ဒီဆိုက်ဒ်ထဲက စာတွေက ၀ါသနာအရ အားတဲ့အချိန်မှာ ရေးသားခြင်း ဖြစ်ပါတယ်။ စာအုပ်တွေကို အရင်ကတည်းက တွေ့တဲ့ဆိုက်ဒ်တွေကနေ Download ဆွဲထားခဲ့ပါတယ်။ ဒီကို ပြန်တင်မယ်ဆိုပြီး ရည်ရွယ်ရင်းမရှိခဲ့ပါ။ ဒါကြောင့် ခုလိုပြန်တင်ဖြစ်သွားတော့ ယူခဲ့တဲ့ဆိုက်ဒ်တွေကို မမှတ်မိတော့ပါဘူး။

Sunday, February 3, 2013

ကရင်လူမျိုး

Unknown | 7:43 PM |
ကရင်ဟူသောစကားလုံးမှာ မြန်မာတို့က တိုင်းရင်းသားကရင်လူမျိုးများကို ခြုံ၍ခေါ်ဝေါ်သုံး စွဲခြင်းဖြစ်သည်။ ရှေးအခါက မြန်မာနိုင်ငံတွင် ပျူ၊ကမ်းယံ၊သက်-ဟူ၍ လူမျိုးသုံးစုနေထိုင်ခဲ့ကြရာ ကမ်းယံသည် ယနေ့ခေတ်ကရင်လူမျိုးများပင်ဖြစ်ကြောင်း ဆိုသည်။ ကရင်လူမျိုးများဖြစ်သော စကောကရင်တို့က မိမိတို့စကောကရင်အမည်ကို ပွာကညော-ဟုလည်းကောင်း ပိုးကရင်တို့က မိမိတို့ပိုးကရင်အမည်ကို ဖ္လုံ-ဟုလည်းကောင်း ခေါ်ဝေါ်ကြသည်။ အဓိပ္ပာယ်မှာ လူဟုဆိုလိုသည်။ မွန်အမျိုးသားတို့သည် ကရင် လူမျိုးတိုကို အရိရန်(အရေင်)ဟုလည်းကောင်း ရှမ်းအမျိုးသားတို့က ယန်ဟုလည်းကောင်း ပအို့ဝ် (တောင်သူ)အမျိုးသားတို့က ဂျော့က်ဟုလည်းကောင်း ခေါ်ဝေါ်ကြ သည်။

ကရင်လူမျိုးများကို ဒေသအလိုက် တောင်ပိုင်းကရင် မြောက်ပိုင်းကရင်-ဟု နှစ်မျိုးခွဲခြားနိုင်သည်။

တောင်ပိုင်းကရင်
တောင်ငူ မော်ချီးကားလမ်းတောင်ဖက်ရှိ စကောကရင်၊ပိုးကရင်၊ပကူးကရင်များ

မြောက်ပိုင်းကရင်
တောင်ငူ မော်ချီးကားလမ်းမြောက်ဖက်ရှိ ဘွဲကရင်၊ပလချီးကရင်များ

တဖန် တောင်ပိုင်းကရင်များကိုပင် အရှေ့ကရင်၊အနောက်ကရင်-ဟု နှစ်မျိုးခွဲခြားနိုင်သည်။

အရှေ့ကရင်
စစ်တောင်းမြစ်အရှေ့ဖက်ရှိ ဘားအံခရိုင်၊ကော့ကရိတ်ခရိုင်၊ ဖာပွန်ခရိုင်၊မော်လမြိုင်ခရိုင်၊ ထားဝယ်ခရိုင် ၊မြိတ်ခရိုင်၊ တောင်ငူခရိုင်၊ ရွှေကျင်၊ကျောက်ကြီး၊ထန်းတစ်ပင်တို့တွင် နေထိုင် ကြသူများ။

