ဒီဆိုက်ဒ်ထဲက စာတွေက ၀ါသနာအရ အားတဲ့အချိန်မှာ ရေးသားခြင်း ဖြစ်ပါတယ်။ စာအုပ်တွေကို အရင်ကတည်းက တွေ့တဲ့ဆိုက်ဒ်တွေကနေ Download ဆွဲထားခဲ့ပါတယ်။ ဒီကို ပြန်တင်မယ်ဆိုပြီး ရည်ရွယ်ရင်းမရှိခဲ့ပါ။ ဒါကြောင့် ခုလိုပြန်တင်ဖြစ်သွားတော့ ယူခဲ့တဲ့ဆိုက်ဒ်တွေကို မမှတ်မိတော့ပါဘူး။

Sunday, May 12, 2013

ပဋိစ္စသမုပ္ပါဒ်ရှင်းလင်းချက်(၁)

Unknown | 10:57 AM |



ပဋိစ္စသမုပ္ပါဒ်ကို ပြောတော့မယ်ဆိုရင် ပထမဆုံး အ၀ိဇ္ဇာကို စပြောရမှာပါပဲ။ ဒီတော့ အ၀ိဇ္ဇာဆိုတာဘာလဲ? အဲဒီမေးခွန်းကို အရင်မေးရပါမယ်။ အဖြေက လွယ်ပါတယ် အမှန်မသိတာ အ၀ိဇ္ဇာပါပဲ။ ပါထိက၀ဂ္ဂဋီကာ၊ စာမျက်နှာ-၁၇၂-၃ မှာ `မသိမမြင်အပ်သော(အရှိတရားမဟုတ်သော) အတ္တ(သက္ကာယဒိဋ္ဌိ)၊ ဇီဝ(သဿတ ဒိဋ္ဌိ)၊ မိန်းမ၊ ယောက်ျားစသည်တို့၌ သိမြင်နေ(အရှိတရားဟုထင်နေ)ခြင်းသည် အ၀ိဇ္ဇာ။ သိအပ်သော(အရှိ တရားဖြစ်သော) ဒုက္ခ၊သမုဒယစသည်တို့၌ မသိမမြင်ခြင်း(မရှိဟုထင်နေခြင်း)သည် အ၀ိဇ္ဇာ။ သဘာဝ အမှန်တရားအားလုံးကို မသိရအောင်ဖုံးကွယ်ထားခြင်းသည် အ၀ိဇ္ဇာ။ ခန္ဓာ၊အာယတန၊ဓာတ်တို့ကို ပျောက် ကွယ်စေပြီး(ဖုံးကွယ်ထားပြီး) သတ္တ၀ါပညတ်ကိုသာ ထင်စေ၊မြင်စေတတ်သောကြောင့် အ၀ိဇ္ဇာ။ သစ္စာလေးပါးသဘာဝတရားတို့၌ တွေဝေစေတတ်သောကြောင့် အ၀ိဇ္ဇာ´ လို့ ဆိုထားပါတယ်။ ခြုံပြီးပြော ရမယ်ဆိုရင် ပရမတ်ကို ပညတ်နဲ့ဖုံးကွယ်နေတာ အ၀ိဇ္ဇာလို့ သိမှတ်ရပါမယ်။ ဘာကိုအမှန် မသိတာလဲ? အဲဒီမေးခွန်းကို ထပ်မေးမယ်ဆိုရင် အလွယ်ဖြေမည်ဆိုပါက ဒါကတော့ပညတ်ပဲ ဒါကတော့ ပရမတ်ပဲရယ် လို့ အမှန်ကိုမသိတာပါလို့ ဖြေရမှာပါပဲ။
ပညတ်ရဲ့နာမည် = (၁)ပညတ် (၂)မရှိတရား (၃)ရေ၊မြေ၊တော၊တောင်၊လူ၊နတ်၊တိရစ္ဆာန် (၄)မမှန်တရား။ ပရမတ်ရဲ့ နာမည် = (၁)ပရမတ် (၂)အရှိတရား (၃)နာမ်၊ရုပ်၊နိဗ္ဗာန် (၄)အမှန်တရား
