ဒီဆိုက်ဒ်ထဲက စာတွေက ၀ါသနာအရ အားတဲ့အချိန်မှာ ရေးသားခြင်း ဖြစ်ပါတယ်။ စာအုပ်တွေကို အရင်ကတည်းက တွေ့တဲ့ဆိုက်ဒ်တွေကနေ Download ဆွဲထားခဲ့ပါတယ်။ ဒီကို ပြန်တင်မယ်ဆိုပြီး ရည်ရွယ်ရင်းမရှိခဲ့ပါ။ ဒါကြောင့် ခုလိုပြန်တင်ဖြစ်သွားတော့ ယူခဲ့တဲ့ဆိုက်ဒ်တွေကို မမှတ်မိတော့ပါဘူး။
Sunday, February 3, 2013
ပုဂံခေတ်ပညာရေး
Unknown | 8:38 PM |
ပုဂံခေတ်ဘုန်းကြီးကျောင်းပညာသင်ကြားရေး
၁။ ၁၀၄၄-၁၂၈၇ -ကို ကျေးကျွန်စနစ်ရောသော ရေရှည်ပဒေသရာဇ်ခေတ်-ဟု ခေါ်သည်။
၂။ ၁၀၄၄-တွင် နန်းတက်သော အနော်ရထာနှင့်နောက်ပိုင်းဘုရင်တို့၏စနစ်မှာ သက်ဦးဆံပိုင်ဘုရင်အုပ်ချုပ်ရေးစနစ်ဖြစ်သည်။
၃။ ပုဂံခေတ်တစ်လျှောက်လုံး၏ ကုန်ထုတ်လုပ်ငန်းမှာ တိရစ္ဆာန်မွေးဖြူရေး၊သားငါးရောင်းဝယ်ရေး၊ဗိသုကာလုပ်ငန်းတို့ဖြစ်သည်။
၎။ ရိုးရာနတ်နဂါးကိုးကွယ်မှုအပြင် ဗုဒ္ဓသာသနာတွင် သာသနာရေးဂိုဏ်းများလည်းရောထွေးနေသည်။
၅။ ၁၀၄၄-နန်းတက်သော အနော်ရထာမင်းလက်ထက်တွင် ထေရ၀ါဒဗုဒ္ဓဘာသာသည် နိုင်ငံတော်ဘာသာဖြစ်ခဲ့သည်။
၆။ အနော်ရထာမင်း သာသနာပြုဆောင်ရွက်ချိန်တွင် ဗုဒ္ဓဘာသာ၏ဗဟိုဖြစ်သော မဇ္ဇျိမဒေသ၊အိန္ဒိယပြည်ဗုဒ္ဓသာသနာသည် ကွယ်သလောက်ရှိပြီဖြစ်၍ အနော်ရထာ၏ပုဂံသည် ထေရ၀ါဒ
    ၏ အချက်အချာဖြစ်ခဲ့သည်။
၇။ အရှေ့တောင်အာရှကျွန်းဆွယ်တစ်ခုလုံးကို ဘာသာရေးနည်းဖြင့် စည်းလုံးညီညွတ်စေကာ အိန္ဒိယနှင့်တရုတ်နိုင်ငံတို့ကိုပင် ရင်ဆိုင်နိုင်စွမ်းရှိခဲ့သည်။
၈။ ဗုဒ္ဓသာသနာကို ဆရာတပည့်အစဉ်အဆက်စောင့်ရှောက်ခဲ့သော မထေရ်တို့ရှိခဲ့သည်။ ယင်းတို့မှာ =
    (၁)အရှင်ဓမ္မဒဿီ (အရှင်အရဟံ)၏ တပည့် အရှင်ဂုဏသာရ
    (၂)ပထမအရှင်အဂ္ဂပဏ္ဍိတ
    (၃)ဒုတိယအရှင်အဂ္ဂပဏ္ဍိတ
    (၄)တတိယအရှင်အဂ္ဂပဏ္ဍိတ (အရှင်အဂ္ဂ၀ံသ)
    (၅)အရှင်ဥတ္တရာဇီဝ
    (၆)ပထမဆပ္ပဒအရှင်သဒ္ဓမ္မဇောတိပါလ
    (၇)ဒုတိယဆပ္ပဒအရှင်ဥာဏသဒ္ဓမ္မ (အရှင်သဒ္ဓမ္မဥာဏ)
