ်ပါးကျိုးပျက်တဲ့အခါ ကျန်တဲ့ သီလတွေကျန်သေးပေမယ့်
ပေါင်းပြီးခံယူထားရင် တစ်ပါးကျူးလွန်ရင် အကုန်ကျိုးပျက်ပါတယ်။ မဟာဇနက မင်းသားဟာ သင်္ဘောပျက်တော့
ဥပုသ်နေ့ဖြစ်လို့ ပါးစပ်ကို ဆားငန်ရေနဲ့ဆေးပြီး ဥပုသ်စောင့်တယ်လို့ စာမှာရှိပေမယ့်လို့
ဝစီဘေဒေါ ပန ကာတဗ္ဗောယေ၀ ဆိုပြီး ဧ၀သဒ္ဒါနဲ့ ပြထားတဲ့အတွက်ကြောင့် ဥပုသ်စောင့်တဲ့အခါ
စိတ်နဲ့စောင့်လို့မရဘူး။ နှုတ်ကမြွက်ဆိုဆောက်တည်ရပါမယ်။ အဲဒါမှ ဥပုသ်အရာမြောက်ပါမယ်။
ဥပုသ်သီလဆိုတာ
အရိယာတွေ အပြည့်အ၀ကျင့်သုံးတဲ့ သီလပါပဲ။ ဘုရားကိုယ်တိုင်ကလည်း လူတွေက ရဟန္တာများလိုပဲ ရှစ်ပါးသီလကို စောင့်လိုတဲ့အတွက်
ခံယူကျင့်သုံးခြင်းဖြစ်တယ်လို့ တိကင်္ဂုတ္တရပါဠိ ၂၁၁-မှာ မိန့်ပါတယ်။ လူတွေဟာ ဘယ်လောက်ပဲ
ခန္ဓာကိုယ်စင်ကြယ်ပါစေ၊ ဖုန်ထူတဲ့လမ်းမှာနေရင် ညစ်ပတ်ကုန်မယ်။ အဲဒီလိုပဲ အိမ်မှာနေပြီးဥပုသ်စောင့်တာထက်စာရင်
ဘုရားကျောင်းကန်မှာပဲ ဥပုသ်စောင့်ပြီးနေထိုင်သင့်တယ်။ အိမ်မှာပြန်နေလို့ သီလမကျိုးရင်
အပြစ်တော့မဖြစ်ပါဘူး။
အချို့ပုဂ္ဂိုလ်တွေဟာ
ဥပုသ်စောင့်ပြီး ညကျတော့ ဗိုက်ဆာလို့ဆိုပြီး ဥပုသ်ချပြီး ထမင်းစားကြသတဲ့။ အဲဒီလို ပုဂ္ဂိုလ်မျိုးကတော့
အတော်အားနည်းတဲ့ ဥပုသ်သည်လို့ဆိုရပါမယ်။ သူဟာ သီလခံယူကတည်းက သမာဓိယာမိဆိုတာပါပြီးသားပဲ၊
သူ့ဆိုလိုချက်က ကျင့်သုံးဆောက်တည်မယ်လို့ ယခုတောင်းခံတဲ့တရားကို ကျင့်ပါမယ်၊ ကျင့်ပြီး
သီတင်းသုံးနေထိုင်ပါမယ်၊ ဤတရားကို လုံ့လပြုပြီး ရှောင်ပါ့မယ်၊ ရှောင်ကြဉ်ပါမယ်လို့လဲ
လေးနက်စွာ အဓိဋ္ဌာန်ပါတယ်-လို့ ဆိုလိုပါတယ်။ အဲဒီလိုဆိုထားရဲ့သားနဲ့ ချိုးဖေါက်ရင် အောက်တန်းကျတဲ့သူ၊
ယုံဖို့မကောင်းတဲ့သူဆိုတဲ့ အဓိပ္ပါယ်သက်ရောက်ပြီး သစ္စာရေသောက်ရင်း သေးပေါက်ရင်းဆိုသလိုဖြစ်တဲ့သူပါပဲ။
တစ်ချို့ကျတော့လဲ
အပိုင်းအခြားနဲ့စောင့်ကြတာရှိပါတယ်။ သိက္ခာပုဒ်ဘယ်နှစ်ပါးစောင့်ပါ့မယ်ဆိုတဲ့ သိက္ခာပဒပရိယန္တသီလနဲ့
ကျောင်းဝင်းအတွင်းစောင့်မယ် အိမ်ရောက်တဲ့အထိစောင့်မယ် တစ်ရက်စောင့်မယ် တစ်လစောင့်မယ်စသည်ဖြင့်
