ဒီဆိုက်ဒ်ထဲက စာတွေက ၀ါသနာအရ အားတဲ့အချိန်မှာ ရေးသားခြင်း ဖြစ်ပါတယ်။ စာအုပ်တွေကို အရင်ကတည်းက တွေ့တဲ့ဆိုက်ဒ်တွေကနေ Download ဆွဲထားခဲ့ပါတယ်။ ဒီကို ပြန်တင်မယ်ဆိုပြီး ရည်ရွယ်ရင်းမရှိခဲ့ပါ။ ဒါကြောင့် ခုလိုပြန်တင်ဖြစ်သွားတော့ ယူခဲ့တဲ့ဆိုက်ဒ်တွေကို မမှတ်မိတော့ပါဘူး။

Sunday, February 3, 2013

သာဓိနမင်း

Unknown | 7:38 PM |
သာဓိနဇာတ်ဖြစ်ပေါ်လာပုံမြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည်၊ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ဥပုသ်သီတင်းဆောက်တည်ကြသော ဒါယကာများကို အကြောင်းပြု၍ ``ဒါယကာတို့ ရှေးပညာရှိတို့ သည် မိမိ၏ ဥပုသ်ဆောက်တည်ခြင်းဟူသော အကြောင်းကြောင့် နတ်ပြည်သို့ လူ့ဘ၀ခန္ဓာဖြင့်ပင် ရောက်ရှိကြ၍ ကာလကြာမြင့်စွာနေဖူးကြရပြီ´´ဟူသော စကားတော်ကို မိန့်ကြားတော် မူသောအခါ ထိုဥပုသ်သည် ဒါယကာတို့၏ ပြန်လည်လျှောက်ထားတောင်းပန်မှုကြောင့် ဤသာဓိနဇာတ်တော်ကို ဟောကြားတော်မူခဲ့ခြင်းဖြစ်သည်။သာဓိနမင်းအတိတ်ကာလတစ်ခုဝယ် မိထိလာပြည်တွင် သာဓိနမင်းသည် မင်းကျင့်တရားဆယ်ပါးနှင့်အညီ စိုးမိုးအုပ်ချုပ်၍နေ၏။ သာဓိနမင်းသည် မြို့တံခါးလေးမျက်နှာ မြို့လယ်နှင့် နန်းတော်တံခါး ဟူသော ခြောက်နေရာတို့တွင် တစ်သိန်းစီသော အလှူကိုနေ့စဉ်ပြု၍ တစ်နေ့လျင်ခြောက်သိန်း အကုန်ကျခံလျက်အလှူဒါနပြုလေ၏။ ငါးပါးသီလကို ဆောက်တည်သည်။ ဥပုသ်နေ့များတွင် ဥပုသ်သီတင်းဆောက်တည်ခြင်းပြု၏။ မိမိအုပ်စိုးသည့် တိုင်းနိုင်ငံမှ တိုင်းသူတိုင်းသားတို့သာမက တိုင်းတစ်ပါးနေလူအများလည်း သာဓိနမင်း၏ အဆုံးအမ၌တည်ကြ၍ ဒါန၊သီလဆောက် တည်ကာ သေဆုံးသည်နှင့် နတ်ပြည်သွားကြသူတို့သာများ၏။ နတ်ပြည်တွင် နတ်သားနတ်သမီးများသည် သာဓိနမင်း၏ သီလစသောဂုဏ်ကျေးဇူးကို ပြောကြားခြင်းဖြင့် သာဓိနမင်း၏ ဂုဏ်သီတင်းကြော်ကြားလျက်ရှိသည်။သာဓိနမင်းကို တာဝတိံသာသို့ပင့်ဆောင်ခြင်းသာဓိနမင်းနှင့်ပတ်သက်၍ သုဓမ္မာနတ်သဘင်တွင် ပြောကြဆိုကြသောအခါ တစ်ပါးသူတို့၏ဂုဏ်ကို ပြောဆိုသံကြားလျင် မိမိနှင့်မဆိုင်သော်လည်း စိတ်ပါဝင်စားကြသည်မှာ သဘာဝပင်
