ဒီဆိုက်ဒ်ထဲက စာတွေက ၀ါသနာအရ အားတဲ့အချိန်မှာ ရေးသားခြင်း ဖြစ်ပါတယ်။ စာအုပ်တွေကို အရင်ကတည်းက တွေ့တဲ့ဆိုက်ဒ်တွေကနေ Download ဆွဲထားခဲ့ပါတယ်။ ဒီကို ပြန်တင်မယ်ဆိုပြီး ရည်ရွယ်ရင်းမရှိခဲ့ပါ။ ဒါကြောင့် ခုလိုပြန်တင်ဖြစ်သွားတော့ ယူခဲ့တဲ့ဆိုက်ဒ်တွေကို မမှတ်မိတော့ပါဘူး။

Friday, May 10, 2013

ကရင်ပြည်နယ်ခရီးစဉ်(၂)

Unknown | 10:29 PM |


ရင်ကိုလှိုက်ဆွဲ ဇွဲကပင်တောင်တက်ပွဲ

မုန့်ဟင်းခါးဘုန်းပေးပြီး မိမိတို့ခေတ္တတည်းခိုမည့် ကြာအင်းကျောင်းသို့သွားရသည်။ ကြာအင်း ဆရာတော်ကား မသိလျှင် စိတ်တိုတတ်သည်ဟု ထင်ရသော်ငြား အကြောင်းသိသူများက သဘောကောင်းပြီး လူငယ်များအပေါ် နားလည်တတ်သည့် ဆရာတော်ဟု သဘောပေါက်ကြသည်။ မိမိအပေါ်လည်း သဘောထားကြီးစွာ ဆက်ဆံပြောဆိုခဲ့သည့် ဆရာတော်ဖြစ်သည်။ တစ်နေကုန် ကြာအင်းကျောင်းတွင် အချိန်ဖြုန်းရင်း ညနေရောက်သောအခါမှ ဇွဲကပင်တောင်ပေါ်သို့တက်ရန် စီစဉ်ကြရသည်။ ယနေ့တပေါင်းလပြည့်နေ့ကား ကရင်ပြည်နယ်၏ အထင်ကရဖြစ်သည့် ဇွဲကပင်တောင် -စေတီတော်မြတ်၏ ဗုဒ္ဓပူဇနိယပွဲတော်ဖြစ်သည်။