အနောက်ကရင်
စစ်တောင်းမြစ်အနောက်ဖက်ရှိ မြစ်ဝကျွန်းပေါ်ကရင်များ။

ကရင်လူမျိုးစုများ
  • ၁၉၁၁-သန်းခေါင်စာရင်းအရ = စကော၊ပိုး၊ဘွဲ။
  • ၁၉၂၁-သန်းခေါင်စာရင်းအရ=စကော၊ပိုး၊ဘွဲ၊ပဒေါင်၊ကရင်နီ၊ဇယိမ်း။
  • မှတ်ချက် = ၁၉၅၀-တွင် ကရင်နီပြည်နယ်ကို ကော်မရှင်ဖွဲ့၍ စုံစမ်းရာ အများကလိုလား သဖြင့် ကော်မရှင်မှ လည်း ထောက်ခံသောကြောင့် ၁၉၅၁-အောက်တိုဘာ-၅ရက်-၁၆း၃၀တွင် ကရင်နီပြည်နယ်ကို ကယားပြည်နယ်ဟု ပြောင်းလဲခေါ်ဝေါ်စေ၍ ကရင်နီလူမျိုးများကိုလဲ ကယား လူမျိုးများဟု ပြောင်းလဲခေါ်ခဲ့ ကြသည်။ ကယားလူမျိုးအုပ်စုများမှာ ကယား၊ကယမ်း၊ပရဲ့၊ဂေခို ၊ဂေဘား၊ယင်းဘော်၊ယင်းတလဲ၊ မနုမနောတို့ဖြစ်သည်။
စကောလူမျိုးစုမျိုးကွဲများ

၁။စကောကရင်
စကောလူမျိုးများကို အရှေ့စကော၊ အနောက်စကော-ဟု နှစ်မျိုးခွဲခြားနိုင်သည်။
အရှေ့စကော = သထုံခရိုင်၊ဘားအံခရိုင်၊မော်လမြိုင်ခရိုင်၊ကော့ကရိတ်ခရိုင်၊ထားဝယ်ခရိုင် ၊ မြိတ်ခရိုင်၊ ဖာပွန်နယ်တွင်နေထိုင်ကြသူများ။
အနောက်စကော=ပြည်ခရိုင်၊သာယာဝတီခရိုင်၊ တောင်ငူခရိုင်၊ညောင်လေးပင်မြို့နယ်၊ ဟင်္သာတခရိုင်၊ ဖျာပုံခရိုင်၊ ပုသိမ်ခရိုင်၊မြောင်းမြခရိုင်၊မအူပင်ခရိုင်၊ဟံသာဝတီခရိုင်တို့တွင်နေ ထိုင်ကြသူများ။

၂။ပကူးကရင်
တောင်ငူခရိုင်၊သံတောင်မြို့နယ်၊မော်ချီးမိုင်းဒေသ၊ဘောဂလိ၊စစ်စီးတောင်နှင့် ပြောင်သိုအရပ်တွင် နေထိုင်ကြသူများ။

၃။မောနေပွာကရင်
မြစ်ငန်ချောင်းအနောက်ဖက်တွင် နေထိုင်ကြသူများ။

၎။တလေပွာကရင်
ဘောဂလိ၊မော်ချီးကားလမ်းနှင့် ၂၅မိုင်အကွာ တောင်ပေါ်အထက်ရွာများဖြစ်ကြသော ၀ါဆို၊ရှိုးဆို ၊ဦးဘို ၊သေဂီလာ၊ဘောခါ၊ လေးခို၊ မောတူဒါး၊ လေးချီ၊ ဟိုးချီ၊ တီးရှောဒေး၊ ထီးအေးခေါ်၊ ထီးဒေါ်ခေါ်နှင့် ဟီးဝါးလေးရွာများတွင်နေထိုင်ကြသူများ။

မှတ်ချက် = ၁၉၂၁-ခု စကောကရင်လူမျိုးစုသန်းခေါင်စာရင်းတွင် စကော၊ ပကူး၊ဝေေ၀ါ ၊မောနေ ပွာ- ဟု ဖေါ်ပြပါရှိသော်လည်း တလေပွာမပါဝင်ခဲ့ပေ၊ ဝေေ၀ါဟူသည် လှည့်လည်နေထိုင်သော လူမျိုးဟု အဓိပ္ပာယ်ရသည်။ ကျေးရွာအတည်တကျမရှိ တောင်ယာခုတ်ရင်း တစ်နှစ် တစ်ကြိမ်ရွေ့ပြောင်းနေထိုင်ကြ သူများဖြစ်သည်။ ဘာသာစကားအရသော်လည်ကောင်း လူမှုရေးရာအရသော်လည်းကောင်း သီးခြားနေထိုင်ကြသူများ မဟုတ်မူ၍ သူတို့သည် ပကူး ၊မောနေပွာ၊တလေပွာလူမျိုးစုတို့ပင်ဖြစ်သည်။ နာမည်တပ်ပြောရလျင် ပကူးကရင်အမျိုးသား များဖြစ်ကြသည်။