 ဖြစ်ရကား အခြားနတ်တို့ကလည်း သာဓိနမင်းကို တွေ့မြင်လိုကြသည်။ နတ်အပေါင်းတို့၏အလိုကိုသိသော သိကြားမင်းသည် သင်တို့သည် သာဓိနမင်းကိုမြင်လိုကြသလော-ဟူ၍မေးလေ လျင် မြင်တွေ့လိုပါ၏-ဟု နတ်များဝန်ခံသဖြင့် မာတလိနတ်သားအား သာဓိနမင်းကိုပင့်ဆောင်ခဲ့ရန် စေလွှတ်လိုက်လေသည်။
မာတလိနတ်သားသည် သိကြားမင်း၏စေခိုင်းချက်ဖြင့် ၀ိဒေဟတိုင်း၊မိထိလာပြည့်သခင် သာဓိနဘုရင်အား ပင့်ဆောင်ရန်ဝေဇယန္တာရထားကိုပြင်ဆင်လျက် နတ်ပြည်မှဆင်းခဲ့လေသည်။ လမင်းထိန်ထိန်သာသော လပြည့်ညအခါ ညစာစားပြီးချိန်ဖြစ်၍ ဝေဇယန္တာရထားသည် လမင်းနှင့်အပြိုင်ထွန်းပလျက် လနှစ်စင်းထွန်း၏-ဟု မြင်တွေ့ရသူတိုင်း အံ့သြ၀မ်းသာကြသည်။ ဝေဇ ယန္တာရထားသည် လမင်းအားကျော်လွန်၍ လူအများကရထားဟုသိသောအခါ ဤရထားသည် နတ်သားတစ်ပါးပါးက ဆောင်ယူမောင်းနှင်လာသောရထားဖြစ်လိမ့်မည်၊ တစ်ပါးသော သူတို့ကို လာရောက်ဆောင်ယူခြင်းမဖြစ်နိုင်၊ ငါတို့၏အရှင်သခင်သာဓိနမင်းကိုသာ လာရောက်ပင့်ဆောင်သောရထားဖြစ်လိမ့်မည်-ဟု ၀မ်းမြောက်ဝမ်းသာ လက်အုပ်ချီမိုးရှိခိုးလျက်ရပ်ကာ ဤလောက၌ မဖြစ်ဖူးသည်တို့ ဖြစ်ပေါ်လာခဲ့ပြီတကား၊ ကြက်သီးမွှေးညှင်းထလောက်သည့် အဖြစ်တို့ဖြစ်ပေါ်လာခဲ့ပြီတကား၊ များစွာသောအခြံရံရှိသော တရားစောင့်သော တရားနှင့်အညီ မင်းပြုသော ငါတို့အရှင်သခင်သာဓိနမင်းကို နတ်ရထားသည် လာရောက်ပင့်ဆောင်ခဲ့ပြီတကား-ဟုလည်း ၀မ်းသာကြွေးကြော်ကြသည်။ အချို့ကပန်းနံ့သာတို့ဖြင့် ပူဇော်ဂါရ၀ပြုကြလျက် ရပ်တည်နေကြသည်။မာတလိသည် ရထားကိုလေသွန်တံခါးခုံတွင်ထား၍ နောက်သို့လှည့်ကာအဆင့်ဆင့်တက်စီးနိုင်လောက်သော အနေအထားဖြင့်ရထားကိုရပ်၏။ ထိုအခါသာဓိနမင်းသည် တစ်နေကုန်အလှူ တင်းကုတ်များ၏ ပြုလုပ်ရမည့်အစီအစဉ်တို့ကို စနစ်တကျပြုလုပ်ပြီး၍ ဥပုသ်သီလဆောက်တည်ခြင်းကိုလည်း ပြုလုပ်ပြီးဖြစ်ရာ မှူးမတ်အပေါင်းခြံရံလျက် တရားစကားပြောကြားနေချိန်ဖြစ် သည်။ မာတလိနတ်သားသည် အရှင်မင်းမြတ် ရထားထက်သို့ကြွတော်မူပါ၊ သိကြားမင်းနှင့်တကွ တာဝတိံသာနတ်တို့သည် အရှင်မင်းအားဖူးမြော်လို၍ စောင့်နေကြပါသည် ကြွတော်မူပါ- ဟု