ကျိုက်အဓိပ္ပာယ်
ကျိုက်သူသည်
မွန်တို့စကားအနေဖြင့် ကျာ်-ဖြစ်၍ ဘုရား သို့မဟုတ် နတ်-ဟု အဓိပ္ပာယ်ရသည်။ မွန်တို့ သည်
မိမိတို့ကိုးကွယ်ရာ အထွတ်မြတ်ထားရာကို ကျာ်-ဟု ရှေ့ထားသုံးကြပြီး မြန်မာတို့က ကျက်၊ကျတ် ၊ကျိုက်၊ကျောက်-ဟု
ပြောင်းလဲသုံးကြသည်။ အသရေစောင့်နတ်ကို ကျက်သရေ-ဟု ကျက်-အသံထွက်ဖြင့် လည်းကောင်း က၀ိလက္ခဏသတ်ပုံကျမ်းတွင်
သံလျင်မြို့မြတ်၊ တောင်မတ်မတ်၊ ကျတ်ခေါက်ဘုရားရှင်၊ သီခါရစ်ပတ်၊ ပင်လယ်ထွတ်၊ ကျတ်ခမီရှင်ပင်-ဟု
ဆိုထားသကဲ့သို့ ကျတ်ခေါက်၊ကျတ်ပွန်၊ကျတ်သလွန်၊ ကျတ်ခမီ-ဟု ကျတ်အသံဖြင့်လည်းကောင်း ကျိုက်ထီးရိုး၊
ကျိုက္ကဆံ၊ ကျိုက္ကလို့၊ ကျိုက်သံလန်စသော စေတီ များတွင် ကျိုက်အသံဖြင့်လည်းကောင်း ကျိုက်ဝိုင်းစေတီတွင်
ကျောက်အသံဖြင့်လည်းကောင်း မြန်မာနိုင်ငံ -အောက်ပိုင်းတွင် ကျိုက်လတ်၊ ကျိုက်ပိ၊ ကျိုက်ထော်၊
ကျိုက်ထို၊ ကျိုက်မရောစသည်ဖြင့် ပြောဆိုနေကြ သကဲ့သို့လည်းကောင်း အထွတ်အမြတ်ထားရာတို့တွင်
သုံးစွဲကြသည်။
ကျိုက္ခမီမြို့
ကျိုက္ခမီမြိ့သည်
မြန်မာနိုင်ငံအောက်ပိုင်း မွန်ပြည်နယ်တွင် ပါဝင်၍ စတုရန်းမိုင် ၇၀၆၂-ခန့် ကျယ်ဝန်းသည် ။
မြောက်ဖက်၍ သထုံခရိုင်၊ အရှေ့ဖက်၍ ဒေါနတောင်တန်းနှင့် ယိုးဒယားနိုင်ငံ၊ တောင်ဘက်တွင်
ဒေါန -တောင်၏ တောင်စွယ်ဖြစ်သော မလွှဲတောင်နှင့် ထားဝယ်ခရိုင်၊ အနောက်ဖက်၍ မုတ္တမကွေ့တို့က
ဝိုင်းရံ လျှက်ရှိသည်။ ကျိုက္ခမီမြို့သည် အပူပိုင်းဒေသတွင် ပါဝင်သော်ငြား ပင်လယ်ကမ်းခြေဖြစ်ခြင်း၊
တောင်ထူ ထပ်ခြင်း၊ သံလွင်မြစ်၊ ဂျိုင်းမြစ်၊ အတ္ထရံမြစ်၊ သောင်းရင်းမြစ်ဝတို့နှင့် နီးနေခြင်းကြောင့်
ရာသီဥတုမျှတကာ - မြေသြဇာ ကောင်းမွန်သည်။ နှစ်စဉ်မိုးရေချိန် လက်မ ၁၅၀ရှိ၍ ပျမ်းမျှအပူချိန်
ဒီဂရီ ၈၀-ရှိကာ ရေပူစမ်း များလည်းရှိသည်။ သံလွင်မြစ်သည် တိဗက်ပြည်၌ မြစ်ဖျားခံ၍ ရှမ်းကုန်းပြင်မြင့်ကိုဖြတ်ကာ