ပိုးကရင်မျိုးစုများ
၁။ပိုးကရင် (မွန်ကရင်)
၂။ပအိုဝ့် (တောင်သူ)
၃။မိုပွာ

၁။ပိုးကရင်
ပိုးကရင်ကို နေရာဒေသ၊ပြောဆိုသောစကား၊အသံအနေအထားကွဲပြားမှုကိုလိုက်၍ -

(က)အရှေ့ပိုးကရင်
(ဘားအံခရိုင်၊ကော့ကရိတ်ခရိုင်၊သထုံခရိုင်၊ ထားဝယ်ခရိုင်၊မြိတ်ခရိုင်၊ ဖာပွန်မြို့နယ်တွင် နေထိုင်သည်။)

(ခ)အနောက်ပိုးကရင်
(ပုသိမ်ခရိုင်၊မအူပင်ခရိုင်၊ မြောင်းမြခရိုင်၊ဟံသာဝတီခရိုင်၊ ဟင်္သာတခရိုင်၊ဖျာပုံခရိုင်၊ သာယာဝတီခရိုင်၊ညောင်လေးပင်မြို့နယ်၊ အင်းစိန်တွင် နေထိုင်သည်။)
ဟူ၍ နှစ်မျိုးရှိသည်။

၂။ပအိုဝ့် (တောင်သူ)
ပအိုဝ့် (တောင်သူ)အမျိုးသားများသည် မြန်မာနိုင်ငံတောင်ပိုင်းနှင့် မြောက်ပိုင်းပြန့်၍ သထုံခရိုင်၊ပဲခူးခရိုင်၊ တောင်ငူခရိုင်၊ဘားအံခရိုင်၊ ရှမ်းပြည်နယ်တောင်ပိုင်း ကလော၊ တောင်ကြီး၊ လွိုင်လင်ကားလမ်း တစ်လျှောက်နှင့် ရှမ်းပြည်မြောက်ပိုင်း နမ္မတူတွင်နေထိုင်သည်။

၃။မိုပွာ
မိုပွာအမျိုးသားများသည် တောင်ငူခရိုင် မော်ချီးကားလမ်း မိုင်တိုင်၂၀-အနီး သံတောင်မြို့နယ် မဲဖြူတိုက်၊ ဥသျှစ်ကုန်းနှင့် စည်ပင်ကြီးကျေးရွာတွင် နေထိုင်ကြသည်။

ဘွဲကရင်မျိုးစုများ
၁။ဘွဲ
၂။ပလချီး

၁။ဘွဲကရင်
ဘွဲကရင်အမျိုးသားများသည် သံတောင်မြို့နယ် တောင်ပေါ်ဒေသတစ်လျှောက်တွင် နေထိုင်ကြသည်။ ဘွဲနှင့်ပကူးတို့ကို သောက်ရေခပ်ချောင်းဖြင့် ခြားထားသည်။ ဘွဲနှင့်ပကူးတို့သည် အိမ်ထောင်ဖက်မှုမပြုကြပေ။

၂။ပလချီး
ပလချီးအမျိုးသားတို့သည် ခဲဖြူတိုက် ပလေချောင်း (ပသီချောင်း)ဖျားခံရာ အရပ်ရှိ ပလချီး၊ ကျွဲဖြူတောင်၊ တောပြာကလေး၊ ငွေတောင်ကြီး၊ ငွေတောင်ကလေးတို့တွင် နေထိုင်ကြသည်။