လျှောက်ထားတောင်းပန်သဖြင့် သာဓိနမင်းသည် မာတလိနတ်သားနှင့်အတူ နတ်ပြည်သို့လိုက်ပါခဲ့လေသည်။သိကြားမင်းသည် ယူဇနာတစ်သောင်းကျယ်ဝန်းသော သုဒဿနမြို့၊ နှစ်ကုဋေငါးသန်းသောနတ်သမီး၊ ဝေဇယန္တာပြဿာဒ်တို့ကို အလယ်မှထက်ဝက်ခွဲဝေ၍ သာဓိနမင်းအားအပ်နှင်းသည်။ သာဓိနမင်းသည် လူတို့သက်တမ်းအားဖြင့် နှစ်ပေါင်းခုနစ်ရာကြာသည့်တိုင်အောင် နတ်စည်းစိမ်သုခကိုစံစားလျက်နေလေရာ လူ့ကိုယ်ဖြင့် နတ်ပြည်တွင်နေရမည့်ကောင်းမှုကံကုန်သော အခါ စိတ်တွင်ငြီးငွေ့ခြင်းတို့ဖြင့် မပျော်မွေ့တော့ချေ။သိကြားမင်းနှင့်တိုင်ပင်၍ လူ့ပြည်ပြန်ခြင်းမပျော်မွေ့သည့်အဖြစ်ကို သိကြားမင်းနှင့်အပြန်အလှန်ပြောဆိုရာ - ``နတ်တို့ထက်မြတ်သောသိကြားမင်း နတ်ပြည်သို့ရောက်စဖြစ်သော ယခင်အချိန်တွင် နတ်၌ဖြစ်သောကခြင်း၊တီးခြင်း၊ သီဆိုခြင်းတို့ကို မွေ့လျော်ခဲ့၏။ ယခုကားမမွေ့လျော်တော့၊ ငါ၏အသက်အပိုင်းအခြားသည် သေဆုံးချိန်နီးလာ၍လော သို့မဟုတ် တွေဝေခြင်းဖြစ်နေ၍လော´´``လူတို့ထက်မြတ်သောဝီရိယဖြင့် ကြီးမြတ်သောမင်းကြီး အရှင်မင်းကြီး၏အသက်ကားမကုန်သေးပါ၊ သေခြင်းသည်အဝေးကြီးကျန်ပါသေး၏၊ တွေဝေခြင်းလည်းမဖြစ်ပါ၊ ကောင်းမှု အကျိုးကိုခံစားရန် ကောင်းမှု၏အကျိုးအကြွင်းနည်းနေခြင်းသာဖြစ်ပါ၏၊ နတ်ပြည်တွင် နတ်တို့၏အာနုဘော်ဖြင့်နေပါလေဦး၊ နတ်တို့၏ကာမဂုဏ်ကိုခံစားပါလေဦး´´``သိကြားမင်း သူတစ်ပါးပေး၍ရသောစည်းစိမ်သည် ငှား၍စီးရသောယဉ်နှင့်တူ၏၊ ချေးငှားထားသောဥစ္စာနှင့်တူ၏၊ သူတစ်ပါးပေး၍ရသောစည်းစိမ်ကို ငါအလိုမရှိ၊ မိမိပြုသောကောင်းမှုသည် မိမိကိုယ်ပိုင်ဥစ္စာတည်း၊ ငါသည်လူပြည်သွား၍ကုသိုလ်ပြုမည်၊ ထိုသို့ပြုရလျင် ငါ့အဖို့ချမ်းသာ၍ နောင်တရခြင်းမရှိလေရာ၊ အလှူပေးခြင်း၊ မကောင်းမှုမပြုခြင်း၊ သီလစောင့်ထိန်းခြင်း၊ ဣနြေ္ဒကိုဆုံးမခြင်းဖြင့် ကုသိုလ်ကိုများစွာပြုမည်´´ ဤသို့အပြန်အလှန်ပြောကြားလေသည်။
သိကြားမင်းသည် သာဓိနမင်း၏ နတ်ပြည်တွင်ဆက်လက်နေရန် ဆန္ဒမရှိသည်ကိုသိသဖြင့် မာတလိနတ်သားအားခေါ်၍ သာဓိနမင်းအား လူ့ပြည်သို့ပြန်ပို့ပေးရမည်၊ မိထိလာပြည်မင်းဥယျဉ် အတွင်းသို့ချထားပေးရမည်-ဟု စေခိုင်းလေတော့သည်။