မော်လမြိုင် -မြောက်ဖက်မှ စီးဆင်းပြီးလျှင် အရှေ့ဖက်မှစီးလာသော ဂျိုင်းမြစ်၊အတ္ထရံမြစ်တို့နှင့်ပေါင်းကာ
မုတ္တမကွေ့ထဲ သို့ စီးဝင်သည်။ အတ္ထရံမြစ်သည် တောင်ဖက်ကုန်း၍ မြစ်ဖျားခံ၍ မော်လမြိုင်မြို့အနီး
သံလွင်မြစ်ထဲသို့ စီး ၀င်သည်။ သောင်ရင်းမြစ်သည် ဒေါနတောင်တန်းတွင် မြစ်ဖျားခံ၍ သံလွင်မြစ်ထဲသို့
စီးဝင်သည်။ ကျိုက္ခမီ -မြို့တွင် မွန်၊မြန်မာ၊ကရင်နှင့် အခြားတိုင်းရင်းသား အနည်းငယ်နေထိုင်ကြသည်။
အခြားလူမျိုးတို့လည်း နေ ထိုင်သည်။ ကျိုက္ခမီမြို့ကို မြန်မာနိုင်ငံအောက်ပိုင်းကို ဗြိတိသျှသို့
သိမ်းပိုက်စဉ် အိန္ဒိယဘုရင်ခံချုပ် လော့ အမ်းဟတ်ကို အစွဲပြု၍ အမ်းဟတ်မြို့ဟုလည်း ခေါ်တွင်ခဲ့ဖူးသည်။
၁၉၅၃-ခု သန်းခေါင်စာရင်းအရ လူဦးရေ ၆၀၀၈-ယောက် ရှိခဲ့သည်။ အဘိဓာန်ကျမ်းပြုဆရာ ယုဒသန်နေထိုင်ခဲ့ဖူးပြီ
သူ၏ဇနီးသည် ထိုကျိုက္ခမီတွင် ပင် ၁၈၂၆-တွင် ဆုံးသွားခဲ့သဖြင့် အုတ်ဂူပြုလုပ်ထားခြင်းကို
ယနေ့တိုင်တွေ့ရသည်။
ကျိုက္ခမီဘုရား
ကျိုက္ခမီဘုရားသည်
မြန်မာနိုင်ငံ၏ ထင်ရှားသော ရုပ်ပွားတော်တစ်ဆူဖြစ်ပြီး ကျိုက္ခမီမြို့အနောက်ဘက် ပင်လယ်ကမ်းခြေမှ
တစ်ဖာလုံဝေးသော ကျွန်းပေါ်တွင်ရှိသည်။ ထက်ဝယ်ဖွဲ့ခွေဟန်ဖြင့် ဥာဏ်တော်နှစ် -တောင်ခန့်ရှိကာ
နဂါးမင်း ပါးပျဉ်းဖြင့် အုပ်မိုးပူဇော်နေဟန်ဖြစ်သည်။ အပေါ်ဆင့်တွင် အရံရုပ်ပွား ရှစ်ဆူ၊
အောက်ဆင့်တွင် အရံရုပ်ပွား ဆယ့်နှစ်ဆူရှိသည်။ သမိုင်းအဆိုအရ သီဟိုဠ်ကျွန်း ၊ ဒေ၀ါနံပိယ တိဿမင်းသည်
ဘုရားရှင်ကို မဖူးလိုက်ရသူတို့အတွက် ကြည်ညိုနိုင်ရန် အဓိဋ္ဌာန်ဖြင့် ရုပ်ပွားလေးဆူ ကို
မျှောလိုက်ရာ ကျောက်လှည်းဘီးခံသော ရုပ်ပွားသည် ကျိုက်ထိုမြို့သို့ရောက်ပြီးနောက် ကျိုက်ပေါလော အမည်ဖြင့်
ထင်ရှားသည်။ ကျွန်းတုံးခံသော ရုပ်ပွားမှာ ရခိုင်ပြည်နယ်သို့ရောက်သည်ဟု ဆိုပြီး အခြားအဆိုတစ်ခုအရ