    (၈)တတိယဆပ္ပဒအရှင်သဒ္ဓမ္မသိရီ - တို့ဖြစ်သည်။
၉။ ပုဂံခေတ်သင်ကြားရေးတွင် အဓိကအားဖြင့် ငါးပိုင်းရှိသည်။ ယင်းတို့မှာ =
    (၁)ပညာသင်ကြားသူဆရာ
    (၂)ပညာသင်ယူသူတပည့်
    (၃)ပညာသင်ကြားပေးရာကျောင်း
    (၄)သင်ကြားပို့ချသည့်စာပေ (ဘာသာရပ်)
    (၅)သင်ကြားပို့ချမည့်နိဿယဉ်းစသည်တို့ဖြစ်သည်။
ပုဂံခေတ်ပညာသင်ကြားရေးရည်ရွယ်ချက်
၁။သာသနာဟူသည် အဆုံးအမကိုဆိုလိုသည်။ ပုဂံခေတ်တွင် ဘုရင်နှင့်တကွ တိုင်းသူပြည်သားတို့သည် ဘုရားရှင်၏အဆုံးအမကို လိုက်နာရန်၊ရတနာသုံးပါးကို ဦးထိပ်ထားလျက် ဘဝ
   တစ်လျှောက်လုံး နေထိုင်သွားတတ်ရန် ရည်မှန်းကာ ဗုဒ္ဓကျမ်းစာများကို သင်ကြားကြသည်။
၂။ပရိယတ္တိစာပေသင်ကြားမှု = ပရိယတ္တိသာသနာ၊ဆုံးမတော်မူသည့်အတိုင်းကျင့်မှု = ပဋိပတ္တိသာသနာ၊သစ္စာလေးပါးကိုသိမှု = ပဋိဝေဓသာသနာ-ဟူသော သာသနာသုံးရပ်ထွန်းကားရန်
   စာပေသင်ကြားကြသည်။
၃။ဗုဒ္ဓအဆုံးမဖြစ်သည့် အရာရာတည်မြဲခြင်းမရှိဟူသော သင်္ခါရသဘော၊ယခုဘ၀တွင် ဥစ္စာစု၍ မသေဆေးကို ၀ယ်သော်လည်းမရသည့်သဘောကို ပုဂံမင်းနှင့်ပြည်သူများနားလည်ကြသည်
   ။ ထို့ကြောင့် ယူသွား၍ရသည့် သူတစ်ထူးလိုက်မမီသော အသဒိသဒါနကိုပြုမည်၊ပေးကမ်းခြင်းမှတစ်ဆင့် နိဗ္ဗာန်ကိုလှမ်းမည်ဟူသော ရည်ရွယ်ချက်ဖြင့် စာပေသင်ကြားကြသည်။
၎။ပုဂံခေတ်သည် စာပေအရေးအသား၊ဘာသာစကားစတင်တီထွင်ရသော ကာလဖြစ်သည်။သင်ကြားရေး၏ အဓိကမဏ္ဍိုင်သည် သာသနာသုံးရပ်ကိုတတ်ကျွမ်းရန်ဖြစ်သည်။ ထို့အတွက်
   ပါဠိသဒ္ဒါတတ်ကျွမ်းရန်လိုသည်။ ထိုအခါ လက်ရှိအခြေနေအရ မွန်အက္ခရာကိုမှီးကာ မြန်မာအက္ခရာကိုတီထွင်ရလိမ့်မည်။ ထို့ကြောင့် ပါဠိဘာသာနှင့်အတူ မွန်စာပေကိုလည်းလေ့လာ
   တတ်ကျွမ်းရန်ရည်မှန်းချက်ဖြင့် စာပေသင်ယူကြလိမ့်မည်။သင်ကြားရာတွင် ပါဠိနှင့်သင်္သကရိုက်နှစ်ဘာသာကို သင်ကြားရာ ပိဋကတ်၏အရင်းအမြစ်မှာ ပါဠိဖြစ်၍ ပါဠိဘာသာပိုမိုကာ