သာဓိနမင်းနှင့်နာရဒမင်း
မာတလိနတ်သားသည် သိကြားမင်း၏စကားအတိုင်း မိထိလာပြည် မင်းဥယျဉ်သို့ အရောက်ပို့ပေးခဲ့လေသည်။ သာဓိနမင်းသည် မင်းဥယျဉ်တွင်စင်္ကြံလျှောက်နေစဉ် ဥယျဉ်စောင့်မြင်သဖြင့် နာရဒမင်းအားလျှောက်တင်လေသည်။ နာရဒမင်းသည် ဥယျဉ်ကိုသုတ်သင်စီရင်ထားပါ နေရာနှစ်ခုကိုလည်းခင်းထားပါ-ဟု ပြောဆို၍ လွှတ်လိုက်လေသည်။ ဥယျဉ်စောင့်က နေရာနှစ်ခုခင်း ထားသည်ကို သာဓိနမင်းမြင်သဖြင့် အကြောင်းကိုမေးရာ တစ်ခုကားအရှင်မင်းကြီးအဖို့ တစ်ခုကားကျွန်ုပ်တို့၏မင်းအဖို့-ဟု လျှောက်တင်လေ၏။ ထိုအခါသာဓိနမင်းသည် ငါမှတစ်ပါးအခြား မည်သူက ငါ၏အနီး၌နေမည်နည်း-ဟု တစ်နေရာ၌ထိုင်ကာ တစ်နေရာတွင်ခြေကိုချထား၏။ နာရဒမင်းရောက်လာလျင် သာဓိနမင်း၏ခြေအစုံကိုဦးခိုက်လျှက် သင့်တော်မည့်နေရာတွင် ထိုင်နေလေ၏။ သာဓိနမင်းသည် ရှေးအခါက ဤမြေသည်မွေ့လျော်ဖွယ်ကောင်းသော စိုက်ပျိုးရာမြေရှိခဲ့၏။ နားတောင်းနှင့်တူသောဤရေပြွန်သည် မွေ့လျော်ဖွယ်ကောင်း၏။ ရေပြွန်၏ နံဘေးတွင်ပေါက်သော စိမ်းသောမြက်တို့ဖုံးလွှမ်းသည့် မြေအပြင်သည်လည်း မွေ့လျော်ဖွယ်ကောင်း၏။ စီးဆင်းသောမြစ်တို့သည်လည်း မွေ့လျော်ဖွယ်ကောင်းခဲ့၏။ စက္က၀ါက်ငှက်တို့၏ တွန်မြူးသံတို့ဖြင့် သာယာခဲ့သော မန္ဒာလကနွယ်တို့ဖုံးလွှမ်းအပ်သော ပဒုမ္မာကြာ၊ဥပ္ပလကြာတို့ဖုံးလွှမ်းအပ်သော ဤရေကန်သည်လည်း မွေ့လျော်ဖွယ်ကောင်းခဲ့၏။ ငါ့အားချစ်မြတ်နိုးကြ သည့် မောင်းမတို့လည်းရှိခဲ့၏။ ယခုအခါထိုမောင်းမအလုပ်အကျွေးတို့ အဘယ်ကိုသွားကြသနည်း-ဟုဆိုသော် အရှင်မင်းကြီးသည် နတ်ပြည်တွင်အနှစ်ခုနစ်ရာကြာမြင့်ခဲ့၏။ ယခုအခါထိုသူ တို့ သေကြလေပြီ ဤပြည်သည် အရှင်မင်းကြီးပိုင်ဆိုင်သောပြည်ဖြစ်၏။ ဤပြည်ကိုစိုးမိုးအုပ်ချုပ်ပါ-ဟု သာဓိနမင်းမှပြန်လည်လျှောက်တင်လေ၏။ စင်စစ် နာရဒမင်းသည် သာဓိနမင်း၏ ခုနစ်ဆက်မြောက်မြစ်တော်ဖြစ်၏။ လူတို့၏သက်တမ်းသည် ယင်းအချိန်တွင် တစ်ရာသက်တမ်းဖြစ်၍ သာဓိနင်းထွက်ခွာသည့်နေ့မှရေသော် သာဓိနမင်းသည် နတ်ပြည်တွင် နတ်တို့၏သက် တမ်းအားဖြင့်ခုနစ်ရက်ကြာအောင်နေခဲ့သဖြင့် လူ့သက်အားဖြင့် နာရဒမင်းနှင့်တွေ့ဆုံချိန်ကား နှစ်ပေါင်းခုနစ်ရာကြာပြီးဖြစ်သည်။ နာရဒမင်းသည် - အရှင်မင်းကြီး၏အလုပ်အကျွေးတို့သည် လည်းကောင်း မောင်းမတို့သည်လည်းကောင်း သေမင်းခံတွင်းသို့ရောက်ကြကုန်ပြီးဖြစ်ပါသည်။ ဤတိုင်းပြည်ကား အရှင်မင်းကြီး၏တိုင်းပြည်ဖြစ်၏။ ဤတိုင်းပြည်ကိုဆုံးမတော်မူပါ-ဟု မင်းအဖြစ်ကိုအပ်နှင်းလေသည်။

