ဒီဆိုက်ဒ်ထဲက စာတွေက ၀ါသနာအရ အားတဲ့အချိန်မှာ ရေးသားခြင်း ဖြစ်ပါတယ်။ စာအုပ်တွေကို အရင်ကတည်းက တွေ့တဲ့ဆိုက်ဒ်တွေကနေ Download ဆွဲထားခဲ့ပါတယ်။ ဒီကို ပြန်တင်မယ်ဆိုပြီး ရည်ရွယ်ရင်းမရှိခဲ့ပါ။ ဒါကြောင့် ခုလိုပြန်တင်ဖြစ်သွားတော့ ယူခဲ့တဲ့ဆိုက်ဒ်တွေကို မမှတ်မိတော့ပါဘူး။
Showing posts with label ၀ိပဿနာ. Show all posts
Showing posts with label ၀ိပဿနာ. Show all posts

Sunday, May 12, 2013

ပဋိစ္စသမုပ္ပါဒ်ရှင်းလင်းချက်(၁)

Unknown | 10:57 AM | Be the first to comment!



ပဋိစ္စသမုပ္ပါဒ်ကို ပြောတော့မယ်ဆိုရင် ပထမဆုံး အ၀ိဇ္ဇာကို စပြောရမှာပါပဲ။ ဒီတော့ အ၀ိဇ္ဇာဆိုတာဘာလဲ? အဲဒီမေးခွန်းကို အရင်မေးရပါမယ်။ အဖြေက လွယ်ပါတယ် အမှန်မသိတာ အ၀ိဇ္ဇာပါပဲ။ ပါထိက၀ဂ္ဂဋီကာ၊ စာမျက်နှာ-၁၇၂-၃ မှာ `မသိမမြင်အပ်သော(အရှိတရားမဟုတ်သော) အတ္တ(သက္ကာယဒိဋ္ဌိ)၊ ဇီဝ(သဿတ ဒိဋ္ဌိ)၊ မိန်းမ၊ ယောက်ျားစသည်တို့၌ သိမြင်နေ(အရှိတရားဟုထင်နေ)ခြင်းသည် အ၀ိဇ္ဇာ။ သိအပ်သော(အရှိ တရားဖြစ်သော) ဒုက္ခ၊သမုဒယစသည်တို့၌ မသိမမြင်ခြင်း(မရှိဟုထင်နေခြင်း)သည် အ၀ိဇ္ဇာ။ သဘာဝ အမှန်တရားအားလုံးကို မသိရအောင်ဖုံးကွယ်ထားခြင်းသည် အ၀ိဇ္ဇာ။ ခန္ဓာ၊အာယတန၊ဓာတ်တို့ကို ပျောက် ကွယ်စေပြီး(ဖုံးကွယ်ထားပြီး) သတ္တ၀ါပညတ်ကိုသာ ထင်စေ၊မြင်စေတတ်သောကြောင့် အ၀ိဇ္ဇာ။ သစ္စာလေးပါးသဘာဝတရားတို့၌ တွေဝေစေတတ်သောကြောင့် အ၀ိဇ္ဇာ´ လို့ ဆိုထားပါတယ်။ ခြုံပြီးပြော ရမယ်ဆိုရင် ပရမတ်ကို ပညတ်နဲ့ဖုံးကွယ်နေတာ အ၀ိဇ္ဇာလို့ သိမှတ်ရပါမယ်။ ဘာကိုအမှန် မသိတာလဲ? အဲဒီမေးခွန်းကို ထပ်မေးမယ်ဆိုရင် အလွယ်ဖြေမည်ဆိုပါက ဒါကတော့ပညတ်ပဲ ဒါကတော့ ပရမတ်ပဲရယ် လို့ အမှန်ကိုမသိတာပါလို့ ဖြေရမှာပါပဲ။
ပညတ်ရဲ့နာမည် = (၁)ပညတ် (၂)မရှိတရား (၃)ရေ၊မြေ၊တော၊တောင်၊လူ၊နတ်၊တိရစ္ဆာန် (၄)မမှန်တရား။ ပရမတ်ရဲ့ နာမည် = (၁)ပရမတ် (၂)အရှိတရား (၃)နာမ်၊ရုပ်၊နိဗ္ဗာန် (၄)အမှန်တရား
                    ပညတ်နဲ့ပတ်သက်ပြီး စာပေတွေမှာတော့ အများကြီးဖွင့်ဆိုထားပါတယ်။ ပါထိက၀ဂ္ဂ အဋ္ဌ ကထာ၊ စာမျက်နှာ ၁၀၀-မှာ ပညတ္တိနာမ ဒိဋ္ဌိပညတ္တိ (မှားမှားယွင်းယွင်းမှတ်သားခြင်းသည် ပညတ်)ဟု ဆိုထားပါတယ်။ နောက်ထပ်ပညတ်ကို လေးမျိုးခွဲထားတာလဲ ရှိပါသေးတယ်။ အဲဒါတွေကတော့ ရေ၊မြေ ၊တော၊တောင်၊လူ၊နတ်၊တိရစ္ဆာန်လို့ ခေါ်တဲ့ သဏ္ဍာနပညတ်၊သမူဟပညတ်၊ ကလေးမှစ၍ လူကြီးဖြစ်သည် အထိ တစ်ရွက်နုလေးမှစ၍ သစ်ရော်ရွက် တစ်ခုဖြစ်လာသည်အထိ အစဉ်ဖြစ်တဲ့ သန္တတိပညတ်နဲ့ အတုံး အခဲဖြစ်တဲ့ ဃနပညတ်တို့ပါပဲ။
နောက်ထပ် အတ္ထပညတ်နဲ့သဒ္ဒပညတ်ဆိုပြီး နှစ်မျိုးလဲခွဲထားပါတယ်။ အတ္ထပညတ်ဆိုတာ ဘူတ ရုပ်တွေပေါင်းထားတဲ့ မြေတွေ၊တောင်တွေ အဆောက်အဦဖြစ်တဲ့ အိမ်၊ရထား၊လှည်း၊ခန္ဓာငါးပါးဖြစ်တဲ့ ပုဂ္ဂိုလ်သတ္တ၀ါ၊ လ၊နေလှည့်လည်တာကို စွဲပြီးခေါ်တဲ့ အရှေ့အရပ်၊အနောက်အရပ်တွေပါပဲ။ သဒ္ဒပညတ် ကတော့ ခြောက်မျိုးရှိပါတယ်။
၁။(ရုပ်၊ဝေဒနာစသည်)တို့ကဲ့သို့ ပရမတ်သဘောထင်ရှားလျှင် ၀ိဇ္ဇမာနပညတ်
၂။(ရေ၊မြေ၊တော၊တောင်)ကဲ့သို့ ပရမတ်သဘောလုံးဝမထင်ရှားလျှင် အ၀ိဇ္ဇမာနပညတ်
၃။(အဘိဥာဏ်ခြောက်ပါးရှိသော-ပုဂ္ဂိုလ်)ကဲ့သို့ ပရမတ်သဘောထင်ရှားတစ်ဝက် မထင်ရှားတစ်ဝက်သည် ၀ိဇ္ဇမာနေန အ၀ိဇ္ဇမာနပညတ်
၎။(မိန်းမအသံ)ကဲ့သို့ ပရမတ်သဘောမထင်ရှားတစ်ဝက် ထင်ရှားတစ်ဝက်သည် အ၀ိဇ္ဇမာနေန ၀ိဇ္ဇမာနပညတ်
၅။(မင်းသား)ကဲ့သို့ ပရမတ်သဘောနှစ်ဖက်စလုံး မထင်ရှားလျှင် အ၀ိဇ္ဇမာနေန ၀ိဇ္ဇမာနပညတ်
ပညတ်ကိုပြောပြီးတဲ့နောက်မှာ ပရမတ်ကို ဆက်ပြောရမည်ဆိုလျင် ပရမတ်သည် စိတ်၊စေတသိက်၊ရုပ်၊နိဗ္ဗာန်-ဆိုပြီး လေးမျိုးရှိပါတယ်။ ပြောရမယ်ဆိုရင် နာမ်၊ရုပ်၊နိဗ္ဗာန်ပဲဖြစ်ပါတယ်။
တကယ်တော့ စာရေးသူအပါအ၀င် အားလုံးသော ပုထုဇဉ်တွေကို ပရမတ်မမြင်အောင်ဆိုပြီး ပညတ်က ဖုံးထားတာပါ။ ပရမတ်က မဂ်ဥာဏ်၊ဖိုလ်ဥာဏ်တွေကို ရစေပါတယ်။ ပညတ်ကတော့ အဲဒီလို မဟုတ်ပဲ တဏှာ၊ မာန၊ ဒိဋ္ဌိစသော အကုသိုလ်တွေကိုပဲဖြစ်စေပါတယ်။ ငါ့အိမ် ငါ့အိမ်ဆိုပြီး ပညတ်ဖြစ်တဲ့ အိမ်ကို မပယ်နိုင်တဲ့အတွက် အိမ်မီးလောင်တော့ ငါ့အိမ်မီးလောင်ပြီ ငါ့အိမ်မီးလောင်ပြီဆိုပြီး ဒုက္ခ အမျိုးမျိုး ရောက်ကြရတယ်။ အဲဒီပညတ်ကိုပဲ တပ်မက်မှုတွေဖြစ်ကြတယ်။ အဲဒီပညတ်ကိုပိုင်ဆိုင်ထားတာ ကိုပဲ မာနတက်နေကြတယ်။ အဲဒါကြောင့်ပဲ ၀ိပဿနာရှုတဲ့အခါ ပညတ္တိံ သမတိက္ကမိတွာ သဘာဝေယေ၀ ၀ိပဿနံ ၀ိပဿိတဗ္ဗံ (ပညတ်ကိုလွန်ပြီး ပရမတ်သဘောကိုပဲ ၀ိပဿနာရှုရမယ်)လို့ ဆိုရတာပါ။ ပညတ်က ကောင်းကျိုးပေးတဲ့တရားမဟုတ်ဘူး၊ မိမိကို အကောင်းဆုံးလမ်းပြ အမှန်တွေပေးအပ်မှာက ပရမတ်ပဲဆိုတာကို သဘောပေါက်ရမယ်။ ပညတ်နဲ့ပတ်သက်ပြီး ထင်ထင်ရှားရှားမြင်နိုင်တာ ၀ိပဿနာပဲ။ ၀ိပဿနာရှုတယ်ဆိုပါစို့၊ ဥပမာ= ယောဂီတစ်ယောက်က သွားခြင်းဆိုတဲ့ဣရိယာပုတ်ကို ရှုမှတ်နေတယ်။ ဒါဆိုရင် ပညတ်၊ပရမတ် ခွဲလို့ရပါပြီ။ ဘယ်လိုခွဲမလဲဆိုတော့ သွားချင်တာက နာမ်၊ သွားနေတာကရုပ်၊ အဲဒီလိုသိနေရမယ်။ တကယ် ပရမတ်ကို အဲလိုမြင်ရမယ်။ ဒါမှမဟုတ်ပဲ ငါသွားနေတယ် ငါလုပ်နေတယ် ဆိုပြီး ကိုယ်ပိုင်တယ်ပဲထင်နေ မြဲတယ်လို့ပဲထင်နေ အစိုးရတယ်လို့ပဲထင်နေရင် အဲဒါက တကယ့်အစစ် အမှန်တရားကို မမြင်နိုင်သေးတာပဲ။ တကယ့်အစစ်အမှန်ဖြစ်တဲ့ ရုပ်နဲ့နာမ်ကိုမြင်အောင် ကျိုးစားရမယ်။
တစ်ချို့က ရုပ်နဲ့နာမ်ကို ငြင်းခုန်နေကြတယ်။ အမျိုးမျိုးပြောကြတယ်။ အဲဒီရုပ်နဲ့နာမ်နဲ့ပတ် သက်ပြီး ညောင်လေးပင်ဆရာတော် ပေးတဲ့ဥပမာတစ်ခုရှိတယ်။ တစ်ခါတုန်းက ကျိုးနေတဲ့သူတစ်ယောက် နဲ့ ကန်းနေတဲ့ သူတစ်ယောက် အတူတူနေကြသတဲ့။ သူတို့နေတဲ့ရွာမှာ အလှုတစ်ခုလုပ်သတဲ့။ အဲဒီ အလှူပွဲကို သူတို့နှစ်ယောက်သွားချင်ကြတယ်။ ဒီတော့ အကျိုးကလဲ ကျိုးနေတဲ့အတွက် မသွားနိုင်၊ အကန်းကလဲ ကန်းနေတဲ့အတွက် မသွားနိုင် အဲဒီလို မသွားနိုင်တဲ့အခါ သူတို့နှစ်ယောက် တိုင်ပင်ကြ တယ်။ နောက်ဆုံးမှာတော့အဖြေတစ်ရလာပါတယ်။ အဲဒီအဖြေနဲ့အတူ သူတို့လဲ အလှူအိမ်ကို ရောက် သွားပါတယ်။ ဘယ်လိုသွားကြသလဲ? အကန်းရဲ့ပုခုံးပေါ်ကို အကျိုးတက်ထိုင်ပြီး ကန်းတဲ့သူလမ်းညွှန်တဲ့ အတိုင်း ကျိုးနေတဲ့သူသွားလိုက်တာပါပဲ။ အဲဒီဥပမာကို နားလည်ပြီဆိုရင် ရုပ်နဲ့နာမ်တို့ရဲ့သဘောကို နားလည်သွားမှာပါ။ စိတ်တစ်ခုထဲနဲ့လဲ အလုပ်မဖြစ်သလို ရုပ်တစ်ခုထဲနဲ့လဲ အလုပ်မဖြစ်ပါဘူး။ သွားချင်တဲ့ စိတ်ကလေးကြောင့် ရုပ်ကသွားတာပါ။ သွားချင်တဲ့စိတ်ကလေးကခိုင်းလို့ စိတ္တဇ၀ါယော သွားနေတာ လှုပ်လှုပ်လှုပ်လှုပ်နဲ့ပေါ့။