မှတ်ချက် = အချို့က ဘွဲမျိုးကွဲတွင် ဘွဲ၊ပလချီး၊မိုပွာ-ဟု ဆိုထားသည်။ စင်စစ် မိုပွာစကားမှာ ပိုးကရင်တို့နှင့် များစွာတူညီသည်။ မိုပွာတို့၏ ပုံပြင်၊ ဒဏ္ဍာရီ၊ ပါးစပ်ရာဇ၀င်များတွင် တစ်ချိန်က ဒုံရင်းနှင့် သထုံတွင် နေထိုင်ကြ၍ လူနေကြပ်တည်းသဖြင့် မူလလာရာလမ်းအတိုင်း တောင်ငူသို့ဆုတ်ခွာလာခဲ့ကြကြောင်း ပါရှိသည်။ ဘွဲတို့၏ ပါးစပ်ရာဇ၀င်တွင် မိုပွာတို့သည် ဖမ်းဆီးရမိသော ဘောဂလိဘက်မှ ပကူးကရင်သုံ့ပန်းများဖြစ်၍ ယင်းတို့ကို သံတောင် တောင်ခြေတွင် အစောင့်အရှောက်အဖြစ်ဖြင့် ရွာတည်၍နေစေသည်ဟု ပါရှိသည်။

ကရင်လူမျိုးတို့၏ ဘာသာစကား
ကရင်လူမျိုးတို့၏ ဘာသာစကားမှာ တိဗက်မြန်မာစကားအုပ်စုဝင်ဖြစ်သည်။ ကရင်လူမျိုးတို့၏ ဘာသာစကားတိုးတက်ပုံကို ကော်နယ်တက္ကသိုယ်မှာ ရောဘတ်ဂျုံးက စိစစ်ပြရာတွင် နှစ်မျိုးစိစစ်ပြသည်။
မူရင်းကရင်>တောင်သူ-ပိုး>ပိုးမှတစ်ဆင့်  မော်လမြိုင်-ပုသိမ်။
မူရင်းကရင်>ပလချီး-စကော>စကောမှတစ်ဆင့် မော်လမြိုင်-ပုသိမ်။

ကရင်လူမျိုးတို့၏ ဘာသာစကားဝါကျဖွဲ့ပုံမှာ မြန်မာဝါကျနှင့် ကွဲပြားသည်။ ယင်းတို့မှာ -
မြန်မာ = ကတ္တား၊ကံ၊ကြိယာ။
ကရင် = ကတ္တား၊ကြိယာ၊ကံ။

ကရင်အသံထွက်သည် မြန်မာထက်စုံလင်သည်။ မြန်မာတို့တွင် တ၊ဒ၊ပ၊ဘ-သာရှိသည်။ ကရင်တွင် တနှင့်ဒအကြား ကြားအသံတစ်ခု၊ ပနှင့်ဘအကြား ကြားအသံတစ်ခုရှိသည်။ ထို့အပြင် အရှေ့ပိုးကရင်တွင် ဟှ၊ ဃှ၊ -ု ၊ -ို အသံထွက်များ ရှိသည်။ မြန်မာတို့တွင် ထိုကဲ့သို့မရှိပေ။

မြန်မာနိုင်ငံသို့ဝင်ရောက်နေထိုင်ပုံ
တိဗက်-တရုတ်လူမျိုးကြီးမှ တိဗက်-မြန်မာမျိုးကွဲတွင် ပါဝင်သော မြန်မာအစုသည် အေဒီ ကိုးရာစုနောက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ၀င်ရောက်နေထိုင်ကြသည်-ဟု ပညာရှင်များကဆိုသည်။ ကရင်တို့သည် မြန်မာတို့ထက် စောစွာဝင်ရောက်နေထိုင်ကြသည်ဟု ဆိုသည်။ အေဒီခုနစ်ရာစု၊ ရှစ်ရာစုခန့်တွင် ၀င်ရောက်သည်ဟု ဆိုသည်။

ပုဂံအရှေ့တောင်ဘီရွာ၊ ရွှေကွန်ချာဘုရား၊ အရှေ့မြောက်တံတိုင်း၊ လေးမျက်နှာကျောက်စာတွင် ``ကရင်တန်မီပျောက်´´ဟု ပါရှိသည်။
ပုဂံအရှေ့မြောက်၊ တန်ဆောင်းဘုရား မုခ်ဂူအတွင်းရှိ ကျောက်စာ၊ ကြောင်းရေ ၁၅-တွင် ``၀။စကုကျွန်၊စကြ၀်ကာ။ င၀ံဖ္လည်သင်ငိ ငတိစန်သာငစွာ၁၊ သာငချက်ရာ၁၊ စွောင်ငကြင်၁´´ဟု ပါရှိသည်။