   ထွန်းကားဟန်ရှိသည်။ သင်္သကရိုက်မှာ လောကီပညာဝေဒကျမ်းများဖြစ်သည်။ ထို့ကြောင့် လောကီ၊လောကုတ္တရာနှစ်မျိုးမျိုးလုံးကို သင်ကြားနိုင်ရန် ရည်မှန်းချက်ထားကြလိမ့်မည်။
၎။ပုဂံခေတ်သင်ကြားရေးသည် အသုံးလုံးဟူသော အရေး၊အဖတ်သင်တန်းများမှ လောကုတ္တရာအထက်တန်းသို့တက်လှမ်းသည်။ များသောအားဖြင့် ရေးတတ်ဖတ်တတ်လျင် ကျောင်းမှ
   ထွက်၍ မိဘအလုပ်ကူလုပ်ကြသည်သာများသည်။
၅။အထက်ပါလေးချက်ကို ချုံ၍ဆိုရလျင် (၁)ဗုဒ္ဓစာပေဆိုင်ရာအထက်တန်းစာများကို တတ်ကျွမ်းရန် (ခ)အရေးအဖတ်တတ်ကျွမ်းရန်ဟူသော ရည်ရွယ်ချက်များရှိမည်ဟု ယူဆရပါသည်။
ပုဂံခေတ်ပညာသင်ကြားပေးသူဆရာ
၁။ဆရာဟူသည် သင်္သကရိုက်ဘာသာ အာစဂျ-မှဆင်သက်သည်ဟု ဆိုကြသည်။ဆရာဦးတင်လှက - ပုဂံခေတ် သင်ကြားပို့ချသောဆရာတို့မှာ များသောအားဖြင့် ရဟန်းတော်များသာဖြစ်
   လိမ့်မည်။လူဝတ်ကြောင်ဆရာများ ရှိခဲ့သည့် အရိပ်ရောင်လည်းတွေ့ရသည်။ယနေ့ခေတ် ကျောင်းဆရာတို့ကဲ့သို့ လခစားမဖြစ်နိုင်၊ရဟန်းတော်များ၏ အခငွေလက်ခံခြင်းကို ၄င်းတို့၏
၂။ပုဂံခေတ်ရဟန်းတို့သည် သံဃာနှင့်ဆရာဟူသော ဂုဏ်နှစ်ခုရကြလိမ့်မည်။သံဃာကို တော်နေသံဃာ-အရည၀ါသီ၊မြို့နေသံဃာ-ဂါမ၀ါသီဟု နှစ်မျိုးခွဲခြားရမည်။ဒေါက်တာသန်းထွန်းက -
   ထင်ရှားသောရဟန်းကြီးတစ်ပါးတွင် ပရိယတ္တိအလို့ငှာ စာသင်များစွာရှိတတ်သည်။ပဋိပတ္တိအတွက် ဆောင်ရွက်သူများလည်းရှိသည်။စာသင်များစွာရှိသောကျောင်းတွင် လှူဒါန်းသူပေါ၍
   ဗုဒ္ဓတက္ကသိုလ်ဖြစ်လာရသည်-ဟု ပုဂံခေတ်သင်ကြားရေးနှင့်ပတ်သက်၍ ဆိုခဲ့သည်။
၃ထို့ကြောင့် ပုဂံခေတ်တွင် ရဟန်းတို့က ဆရာအဖြစ်ပို့ချ၍ စာများသင်ကြားနိုင်ရန် လှူဒါန်းသူများရှိကြောင်း ပုဂံကျောက်စာအရသိရသည်။
၎။ယင်းသို့လှူဒါန်းခြင်းနှင့်ပတ်သက်၍ ဘုရားကျွန်အဖြစ်လည်းကောင်း ပိဋကတ်ကျွန်အဖြစ်လည်းကောင်း ကျောင်းကျွန်အဖြစ်လည်းကောင်း လှူဒါန်းကြသည်။
၅။မင်းဧကရာဇ်၊ပဒေသရာဇ်၊သူဋ္ဌေးသူကြွယ်တို့သည် စေတီဂူများ၊သိမ်ကျောင်းများစသည့် အလှူကြီးပြုသောအခါ သာသနာ့အလုပ်အကျွေးအဖြစ် ကျွန်များလှူလေ့ရှိသည်။အရေတွက်