နောက်တစ်မျိုးပြောရရင် စကားပြောလိုက်တယ်ဆိုပါစို့ ပြောချင်တဲ့စိတ်ကလေးကြောင့် ပါးစပ် ကနေ လေတွေ ထွက်လာလိုက်တာ ကုန်ကိုမကုန်နိုင်ဘူး။ ဗိုက်ထဲကရှိတဲ့လေက ထွက်လာတယ် ဒါမှ မဟုတ် ရှုလိုက်တဲ့လေက ထွက်လာတယ်ဆိုရင် ကုန်ပြီပေါ့။ အကြာကြီးတရစပ် ဘယ်ပြောနိုင်မလဲ။ ခုဟာက ကုန်ကိုမကုန်နိုင်ဘူး။ အဲဒီပြောလိုက်တဲ့အသံကလဲ ပါးစပ်အပြင်ရောက်တော့ ပျောက်သွားတာပဲ။ အသံကသဒ္ဒရုပ်ပါပဲ။ သဒ္ဒေါ စိတ္တောတုဇောဆိုတဲ့အတိုင်း သဒ္ဒခေါ်တဲ့အသံရုပ်က ဥတုကြောင့်သာမက စိတ်ကြောင့်လဲဖြစ်နိုင်ပါတယ်။ ပါးစပ်ကနေပြောလိုက်တဲ့ ဟောဒီအသံက စိတ်ကြောင့်ဖြစ်တာပါ။ အဲဒါကို ပရမတ်အမြင်နဲ့ မြင်ကြည့်မယ်ဆိုရင် စိတ်ကြောင့်ဖြစ်တဲ့ဝါယော(လေ)ကို တစ်နေရာတည်းမှာမတည်စေနိုင် ဘူး အဲဒီလို ရွေ့လျားသွားတာက အနိစ္စ၊ မကွယ်ပျောက်သွားစေချင်ဘူး ပါးစပ်အပြင်ရောက်တဲ့လေ ရှိနေစေချင်လဲ မရှိနိုင်တော့တဲ့အတွက် ကိုယ်ဖြစ်ချင်တဲ့အတိုင်းမဖြစ်တာ ဒုက္ခ၊ အဲဒီလေကို တားဆီး ချင်သော်လည်း တားဆီးလို့မရတာ အနတ္တ။
အနတ္တနဲ့ပတ်သက်ပြီး နည်းနည်းဆက်ပြောရရင် ကိုယ့်ကိုယ်ကို အစိုးရတယ်လို့ ထင်နေလား ဆိုတဲ့ မေးခွန်းကို မေးပါရစေ။ တကယ်တော့ မသေအောင် ဆေးတွေစားမယ် ဓာတ်လုံးတွေဘာတွေ သုံးမယ် အသက်ကိုလိုသလောက် ၁၀၀၀လောက်ထားချင်မယ် မဖြစ်နိုင်ပါဘူး။ အသက်တစ်ရာတမ်းဖြစ်တဲ့ ဘုရားရှင်လက်ထက်က အသက် အရှည်ဆုံးပုဂ္ဂိုလ်တွေရှိပါတယ်။ အဲဒီထဲက ရှင်ဗာကုလအသက်ရှည်ဆုံး ပါပဲ။ ရှင်ဗာကုလထက် အသက်ရှည်တာ မရှိတော့ပါဘူး။ ဒီနေ့ခေတ်(ရှင်ဗာကုလ = ၁၆၀။ ရှင်အနုရုဒ္ဓါ = ၁၅၀။ ရှင်မဟာကဿပ၊ရှင်အာနန္ဒာ၊ကျောင်းအမကြီး ၀ိသာခါ = ၁၂၀)
မသေနိုင်တဲ့သတ္တ၀ါတစ်မျိုးရှိတယ်လို့ဆိုကြတယ်။ သေချာစဉ်းစားကြည့်ရင် ဖြစ်နိုင်မဖြစ်နိုင်သိသာပါတယ်။ သတ္တ၀ါတစ်ကောင်ကို တွေ့ရှိပြီး စစ်ဆေးကြည့်လိုက်တာနဲ့ အဲဒီလိုသတ္တ၀ါတစ်မျိုးလုံးကို မသေနိုင်တဲ့ သတ္တ၀ါလို့ ခေါ်လို့ရပါ့မလား။ ပြီးတော့ အဲဒီသူတို့စစ်ဆေးလိုက်တဲသတ္တ၀ါကို အမြဲတမ်းစောင့်ကြည့်နိုင် လို့လား ပင်လယ်ထဲသွားနေမှပဲ စောင့်ကြည့်နိုင်မှာပါပဲ ဒါတောင် ဘယ်လောက်ကြာကြာစောင့်ကြည့်နိုင်မှာ လဲ။ မန္ဓာတ်မင်းလို လူမျိုး၊ နန္ဒောပနန္ဒနဂါးမင်းလို တိရစ္ဆာန်မျိုး အနည်းငယ်သော အသက်ရှည်တဲ့ ပုဂ္ဂိုလ်တွေတော့ ရှိပါတယ်။ ဒီနေ့ခေတ်က ၇၅-နှစ်တမ်းပါ။ ပြီးတော့ ဆုတ်ကပ်လဲဖြစ်နေပါတယ်။ ဆုတ်ကပ် ကတော့ အသက်တိုသွားဖို့ပဲ ရှိပါတော့တယ်။ အသက်ရှည်လာဖို့မရှိတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် လူတွေရဲ့ကံတရားတွေက ပိုပိုဆိုးလာလို့ပါပဲ။ ဟိုးအရင်က စစ်ပွဲကြီးတွေမှာ လူတွေသေကြတယ် ဆိုရာမှာ မြင်းတွေနဲ့ပြေးပြီး ဓားနဲ့တစ်ချက်ခုတ်မှ တစ်ယောက်သေရတာပါ။ ဒီနေ့ခေတ်က အဲလိုမဟုတ် ပါဘူး။ ဂျပန်ရဲ့ ဟီရိုရှီးမားနဲ့ နာဂါစကီဆိုတဲ့ မြို့ကြီးနှစ်မြို့ကို အနုမြူကျဲချလိုက်တာကို ကြည့်ရင်သိနိုင်ပါ တယ်။