ရှင်အဂ္ဂသမာဓိ၏ သုဝဏ္ဏသျှံသဌေးခန်းပျို့၊ပိုဒ်ရေ ၆၊ သာဝတ္ထိပြည်ဘွဲ့တွင် ``ကုန်သည်တအုပ်၊ လယ်လုပ်မရော၊ စကြောမပြွမ်း၊ ဂျွန်းနှင့်တောင်သူ၊ လူကားတဘိုး´´ဟု ပါရှိသည်။

ထို့ကြောင့် ကရင်တို့သည် မြန်မာနိုင်ငံအောက်ပိုင်းအတွင်းသို့ သရေခေတ္တရာမပျက်မီကပင် တရွေ့ရွေ့ဝင်ရောက်သူများဖြစ်သည်ဟု အဆိုရှိသည်။

လူမျိုးတစ်ရာ့တစ်ပါး
  • ရှမ်းမျိုးဝိာံသာ၊ မြန်မာသတ္တ၊ မွန်သုံးဝနှင့်၊ ဧကစွန်းကယ်၊ ခြောက်ဆယ်ကလား၊ ရာ့တစ်ပါး။
  • သက်နှင့်ရခိုင်၊ နှိုင်းပြိုင်တောင်သူ၊ ပြူ ကမ်းယံ ယော ထားဝယ်နှောက၊ မျိုးသတ္တ။
မြန်မာသတ္တဟူသည် -
  • မြန်မာ၊တောင်သူ၊ပြူ၊ကမ်းယံ၊ယော၊ရခိုင်၊ထားဝယ်။
မွန်သုံးဝဟူသည် -
  • မွန်သိ၊မွန်နန်း၊မွန်ညန်၊မွန်တာ။
ရှမ်းမျိုးသုံးဆယ်ဟူသည် -
  • လင်း၊သက်၊ချင်း၊ဂုံရင်၊ကတူ၊မြန်၊အကျော်၊ဂင်၊ရှမ်း၊ဇ၀ါ၊မျက်နှာမည်း၊ကသည်း၊ရေမီးထွက်၊ကရက်၊လ၀၊လော၊ပန်းလောင်၊ တရက်၊ယွန်း၊ဓနု၊ဘအူ၊ကရင်၊ကချင်၊ဂနော၊ယောန်၊လ၀ိုက်၊တရုပ်၊ယိုးဒယား၊အနဲ။
ကုလားခြောက်ဆယ်ဟူသည် -
  • သူတယ်၊ပူရန္တေ၊အာသံ၊ရေသူ၊ပန်းသေး၊ပဋိက္ခယား၊နောင်လာ၊ကုလားဖြူ၊ဘရင်ဂျီ၊ဘာလိ၊လ၀ီ၊သီဟိုဠ်၊သိန်း၊စန္ဒာ၊မောပါ၊ ဒေကိုး၊နာထိုး၊ဓောရာ၊ပစ္ဆိမာ၊ဘောဓ၊သုတ္တံ၊ဓင်းကျံ၊ဥမြဲ၊ဇိနပတ္တံ၊ပူရံ၊သင်းတွဲ၊စေတုတ္တရာ၊သက္ကတံ၊၀ိန်ရိုး၊မက္ကတိ၊ဘူလီ၊မန္တရာဇ်၊အော်လံတေ၊အော်လံတစ်၊ယစ်ပလစ်၊ ဟော်ရတော်၊ဇ၀ီ၊ပသီ၊ဟိန္ဒူ၊ကလယ်၊အင်္ဂလိပ်၊ပြင်သစ်၊ရူရှား၊ကျေးကုလား၊ဒုံးကုလား၊ဇော်ဂီ၊မာလီ၊ဘောရီ၊သောယုတ်၊လဟုတ်၊ဒေါရော၊ခန္တီ၊ဗသျှူး၊တပသီ၊ဟာရီ၊လာကာ၊၀ိစ္ဆဒေါလာ၊ဒေါရဏ၊ဘင်္ဂလီ၊ဗာရာဏသီ (ဇမ္ဗူတံဆိပ်ကျမ်း)
ကရင်သုံးမျိုး