                    ပညတ်နဲ့ပတ်သက်ပြီး စာပေတွေမှာတော့ အများကြီးဖွင့်ဆိုထားပါတယ်။ ပါထိက၀ဂ္ဂ အဋ္ဌ ကထာ၊ စာမျက်နှာ ၁၀၀-မှာ ပညတ္တိနာမ ဒိဋ္ဌိပညတ္တိ (မှားမှားယွင်းယွင်းမှတ်သားခြင်းသည် ပညတ်)ဟု ဆိုထားပါတယ်။ နောက်ထပ်ပညတ်ကို လေးမျိုးခွဲထားတာလဲ ရှိပါသေးတယ်။ အဲဒါတွေကတော့ ရေ၊မြေ ၊တော၊တောင်၊လူ၊နတ်၊တိရစ္ဆာန်လို့ ခေါ်တဲ့ သဏ္ဍာနပညတ်၊သမူဟပညတ်၊ ကလေးမှစ၍ လူကြီးဖြစ်သည် အထိ တစ်ရွက်နုလေးမှစ၍ သစ်ရော်ရွက် တစ်ခုဖြစ်လာသည်အထိ အစဉ်ဖြစ်တဲ့ သန္တတိပညတ်နဲ့ အတုံး အခဲဖြစ်တဲ့ ဃနပညတ်တို့ပါပဲ။
နောက်ထပ် အတ္ထပညတ်နဲ့သဒ္ဒပညတ်ဆိုပြီး နှစ်မျိုးလဲခွဲထားပါတယ်။ အတ္ထပညတ်ဆိုတာ ဘူတ ရုပ်တွေပေါင်းထားတဲ့ မြေတွေ၊တောင်တွေ အဆောက်အဦဖြစ်တဲ့ အိမ်၊ရထား၊လှည်း၊ခန္ဓာငါးပါးဖြစ်တဲ့ ပုဂ္ဂိုလ်သတ္တ၀ါ၊ လ၊နေလှည့်လည်တာကို စွဲပြီးခေါ်တဲ့ အရှေ့အရပ်၊အနောက်အရပ်တွေပါပဲ။ သဒ္ဒပညတ် ကတော့ ခြောက်မျိုးရှိပါတယ်။
၁။(ရုပ်၊ဝေဒနာစသည်)တို့ကဲ့သို့ ပရမတ်သဘောထင်ရှားလျှင် ၀ိဇ္ဇမာနပညတ်
၂။(ရေ၊မြေ၊တော၊တောင်)ကဲ့သို့ ပရမတ်သဘောလုံးဝမထင်ရှားလျှင် အ၀ိဇ္ဇမာနပညတ်
၃။(အဘိဥာဏ်ခြောက်ပါးရှိသော-ပုဂ္ဂိုလ်)ကဲ့သို့ ပရမတ်သဘောထင်ရှားတစ်ဝက် မထင်ရှားတစ်ဝက်သည် ၀ိဇ္ဇမာနေန အ၀ိဇ္ဇမာနပညတ်
၎။(မိန်းမအသံ)ကဲ့သို့ ပရမတ်သဘောမထင်ရှားတစ်ဝက် ထင်ရှားတစ်ဝက်သည် အ၀ိဇ္ဇမာနေန ၀ိဇ္ဇမာနပညတ်
၅။(မင်းသား)ကဲ့သို့ ပရမတ်သဘောနှစ်ဖက်စလုံး မထင်ရှားလျှင် အ၀ိဇ္ဇမာနေန ၀ိဇ္ဇမာနပညတ်
ပညတ်ကိုပြောပြီးတဲ့နောက်မှာ ပရမတ်ကို ဆက်ပြောရမည်ဆိုလျင် ပရမတ်သည် စိတ်၊စေတသိက်၊ရုပ်၊နိဗ္ဗာန်-ဆိုပြီး လေးမျိုးရှိပါတယ်။ ပြောရမယ်ဆိုရင် နာမ်၊ရုပ်၊နိဗ္ဗာန်ပဲဖြစ်ပါတယ်။
တကယ်တော့ စာရေးသူအပါအ၀င် အားလုံးသော ပုထုဇဉ်တွေကို ပရမတ်မမြင်အောင်ဆိုပြီး ပညတ်က ဖုံးထားတာပါ။ ပရမတ်က မဂ်ဥာဏ်၊ဖိုလ်ဥာဏ်တွေကို ရစေပါတယ်။ ပညတ်ကတော့ အဲဒီလို မဟုတ်ပဲ တဏှာ၊ မာန၊ ဒိဋ္ဌိစသော အကုသိုလ်တွေကိုပဲဖြစ်စေပါတယ်။ ငါ့အိမ် ငါ့အိမ်ဆိုပြီး ပညတ်ဖြစ်တဲ့ အိမ်ကို မပယ်နိုင်တဲ့အတွက် အိမ်မီးလောင်တော့ ငါ့အိမ်မီးလောင်ပြီ ငါ့အိမ်မီးလောင်ပြီဆိုပြီး ဒုက္ခ အမျိုးမျိုး ရောက်ကြရတယ်။ အဲဒီပညတ်ကိုပဲ တပ်မက်မှုတွေဖြစ်ကြတယ်။ အဲဒီပညတ်ကိုပိုင်ဆိုင်ထားတာ ကိုပဲ မာနတက်နေကြတယ်။ အဲဒါကြောင့်ပဲ ၀ိပဿနာရှုတဲ့အခါ ပညတ္တိံ သမတိက္ကမိတွာ သဘာဝေယေ၀ ၀ိပဿနံ ၀ိပဿိတဗ္ဗံ (ပညတ်ကိုလွန်ပြီး ပရမတ်သဘောကိုပဲ ၀ိပဿနာရှုရမယ်)လို့ ဆိုရတာပါ။ ပညတ်က ကောင်းကျိုးပေးတဲ့တရားမဟုတ်ဘူး၊ မိမိကို အကောင်းဆုံးလမ်းပြ အမှန်တွေပေးအပ်မှာက ပရမတ်ပဲဆိုတာကို သဘောပေါက်ရမယ်။ ပညတ်နဲ့ပတ်သက်ပြီး ထင်ထင်ရှားရှားမြင်နိုင်တာ ၀ိပဿနာပဲ။ ၀ိပဿနာရှုတယ်ဆိုပါစို့၊ ဥပမာ= ယောဂီတစ်ယောက်က သွားခြင်းဆိုတဲ့ဣရိယာပုတ်ကို ရှုမှတ်နေတယ်။ ဒါဆိုရင် ပညတ်၊ပရမတ် ခွဲလို့ရပါပြီ။ ဘယ်လိုခွဲမလဲဆိုတော့ သွားချင်တာက နာမ်၊ သွားနေတာကရုပ်၊ အဲဒီလိုသိနေရမယ်။ တကယ် ပရမတ်ကို အဲလိုမြင်ရမယ်။ ဒါမှမဟုတ်ပဲ ငါသွားနေတယ် ငါလုပ်နေတယ် ဆိုပြီး ကိုယ်ပိုင်တယ်ပဲထင်နေ မြဲတယ်လို့ပဲထင်နေ အစိုးရတယ်လို့ပဲထင်နေရင် အဲဒါက တကယ့်အစစ် အမှန်တရားကို မမြင်နိုင်သေးတာပဲ။ တကယ့်အစစ်အမှန်ဖြစ်တဲ့ ရုပ်နဲ့နာမ်ကိုမြင်အောင် ကျိုးစားရမယ်။
တစ်ချို့က ရုပ်နဲ့နာမ်ကို ငြင်းခုန်နေကြတယ်။ အမျိုးမျိုးပြောကြတယ်။ အဲဒီရုပ်နဲ့နာမ်နဲ့ပတ် သက်ပြီး ညောင်လေးပင်ဆရာတော် ပေးတဲ့ဥပမာတစ်ခုရှိတယ်။ တစ်ခါတုန်းက ကျိုးနေတဲ့သူတစ်ယောက် နဲ့ ကန်းနေတဲ့ သူတစ်ယောက် အတူတူနေကြသတဲ့။ သူတို့နေတဲ့ရွာမှာ အလှုတစ်ခုလုပ်သတဲ့။ အဲဒီ အလှူပွဲကို သူတို့နှစ်ယောက်သွားချင်ကြတယ်။ ဒီတော့ အကျိုးကလဲ ကျိုးနေတဲ့အတွက် မသွားနိုင်၊ အကန်းကလဲ ကန်းနေတဲ့အတွက် မသွားနိုင် အဲဒီလို မသွားနိုင်တဲ့အခါ သူတို့နှစ်ယောက် တိုင်ပင်ကြ တယ်။ နောက်ဆုံးမှာတော့အဖြေတစ်ရလာပါတယ်။ အဲဒီအဖြေနဲ့အတူ သူတို့လဲ အလှူအိမ်ကို ရောက် သွားပါတယ်။ ဘယ်လိုသွားကြသလဲ? အကန်းရဲ့ပုခုံးပေါ်ကို အကျိုးတက်ထိုင်ပြီး ကန်းတဲ့သူလမ်းညွှန်တဲ့ အတိုင်း ကျိုးနေတဲ့သူသွားလိုက်တာပါပဲ။ အဲဒီဥပမာကို နားလည်ပြီဆိုရင် ရုပ်နဲ့နာမ်တို့ရဲ့သဘောကို နားလည်သွားမှာပါ။ စိတ်တစ်ခုထဲနဲ့လဲ အလုပ်မဖြစ်သလို ရုပ်တစ်ခုထဲနဲ့လဲ အလုပ်မဖြစ်ပါဘူး။ သွားချင်တဲ့ စိတ်ကလေးကြောင့် ရုပ်ကသွားတာပါ။ သွားချင်တဲ့စိတ်ကလေးကခိုင်းလို့ စိတ္တဇ၀ါယော သွားနေတာ လှုပ်လှုပ်လှုပ်လှုပ်နဲ့ပေါ့။