ဒီတော့ ဟောဒီတစ်နေ့နဲ့တစ်နေ့ တစ်ညနဲ့တစ်ည တရွေ့ရွေ့သွားနေတဲ့ မိမိတို့ရဲ့ခန္ဓာကိုယ်ကို မရွေ့ရအောင် လုပ်လို့ရပါ့မလား။ ဆေးအမျိုးမျိုးစား၊ ဓာတ်လုံးတွေနဲ့အမျိုးမျိုးလုပ်လည်း ရပါ့မလား၊ တားဆီးလို့ရပါ့မလား။ အနိစ္စ၊ဒုက္ခ၊အနတ္တရဲ့သဘောကို တွန်းလှန်လို့ရပါ့မလား။ ဗုဒ္ဓမြတ်စွာကလည်း တစ်ဖန်ထပ်ပြီးမမွေးဖွားတော့မယ့် မအို၊မနာ၊မသေတော့မယ့် နိဗ္ဗာန်ကိုရောက်ဖို့ အဲဒီနိဗ္ဗာန်ကို - ရောက်အောင်သွားနိုင်မယ့် မဂ္ဂင်ရှစ်ဖြာကိုသိဖို့ လေးအသင်္ချေနဲ့ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့ရတယ် ။ ခြောက်နှစ်ပတ်လုံး ဒုက္ကရစရိယကျင့်ရတယ်။ နောက်ဆုံးတွေ့တော့လဲ လေးဆယ့်ငါးဝါပတ်လုံး မနေမနား ကြိုးစားဟောကြားပြသ ဆုံးမခဲ့တယ်။ အဲဒီအတွက် ဗုဒ္ဓံသရဏံ ဂစ္ဆာမိ-ပါဘုရား။

အရှင်က၀ိန္ဒ(ချောင်းဆုံ)
Print Friendly and PDF

Monday, February 4, 2013

ဥပါဒါနာက္ခန္ဓာကိုဝိပဿနာရှုရသလား

Unknown | 6:43 PM | Be the first to comment!
စာပေဆိုတာ မဖြစ်မနေလေ့လာလိုက်စားရမယ့် အဖေါ်မွန်ပါ။ လေ့လာရုံ၊ဖတ်ရုံပဲလုပ်ပြီး မကျင့်ရင်တော့ အကျိုးမများ ဘူးပေါ့။ ဒါပေမယ့် စာပေက အလကားပါ ကျင့်မှဖြစ်တာပါလို့ တဖက်သတ်ကြီးတော့ မယူသင့်ဘူး ထင်ပါတယ်။ မိုးကုတ် ဆရာတော်ရဲ့ ဆိုလိုချက်က စာပေသင်ရုံနဲ့ မပြီးဘူး၊ ကိုယ်တိုင်လဲ ကျင့်ဖို့လိုတယ်လို့ ဆိုလိုတာပါ။ ဆရာတော်ကိုယ်တိုင် စာတတ်အကျော်ဆရာတော်တစ်ပါးဖြစ်ပါ တယ်။ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့ဆိုတာ စာတတ်စာချလို့ရတဲ့ဘွဲ့ဖြစ်ပါတယ်။ စာတွေ့ ပဲဦးစားပေးပြီး အလုပ်မလုပ်တဲ့သူကို အားမရနိုင်လို့ပြောခဲ့တာပါ။ လူတစ်ယောက်က စာမဖတ်ပဲလုပ်ရင် ထိုက်သင့် သလောက်အောင်မြင်နိုင်ပေမယ့် စာပေလဲလေ့လာ အလုပ်လဲလုပ်တဲ့သူနဲ့တွေ့ရင် အလိုလို အသွားတာပါပဲ။ ဒါကတစ်ချို့ အပြောသမား သက်သက်ကို ရည်ညွှန်းပါတယ်။ လိုရင်းကတော့ အောက်မှာပါ။

ဒကာတစ်ယောက်နဲ့ chat box မှာ တွေ့တဲ့အခါ (----)ဆရာတော်က ဥပါဒါနက္ခန္ဓာကို ၀ိပဿနာရှု၍မရ-လို့ ဟောပါ တယ်။ အဲဒါဘယ်လိုပါလဲ-တဲ့။ ဆရာတော်အတော်များများ ဖြေရှင်းထား ကြတာလဲ ရှိပါတယ်။ ဦးဇင်းကတော့ တွေ့မိထား တဲ့ စာစုအနည်းငယ်ကို ချရေးပြီးဖြေချင်မိလို့ပါ။ အဖြေရဲ့တစ်ပိုင်းတစ်စကို ရရှိသွားမယ်ဆိုရင် ကျေနပ်ပါတယ်။

ရုပ်အစုကို ရုပ်ခန္ဓာ၊ ဝေဒနာအစုကို ဝေဒနာက္ခန္ဓာ၊ သညာအစုကို သညာက္ခန္ဓာ၊ သင်္ခါရအစုကို သင်္ခါရက္ခ္ခန္ဓာ၊ ၀ိညာဏ်အစု ကို ၀ိဥာဏက္ခ္ခန္ဓာ-လို့ ခေါ်ပါတယ်။ အဲဒါက ခန္ဓာငါးပါးပါ။ ဥပါဒါနာက္ခန္ဓာ ဆိုတာကတော့ ဥပါဒါန်ရဲ့ အာရုံဖြစ်တဲ့ အတွက်ကြောင့် ဥပါဒါနာက္ခန္ဓာလို့ခေါ်တာပါ။ ဥပါဒါန်ဆိုတာ လောဘနဲ့ဒိဋ္ဌိကိုဆိုလိုတာပါ။ သူတို့တွေဟာ အကုသိုလ် တရားတွေပါ ။ လောကီစိတ်၊စေတသိက်၊ရုပ်ခန္ဓာတွေကိုပဲ အာရုံပြုနိုင်ပါတယ်။ လောကုတ္တရာခန္ဓာကို အာရုံမပြုနိုင်ပါဘူး။ တိုတိုပြောရရင် ဥပါဒါန်ရဲ့အာရုံဖြစ်တဲ့ခန္ဓာဆိုတာ လောကီစိတ်၊ အဲဒီလောကီစိတ်နဲ့ယှဉ်တဲ့ စေတသိက်၊ရုပ်တရားများပါပဲ။ ခန္ဓာဆိုတာ ဘုရား၊ရဟန္တာမှာလဲ ရှိသလို မိမိတိုပသာမန် ပုထုဇဉ်မှာလဲရှိတာပါပဲ။ အဲဒီလိုရှိနေလို့ ဥပါဒါနာက္ခန္ဓာကို ဘုရားရှင်က သီးခြားဟောတော်မူတာပါ။

ဒေသနာတော်ကို ဟောရာမှာ ခန္ဓဒေသနာ (ခန္ဓာငါးပါး)ကိုဟောပြီးခါမှ ဥပါဒါနာက္ခန္ဓာ (ဥပါဒါနာက္ခန္ဓာငါးပါး)ကို ဟောခဲ့ ပါတယ်။ အဲဒီလိုဟောလို့ ခန္ဓာငါးပါးချင်း အတူတူပဲဆိုပြီး ထင်စရာရှိ တာပေါ့။ ဒါပေမယ့် ၀ိပဿနာကမ္မဋ္ဌာန်း ဆီးဖြန်းတဲ့ အခါမှာ လောကုတ္တရာခန္ဓာကို အာရုံပြုပြီး ဆီးဖြန်းလို့မရပါဘူး၊ ၀ဋ့်ဒုက္ခတရားတွေကို အာရုံပြုပြီးဆီးဖြန်းမှ အနိစ္စ၊ဒုက္ခ၊ အနတ္တသဘော ထင်မြင်နိုင်ပါတယ်။ ဒီနေရာမှာ ပြောစရာရှိလာတာက လောကုတ္တရာစိတ်၊စေတသိက်တွေဟာ အနိစ္စ၊ဒုက္ခ၊ အနတ္တမှာ ပါဝင်တဲ့တရားတွေဖြစ်တယ်ဆိုတာပါပဲ။ သို့ပေမယ့် မဂ်တရားတွေက ၀ဋ့်ဒုက္ခမှထွက်မြောက်ကြောင်း၊ ဖိုလ် တရားတွေက ဒိဋ္ဌဓမ္မ နိဗ္ဗာန်စံဖို့အကြောင်းဖြစ်တဲ့ အတွက်ကြောင့် အနိစ္စ၊ဒုက္ခ၊အနတ္တရယ်လို့ ရှုပေမယ့်လည်း နိဗ္ဗိန္ဓဥာဏ်ဖြင့်ငြီးငွေ့ဖို့ရာ မဟုတ်တော့ပါဘူး။ အဲဒါကြောင့် ကမ္မဋ္ဌာန်းရှုတဲ့အခါ လောကီခန္ဓာတွေကိုပဲရှုရတာပါ။ ဘုရား၊ ရဟန္တာများဟာ သူတို့ရဲ့ရုပ်ခန္ဓာတော်ကို ၀ိပဿနာရှုသော်ငြား ရှုရုံသာရှိပါတော့တယ်။ ဥပမာ လက်ကိုကွေးခြင်း၊ ဆန့်ခြင်းပြုတယ်ဆိုပါစို့ ဦးဇင်းတို့ ဒကာတို့က ကွေးလိုတဲ့ ကွေးချင်တဲ့တဏှာရှိပါတယ်။ ဘုရားရဟန္တာများမှာ အဲလိုတဏှာ မျိုးမရှိပါဘူး။ ပယ်ပြီးဖြစ်ပါတယ်။ တကယ်တော့ ၀ိပဿနာရှုဖို့ ဆိုတဲ့အကျိုးအတွက်ကိုသာ ရည်ရွယ်ပြီး လောကီသက် သက်ဖြစ်တဲ့ ဥပါဒါနာက္ခန္ဓာကို တဖန်ထပ်ပြီးဟောရတာပါ။ ဒီလောက်နဲ့ မလုံလောက်ဘူးဆိုရင်လဲ သေသေချာချာ ရှာဖွေလေ့လာ ပါဦးနော်။ တစ်ချို့သောသူတွေက နားမလည်နိုင်ပဲရှိပါလိမ့်မယ်။ အဲဒီအတွက် ဘာမှစိတ်အနှောင့်အယှက် ရစရာမလိုပါဘူး။ ဓားဆိုတာ အမြဲသွေးနေမှ ပိုထက်လာပါတယ်။ လိုဆိုတာ ပိုပြီးလေ့လာနေမှ ပိုပြီးသိလာပါတယ်။ ပိုပြီး လုပ်ပါမှ ပိုပြီးတတ်လာပါတယ်။ ပိုသိပိုတတ်သွားရင်တော့ လူလိမ္မာဖြစ်သွားပြီးပေါ့။ ဦးဇင်းကတော့ ခုထိမလိမ္မာသေးပါဘူး။ လိမ္မာဖို့ကြိုးစားနေဆဲပါ။

ကိုး = ဋီကာကျော်၊ သင်္ဂြိဟ်ဘာသာဋီကာ။

အရှင်က၀ိန္ဒ(ချောင်းဆုံ) Print Friendly and PDF

Friday, February 1, 2013

ဝိပဿနာနှင့်ရောဂါဝေဒနာ

Unknown | 1:39 AM | Be the first to comment!