   အနည်းငယ်မှ ရွာလုံးကျွတ်လှူသည်လည်းရှိသည်။ထိုသို့အလှူခံရသူတို့သည် အစစအရာရာဝေယျာဝစ္စများ လုပ်ကြရသဖြင့် စာသင်၊စာချတို့မှာ အခြားတွင် အာရုံစိုက်စရာမလိုတော့ပဲ
   စာတွင်သာအာရုံစိုက်ရန်လိုတော့သည်။
ပုဂံခေတ်ပညာသင်ကြားသူတပည့်
၁။တပည့်-ဟူသောဝေါဟာရကို ပုဂံခေတ်တွင် တွေ့ရခဲသည်။ထိုသို့ခေါ်ဝေါ်သည်ထက် စာသင်-ဟူ၍ ခေါ်ဝေါ်သည်ကများသည်။ယနေ့ခေတ်စာသင်တိုက်များတွင် စာသင်သား-ဟုခေါ်ဝေါ်
   ကြသည်နှင့် တူညီသည်။
၂။စာသင်တို့အသုံးပြုရန်၊စားသောက်ရန် ဆန်၊စပါး၊ကျောင်း၊လယ်ယာများကို လှူသည်-ဟုသိရသဖြင့် စာသင်တို့ကိုအစားအစာပေးသည်-ဟုလည်းကောင်း စာသင်တို့တွင် ကျောင်း
   အိပ်ကျောင်းစားများပါဝင်သည်-ဟုလည်းကောင်း သိနိုင်၍ ပုဂံခေတ်သင်ကြားရေးသည် အခမဲ့ပညာသင်ကြားရေးစနစ်ဖြစ်ကြောင်း သိနိုင်သည်။
ပုဂံခေတ်ပညာသင်ကြားရေးကျောင်း
၁။ပုဂံခေတ်တွင် ကျောင်းကို က္လောင်-ဟု စာလုံးပေါင်းကြသည်။ဆရာကြီးဦဖေမောင်တင်က - ကုလားကျောင်းဟူသည် အုဋ္ဌ်ကျောင်းကိုဆိုလိုသည်။မျက်မှောက်ခေတ်တွင် ဘုန်းကြီးကျောင်း-
  ဟု ဆိုလိုကသည်နှင့် ဗုဒ္ဓဘာသာရဟန်းကျောင်းကို ဆိုလိုသကဲ့သို့ဖြစ်သည်-ဟု ရှင်းလင်းပြဆိုထားသည်။ ဆရာကြီးဦးတင်လှကမူ ကျောင်း-ဟူသော ဝေါဟာရတိုင်းတွင် စာသင်သည်
  ဟူ၍လည်း မယူဆသင့်ကြောင်း ပုဂံခေတ်ပညာသင်ကြားရေးစာတမ်းတွင် ကောက်ချက်ချခဲ့သည်။ယနေ့ခေတ် ဘုန်းတော်ကြီးကျောင်း အမြောက်အများတွင် စာပေသင်ကြား
  ပို့ချသောကျောင်းကို စာသင်တိုက်-ဟုခေါ်၍ စာပေသင်ကြားခြင်းမပြုသောကျောင်းကို ဘုန်းကြီးကျောင်း-ဟု သာမန်သာဆိုကြသည်။ထို့ကြောင့် ပုဂံခေတ်တွင် စာသင်များနေထိုင်သော
  ကျောင်း၊အဆောက်အဦကို စာသင်ကျောင်း-ဟုလည်းကောင်း စာသင်တိုက်-ဟုလည်းကောင်း ခေါ်ဝေါ်ကြသည်။
ကျောင်းအဆောက်အဦပုံစံ
၁။ရှေးကျောင်းများတွင် ကျောင်းဆောင်ဖွဲ့စည်းပုံမှာ -
   (က)ဘုရားဆောင်ရှိခြင်း