ရှမ်းကရင် =  ဤဇမ္ဗူဒိပ်တံဆိပ်ကျမ်းတွင် ကရင်သည် ရှမ်းမျိုးသုံးဆယ်တွင် ပါဝင်သည်။ တိုင်းပြည် ခရိုင်နိုင်ငံ သီးခြားရှိကြသည်ဟု ဆိုသဖြင့် ရှမ်းပြည်ရှိ ငွေတောင်၊နောင်ပုလဲ၊ကြက်ဖိုးကြီး၊ကြက်ဖိုးကလေး၊ လွယ်ကော်မြို့များတွင် ကရင်နီလူမျိုးစော်ဘွားများရှိသဖြင့် ကရင်သုံးမျိုးတို့တွင် ရှမ်းကရင်သည် ဤကျမ်းနှင့်ညီသည်။

မြန်မာကရင် = မှန်နန်းရာဇ၀င်တွင် ``ကမ်းယံဟူသည်ကား သံတွဲမှစ၍ တောင်စဉ်ခုနစ်ခရိုင်၌ နေသော သူတို့ကိုဆိုလိုသည်´´ဟု ပါရှိသည်။
ရာဇ၀င်ချုပ်ဆရာများက ``ပြည်မြို့အနောက်ဘက် ဧရာဝတီမြစ်ကမ်းတစ်လျှောက်၌ နေသောသူတို့ကို ကမ်းယံ´´ဟု ဆိုသည်။ မြန်မာခုနစ်မျိုးတွင် ကရင်ပါဝင်သဖြင့် အကြောင်းစုံကိုထောက်သော် မြန်မာကရင် သည် ကမ်းယံလူမျိုးမှပေါက်ဖွားဆင်းသက်လာသည်။

မွန်ကရင် = သုဝဏ္ဏဘူမိတိုင်းသည် ဂေါတမမြတ်စွာဘုရား မပွင့်တော်မူမီကပင် ကရဏ္ဏကတိုင်း-ဟု အမည်တွင်ခဲ့သည်။ ထိုအခါက ကွင်းပြင်မြေညီတွင်နေထိုင်သော ကရဏကတိုင်းသားတို့ကို မွန်ဟုခေါ်သည်။ တော၊တောင်နေ ကရဏ္ဏကတိုင်းသားလူအများကို ကရဏ်ဟုခေါ်သည်။ ထို့နောက် ကာလရွေ့လျောလာသောအခါ ကရဏ်မှ ကရင်ဖြစ်လာခဲ့သည်။ ထို့ကြောင့် တလိုင်းကရင်သည် ဤကရဏ္ဏကတိုင်းသား ကရင်လူမျိုးများဖြစ်သည်။

သဒ္ဒါဆရာတို့၏အလို
သမ္မောဟ၀ိနောဒနီစသည်တွင် ပါသော ကိရာတသဒ္ဒါကို ဆရာတော်ကြီးများက ကရင်ဟုမြန်မာပြန် ဆိုတော်မူကြသည်။ အဘိဓာန်နိသျှသစ်တွင် ကိရာတ-ကရင်-ဟု မြန်မာပြန်ဆိုသည်။ ( ကိရာတ > ကရ > ကရင် )

သောဠဿရဋ္ဌဒီပနီကျမ်းတွင် လက်ဖြင့် တောင်ယာခုတ်ခြင်း၊ စူးထိုးခြင်းစသောအမှုကို ပြု တတ်သောကြောင့် ပါဠိဘာသာဖြင့် ကရလူမျိုးဟု ခေါ်ကြ၍ နောင်သောအခါ ကာလရွေ့လျောသဖြင့် ပါဠိပျက်လျက် ကရင်-ဟု ခေါ်ကြတော့သည်။ 
ကိုး = ကရင်ရာဇ၀င် - ဦးပညာ ။ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများ -ကရင် 
 
အရှင်က၀ိန္ဒ(ချောင်းဆုံ)
Print Friendly and PDF

No comments:

Post a Comment

Twitter Bird Gadget