မြတ်စွာဘုရားသည် ထိုအနာရောဂါကို ရှုမှုဝီရိယဖြင့် ဖယ်ရှား၍ အသက်ရှင်ကြောင်း ပြုပြင်မှုကို ဆောက် တည်၍နေတော်မူ၏။ ထိုသို့ နေတော်မူသောအခါ၌ မြတ်စွာဘုရား၏ သေစေနိုင်လောက်အောင် ကြီးမားပြင်းထန်သော ထိုအနာရောဂါသည် ပျောက်ငြိမ်းသွားလေတော့သည်။( တက္ကသိုလ်ဝိပဿနာ၊၉၇)
  
ရွှေဘိုနယ် လိမ်ချင်းရွာမှ ဘုန်းကြီးတစ်ပါးသည် ၁၈-နှစ်သားကတည်းက လေနာရောဂါစွဲခဲ့ရာ နှစ်၂၀ -ကြာ ဆေးစား၊ အနှိပ်ခံစသည်ဖြင့် ကုခဲ့သော်ငြား မပျောက်ခဲ့ပဲ မဟာစည်နည်းဖြင့် တရားရှုရာ ရက်အနည်း ငယ်အတွင်း ပျောက်ကင်းသွားပါတယ်။ (တက္ကသိုလ်ဝိပဿနာ၊၁၀)
တာမွေမှ ခေါ်ခင်ထွေး ဗိုက်ထဲမှာ အလုံးကြီးရှိနေရာ ဆရာဝန်က ခွဲရမည်ဟုပြောရာ ဘာကုသိုလ်မှ မရသေးသဖြင့် ရိပ်သာဝင်ပြီးမှ ခွဲမည်ဟုဆိုလျက် ရိပ်သာဝင်ရာ သုံးရက်ပြည့်သည်နှင့် ဆက်မထိုင်နိုင်အောင် ဗိုက်ထဲမှ အောင့်နေသည်။ ဆရာဝန်ထံပြကြည့်ရာ တရားဆက်အားမထုတ်သင့် ဟု ပြောသော်လည်း ရိပ်သာဆရာတော်အား တိုင်ပင်ရာ ဣရိယာပုထ်လေးပါးလုံးနဲ့ ရှုနိုင်ကြောင်း မိန့်သဖြင့် ဆက်လက်အားထုတ်ရာ ဆယ့်ငါးရက်ပြည့်သည့်နေ့တွင် ထမင်းစားနေစဉ် ပုပ်နံ့ထွက်သဖြင့် ဆင်ခြင်ရာ မိမိဗိုက်ထဲမှဖြစ်သည်ဟု သိလိုက်သည်။ ဆက်လက်အားထုတ်ရာ တဖြေးဖြေး သူ့ဗိုက်ထဲမှ အလုံးက ကျသွားပါတယ်။ အဲဒါနဲ့ ဆရာဝန် ပြကြည့်ရာ မရှိတော့သည့်အတွက် ဆရာဝန်ပင် အံ့သြခဲ့ရသည်။ (တက္ကသိုလ်ဝိပဿနာ၊၁၀၄)
ရွှေဘိုနယ်၊ ကင်းဖျားရွာက ရဟန်းတစ်ပါးရဲ့ ဗိုက်ထဲမှာ အလုံးကြီးဖြစ်နေလို့ အစာစာတဲ့အခါ လက်ယာ နံဘေးမှာ ထောက်ပြီးတင်းနေလို့ လက်နဲ့နှိပ်ထားရတယ်။ ဆရာဝန်ပြတော့ ခွဲစိတ်ရမယ်တဲ့။ ခွဲစိတ်ရ မှာ ကြောက်တာနဲ့ ရန်ကုန်မဟာစည်ရောက်လာပြီး သိမ်ပေါ်မှာပဲ ထိုင်ရှုမှတ်နေပါတယ်။ ရက် ၂၀ အကြာ မှာ ပျောက်သွားပါတယ်။ (တက္ကသိုလ်ဝိပဿနာ၊၁၀၅)
မော်လမြိုင် ဒိုင်းဝန်ကွင်းက အသက်၅၄နှစ်ရှိတဲ့ ဦးအောင်ရွှေမှာ ဗိုက်ထဲအလုံးကြီးရှိနေလို့ ဆရာဝန်က ခွဲရမယ် ပြောပါတယ်။ မခွဲခင် ကုသိုလ်ရအောင်လို့ ရန်ကုန်မဟာစည်ကို ရောက်လာတယ်။ တရားအား ထုတ်နေရင်း ဗိုက်ထဲက ဖောင်းကနဲ့ပေါက်ကွဲပြီး သွေးတွေဖြာထွက်စီးကျနေတာကို ဥာဏ်နဲ့မြင်ရကြားရ သလိုတွေ့ပြီး အဲဒီနောက် အလုံးကြီးက ပျောက်သွားပါတယ်။ (တက္ကသိုလ်ဝိပဿနာ၊၁၀၆)
အသက်လေးဆယ်ရှိပြီဖြစ်တဲ့ ကိုမြဆောင်ရဲ့ ဒူးနာဝေဒနာက ငါးနှစ်ကြာခဲ့ပြီ။ ဆရာမျိုးစုံနဲ့ ကုပေမယ့် မပျောက်ခဲ့ပါဘူး။ မဟာစည်ဌာနခွဲ၊ မြင်းခြံရိပ်သာမှာ တရားအားထုတ်ပါတယ်။ မှတ်လေနာလေဖြစ် လို့ နေပါတယ်။ မျက်ရည်တောင်ကျပါတယ်။ လေးရက်အကြာမှာ ဒူးကွဲတာကို အရိုးပါမြင်လိုက်ရတာနဲ့ လန့်အော်မိပါတယ်။ ဆက်မရှုရဲပဲ နေတဲ့အခါမှာဆရာတော်က တရားဟောပြီး ဆက်ရှုမှတ်စေတဲ့အခါ 
ဒူးနာရောဂါပျောက်ပြီး ဘယ်တော့မှ ပြန်မပေါ်တော့ပါဘူး။ (တက္ကသိုလ်ဝိပဿနာ၊၁၀၇)
မြင်းခြံအနောက်ဘက်၊ ငါ့သရော်ရွာကျောင်းမှ ဆရာတော်ဦးသုမနရဲ့ဝမ်းမှာ အတုံးအခဲကြီးဖြစ်ပြီး မခံနိုင်အောင် ဖြစ်ရပါတယ်။ ဆရာမျိုးစုံနဲ့ကုလို့ မပျောက်လို့ နောက်ဆုံး မြင်းခြံမဟာစည်ရောက် လာပါတယ်။ ရှုလေနာကျင်လေ ဖြစ်နေလို့ လက်လျှော့ပြန်မလို့ကနေ မြင်းခြံရိပ်သာဆရာတော်မှ အားပေး တဲ့အတွက် ဆက်လက်ရှုရာမှာ တစ်နေ့ ကုဋီတက်ရင်း အကျိအချွဲ၊ အစိမ်းအနီ အ၀ါအပြာတွေကျလို့ ပေါ့ ပါးပြီး ပျောက်သွားပါတယ်။ (တက္ကသိုလ်ဝိပဿနာ၊၁၈၀)
မြင်းခြံမြို့ လယ်သစ်ရွာမှာ အသက်၇၀အရွာယ် ဦးမြင့်အောင်မှာ ပန်းနာရောဂါစွဲနေတာ နှစ်၃၀ရှိနေပြီ။ မဟာစည်ရိပ်သာခွဲ မြင်းခြံရိပ်သာရောက်လာပြီး တရားအားထုတ်ရာမှာ ခြောက်ရက်ရှိတော့ ပိုဆိုးပြီး ဟော ဟဲဟောဟဲဖြစ်ပြီး ဆန်ပြုတ်တောင်မသောက်နိုင်ခဲ့ဘူး။ လဲလဲကျနေလို့ ဆရာတော်လျှောက်တော့ ဆက်အားထုတ်ဖို့ အားပေးပြီး ဆက်ရှုနေလိုက်တာ နှစ်နာရီလောက်ကြာတော့ ချမ်းသာသွားပါတယ်။ ဒါပေမယ့် နောက်တစ်ပတ်အကြာ ရောဂါပြန်ထလာတယ် ။ သုံးရက်ဆန်ပြုတ်မသောက်နိုင်ဖြစ်ရတယ်။ ဆရာတော်က ဆက်ရှုမှတ်စေပြီး ဆက်ရှုမှတ်တဲ့အခါ ဗိုက်ထဲက ဖေါင်းကနဲမြည်ပြီး ပေါက်ကွဲကာ အကျိ အချွဲအလုံးအခဲတွေ အစိမ်းအနီအ၀ါအပြာတွေ ထွက်သွားတာကို ဥာဏ်မျက်စိနဲ့မြင်ပြီးနောက် လုံးလုံးကြီး ကို ပျောက်သွားပါတယ်။ (တက္ကသိုလ်ဝိပဿနာ၊၁၁၀)
ရန်ကုန်မဟာစည်ရိပ်သာကို အသက် ၂၀-အရွယ်ရှိတဲ့ မောင်ဝင်းမြင့် ရောက်လာပါတယ်။ သူဟာ ၁၆-နှစ် ကနေ အသက် ၂၀-ထိ ယားနာတဲ့ရောဂါ ခံစားနေရတယ်။ ဖြစ်ပုံက သူ ၁၆နှစ်အရွယ်မှာ ရွှေကျင်ကို သွားနေစဉ်က ချေ၊ဆတ်၊တောကြောင်၊ လင်းမြွေ၊ဖွတ်ဥစတဲ့ အညှီအဟောက်တွေကို မရှောင်တမ်းစားရာ ကနေဖြစ်တာပါ။ ဆရာဝန်တွေတောင် ကုလို့မရတဲ့ အခြေနေဖြစ်ခဲ့ပါတယ်။ သူ့အဘိုးက ခေါ်လာတယ် ။ နှစ်ရက်လောက်ရှိသေးတယ် အိမ်ပြန်ပြေးလို့ သူ့အဘိုးက ပြန်ခေါ်လာတယ်။ ဆရာတော်ကို လျှောက်ပြတော့ ဆရာတော်က ဆက်မှတ်ခိုင်းပါတယ်။ ငါးမိနစ်ရှိသေးတယ် ယားလာပါ တယ်။ တစ်နာရီအကြာမှာ ပျောက်တယ်။ နောက်တစ်ပတ်တော့ ထပ်ယားလာပြန်ပါတယ်။ ချွေးတွေ မျက်ရည်တွေကျပြီး တဆတ်ဆတ်တုန်တဲ့အထိပါပဲ။ ဆက်ရှုတော့ ပျောက်ပြန်တယ်။ နောက် ရက်ပေါင်းနှစ် ဆယ်မှာ ထပ်ယားပြန်တယ်။ ထပ်ရှုတော့ အပူချိန်တွေ ကျပြီး ပျောက်သွားပါတယ်။ နေ့ ၁၁နာရီမှာ ရေချိုးဖို့ အပြင်ထွက်တော့ ခွေးတစ်ကောင်အနားလာတယ်။ နံလို့ မောင်းထုတ်ပြီးပြန်အ၀င် ဆက်နံနေတဲ့အတွက် မိမိကိုယ်ကအနံ့ဖြစ်ကြောင်း သိလိုက်ရတယ်။ ရေချိုးဆပ်ပြာ တိုက်လဲ မပျောက်ဘူး။ နှစ်ရက်တိတိဆက် နံတယ်။ ဆက်ရှုမှတ်တော့ နောက်ရက်တွေမှာ ခွေးနံ့ပျောက်ပြီး ယားနာလည်းပျောက်၊ သွေးသန့်ပြီး ခရု သင်းလဲ မရှိတော့ပဲ စိုစိုပြေဖြစ်သွားပါတယ်။
ယနေ့ ကမ္ဘာလှည့်ပြီး ၀ိပဿနာပြနေတဲ့ ဆရာကြီးဦးဂိုအင်ဂါသည် မြန်မာပြည်ပြန်ရောက်လာပြီး ဆရာကြီး ဦးဘခင်ဆီမှာ ၀ိပဿနာအားထုတ်ရင်း အရင်က အမြဲဖြစ်နေတဲ့ ခေါင်းကိုက်ဝေဒနာ အရှင်းပျောက်ကင်း သွားပါတော့တယ်။ မုဒုံ၊တော်ကူးရိပ်သာမှာ တရားအားထုတ်ရင်း ရောဂါပျောက်သွားတာကို အများလဲ ကြားဖူးပြီးသားဖြစ်ပါလိမ့်မယ်။ 
အရှင်မဟာကဿပ နာမကျန်းဖြစ်တော့ ဘုရားရှင်က ဗောဇ္ဈင်ခုနစ်ပါးကို ဟောတော်မူရာမှ နာကြားပြီး ၊ ရောဂါပျောက်သွားပါတယ်။ မြတ်စွာဘုရားရှင် ကျန်းမာတော်မမူတော့ အရှင်စုန္ဒမထေရ်ကို ဗောဇ္ဈင် တရားဟောစေပြီး နာကြားတော်မူလို့ ရောဂါပျောက်တော်မူ ခဲ့ပါတယ်။ ဒီလိုပျောက်ရာမှာ မဟာစည် ဆရာတော်ဘုရားရဲ့ တက္ကသိုလ်ဝိပဿနာ၊၁၄၃-မှာ ရွတ်ဆိုသော တရားကြောင့်လည်း ပျောက်သည်။ ထိုတရားကို နာယူသူ၏ သဒ္ဓါစသည်ကြောင့်လည်း ပျောက်သည်။ နာကြားပြီးနှလုံးသွင်းသဖြင့်လည်း ၊ ပျောက်သည်။ ဤသုံးနည်းတွင် တတိယနည်းက ပိုခိုင်မာသည်-ဟု ဆိုထားသည်။
မှတ်ချက် = မောင်သွေးချွန်စစည်းပူဇော်သည့် သာသနာငါးထောင်ရှင်းတမ်းစာအုပ်မှ တစ်ဆင့် ထုတ်နှုတ်ရေးသည်။
Print Friendly and PDF