   (ခ)ဓနုဆောင်ရှိခြင်း
   (ဂ)စောင်မအတွင်းတွင် မာရဘင်ကန့်၍ ရှေ့ပိုင်းပလ္လင်တကဲနှင့် ဘုရားရှိခြင်း
   (ဃ) ဘောဂဆောင်ရှိခြင်း
   (င)ဘောဂနှင့်စောင်မဆက်နေသော နောက်ပိုင်းဓနုဆောင်ရှိခြင်းတို့ဖြစ်သည်။
၂။ထို့ကြောင့် ပုဂံခေတ်ကျောင်းများ၏ စနစ်တကျရှိပုံကိုပြရလျင် =
  (က)ရဟန်းသံဃာတို့ ၀တ်ပြုရာဘုရားဆောင်
  (ခ)ရဟန်းသံဃာတို့ သီတင်းသုံးရာနေရာထိုင်ခင်း
  (ဂ)အာဂန္တုရဟန်းတို့အတွက် နေရာထိုင်ခင်း
  (ဃ)ရဟန်းပုဂ္ဂိုလ်တို့အတွက် စာပေပို့ချရာနေရာ
  (င)ရှင်သာမဏေနှင့် ကျောင်းသားတို့ကို စာပေပို့ချရာနေရာ
  (စ)ရှင်သာမဏေနှင့် ကျောင်းသားတို့ အိပ်ရန်နေရာ
  (ဆ)ရဟန်းအသုံးအဆောင်တို့ ထားရာအခန်း
  (ဇ)စင်္ကြံလျှောက်ရန်နေရာ
  (ဈ)ဒါယိကာ ဒါယိကာမများ၏ အဖူးမြော်ကို ခံယူရန်နေရာ စသည်ဖြင့် စနစ်တကျဖွဲ့စည်းထားပါသည်။
ပုဂံခေတ်ထင်ရှားသောပုဂ္ဂိုလ်များ
အရှင်အရဟံ
၁။မွန်ရဟန်းတော်ဖြစ်သည်။ထေရ၀ါဒဂိုဏ်းဝင်ဖြစ်၍ အေဒီ၁၀၅၆-တွင် ပုဂံတွင်လာရောက်သီတင်းသုံးကာ အနော်ရထာမင်းက အလွန်ကြည်ညိုကိုးကွယ်သော ဆရာတော်ဖြစ်သည်။
   အရည၀ါသီတောကျောင်းကိုဆောက်လှူခဲ့သည်။၎င်းတောကျောင်းမှာ ညောင်ဦးဥယျဉ်အနောက်ဥခွန် မုဒ္ဓေါဘုရားမြောက်အရှေ့တွင်ရှိသည်။အနော်ရထာမင်းကရေထမ်း၍ မိဖုရား
   က နေ့တိုင်းမပြတ်ဆွမ်းလုပ်ကျွေးခဲ့သည်-ဟု အဆိုရှိသည်။အနော်ရထာဘုရင်သည် အရှင်အရဟံ၏တိုက်တွန်းချက်အရ (ပုဂံကိုတိုက်ခိုက်သိမ်းယူ၍) ပုဂံသာသနာထွန်းကားအောင်
   ကြံဆောင်ခဲ့သည်။ကျန်စစ်မင်းလက်ထက်ရောက်သောအခါတွင်လည်း နန်းတည်အခန်းအနားပွဲတော်တွင် အကြီးအကဲဖြစ်ခဲ့သည်။မင်းကိုလောကုတ္တရာအရေး ညွှန်ပြသောဆရာတော်ဖြစ်
   သည်။ အရှင်အရဟံတွင် နောက်လိုက်အခြွေရံရဟန်း ၄၁၀၈-ပါးရှိခဲ့သည်။
၂။ဆရာတော်သည် အနော်ရထာမင်း၊ကျန်စစ်သားမင်း၊အလောင်းစည်သူမင်း-ဟု မင်းသုံးဆက်တိုင်အောင် နိုင်ငံ့အကျိုး၊သာသနာ့အကျိုးကို ထူးချွန်စွာဆောင်ရွက်ခဲ့သည်။အလောင်းစည်သူ