နောက်တစ်မျိုးပြောရရင် စကားပြောလိုက်တယ်ဆိုပါစို့ ပြောချင်တဲ့စိတ်ကလေးကြောင့် ပါးစပ် ကနေ လေတွေ ထွက်လာလိုက်တာ ကုန်ကိုမကုန်နိုင်ဘူး။ ဗိုက်ထဲကရှိတဲ့လေက ထွက်လာတယ် ဒါမှ မဟုတ် ရှုလိုက်တဲ့လေက ထွက်လာတယ်ဆိုရင် ကုန်ပြီပေါ့။ အကြာကြီးတရစပ် ဘယ်ပြောနိုင်မလဲ။ ခုဟာက ကုန်ကိုမကုန်နိုင်ဘူး။ အဲဒီပြောလိုက်တဲ့အသံကလဲ ပါးစပ်အပြင်ရောက်တော့ ပျောက်သွားတာပဲ။ အသံကသဒ္ဒရုပ်ပါပဲ။ သဒ္ဒေါ စိတ္တောတုဇောဆိုတဲ့အတိုင်း သဒ္ဒခေါ်တဲ့အသံရုပ်က ဥတုကြောင့်သာမက စိတ်ကြောင့်လဲဖြစ်နိုင်ပါတယ်။ ပါးစပ်ကနေပြောလိုက်တဲ့ ဟောဒီအသံက စိတ်ကြောင့်ဖြစ်တာပါ။ အဲဒါကို ပရမတ်အမြင်နဲ့ မြင်ကြည့်မယ်ဆိုရင် စိတ်ကြောင့်ဖြစ်တဲ့ဝါယော(လေ)ကို တစ်နေရာတည်းမှာမတည်စေနိုင် ဘူး အဲဒီလို ရွေ့လျားသွားတာက အနိစ္စ၊ မကွယ်ပျောက်သွားစေချင်ဘူး ပါးစပ်အပြင်ရောက်တဲ့လေ ရှိနေစေချင်လဲ မရှိနိုင်တော့တဲ့အတွက် ကိုယ်ဖြစ်ချင်တဲ့အတိုင်းမဖြစ်တာ ဒုက္ခ၊ အဲဒီလေကို တားဆီး ချင်သော်လည်း တားဆီးလို့မရတာ အနတ္တ။
အနတ္တနဲ့ပတ်သက်ပြီး နည်းနည်းဆက်ပြောရရင် ကိုယ့်ကိုယ်ကို အစိုးရတယ်လို့ ထင်နေလား ဆိုတဲ့ မေးခွန်းကို မေးပါရစေ။ တကယ်တော့ မသေအောင် ဆေးတွေစားမယ် ဓာတ်လုံးတွေဘာတွေ သုံးမယ် အသက်ကိုလိုသလောက် ၁၀၀၀လောက်ထားချင်မယ် မဖြစ်နိုင်ပါဘူး။ အသက်တစ်ရာတမ်းဖြစ်တဲ့ ဘုရားရှင်လက်ထက်က အသက် အရှည်ဆုံးပုဂ္ဂိုလ်တွေရှိပါတယ်။ အဲဒီထဲက ရှင်ဗာကုလအသက်ရှည်ဆုံး ပါပဲ။ ရှင်ဗာကုလထက် အသက်ရှည်တာ မရှိတော့ပါဘူး။ ဒီနေ့ခေတ်(ရှင်ဗာကုလ = ၁၆၀။ ရှင်အနုရုဒ္ဓါ = ၁၅၀။ ရှင်မဟာကဿပ၊ရှင်အာနန္ဒာ၊ကျောင်းအမကြီး ၀ိသာခါ = ၁၂၀)
မသေနိုင်တဲ့သတ္တ၀ါတစ်မျိုးရှိတယ်လို့ဆိုကြတယ်။ သေချာစဉ်းစားကြည့်ရင် ဖြစ်နိုင်မဖြစ်နိုင်သိသာပါတယ်။ သတ္တ၀ါတစ်ကောင်ကို တွေ့ရှိပြီး စစ်ဆေးကြည့်လိုက်တာနဲ့ အဲဒီလိုသတ္တ၀ါတစ်မျိုးလုံးကို မသေနိုင်တဲ့ သတ္တ၀ါလို့ ခေါ်လို့ရပါ့မလား။ ပြီးတော့ အဲဒီသူတို့စစ်ဆေးလိုက်တဲသတ္တ၀ါကို အမြဲတမ်းစောင့်ကြည့်နိုင် လို့လား ပင်လယ်ထဲသွားနေမှပဲ စောင့်ကြည့်နိုင်မှာပါပဲ ဒါတောင် ဘယ်လောက်ကြာကြာစောင့်ကြည့်နိုင်မှာ လဲ။ မန္ဓာတ်မင်းလို လူမျိုး၊ နန္ဒောပနန္ဒနဂါးမင်းလို တိရစ္ဆာန်မျိုး အနည်းငယ်သော အသက်ရှည်တဲ့ ပုဂ္ဂိုလ်တွေတော့ ရှိပါတယ်။ ဒီနေ့ခေတ်က ၇၅-နှစ်တမ်းပါ။ ပြီးတော့ ဆုတ်ကပ်လဲဖြစ်နေပါတယ်။ ဆုတ်ကပ် ကတော့ အသက်တိုသွားဖို့ပဲ ရှိပါတော့တယ်။ အသက်ရှည်လာဖို့မရှိတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် လူတွေရဲ့ကံတရားတွေက ပိုပိုဆိုးလာလို့ပါပဲ။ ဟိုးအရင်က စစ်ပွဲကြီးတွေမှာ လူတွေသေကြတယ် ဆိုရာမှာ မြင်းတွေနဲ့ပြေးပြီး ဓားနဲ့တစ်ချက်ခုတ်မှ တစ်ယောက်သေရတာပါ။ ဒီနေ့ခေတ်က အဲလိုမဟုတ် ပါဘူး။ ဂျပန်ရဲ့ ဟီရိုရှီးမားနဲ့ နာဂါစကီဆိုတဲ့ မြို့ကြီးနှစ်မြို့ကို အနုမြူကျဲချလိုက်တာကို ကြည့်ရင်သိနိုင်ပါ တယ်။