ဝိပဿနာမရှုခင် သိစေချင်

Unknown | 1:26 AM | Be the first to comment!
ဝိပဿနာဆိုတာ
အနိစ္စ၊ ဒုက္ခ၊ အနတ္တဟူသော လက္ခဏာရေးသုံးပါးကို အခြင်းအရာအမျိုးမျိုးနဲ့ ရှုတတ်တဲ့အတွက်ကြောင့် သို့မဟုတ် ခန္ဓာ၊ အာယတန၊ ဓါတ်၊ သစ္စာ၊ ဣနြေ္ဒ၊ ရုပ်၊ နာမ်၊ သင်္ခါရတရားများကို အနိစ္စစသည်ဖြင့် အထူးထူး ရှုတတ်သောကြောင့် သို့မဟုတ် ပညတ်ကို ပယ်ခွာပြီး ပရမတ်ကို အထူးထူး ရှုတတ်သောကြောင့် ၀ိပဿနာ- ဟု ခေါ်သည်။ ၀ိပဿနာကို အရကောက်လျင် မဟာကုသိုလ် မဟာကြိယာစိတ်၌ယှဉ်သော ပညာကိုယူရမည်။
(အဘိ၊ဋ္ဌ၊၁၊၁၇၅။ ပရမတ္ထသရူပဘေဒနီ၊၂၊၄၅၃။ ပရမတ္ထစက္ခု၊၃၀၁)
မိမိ ဘယ်ပုဂ္ဂိုလ်အမျိုးစားထဲ ပါသလဲ
ဝိပဿနာအားထုတ်တော့မယ်ဆိုရင် ပထမဦးဆုံး သိထားရမှာရှိပါတယ်။ အဲလိုသိမှပဲ မိမိကိုယ်ကိုမိမိ ချင့်ချိန်နိုင်မှာပါ။ မဟုတ်ရင် အားထုတ်လို့မရတိုင်း ဟိုပစ်မှား ဒီပစ်မှား ဖြစ်နိုင်ပါတယ်။ အဲဒါတွေကတော့ =
၁။ဥဂ္ဃဋိတညူ = ဘုရားဟော ပါဠိတော်များကို တစ်ကြောင်းတစ်ဂါထာ တစ်ပါဒမျှ နာကြားရုံနှင့်ပင် သုတမယဥာဏ်၊ စိန္တာမယဥာဏ်ဖြင့် ၀ိပဿနာအားထုတ်သောကြောင့် မဂ်၊ဖိုလ်ရသူ။
၂။ဝိပဉ္စိတညူ = ဘုရားဟောပါဠိတော်များကို အဓိပ္ပာယ်အကျယ်တ၀င့် ရှင်းပြခံရတဲ့အတွက် သုတမယဥာဏ်ဖြင့် ၀ိပဿနာအားထုတ်သောကြောင့် မဂ်ဖိုလ်ရနိုင်သောသူ။
၃။နေယျ = သုတမယဥာဏ်၊စိန္တာမယဥာဏ်ဖြင့် မရနိုင်ပဲ ပါဠိတော်၏အနက်အဓိပ္ပါယ်နှင့်တကွ နည်းစနစ်များကိုပါ စနစ်တကျသင်ယူ၍ ၀ီရိယကြီးစွာထားကာ ဘာဝနာမယဥာဏ်ဖြင့် အားထုတ်သောကြောင့် မဂ်ဖိုလ်ရသူ။
၎။ပဒပရမ = သုတမယဥာဏ်၊ စိန္တာမယဥာဏ်၊ ဘာဝနာမယဥာဏ်တို့ဖြင့် အားထုတ်သော်လည်း မဂ်ဖိုလ်မရနိုင်ပဲ ပါရမီမျှသာဖြစ်မည့်သူ (အံ၊၁၊၄၅၂။ ဘိ၊၃၊၁၄၇)
ကာယာနုပဿနာသတိပဋ္ဌာန်ဖြင့်ရှုမှတ်နည်း
ကာယာနုပဿနာသတိပဋ္ဌာန်ဟူသည် မိမိခန္ဓာကိုယ်ရှိ ရုပ်တို့ကို အဖန်ဖန်အထပ်ထပ် ရှုမှတ်ခြင်းဖြစ်သည်။ ထိုသို့ရှုမှတ်ရာတွင် အာနာပါနဖြင့် ရှုမှတ်နည်း ဣရိယာပထဖြင့် ရှုမှတ်နည်း သမ္ပဇညဖြင့် ရှုမှတ်နည်း ပဋိကူလ မနသိကာရဖြင့် ရှုမှတ်နည်း ဓာတုမနသိကာရဖြင့် ရှုမှတ်နည်း န၀သိဂတိကဖြင့် ရှုမှတ်နည်းဟူ၍ အမျိုးမျိုးရှိသည်။
ဝေဒနာနုပဿနာသတိပဋ္ဌာန်ဖြင့်ရှုမှတ်နည်း
ဝေဒနာနုပဿနာသတိပဋ္ဌာန်ဟူသည် ခံစားမှုဝေဒနာ အပေါင်းကို ရှုမှတ်ခြင်းပင်ဖြစ်သည်။ ထိုသို့ရှုရာတွင် သုခ၊ ဒုက္ခ၊ အဒုက္ခမသုခ(ဥပေက္ခာ)ဝေဒနာတို့ကို ရှုမှတ်ခြင်းကို ဆိုလိုသည်။
စိတ္တာနုပဿနာသတိပဋ္ဌာန်ဖြင့်ရှုမှတ်နည်း
စိတ္တာနုပဿနာသတိပဋ္ဌာန်ဟူသည် စိတ်ကိုအဖန်ဖန် ရှုမှတ်ခြင်းပင်ဖြစ်သည်။ ထိုသို့ရှုမှတ်ရာတွင် သရာဂစိတ်၊ သဒေါသစိတ်၊ သမောဟစိတ်ဟူသော ရာဂ၊ဒေါသ၊မောဟ တို့နှင့်တကွသောစိတ်ကိုကို ရှုမှတ်ခြင်းကို ဆိုလိုသည်။
ဓမ္မာနုပဿနာသတိပဋ္ဌာန်ဖြင့်ရှုမှတ်နည်း
ဓမ္မာနုပဿနာသတိပဋ္ဌာန်ဟူသည် ပရမတ္ထတရားတို့ကို အဖန်ဖန်အထပ်ထပ် ရှုမှတ်ခြင်းပင်ဖြစ်သည်။ ထိုသို့ရှုမှတ်ရာတွင် နီဝရဏတို့ကို ရှုမှတ်နည်း ဥပါဒါနက္ခန္ဓာတို့ကို ရှုမှတ်နည်း အာယတနတို့ကို ရှုမှတ်နည်း ဗောဇ္ဈင်တို့ကို ရှုမှတ်နည်း သစ္စာလေးပါးကို ရှုမှတ်နည်းဟူ၍ အမျိုးမျိုးရှိသည်။ (မ၊၁၊၇၀-၉၀)
ကာယာနုပဿနာသတိပဋ္ဌာန်မရှုခင် သိစေချင်
၁။စစရှုချိန်တွင် နှုတ်ဖြင့်ရွတ်ဖတ်ရမည်။
၂။နှုတ်ဖြင့်ရွတ်သကဲ့သို့ မဂ်ဖိုလ်အထောက်ပံ့ဖြစ်စေရန် စိတ်ဖြင့်ပိုင်းခြားဆင်ခြင်ရမည်။
၃။ဆံပင်စသည့်အဆင်းအားဖြင့် ပိုင်းခြားရှုမှတ်ရမည်။
၎။သဏ္ဍာန်အားဖြင့် ဆင်ခြင်ရမည်
၅။ခန္ဓာကိုယ် အထက်အောက်စသော အရပ်အားဖြင့် ဆင်ခြင်ရမည်။
၆။ မည့်သည့်ကေဋ္ဌာသ၌ဖြစ်သည်ကို သိရန် ဖြစ်ရာအရပ်အားဖြင့် ဆင်ခြင်ရမည်။
၇။သဘာဂ၊၀ိသဘာဂတို့ဖြင့် ပိုင်းခြားဆင်ခြင်ရမည်။ (ဘိ၊ဋ္ဌ၊၂၊၂၁၄)
နှုတ်ဖြင့်ဆီးဖြန်းရာတွင် သိထားစရာများ
၁။အစဉ်အတိုင်းပွားရမည်။
၂။မမြန်လွန်းစေရ။
၃။မနှေးလွန်းစေရ။
၎။ပျံ့လွင့်မှုမရှိအောင် တားဆီးရမည်။
၅။ပညတ်အဆင့်ကို လွန်မြောက်ရမည်။
၆။ဥာဏ်၌မထင်သော ကောဋ္ဌာသကို ပယ်ချထားရမည်။
၇။ထင်ရှားသောကောဋ္ဌာသကို အပ္ပနာဈာန်ရသည်အထိ ဆက်လက်ရှုရမည်။
၈။အဓိစိတ္တသုတ်၊ သီတိဘာဝသုတ်၊ ဗောဇ္ဈင်္ဂကောသလ္လသုတ်တို့အတိုင်း ရှုမှတ်မှုပြုရမည်။ (ဘိ၊ဋ္ဌ၊၂၊၂၁၆)
ဝေဒနာနုပဿနာသတိပဋ္ဌာန်ရှုရာတွင် သိစေချင်
အရှုခံဝေဒနာကိုးမျိုးကို ဘုရားရှင်ဟောတော်မူထားသည်။ ယင်းတို့မှာ =
၁။သုခဝေဒနာ = ချမ်းသာသောဝေဒနာ
၂။ဒုက္ခဝေဒနာ = ဆင်းရဲသောဝေဒနာ
၃။အဒုက္ခမသုခဝေဒနာ = ဆင်းရဲမဟုတ်ချမ်းသာမဟုတ်သောဝေဒနာ
၎။သာမိသသုခဝေဒနာ = ကာမဂုဏ်ငါးပါးနှင့်စပ်သော သုခဝေဒနာ
၅။နိရာမိသသုခဝေဒနာ = ကာမဂုဏ်ငါးပါးနှင့်မစပ်သော သုခဝေဒနာ