          ညနေပိုင်းရောက်သောအခါ ဦးချွဲနှင့်အေးချမ်းတို့ရောက်ရှိလာကြပြီး ညကိုးနာရီခန့်တွင် အေးချမ်း ၊ခေမိဿရ မိမိနှင့်သူငယ်ချင်းတို့ တောင်ခြေသို့ ဆိုင်ကယ်ဖြင့် ခရီးဆက်ကြသည်။ သူငယ်ချင်းဖြစ်သူ အရှင်တေဇိန္ဒသည် တောင်ခြေသို့ရောက်သောအခါ ရုတ်တရက် အကြောင်းကိစ္စတစ်ခုပေါ်လာသဖြင့်  တောင်ခြေထိသာ လိုက်ပို့နိုင်ခဲ့ပြီး မိမိကိုထားကာ ပြန်သွားရသည်။ သို့နှင့် မိမိစာရေးသူ၊ ခေမိဿရ ၊ အေးချမ်းတို့သုံးဦးသား ဆိုင်ကယ်ကိုအပ်ထားခဲ့ပြီး ဇွဲကပင်တောင်ပေါ်တက်ရန် တက်ကြတော့သည် ။ တောင်ခြေတွင် ပွဲရှိသဖြင့် လူများဖြင့် ပြည့်ကြပ်နေတော့သည်။ အတော်ကြာမှ မုဒ်ဦးဝသို့ရောက်တော့ သည်။ တစ်ယောက်နှင့်တစ်ယောက် မပျောက်စေရန် သတိထားကာ ရှောင်ရင်းကွေ့ရင်း လှည့်ပတ်တိုးဝှေ့ သွားကြရခြင်းဖြစ်သည်။ များလိုက်သည့်လူ၊ ဆူလိုက်သည့်ပွဲသံ၊ ပေါလိုက်သည့်ဈေးပွဲကြောင့် ဒီညတောင်ခြေမုခ်ဝ ရောက်မှရောက်ပါ့မလားဟု သံသယပင်ဖြစ်မိသည်။ ထို့ထက်ဆိုးသည်မှာ ခုနစ်တန်းကျောင်းသား အေးချမ်းက ကလေးဆိုပြီး မိမိတို့နှင့်အတူ သူ့ အိမ်မှ စိတ်ချလက်ချလွှတ် လိုက်ကြသည်။ သို့သော် သူကမိမိတို့ထက် အဆများစွာ ပိုမြန်နေသဖြင့် သူမပျောက်စေရန် တစ်ဖက်က လည်းသွားရင်း တစ်ဖက်ကလည်းသူ့ကို သတိထားရင်းဖြင့် တောင်ပေါ်တက်ကြရသည်။
          တောင်ပေါ်အတက်လမ်းတွင် လူကများလွန်းနေသည်။ အံ့သြစရာကောင်းသည်မှာ တောင်ပေါ် တွင် စေတီတစ်ခုသာရှိသည်။ ညပိုင်းဖြစ်သောကြောင့် ဘာရှုခင်းမှတွေ့မြင်ရမည်မဟုတ်သည်ကို တက်ကြ သူတိုင်းက သိပြီးသားပင်ဖြစ်သည်။ ထိုသို့ဖြစ်ပါလျက် လမ်းတွင်လူများပြည့်နေခြင်းကား အံ့သြစရာပင်။ မိမိကား လမ်းတစ်ဝက်ပင်မရောက်သေး အမောဆို့နေလေပြီ။ တောင်ပေါ်အတက်လမ်းကား ကျဉ်းကလည်း ကျဉ်းသည်၊ လူကလည်းများသည်၊ ဘေးတွင်လည်း ချောက်ကြီးသာရှိသည်။ လူများလိမ့်ကျနိုင်သည် ဟုလည်း၊ သိထားသည်။ ဒီအတိုင်းကြီးရပ်နေ၍လည်းမရ၊ ရှေ့ဆက်ရန်လည်း မတတ်နိုင်၊ သို့နှင့် ဘေးထွက် လို့ရနိုင်မည့်နေရာကို ရှာလိုက်ရာ လူတစ်ယောက်စာရပ်၍ရသောနေရာကိုတွေ့သောအခါ ဘေးထွက်ပြီး အမောဖြေ လိုက်တော့သည်။ ပိုဆိုးလေပြီ၊ ထိုအခါကျမှ ချွေးများတဒီးဒီးကျကာ ခေါင်းများထူပူပြီး ပျို့အန် လာတော့သည်။ တစ်ချက်နှစ်ချက်အန်လိုက်ပြီဖြစ်သော်လည်း အမောကမပြေနိုင်ပေ၊ အားကလည်း မရှိတော့၊ ဘေးတွင်လူကလည်းများလွန်းသည့်အပြင် တောင်ပေါ်တက်ကြသူများက မိမိကိုကြည့် သွားကြသောအခါ အရှက်ကြီးရှက်လိုက်သည်မှာ ပြောမပြတတ်အောင်ပင်ဖြစ်သည်။ ဘေးနားကိုကြည့် လိုက်တော့လည်း အစက ခေမိဿရရှိသော်ငြား အေးချမ်းမပျောက်ရန်အတွက် လိုက်ရှာရင်း သူပါပျောက်နေတော့သည်။ မိမိလည်း ဘေးတွင်ဘယ်သူမှမရှိတော့သဖြင့် စိတ်ပျက်အားလျှော့လာမိတော့ သည်။ အရေးထဲ ဒကာတစ်ယောက်ကလည်း မိမိကို `တစ်ဝက်ကျိုးပြီးလား´ဟု လာမေးနေပြန်သဖြင့် မသိသော်ငြား စိတ်ရှုပ်ရှုပ်နှင့်ပင် `တစ်ဝက်တော့ကျိုးနေပါပြီ´ဟု ပြန်ပြောလိုက်ရသည်။ နောက်မှ သိလိုက်ရသည်မှာ တစ်ဝက်ပင်မကျိုးသေးကြောင်းပင်ဖြစ်သည်။ စင်စစ် ဇွဲကပင်တောင်တော်သည် မိမိရောက်ဖူးသော၊ တက်ဖူးသော နေရာမဟုတ်ပေ၊ ဟိုး-အဝေးမှပင် မျှော်ကာငေးရင်း ဆန္ဒများပြင်းပြ စွာဖြစ်ခဲ့ရသော နေရာတစ်ခုသာဖြစ်သည်။ ရောက်အောင်တက်မည်ဟုလည်း အားခဲထားခဲ့ဖူးသည်။ ယခုကား ထိုသို့မဟုတ်ပြီ၊ စိတ်သွားတိုင်းကိုယ်ပါနိုင်သော အခြေနေတစ်ခုမဟုတ်နိုင်တော့ပြီ၊ သို့နှင့် ဆုံးဖြတ်ချက်တစ်ခု အခိုင်အမာချက်လျှက် `ငါလိုယောက်ျား ပြဿဒါးမရှိ´ဟုလည်းကောင်း `ယောက်ျား တို့လုံ့လ သေခါမှလျှော့မည်´ဟုလည်းကောင်း ခြေလှမ်းတို့ကို အသင့်ပြင်ဆင်ကာ လာရာလမ်းအတိုင်း လှည့်လျှက် ငိုက်စိုက်ငိုက်စိုက်ဖြင့် ဆင်းခဲ့တော့သည်။ မသိသူများကတော့ `အော်-ပြန်တောင်ဆင်း လာပြီ၊ တောင်ပေါ်ကို သူရောက်ခဲ့လေပြီ၊ ငါတို့ကတော့ ခုမှတက်ရသည်´ဟု တွေးကြမည်လားမသိ၊ မိမိကား မရင်းနှီးသောဒေသ၊ မရေရာသောလမ်းတွင် `ဇွဲကပင်ရေ ဝေးခဲ့ရပြီပေါ့´ဟု နာကျင်စွာမြည်ကျွေးရင်း ရှောင်ပြေးရတော့သည်။