ဒီတော့ ဟောဒီတစ်နေ့နဲ့တစ်နေ့ တစ်ညနဲ့တစ်ည တရွေ့ရွေ့သွားနေတဲ့ မိမိတို့ရဲ့ခန္ဓာကိုယ်ကို မရွေ့ရအောင် လုပ်လို့ရပါ့မလား။ ဆေးအမျိုးမျိုးစား၊ ဓာတ်လုံးတွေနဲ့အမျိုးမျိုးလုပ်လည်း ရပါ့မလား၊ တားဆီးလို့ရပါ့မလား။ အနိစ္စ၊ဒုက္ခ၊အနတ္တရဲ့သဘောကို တွန်းလှန်လို့ရပါ့မလား။ ဗုဒ္ဓမြတ်စွာကလည်း တစ်ဖန်ထပ်ပြီးမမွေးဖွားတော့မယ့် မအို၊မနာ၊မသေတော့မယ့် နိဗ္ဗာန်ကိုရောက်ဖို့ အဲဒီနိဗ္ဗာန်ကို - ရောက်အောင်သွားနိုင်မယ့် မဂ္ဂင်ရှစ်ဖြာကိုသိဖို့ လေးအသင်္ချေနဲ့ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့ရတယ် ။ ခြောက်နှစ်ပတ်လုံး ဒုက္ကရစရိယကျင့်ရတယ်။ နောက်ဆုံးတွေ့တော့လဲ လေးဆယ့်ငါးဝါပတ်လုံး မနေမနား ကြိုးစားဟောကြားပြသ ဆုံးမခဲ့တယ်။ အဲဒီအတွက် ဗုဒ္ဓံသရဏံ ဂစ္ဆာမိ-ပါဘုရား။

အရှင်က၀ိန္ဒ(ချောင်းဆုံ)
Print Friendly and PDF

No comments:

Post a Comment

Twitter Bird Gadget