၆။သာမိသဒုက္ခဝေဒနာ = ကာမဂုဏ်ငါးပါးနှင့်စပ်သော ဒုက္ခဝေဒနာ
၇။နိရာမိသဒုက္ခဝေဒနာ = ကာမဂုဏ်ငါးပါးနှင့်မစပ်သော ဒုက္ခဝေဒနာ
၈။သာမိသအဒုက္ခမသုခဝေဒနာ = ကာမဂုဏ်ငါးပါးနှင့်စပ်သော ဥပေက္ခာဝေဒနာ
၉။နိရာမိသအဒုက္ခမသုခဝေဒနာ = ကာမဂုဏ်ငါးပါးနှင့်မစပ်သော ဥပေက္ခာဝေဒနာ (ဘိ၊၂၊၂၀၂)
စိတ္တာနုပဿနာသတိပဋ္ဌာန်ရှုရာတွင် သိစေချင်
အရှုခံစိတ် ၁၆မျိုးကို ဘုရားရှင်ဟောတော်မူထားသည်။ ယင်းတို့မှာ =
၁။သရာဂစိတ် = တပ်မက်သည့်စိတ်
၂။ဝီတရာဂစိတ် = ရာဂကင်းသည့်စိတ်
၃။သဒေါသစိတ် = ဒေါသစိတ်
၎။ဝီတဒေါသစိတ် = ဒေါသကင်းသည့်စိတ်
၅။သမောဟစိတ် = တွေဝေသိမှားသည့်စိတ်
၆။ဝီတမောဟစိတ် = တွေဝေသိမှားမှု မရှိသည့်စိတ်
၇။သံခိတ္တစိတ် = တွန့်ဆုတ်ပျင်းရိသည့်စိတ်
၈။ဝိက္ခိတ္တစိတ် = ပျံ့လွင့်သည့်စိတ်
၉။မဟဂ္ဂတစိတ် = မဟဂ္ဂုတ်ဈာန်စိတ်
၁၀။အမဟဂ္ဂတစိတ် = မဟဂ္ဂုတ်မဟုတ်သော ကာမစိတ်
၁၁။သဥတ္တရစိတ် = မိမိထက်လွန်သောတရားရှိသည့် ကာမစိတ်၊ရူပစိတ်
၁၂။အနုတ္တရစိတ် = မိမိထက်လွန်သောတရားမရှိသည့် အရူပစိတ်
၁၃။သမာဟိတစိတ် = ဥပစာရသမာဓိ၊အပ္ပနာသမာဓိတို့ဖြင့်တည်ကြည်သောစိတ်
၁၄။အသမာဟိတစိတ် = ဥပစာရသမာဓိ၊အပ္ပနာသမာဓိတို့ဖြင့်ဖြင့် မတည်ကြည်သောစိတ်
၁၅။ဝိမုတ္တစိတ် = တဒင်္ဂ၀ိမုတ္တိ၊၀ိက္ခမ္ဘန၀ိမုတ္တိတို့ဖြင့် ကိလေသာမှလွတ်သောစိတ်
၁၆။အ၀ိမုတ္တစိတ် = တဒင်္ဂ၀ိမုတ္တိ၊၀ိက္ခမ္ဘန၀ိမုတ္တိတို့ဖြင့် ကိလေသာမှမလွတ်သောစိတ် (ဘိ၊၂၊၂၀၄)
သတိပဋ္ဌာန်ပွားရကျိုး
၁။ကိလေသာမြူအညစ်မှ ဝေးလွင့်ခြင်း
၂။စိုးရိမ်ပူဆွေးမှု ကင်းဝေးခြင်း
၃။ငိုကြွေရမှုကို ကြော်လွှားနိုင်ခြင်း
၎။ကိုယ်ဆင်းရဲမှု ချုပ်ငြိမ်းခြင်း
၅။စိတ်ဆင်းရဲမှု ချုပ်ငြိမ်းခြင်း
၆။မဂ်ဖိုလ်များကို ရနိုင်ခြင်း
၇။နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ခြင်း (ဒီ၊၂၊၂၃၂)
ဝိပဿနာသမားတို့ မရှိသင့်သည့်အရာများ
၁။ကမ္မန္တရာယ် = ပဉ္စာနန္တရိယကံငါးပါး (မဂ်ဖိုလ်နတ်ပြည်အန္တရာယ်ပေးနိုင်)
၂။ကိလေသန္တရာယ် = နိတမိစ္ဆာဒိဋ္ဌိ (မဂ်ဖိုလ်နတ်ပြည်အန္တရာယ်ပေးနိုင်)
၃။ဝိပါကန္တရာယ် = အဟိတ်၊ဒွိဟိတ်ပဋိသန္ဓေ (မဂ်ဖိုလ်သာတား၊နတ်ပြည်မတားနိုင်)
၎။အရိယူပ၀ါဒန္တရာယ် = အရိယာပုဂ္ဂိုလ်တို့ကို စွပ်စွဲခြင်း (မဂ်ဖိုလ်နတ်ပြည်အန္တရာယ်ပေးနိုင်၊သို့သော တောင်းပန်လျင် လွတ်သည်)
၅။အာဏာဝီတိက္ကမန္တရာယ် = စေတနာဖြင့်အာပတ်ခုနစ်ဖုံတွင် တစ်ပါးပါးကို ကျူးလွန်ထားခြင်း (မဂ်ဖိုလ်နတ်ပြည်အန္တရာယ်ပေးနိုင်၊ သို့သော ၀ိနည်းနှင့်အညီကုစားလျင် လွတ်နိုင်)
(၀ိ၊၂၊၁၇၅၊ဋ္ဌ၊၁၃၈။ ၀ိ၊ဋ္ဌ၊၂၊၁၀၃။ မ၊ဋ္ဌ၊၂၊၉)
သမထမှဝိပဿနာသို့ပြောင်းသူများသိထားရန်
၁။အာရုံမှတ်စိတ်နှစ်မျိုးကို ဦးစွာသိထားရမည်။
၂။ဒုတိယအနေဖြင့် အာရုံနှင့်မှတ်စိတ် တည့်နေအောင် မှတ်ရမည်။
၃။တတိအနေဖြင့် အာရုံထဲမှ စိတ်ထွက်မသွားအောင် သတိပြုနေရမည်။
၎။စတုတ္ထအနေဖြင့် ကမ္မဋ္ဌာန်းအလုပ်ကို လုပ်ပြီဟု ဆုံးဖြတ်ချက်ချထားပြီးသည့်အချိန်မှစကာ ဘာမျှစဉ်းစားမနေပါနှင့်။ (၀ိပဿနာဘာသာအလင်းပြ၊၄၉-၅၀)
ယနေ့မြန်မာနိုင်ငံအတွက် ဗုဒ္ဓ၏၀ိပဿနာညွှန်ကြားချက်
တစ်ခါတုန်းက ရဟန်းတစ်ပါးက ရဟန်းတော်လေးပါးကို မဂ်ဖိုလ်ရဖို့အတွက် ဘယ်တရားအားထုတ်ရမလဲ-လို့ မေးပါတယ်။ ပထမရဟန်းက အာယတနခြောက်ပါးတို့၏ ဖြစ်ခြင်းပျက်ခြင်းကို သိအောင်လုပ်ပါလို့ မိန့်တယ်။ ဒုတိယရဟန်းက ဥပါဒါနက္ခန္ဓာငါးပါးတို့၏ ဖြစ်ခြင်းပျက်ခြင်းကို သိအောင်လုပ်ပါလို့ မိန့်တယ်။ တတိယရဟန်းက မဟာဘုတ်လေးပါးတို့၏ ဖြစ်ခြင်းပျက်ခြင်းကို သိအောင်လုပ်ပါလို့ မိန့်တယ်။ စတုတ္ထရဟန်းက ဖြစ်ခြင်းသဘော ရှိတဲ့တရားတွေကို ချုပ်ခြင်း၊ ပျက်ခြင်းသဘောရှိတယ်ဆိုတာ သိအောင်လုပ်ပါလို့ မိန့်ပြန်တယ်။ အဖြေတစ်မျိုးစီ ဖြစ်နေလို့ မြတ်စွာဘုရားကိုမေးတဲ့အခါ
ရဟန်း ပေါက်ပင်ကိုမြင်ဖူးတဲ့သူတွေဟာ သူအချိန်နဲ့သူ တူကြမှာမဟုတ်ဘူး။ မီးလောင်နေတဲ့သစ်ငုတ်တိုကို မြင်ရတဲ့အတွက် ပေါက်ပင်ဟာ မီးလောင်နေတဲ့သစ်ငုတ်တိုလို့ မြင်ပါမယ်။ ပွင့်တဲ့အချိန်ကိုမြင်ရတဲ့အခါ နီရဲတဲ့ သားတစ်ကိုမြင်ရသလို နီနီရဲရဲမြင်ရတာလဲ ဖြစ်ပါမယ်။ အသီးတွေအပွင့်တွေကြွေလို့ ရွက်သစ်ဝေတာကို မြင်ရ တဲ့အချိန်  ပညောင်ပင်လိုအရိပ်ဝဲအုပ်ဆိုင်းတာကို မြင်ရတာလဲရှိမယ်။ ဘယ်လိုပဲမြင်မြင် ပေါက်ပင်ကိုပဲမြင်ရတာပါ။ ဘယ်နည်းနဲ့ပဲရှုရှု ဖြစ်ပျက်မြင်ရတဲ့ တစ်ခုတည်းသော အနှစ်သာရသာရှိတယ်၊ မဂ်ဖိုလ်နိဗ္ဗာန်သာ ပန်းတိုင်ဖြစ်တယ်လို့ မိန့်ပါတယ်။ သို့သော် ၀ိပဿနာမဟုတ်တဲ့ နည်းအလွဲတွေကိုတော့ ဒီစကားတော်နဲ့ ပြန်လည်မကိုးကားစေချင်ပါဘူး။ အကာကိုပစ်ပြီး အနှစ်ကိုရှာနိုင်ပါစေသတည်း။ (သံ၊၂၊၃၆၉)
Print Friendly and PDF