          သူစိမ်းဧည့်သည်ဖြစ်သည့်အပြင် ဤနေရာနှင့်အရမ်းရင်းနှီးခဲ့သူလည်းမဟုတ်သော မိမိသည် ပြန် ရမည့်လမ်းကိုလည်းမသိ၊ မည်သို့ပြန်ရမည်ကိုလည်း ကောင်းကောင်းနားမည်ဖြစ်နေသည်။ တောင်ခြေတွင် တစ်ညလုံးအိပ်ရမည်လား သို့မဟုတ် လမ်းလျှောက်ပြန်ရမည်လား မည်သို့ဆုံးဖြတ်ရမည်မသိ၊ လမ်းလျှောက်မပြန်နိုင်သဖြင့် တစ်ညလုံးတောင်ခြေတွင် နေရမည်ဆိုလျင်လည်း နေမည်ဟု မိမိဘာသာ ဆုံးဖြတ်ရင်း တစ်ဖြေးလျှောက်လာခဲ့ရာ တစ်နေရာအရောက်တွင် ဆိုင်ကယ်ကယ်ရီသမားတစ်ယောက် ကိုတွေ့ရသည်။ သူ့ကို မေးလည်းမမေးရဲ အားလည်းငယ် အကြံလည်းအိုက်လျက်ပင် သူ့ကိုကြည့်လိုက်မိ သည်။ ထိုအခါ မိမိအခြေနေကို ရိပ်မိ၍လားမသိ ဆိုက်ကယ်ငှားမည်လားဟု မေးလာသောအခါ ငှားမည်ဟုပြောဆိုရင်း ဆိုင်ကယ်ငှားလိုက်သည်။ ဆိုင်ကယ်သမားကလည်း သဘောကောင်းပါသည်။ အပြန်လမ်းတစ်လျှောက်တွင် ဇွဲကပင်တောင်တက်ကြသူတို့နှင့်ပတ်သက်ပြီး မေးကြည့်ရာ စိတ်ရှည်ရှည်ဖြင့် `ဇွဲကပင်တောင်စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်တပေါင်းလပြည့်နေ့မှာ ကျင်းပပါတယ်၊ တက်တဲ့သူက အရမ်းများပြီး ၁၄-ရက်ကနေတက်လိုက်ကြတာ လပြည့်ကျော် ၁-ရက်နေ့ထိ နေ့ရော ညပါတက်နေကြတုန်းပဲ၊ တက်တဲ့နေရာက နှစ်နေရာရှိပါတယ်၊ တစ်ဖက်ကတော့ ခလောက်နို့ ဘက်ကဖြစ်ပြီး မတ်စောက်တဲ့အတွက် လူတက်နည်းကြတယ်၊ အဲဒါကြောင့်ပဲ နေ့ဘက်ကိုအဖိုးအဖွားတွေက အဲဒီလမ်းကိုရွေးချယ်ပြီး တောင်ပေါ်ရောက်အောင်တက်ကြတယ်၊ ဒီလိုလူတက်များတဲ့နေ့တွေဆိုရင် ဇွဲကပင်တောင်ဆရာတော်က တောင်ခြေအတက်လမ်းမှာ အုတ်တွေပုံထားလေ့ရှိပြီး စေတနာရှင်တွေက တစ်ချို့ဆိုနှစ်လုံး၊ တစ်ချို့ဆိုတစ်လုံးဆွဲပြီး တက်ကြတယ်၊ အဖိုးအဖွားတွေကလဲ အုတ်တွေသယ်ပြီး တက်သွားကြတာပဲ၊ အဲဒီအုတ်တွေနဲ့ တောင်ပေါ်ကအဆောက်အဦတွေ ပြုပြင်ပါတယ်၊ နောက်တစ်လမ်း ကတော့ တော်ပုန်ဘက်ကတက်တာပါပဲ၊ တော်ပုန်ဘက်ကတော့ ခလောက်နို့လောက် မမတ်ပါဘူး (မိမိတက်သည်မှာ တော်ပုန်ဘက်မှဖြစ်သည်)၊ စေတီရင်ပြင်က ကျဉ်းကျဉ်းလေးပေမယ့် ဒီလောက်များတဲ့ သူတွေ တောင်ပေါ်ရောက်တော့လဲ ဘယ်သူမှ နေရာမရတယ်ရယ်လို့မရှိဘူး၊ လမ်းကတော့ကျဉ်းပါတယ်၊ ဒါပေမယ့် တက်ကြတာပါပဲ၊ အတော်များများက တစ်နှစ်ကို တစ်ခေါက်ရောက်ဖြစ်အောင် တက်ကြပါတယ်၊ တစ်ချို့ကတော့ တစ်နှစ်ကို သုံးခေါက်ပြည့်အောင်တက်ကြပါတယ်၊ ၁၄-ရက်နေ့မှာ ပအိုဝ့်တွေ တက်ကြ တာများပြီး ကျန်သောရက်တွင် ကရင်တွေတက်ကြတာများတယ်၊ ဒါပေမယ့် အားလုံးကို ခြုံကြည့်လိုက်ရင် ကရင်၊ပအိုဝ့်၊မွန်၊ဗမာပါမက အခြားတိုင်းရင်းသားများကလည်း တက်ကြပါတယ်၊ တောင်ပေါ်ကို အုတ်စုလိုက်တက်ကြတာများပြီး မောမောပန်းပန်းနဲ့ ချွေးတရွဲရွဲ အားခဲတက်ကြပါတယ်(မိဘများက မိမိတို့ရဲ့ ကလေးငယ်များကိုပါ ပုခုံးပေါ်ထမ်းသူကထမ်း၊ ဖြေးဖြေးချင်းတက်သူကတက်စေလျက် ခေါ်ဆောင် တက်ကြသည်ကိုလည်း တွေ့ရသည်)´ ဟု ဇွဲကပင်တောင်ထူးခြား ချက်များ၊ တောင်ပေါ်သို့တက်ကြသူများ ၏ လုံ့လအားကြီးပုံများကို ကြားရသောအခါ ပြန်ဆင်းလာမိသည်ကိုပင် နောင်တရလာမိတော့သည် ။ နောင်တရစိတ်နှင့်အတူ နောက်တစ်ခေါက်တော့ ရောက်အောင်တက်မည်ဟုလည်း သိဒိဋ္ဌာန်ချ ထားမိတော့သည်။