ကာလကိုပိုင်းပြီးစောင့်တဲ့ ကာလပရိယန္တသီလဆိုပြီး နှစ်မျိုးရှိပါတယ်။ နောက်အပိုင်းအခြားနှစ်မျိုးရှိပါသေးတယ်။
အသက်ထက်ဆုံးကျင့်ပါမယ်လို့ ဆောက်တည်တဲ့ အာပါဏကောဋိကသီလနဲ့ ယနေ့မြန်မာနိုင်ငံမှာ တစ်ရက်၊
တစ်သီတင်း၊ တစ်လစသည်ဖြင့် စောင့်နေကြတဲ့ ကာလပရိယန္တသီလမျိုးဖြစ်ပါတယ်။ ဘယ်လိုသီလမျိုးပဲဖြစ်ဖြစ်
သီလစောင့်မယ်၊ ဘယ်ရွေ့ဘယ်မျှ စောင့်မယ်လို့ ကတိပေးထားရင် ပေးတဲ့ကတိအတိုင်းတည်မယ်ဆိုပါက
အလွန်အကျိုးကျေးဇူးများပါတယ်။
ကိုးပါးသီလနဲ့ပတ်သက်လို့
တချို့က ကိုးပါးသီလထဲက မေတ္တာတရားဟာ သမာဓိမျိုးဖြစ်တယ်။ မခံယူကောင်းဘူးလို့ ပြောကြတယ်။
ဒါပေမယ့် ဘုရားရှင်က အင်္ဂုတ္ထုရ် န၀ကနိပါတ် သီဟနာဒ၀ဂ် ၁၉၂-မှာ ရဟန်းတို့ ကိုးပါးသီလကိုခံယူရင် အကျိုးကြီးမြတ်တယ်လို့ မိန့်ခဲ့တယ်။ တစ်ခုပြောစရာရှိတာက
သီလဆိုတာ ကာယကံမှု၊၀စီကံမှုဖြစ်တယ်။ မေတ္တာကတော့ မနောကံဖြစ်တယ်။ ဒါကြောင့် ရှစ်ပါးသီလကို
ခံယူပြီး ကျင့်သုံးတဲ့အခါ ကမ္မဋ္ဌာန်းကို စီးဖြန်းပြီး နေထိုင်သင့်တယ်။ ဘာဖြစ်လို့လဲဆိုရင်
ရှစ်ပါးကို ရှောင်ကြဉ်ပုံကို အင်္ဂုတ္ထိုရ် န၀ကနိပတ် န၀င်္ဂုပေါသထသုတ်မှာ ဣမိနာပင်္ဂေန အရဟတံ အနုကရောမိ၊ ဥပေါသထော စ မေ ဥပ၀ုတ္တော
ဘ၀ိဿတိ-လို့ဆိုထားပြီး မေတ္တာကိုကျတော့ ဣမိနာ
န၀မေန အင်္ဂေန သမန္နာဂတော ဟောတိ-လို့ ဥပေါသထသဒ္ဒါကိုမထည့်ပဲ
မိန့်ထားလို့ပါပဲ။ သို့ပေမယ့် ယနေ့ခေတ်မှာ ကိုးပါးလုံးကို ရွတ်ဆိုခံယူကြတယ်။ အဲဒီလိုရွတ်ဆိုတဲ့အတွက်
အပြစ်မဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီစီးဖြန်းတဲ့သူဟာ သူ့စိတ်မှာ အကုသိုလ် စိတ်နဲ့
ခံယူရွတ်ဆိုတာမဟုတ်လို့ပါပဲ။ တနည်းပြောရရင် မိမိကျင့်သုံးဖို့အတွက် သက်သေပြုပြောဆိုသလိုလဲ
ဖြစ်နေတဲ့အတွက် ပိုပြီးတောင် ခိုင်မာပါတယ်။
မှတ်ချက် = တည်တောဆရာတော်၏ ဗုဒ္ဓ၀ါဒဆိုင်ရာအမေးအဖြေများ
(၁)ဟူသော စာအုပ်မှ ကောက်နှုတ် တင်ပြပါသည်။
No comments:
Post a Comment