မဟာစည်ဝိပဿနာလင်္ကာများ

Unknown | 1:16 AM | Be the first to comment!
ပေါ်တိုင်းမပြတ်၊ ရှုမှတ်နေလျှင်၊
ရုပ်နာမ်နှစ်မျိုး၊ ကြောင်းကျိုးသိမြင်၊
မမြဲဆင်းရဲ၊ ဥာဏ်ထဲပေါ်လွင်၊
အနတ္တ၊ သိရ နိဗ္ဗာန်ဝင်။

ကိစ္စမများ၊ စကားနည်းစေ၊
အိပ်နေနည်းမှု၊ ကိုယ်တည်းပျော်လေ၊
ဆုံးမလွယ်ကြောင်း၊ မိတ်ကောင်းရှိစေ၊
တရားရေး၊ အားပေး ဂုဏ်ခြောက်ထွေ။

ဝိပဿနာအခြေခံအတွက်
ဝိပဿနာ၊ ဥာဏ်ဆိုတာ၊ ဘယ်ဟာရှု၍၊ ဖြစ်သနည်း။
စွဲလမ်းနိုင်ရာ၊ ငါးခန္ဓာ၊ မှန်စွာရှု၍၊ ဖြစ်သတည်။
ဘယ်အကျိုးငှာ၊ ထိုခန္ဓာ၊ ဘယ်ဟာရှုရပါသနည်း။
မစွဲဘို့ရာ၊ ဖြစ်ဆဲမှာ၊ မှန်စွာရှုရ၊ ပါသတည်း။
ဖြစ်ခိုက်မရှု၊ နာမ်ရုပ်စု၊ စွဲမှုဝင်ရောက်သည်။
မြဲတယ်ကောင်းတယ်၊ ငါကောင်နှယ်၊ တကယ်ထင်တတ်သည်။
ဖြစ်တိုင်းမှတ်ရှု၊ နာမ်ရုပ်စု၊ စွဲမှုကင်းပျောက်သည်။
မမြဲဆင်းရဲ၊ သဘောပဲ၊ ဥာဏ်ထဲရှင်းတော့သည်။
စွဲမှုကင်းပျောက်၊ မဂ်လမ်းပေါက်၊ ဆိုက်ရောက်နိဗ္ဗာန်ပြည်။
ဝိပဿနာရှုနည်း၊ မူသေစည်း၊ သိမ်းဆည်းထားရမည်။

မာလုကျပုတ္တသုတ်
မမြင်ရရာ၊ ကိလေသာ၊ သူ့ဟာသူငြိမ်းသည်။
မြင်ရရာမှာ၊ ကိလေသာ၊ ကိန်းကာဖြစ်နိုင်သည်။
မြင်တိုင်းမှတ်ရှု၊ ကိလေစု၊ ကိန်းမှုပယ်သင့်သည်။
မေးခွန်းဖြင့်ပင်၊ လုပ်ငန်းစဉ်၊ ပေါ်လွင်စေခဲ့သည်။

ဆင်းရဲရှာ နိဗ္ဗာန်ဝေး
အဆင်းမြင်က၊ အမှတ်ရ၊ ရာဂကင်းတော့မည်။
မတပ်မက်ဘဲ၊ ခံစားမြဲ၊ စိတ်ထဲသိမ်းလျက်တည်။
အဆင်းဆိုင်ရာ၊ ဝေဒနာ၊ များစွာပွားတော့သည်။
လောဘစည်ကား၊ ဒေါသပွား၊ ဗျာများစိတ်ပန်းသည်။
ဤနည်းဖြင့်ဘဲ၊ မပြောင်းလဲ၊ ဆင်းရဲရှာသူမည်။
ဆင်းရဲကိုသာ၊ ရှာသူမှာ၊ ဝေးစွာနိဗ္ဗာန်ပြည်။

ဆင်းရဲသတ် နိဗ္ဗာန်ကပ်
အဆင်းမြင်က၊ အမှတ်ရ၊ ရာဂကင်းတော့မည်။
မတပ်မက်ဘဲ၊ ခံစားမြဲ၊ စိတ်ထဲမသိမ်းပြီ။
မှတ်သိလျက်ပင်၊ မြင်လဲမြင်၊ ထို့ပြင်ခံစားသည်။
သို့ပါသော်လဲ၊ ၀ဋ့်ဆင်းရဲ၊ ကုန်မြဲကုန်ခန်းသည်။
ဤနည်းဖြင့်သာ၊ ယောဂီမှာ၊ မှတ်ခါကျင့်ရသည်။
မြင်တိုင်းရှုမှတ်၊ ဆင်းရဲသတ်၊ နီးကပ်နိဗ္ဗာန်ပြည်။

စိတ်ဟုဆိုသောအရာ
နှိမ်နိုင်ခဲစွဲ၊ လင်မြန်လှ၍၊ သူကျလိုရာ၊ ကျတတ်ပါသည့်၊ ၀ိညာဏသွမ်း၊ စိတ်သရမ်းကို၊ စောင့်ဖမ်းရှုရေး၊ ဆုံးမပေး၍၊ ယဉ်ကျေးလိမ္မာ၊ သူဖြစ်လာလျင်၊ ချမ်းသာဆောင်ပေး၊ တတ်သတည်း။

ဒုက္ခ၏
လက္ခဏာ = အတွေ့ဆိုးများ၊ ခံစားတတ်သည်။
ရသ = စိတ်အားကုန်ခမ်း၊ ညို့နွမ်းစေသည်။
ပစ္စုပဋ္ဌာန် = ကိုယ်ထဲနှိပ်စက်၊ ခံခက်ထင်သည်။ ကိုယ်ဆင်းရဲ၊ သိမြဲမြတ်ယောဂီ။

စိတ်၏
လက္ခဏာ = အာရုံသိသော၊ သဘောရှိသည်။
ရသ = ခေါင်းဆောင်အလား၊ ရှေ့သွားတတ်သည်။
ပစ္စပဋ္ဌာန် = ရှေးစိတ်နှင့်စပ်၊ အထပ်ထပ်ဖြစ်သည်။ စိတ်တရား၊ မှတ်သားမြတ်ယောဂီ။

အပါယ်လွတ်လိုလျင်
အနိစ္စမြင်လျင်၊ ခုက္ခထင်သည်။
ဒုက္ခထင်တော့၊ အနတ္တမြင်သည်။
အနတ္တမြင်၊ နိဗ္ဗာန်ခွင်၊ ပြေးဝင်ဆိုက်ရောက်သည်။
နိဗ္ဗာန်မြင်က၊ အပါယ်မှ၊ မုချလွတ်မြောက်သည်။