   မင်းလက်ထက် ခရစ်နှစ် ၁၁၁၃၊သက်တော် ၈၁-နှစ်တွင် ပျံတော်မူခဲ့သည်။
အရှင်ဓမ္မသေနာပတိ
၁။ကျန်စစ်သားမင်းလက်ထက် နန္ဒာဂူအနီး နန္ဒာကျောင်းတိုက်တွင် သီတင်းသုံးသည်။ဆရာတော်၏ ထင်ရှားသောကျမ်းမှာ ကာရိကာကျမ်းဖြစ်သည်။ထိုကျမ်းနှင့်ပတ်သက်၍ - ပုဂံပြည်၊
   အနော်ရထာမင်းလက်ထက်တွင် ပိဋကတ်တော်အစုံသုံးဆယ်နှင့်တကွ ပိဋကတ်တတ်ကျွမ်းသော သံဃာတော်များကိုလည်း ပင့်ခေါ်လာခဲ့ကာ ပိဋကတ်တော်များ ပို့ချစေခဲ့သည်။
   ပိဋကတ်တော်များကို မြန်မာပြန်ဆိုပို့ချရာတွင် သဒ္ဒါနည်းသည် အလွန်အရေးကြီးသဖြင့် သဒ္ဒါကျမ်းကိုအထူးလေ့လာကြသည်။ထို့ကြောင့် ပုဂံတွင် သဒ္ဒါကျမ်းတတ်ပုဂ္ဂိုလ်၊သဒ္ဒါကျမ်းပြု
   ပုဂ္ဂိုလ်ပေါများခြင်းဖြစ်သည်-ဟု စွယ်စုံကျမ်းတွင်ဆိုသည်။
အရှင်အဂ္ဂ၀ံသ
၁။အရှင်အဂ္ဂ၀ံသသည် နရပတိစည်သူမင်း (၁၁၇၄-၁၂၁၁)လက်ထက်တွင် ပေါ်ထွန်းခဲ့သည်။အရှင်သည် ပါဠိသဒ္ဒါနယ်ပယ်တွင် အကျယ်ဝန်းဆုံး၊အပြည့်စုံဆုံးဖြစ်၍ ယနေ့တိုင်အောင်
   ဆရာတော်သည်လည်း အထင်ရှားဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့သည်။
သံပျင်အမတ်
၁။နရပတိစည်သူမင်းလက်ထက်တွင် ပေါ်ထွန်းသောသံပျင်အမတ်သည် သံပျင်ဋီကာခေါ် ပါဠိသဒ္ဒါကျမ်းကိုပြစုခဲ့သည်။ထိုကျမ်းဖြင့်ပင် ကျစွာမင်း၏သမီးသံပျင်မင်းသမီးကို ရရှိခဲ့သည်-ဟု ဆိုသည်။
အရှင်ဆပ္ပဒမထေရ်
၁။ရဟန်းဘွဲ့တော် အရှင်သဒ္ဓမ္မဇောတိပါလသည် ပုသိမ်မြို့၊စီရင်စုရပ် ဆပ္ပဒရွာဇာတိဖြစ်သည်။အရှင်ပြုစုခဲ့သော ကျမ်းတို့မှာ (၁)သဒ္ဒါဘက်ဆိုင်ရာ သုဒ္ဓနိဒ္ဒေသကျမ်း (၂)အဘိဓမ္မာဘက်
   ဆိုင်ရာ သင်္ခေပ၀ဏ္ဏနာကျမ်း (၃)၀ိနည်းဘက်ဆိုင်ရာ ၀ိနယဂုဠှဋ္ဌဒီပနီကျမ်းတို့ဖြစ်သည်။
၂။နရပတိစည်သူမင်းလက်ထက် ဆရာတော်ဥတ္တရာဇီဝမထေရ်နှင့်အတူ သီဟိုဠ်သို့ကြွကာ ပဉ္စင်းဝတ်၍ ကျမ်းဂန်သင်ကြားခဲ့သည်။သက္ကရာဇ် ၁၁၉၂-တွင် အာဂန္တုရဟန်းလေးပါးပင့်ဆောင်၍