ပုသိမ်သို့ရောက်သည်ဟုဆိုသည်။ သင်္ကန်းတုံးခံရုပ်ပွားပထမဆူမှာ ထားဝယ် သို့ရောက်ပြီး ရှင်မုဋ္ဌီးဟုထင်ရှားပြီး
ဒုတိယဆူမှာ ဇောင်းပီမြို့(ကျိုက္ခမီမြို့)သို့ ရောက်သည်ဟုဆိုသည် ။ ရောက်ရှိပုံမှာ ရှေးမင်းတို့က
ဆံတော်ဆယ့်တစ်ဆူ ဌပနာထားသော ဧကာဒဿစေတီတော် တည်ရှိ ရာ ရေလယ်ကျောက်ဆောင်အနီးသို့ ရောက်ရှိသည်ဟုဆိုသည်။
မည်သူပင့်၍မျှ မရပဲ နောက်ဆုံးတွင် ငါးပါးသီလမြဲသော မုဆိုးမတစ်ဦးက ပင့်သောအခါမှ ရတော့သည်။
သာသနာနှစ် ၂၃၇-ခု၊နတ်တော်လဆန်း ၁၅-ရက် တွင် ဧကာဒဿစေတီရင်ပြင်သို့ရောက်ခဲ့သည်။ စရောက်စဉ်
အရှေ့ဘက်သို့ မျက်နှာမူဟန် ထားခဲ့ကြသော်လည်း တောင်ဘက်သို့သာမျက်နှာမူလေသည်။ ထို့ကြောင့် အဆင်သင့်စေရန်
ပြောင်းရွှေ့ ထားရလေသည်။ ထားဝယ်ရှိ ရှင်မုဋ္ဌီးရုပ်ပွားတော်ကို မျှော်ခြင်းဖြစ်သည်ဟု ဆိုကြပြီး
မွန်ဘာသာဖြင့် ကျိုက်ဟမီ(ဘုရားမျှော်) ဟု ခေါ်ကြသည်။ နောက်ပိုင်းတွင် ကျိုက္ခမီဟုခေါ်လာကြပြီး
မြို့ကိုလည်း ဘုရားကို အစွဲပြု၍ ကျိုက္ခမီမြို့ ဟု ခေါ်ကြသည်။ မည်မျှပင်လှိုင်းတန်ပိုးကြီးစေကာမူ
ဘုရားကို ရေမလွှမ်းချေ၊ ၁၂၈၇- တွင် ဘုရားကို မီး ပူဇော်ရာမှ လောင်ကျွမ်းသဖြင့် ကျောင်းပြသာဒ်ပျက်စီးခဲ့ဖူးပြီး
ဝံသာနုခေါင်းဆောင်ကြီး ဦးချစ်လှိုင်ကြီးမှုးလျှက် အုတ်တိုက်ကျောင်းပြသာဒ်ကို အများကုသိုလ်ဖြင့်
ဆောက်လုပ်လှုဒါန်းခဲ့သည်။ ဘုရားပေါ်သို့ မိန်းမများ တက်ခွင့်မရှိပဲ အကယ်၍ တက်မိလျှင်
လေပြင်းမုန်တိုင်းသည်းထန်စွာ ကျခြင်း၊ တက်သူမိန်းမကိုယ်တိုင် ရောဂါတစ်ခုခု စွဲကပ်ခြင်းတို့
ဖြစ်တတ်သည်ဟု ယုံကြည်ကြသည်။ ကျိုက္ခမီဘုရားပွဲ ကို နှစ်စဉ် သီတင်း ကျွတ်လဆန်း ၂-ရက်နေ့မှ
လပြည့်နေ့တိုင်အောင် ကျင်းပသည်။
မြန်မာ့စွယ်စုံကျမ်း၊
အတွဲ(၂) အပိုင်း(က) စာမျက်နှာ = ၆၉-၇၃
အရှင်က၀ိန္ဒ(ချောင်းဆုံ)
No comments:
Post a Comment