          ကျောင်းပြန်ရောက်သောအခါ ခြေဆေး၊မျက်နှာသစ်ပြီး အိပ်ယာဝင်သည်။ အိပ်ယာသို့ရောက်သော အခါ `ခေမိဿရနဲ့အေးချမ်းတို့ ပြန်တွေ့ကြပြီး ပြန်ဆင်းလာတဲ့အခါ ငါ့ကိုစောင့်နေတော့မည်၊ ရှာလည်း ရှာကြလိမ့်မည်၊ ဒါမှမဟုတ်လျှင်လည်း အေးချမ်းတစ်ယောက် တစ်ခုခုများဖြစ်နေမည်လား´ဟူသော စိတ်ဖြင့် အိပ်၍မပျော်နိုင်ပါ။ ညတစ်နာရီရောက်သောအခါ သူငယ်ချင်းဖြစ်သူ ပြန်လာသည်၊ သူ့ကိုအကျိုး အကြောင်းပြောပြရာတွင် သူလည်းမျက်လုံးမဖွင့်နိုင်တော့သဖြင့် နှစ်ပါးလုံး အိပ်တစ်ဝက်နိုးတစ်ဝက်ဖြင့် အိပ်ရတော့သည်။ ညနှစ်နာရီရောက်သောအခါ ခေမိဿရပြန်ရောက်လာသည်။ သူလည်းတစ်ယောက် တည်းသာ ပြန်လာသည်။ မေးကြည့်သောအခါ `အေးချမ်းကိုရှာရင်းလိုက်တက်သွားပါတယ်၊ ဒါပေမယ့် အစအနတောင်မတွေ့ပါဘူး၊ အရမ်းကိုမတ်စောက်လွန်းတဲ့ တစ်နေရာအရောက်မှာ လူတွေကလဲ တိုးဝှေ့ပြီး များလွန်းနေလို့ မတက်ရဲတာနဲ့၊ ပြန်ဆင်းခဲ့ပါတယ်၊ ပြန်ဆင်းပြီးနောက် အေးချမ်းကို ဆိုင်ကယ်အပ် ထားတဲ့နေရာမှာ စောင့်နေခဲ့ပါတယ်၊ မစောင့်နိုင်တဲ့အဆုံးမှာ ပြန်ခဲ့ပါတယ်´ဟု ပြန်ပြောပြသောအခါ ပိုဆိုးလေပြီ၊ ဘယ်လိုလုပ်မလဲ `အေးချမ်းသာ တစ်ခုခုဖြစ်ရင်´ဟူသော စိုးရိမ်စိတ်ဖြင့် ပို၍ပင်အိပ် မပျော်နိုင်တော့ပါ၊ တစ်ညလုံးအေးချမ်းအတွက် ဆုတောင်းရင်း ရွတ်နေကျဂါထာများ၊ ပရိတ်များရွတ်ရင်း ကုဋင်ပေါ်တွင် မိုးလင်းခဲ့ရသည်။ မိုးလင်းသောအခါ ခေမိဿရမှာ ဆိုင်ကယ်တစ်စီးဖြင့် ပွဲခင်းကို သွားရသည်။ မိမိတို့ကလဲ အေးချမ်းအိမ်ကို ဖုန်းဆက်ရ၊ အချင်းချင်း ပြောပြရနှင့် အလုပ်ရှုပ်ရသည်။ သူ့အမေက တစ်ခြားရွာရောက်နေ၍သာ တော်တော့သည်၊ သူ့အမကလဲ `ယောက်ျားလေးပဲ ပြန် လာမှာပါ´ဟု မိမိတို့ကို ပြန်နှစ်သိမ့်ရှာသည်။ ´အေးချမ်းက တောင်ပေါ်ကို ငယ်ငယ်က တစ်ခေါက်ရောက် ဖူးတယ်၊ ဒါပေမယ့် အဲဒီတုန်းက အရမ်းကိုငယ်လွန်းပြီး သူ့အမနှင့်သွားကြတာပါ။ နေ့ခင်းလည်းဖြစ်တယ်၊ ခုသွားတာက ညပိုင်းဖြစ်တဲ့အပြင် လူလည်းများလွန်းတယ်´ဟု သူငယ်ချင်းကပြောပြသောအခါ စိတ်ထဲတွင် အားတက်လာမလိုလိုနှင့် စိတ်ပျက်မိတော့သည်။ ရှစ်နာရီခန့်တွင် ခေမိဿရက အေးချမ်းကိုဆိုင်ကယ်ပေါ် တင်လာသောအခါ စိတ်ထဲမှ အပူလုံးကျရပြီး ၀ိုင်းမေးကြသောအခါ `တောင်ပေါ်ကိုရောက်ပြီး ခဏအိပ်နေ ပါတယ်၊ ပြီးမှ မနက်ငါးနာရီမှာ တောင်ပေါ်ကပြန်ဆင်းခဲ့ပါတယ်´ဟု ပြောသောအခါမှ သက်ပြင်းချရတော့ သည်။ အော်-အေးချမ်း အေးချမ်း၊ မင်းက ငါတို့ကို ဇွဲကပင်တောင်တော်ထက်ကို ပိုပြီးစိတ်လှုပ်ရှားစေပါလား ၊ ဒါ့အပြင် ပရိတ်တွေ ဂါထာတွေကို ကြေညက်စေခဲ့သူပါလား။
          နေ့ခင်းတွင် သူငယ်ချင်းက ရွာကိုပြန်သွားသည်။ မိမိကိုခေါ်သော်လည်း မလိုက်နိုင်ပဲ ကျောင်းတွင် -အေးဆေးပင်နေခဲ့တော့သည်။ မနက်ဖြန်တွင် နောက်တပ်တစ်နေရာ ခရီးဆက်ရမည်၊ ခရီးသွားခြင်းသည် ပျော် ရွှင်ဖွယ်၊ စိတ်လှုပ်ရှားဖွယ်၊ ဗဟုသုတဘဏ်တိုက်တစ်ခုသဖွယ်ပါတကား။

အရှင်က၀ိန္ဒ(ချောင်းဆုံ) Print Friendly and PDF

No comments:

Post a Comment

Twitter Bird Gadget