သက္ကတဘာသာမျိုးသည် သဒ္ဒါစနစ်တင်းကြပ်-တိကျစွာ လိုက်နာကျင့်သုံးသဖြင့် ပြောင်းလဲယိုယွင်းမှုအလွန်နည်းသည်။ ပြာကတဘာသာမျိုးမှာမူကား သဒ္ဒါစနစ်တင်းကြပ်စွာ လိုက်နာမှုမရှိခြင်း ကာလဒေသ၊ ပုဂ္ဂိုလ်အမျိုးမျိုးတို့ကြောင့် ကွဲပြားမှုများစွာရှိခြင်းတို့ကြောင့် ယိုယွင်းမှုများစွာဖြစ်ရသည်။
အနောက်ဥရောပတိုက်ကြီး၌ ပြောဆိုသောစကားကို ဥရောပဘာသာမျိုးဟုလည်းကောင်း အိန္ဒိယတိုက်ကြီး၌ပြောဆိုသောစကားကို အိန္ဒိယဘာသာမျိုးဟုလည်းကောင်း ဤနှစ်မျိုးသော ဘာသာစကားတို့သည် အခြေခံအားဖြင့် အံ့သြလောက်ဖွယ်ဆင်တူမှုရှိသည်။ အင်ဒို-ဥရောပဘာသာမျိုးဟု ပညာရှင်တို့က အမည်ပေးထားကြသည်။ ထို့ကြောင့်ပင် အိန္ဒိယတိုက်သားတို့က ဥရောပဘာသာစကားကိုသင်ယူလျင် တတ်မြောက်လွယ်၍ ဥရောပတိုက်သားတို့ကလည်း အိန္ဒိယဘာသာစကားကိုသင်ယူလျင် တတ်မြောက်လွယ်သည်။
ရှေးအကျဆုံးသော အိန္ဒိယဘာသာစကားသည် နှစ်မျိုးရှိသည်။ယင်းတို့မှာ ဝေဒဘာသာ နှင့် သက္ကတဘာသာတို့ဖြစ်သည်။ ဝေဒစာပေသမိုင်း၏ နောက်ပိုင်းမှစ၍ သဒ္ဒါဆရာများစွာပေါ်ထွန်း လာခဲ့ရာ ဘီစီ ၅-ရာစုခန့်တွင် ပါဏိနီမည်သော သက္ကတသဒ္ဒါဆရာကြီးတစ်ဦးပေါ်ထွန်းခဲ့သည်။ ဆရာကြီးသည် သုတ်ပေါင်း ၄၀၀၀-ခန့်ရှိသော သက္ကတသဒ္ဒါကျမ်းကြီးတစ်ကျမ်းကို ပြုစုရေး သားခဲ့သည်။ ယင်းကျမ်း၏ကောင်းမွန် ပြည့်စုံမှုကြောင့် ရှေးသဒ္ဒါကျမ်းများ တဖြေဖြေးကွယ်ခဲ့ရသည်။ ပါဏိနီနောက်ပိုင်းတွင် သဒ္ဒါဆရာများသည် တစ်ခေတ်ပြီးတစ်ခေတ်ပေါ်ထွန်းခဲ့ပြီး အပြိုင်အဆိုင်ရေးသားလာကြရာ ပတဉ္စလိမည်သောသဒ္ဒါဆရာကြီးသည် ပါဏိနီဆရာကြီး၏ သုတ်ပေါင်း ၁၇၁၃-သုတ်ကိုဖွင့်ဆိုသည့် မဟာဘာပျ ခေါ် ပါဏိနီဋီကာကျမ်း အေဒီ ၆၅၀-ခန့် တွင် ဇယာဒိတျ နှင့် ၀ါမနမည်သော ဆရာကြီးနှစ်ဦးတို့ ပေါင်း၍ရေးသားသော ပါဏိနီသဒ္ဒါကျမ်းပါသုတ်အားလုံးကို ဖွင့်ဆိုသည့် အပြည့်စုံဆုံးသော ပါဏိနီဋီကာကျမ်းတို့သည် များစွာပင် အရေးပါခဲ့သည်။
ဆရာကြီးဦးမြင့်ဆွေ၏ သက္ကတဘာသာအရ ဘာသာဗေဒနည်းဖြင့် ပါဠိဘာသာကိုလေ့လာခြင်း နှင့် သက္ကတသဒ္ဒါကျမ်း ဟူသောစာနှစ်အုပ်တို့၏ နိဒါန်းစကားများမှ ထုတ်နှုတ်ရေးသားသည်။
အရှင်က၀ိန္ဒ(ချောင်းဆုံ)
No comments:
Post a Comment