   ပုဂံသို့ပြန်ကြွခဲ့သည်။ညောင်ဦးအရပ်တွင် ဆပ္ပဒစေတီတည်၍ သီတင်းသုံးသာသနာပြုတော်မူခဲ့သည်။
အရှင်ဓမ္မ၀ိလာသ
၁။အရှင်သည် ပုဂံခေတ်၊နရပတိစည်သူမင်းလက်ထက် အပမြို့စီရင်စု ပတိပ္ပဇေယျရွာ ရဟန်းအမည်အရှင်သာရိပုတ္တရာ တံဆိပ်ဘွဲ့အမည် ဓမ္မ၀ိလာသပုဂ္ဂိုလ်သူမြတ်သည် ဒလမြို့တွင်
   သီတင်းသုံးတော်မူစဉ် မနုဓမ္မသတ်ကိုမှီး၍ ဓမ္မ၀ိလာသဓမ္မသတ်ကို သက္ကရာဇ် ၅၃၆-တွင် စီရင်တော်မူခဲ့သည်။အရှင်သည် ပုဂံခေတ်၊အရှင်အာနန္ဒာထေရ်ထံတွင် ရဟန်းပြု၍
   ကျမ်းဂန်တတ် ကျွမ်းတော်မူသည်။ဒလမြို့သို့ ကြွရောက်ကာ ရဟန်းများစွာကို ကျမ်းဂန်သင်ကြားပို့ချတော်မူခဲ့သည်။
ကျစွာမင်း
၁။သက္ကရာဇ် ၅၉၇-တွင် နန်းတက်သော ကျစွာမင်းသည် ပိဋကတ်ကိုကိုးခေါက်တိုင် သင်ယူတတ်မြောက်သဖြင့် ရဟန်းများကိုတစ်နေ့လျင် ခုနစ်ကြိမ်တိုင်အောင် စာပေသင်ကြားပို့ချခဲ့သည်။
   သမီးတော်သံပျင်မင်းသမီးသည်လည်း ကျမ်းတတ်တစ်ဦးဖြစ်သည်-ဟု ကျော်ကြားသည်။မင်းကြီးသည် မင်းမောင်းမတို့ အလွယ်တကူမှတ်သားနိုင်ရန်
   အဘိဓမ္မာဆိုင်ရာပရမတ္ထဗိန္ဓုကျမ်းနှင့် သဒ္ဒါဘက်ဆိုင်ရာသဒ္ဒဗိန္ဓုကျမ်းကို အဖွင့်ဋီကာနှင့်တကွ ပြုစုတော်မူခဲ့သည်။
ဦးကျည်ပွေ့
၁။နရပတေ့မင်း (၁၂၅၄-၁၂၈၇)လက်ထက်တွင် အသက်ခြောက်ဆယ်ကျော်ကာမှ ပိဋကတ်စာပေသင်ယူ၍ ကျမ်းတတ်ပုဂ္ဂိုလ်အကျော်တစ်ပါးဖြစ်ခဲ့သော ဒိသာပါမောက္ခဟူသော
   မင်းပေးဘွဲ့ကိုလက်ခံရရှိသော ဦးကျည်ပွေ့သည် ဂမ္ဘီရတ္ထခေါ်သဒ္ဒါကျမ်းနက်ကို ပြုစုခဲ့သည်-ဟု အဆိုရှိသည်။
ဤကား ပုဂံခေတ်ရဟန်းတော်၊ဘုရင်၊လူပုဂ္ဂိုလ်များနှင့် ကျမ်းများဖြစ်သည်။၎င်းကျမ်းများ၊ကျမ်းပြုသူများသည် ပုဂံခေတ်ပညာရေးအတွက်သော်လည်းကောင်း ကျောင်းများတွင်သော် လည်းကောင်း ရှင်လူအများတွင်လည်းကောင်း အထူးအလေးထားခံရသည်။ တလေးတစားဖတ်ရှုကြရသည်။
ဆရာဦးစိုးကျော်သူ၏ ပို့ချချက်မှထုတ်နှုတ်ရေးသားသည်။
 အရှင်က၀ိန္ဒ(ချောင်းဆုံ)
Print Friendly and PDF
No comments:
Post a Comment
Twitter Bird Gadget