ထိုအခါ သာဓိနမင်းသည် - အမောင်နာရဒ ငါသည် အရပ်လေးမျက်နှာကို ထွန်းလင်းတောက်ပသောဗိမာန်တို့ကို သိကြားမင်း၏ရှေ့တော်မှောက်၌လည်းကောင်း တာဝတိံသာနတ်တို့၏ မျက်မှောက်၌လည်းကောင်း ငါမြင်ခဲ့ရပြီ နတ်၌ဖြစ်သောဘုံဗိမာန် နတ်၌ဖြစ်သောအလုံးစုံသော အလိုဆန္ဒတို့ကို ပြည့်စေတတ်သောကာမဂုဏ်တို့ကို တာဝတိံသာနတ်ပြည်တွင် ခံစားခဲ့ပြီး ပါပြီ ထိုစည်းစိမ်တို့ကိုစွန့်၍ ဤလူ့ပြည်သို့ဆင်းခဲ့ခြင်းဖြစ်သည် ကုသိုလ်ပြုရန်ဟူသော တစ်ခုတည်းသောရည်ရွယ်ချက်သာရှိ၏။ မင်းအဖြစ်ကိုရလိုသော ရည်ရွယ်ချက်ငါ့တွင်မရှိပေ။ တစ်စုံ တစ်ရာသောဒဏ်မရှိသော သူတော်စင်သူတော်မြတ်များကျင့်သော မြတ်စွာဘုရားရှင်တို့ဟောတော်မူအပ်သော မဂ္ဂင်ရှစ်ပါးကို ငါကျင့်မည်-ဟု မင်းအဖြစ်ကိုငြင်းပယ်၍ မိမိအလိုကိုလည်း သိစေ၏။ နာရဒမင်း၏နောက်ထပ်တစ်ကြိမ်တောင်းဆိုမှုကိုလည်း နတ်ပြည်တွင် နတ်သက်ဖြင့်အနှစ်ခုနစ်ရာတိုင်နေခဲ့၍ မပြုခဲ့ရသောအလှူကိုခုနစ်ရက်ဖြင့် ပြည့်စုံအောင်ငါပြုမည်-ဟု ဆိုလေရာ ကောင်းပါပြီ-ဟု သာဓိနမင်းဝန်ခံသဖြင့် ခုနစ်ရက်ပတ်လုံးအလှူကြီးပေးလှူလေ၏။ ခုနစ်ရက်ပြည့်သောအခါ နတ်ရွာစံ၍ တာဝတိံသာတွင်ဖြစ်ရလေသည်။

ဇာတ်တော်ပေါင်းခြင်း
မြတ်စွာဘုရားသည် ဤဇာတ်တော်ကိုဟောတော်မူရာ အချို့သောတာပန်တည်ကြ၍ အချို့သကဒါဂါမ်တည်ကြသည်။ အချို့ကား အနာဂါမ်တည်ကြသည်။ ဇာတ်တော်ကိုပေါင်းတော်မူရာ ယခင်ကနာရဒမင်းသည် ယခုအခါအရှင်အာနန္ဒာဖြစ်၍ သိကြားမင်းကား အရှင်အနုရုဒ္ဓါဖြစ်လေသည်။ သာဓိနမင်းကား ယခုအခါငါဘုရားဖြစ်လာ၏-ဟု ဇာတ်တော်ကိုပေါင်းတော်မူ၏။

ဤသာဓိနဇာတ်တော်ကို ဇာတကအဋ္ဌကထာ၊ လေးအုပ်မြောက် နှာ-၃၅၅ မှ ၃၆၀ ကိုပြန်ဆိုရေးသားသည်။
 
အရှင်က၀ိန္ဒ(ချောင်းဆုံ)
Print Friendly and PDF

No comments:

Post a Comment

Twitter Bird Gadget