ဣနြေ္ဒထက်ကြောင်း ကိုးပါး
ဣနြေ္ဒငါးပါး၊ ထက်ကြောင်းများ၊ ကိုးပါးရှိလေသည်။
ဖြစ်ကြောင်းရုပ်နာမ်၊ ချုပ်ပျက်ဟန်၊ ဧကန်ရှုရမည်။
ရှုမှတ်မှုမှာ၊ ရိုသေကာ၊ ကောင်းစွာပြုရမည်။
မနားမရပ်၊ ခြားမပြတ်၊ ရှုမှတ်မြဲရမည်။
သင့်လျော်လှစွာ၊ ခုနစ်ဖြာ၊ ကောင်းစွာမှီရမည်။
စိတ်တည်ကြည်ကြောင်း၊ နိမိတ်ဟောင်း၊ ကောင်းကောင်းမှတ်ရမည်။
သင့်တော်လျောက်ပတ်၊ ဗောဇ္ဈင်မြတ်၊ မပြတ်ပွားရမည်။
ကိုယ်နှင့်အသက်၊ မငဲ့ကွက်၊ ရက်စက်နိုင်ရမည်။
ရှုစဉ်ပေါ်ရိုး၊ ဆင်းရဲမျိုး၊ လွှမ်းမိုးနိုင်ရမည်။
လမ်းဆုံးမရောက်၊ လက်မမြှောက်၊ တောက်လျှောက်သွားရမည်။
ဥာဏ်နုံ့သောအခါ၊ ဤကိုးဖြာ၊ ဆိုင်ရာပွားရမည်။

ပဓာနိယင်္ဂအင်္ဂါငါးပါး
ယုံကြည် ကျန်းမာ၊ ဖြောင့်စွာစိတ်ထား၊ ကြိုးစားတွင်တွင် ဖြစ်ပျက်မြင်၊ ငါးအင်အားထုတ်ကြောင်း။

ပထ၀ီ၏
လက္ခဏာ = ကြမ်းတမ်းမာခက်၊ ချောညက်တမည်။
ရသ = တည်ရာကိစ္စ၊ သူပြုရသည်။
ပစ္စုပဋ္ဌာန် = ခံလင့်ဆောင်ရေး၊ ပေါ့လေးထင်သည်။ ပထ၀ီဓါတ်၊ သိမှတ်မြတ်ယောဂီ။

အာပေါ၏
လက္ခဏာ = အရည်တနည်း၊ ယိုစီးတမည်။
ရသ = စိုထိုင်းဖွံ့ထွား၊ တိုးပွားစေသည်။
ပစ္စုပဋ္ဌာန် = စေးကပ်ပူးတွဲ၊ လုံးခဲထင်သည်။ အပေါဓါတ်၊ သိမှတ်မြတ်ယောဂီ။

တေဇော၏
လက္ခဏ = အပူအနွေး၊ အအေးတမည်။
ရသ = ပူငွေ့ပေးလျက်၊ ရင့်ကျက်စေသည်။
ပစ္စုပဋ္ဌာန် = နူးညံ့ပျော့ပျောင်း၊ ဆင့်လောင်းပေးသည်။ တေဇောဓါတ်၊ သိမှတ်မြတ်ယောဂီ။

ဝါယော၏
လက္ခဏာ = ထောက်ကန်တောင့်တင်း၊ လျှော့ခြင်းတမည်။
ရသ = ယိမ်းယိုင်လှုပ်ရှား၊ ရွေ့သွားတတ်သည်။
ပစ္စပဋ္ဌာန် = သူလိုရာဘက်၊ တွန်းလျက်ဆောင်သည်။ အာပေါဓါတ်၊ သိမှတ်မြတ်ယောဂီ။

ပုရာဘေဒသုတ်
*ဘယ်သို့သိမြင်၊ လေ့ကျင့်လျင်၊ မည်တွင်သန္တ၊ ခေါ်သနည်း။
*မသေပျက်ခင်၊ တဏှာစင်၍၊ ရှေးတွင်မမှီ၊ နောက်ဆီမမျှော်၊ မခေါ်ဝေါ်ရ၊ လယ်ဌာန၊ သန္တပုဂ္ဂိုလ်မည်။
*အမျက်မပွား၊ မလန့်ငြားတည့်၊ မကြွားဝါခြင်း၊ ကုက္ကုစ်ကင်း၍၊ ဆိုလျှင်းချိန်ချင့်၊ မပျံ့လွင့်၊ ခြောက်ဆင့်
သူ့ဂုဏ်ရည်။
*တွန့်ဆုတ်သယောင်၊ ဟန်ဆောင်မပြ၊ မတောင့်တလျင်း၊ ၀န်တိုကင်း၍၊ ကြမ်းခြင်းရွံဘွယ်၊ အရှင်း ပယ်လျက်၊ ချစ်ပြယ်စကား၊ မပြောကြား၊ ခုနစ်ပါးသူ့ဂုဏ်ရည်။
*သာယာဖွယ်အတွင်း၊ မစီးဆင်းတည့်၊ မာန်ကင်းသိမ်မွေ့၊ ထင်ဥာဏ်တွေ့လျက်၊ ယုံလေ့ကင်းကာ၊ တပ်မက်ကွာ၊ ခြောက်ဖြာသူ့ဂုဏ်ရည်။
ရှုမှတ်အစဉ်၊ လျစ်လျူထင်၍၊ သုံးအင်မာန၊ ပယ်နိုင်မှ၊ သန္တပုဂ္ဂိုလ်မည်။

ဓမ္မစကြာတရားတော်ကြီး
ကာမချမ်းသာ၊ သုံးဆောင်တာ၊ ပယ်ခွာရှောင်ရမည်။
မသုံးဆောင်ဘဲ၊ ကိုယ်ဆင်းရဲ၊ ဒါလည်းရှောင်ရမည်။
စိတ်အလိုကျ၊ လွှတ်ထားက၊ ကာမသုခါ နုယောဂ။
ပင်ပန်းရုံမျှ၊ အားထုတ်က၊ အတ္တကိလမထာ နုယောဂ။
သစ္စာမမြင်၊ မဂ္ဂင်မပါ၊ လေ့ကျင့်ကာဖြင့်၊ ချမ်းသာမြဲမည်၊
ယုံကြည်ဆုံးဖြတ်၊ ယူဆမှတ်၊ သီလဗ္ဗတပင်။
အစွန်းနှစ်သွယ်၊ လမ်းမှားပယ်၊ အလယ်လမ်းမှန်၊ ဖြစ်ပေသည်။
လမ်းမှန်ကိုလျှောက်၊ ဥာဏ်မြင်ပေါက်၊ ဆိုက်ရောက်နိဗ္ဗာန်ပြည်။

ကိုယ်အမူရာ၊ ဖြစ်တိုင်းမှာ၊ မှန်စွာသိရမည်။
စိတ်အမူရာ၊ ဖြစ်တိုင်းမှာ၊ မှန်စွာသိရမည်။
ကောင်းဆိုးလတ်ပါ၊ ဝေဒနာ၊ မှန်စွာသိရမည်။
သဘောတရား၊ ထင်ပေါ်ငြား၊ ပိုင်းခြားသိရမည်။

မှန်စွာမြင်သိ၊ ကြံမိမှန်ကန်၊
မှန်စွာပြောပြု၊ ရှုာမှုလမ်းမှန်၊
မှန်စွာကြောင့်ကြ၊ မှတ်ရမှန်ကန်၊
စူးစိုက်ကပ်၊ ရှစ်ရပ်မဂ်လမ်းမှန်။

မှတ်ချက် = အထက်ပါ လင်္ကာများသည် မဟာစည်ဆရာတော်ဘုရားကြီး၏ လင်္ကာများဖြစ်သည်။ ၀ိပဿနာနှင့် သင့်လျော်မည့် လင်္ကာများကို ရှာဖွေစုဆောင်းရခြင်းဖြစ်၍ အခြားဆောင်ပုဒ်များကို ချန်လှပ်ထားခဲ့ရပါသည်။ အမှားတွေ့လျင် ပြင်ပေးစေလို၍ လိုအပ်ချက်ရှိက ဖြည့်စွက်ပေးစေလိုပါသည်။ Print Friendly and PDF

Sunday, January 27, 2013

အခြေခံဝိပဿနာရှုနည်းအကျဉ်း

Unknown | 6:37 PM | Be the first to comment!

စကားဦး
မြတ်စွာဘုရားရှင်၏ အမှာစကားတော်တစ်ရပ်ရှိသည်။ ယင်းကား  - ၀ိပဿနာအလုပ်ကို တကယ်တမ်း ကြိုးစား အားထုတ်သူသည် တစ်ရက်ကို ခြောက်ပုံစု တစ်စုကိုချန်ထား ကျန်ငါးစုကို ရှုမှတ်မှုနှင့် မကင်းစေရ -ဟူသော စကားပင်ဖြစ်သည်။ အောက်ပါ မိမိရေးမည့် ဣရိယာပုထ်လေးပါးဖြင့် ရှုမှတ်ပုံအကျဉ်းသည် စာ ဖတ်သူတို့ကို သဘောတရား နားလည်စေနိုင်သော အဆင့်သို့သာ ရောက်စေနိုင်လိမ့်မည်။ မိမိအိမ်တွင် အစမ်းရှုမှတ်မှု ပြုနိုင်ရန်သာ အထောက်အကူပြုပါလိမ့်မည်။ တကယ်နည်းကျကျ သိလိုလျင် ရန်ကုန်မဟာ စည်ကြီး၊ စိန်ပန်း မဟာစည်စသည့် ရိပ်သာတို့သို့ သွားရောက်ရှုမှတ်ကြပါရန် တိုက်တွန်းလိုပါသည်။ မိမိ ကိုယ်ကို ချင့်ချိန်၍ ဆရာရှိသင့်လျင် ရှိရပါလိမ့်မည်။ သို့မှသာ နောက်ဆက်တွဲ မိမိတို့ရှုမြင်မှုတို့ကို ထောက် ၊ပြဆွေးနွေးမည့် ကမ္မဋ္ဌာနာစရိယ၏ အကူညီရမည်ဖြစ်ပါသည်။
ထိုင်၍ရှုပုံ
ထိုင်နည်းနှစ်မျိုးရှိတယ်။ မဟာပလ္လင်္က = ဘယ်ညာနှစ်ဖက်ခွေထိုင် နဲ့ အဍ္ဎပလ္လင်္က = တစ်ဖက်ခွေပြီး တစ်ဖက်ကို နောက်ပစ်ထားပါ။ တရားနာရင်တော့ မဟာပလ္လင်နဲ့ထိုင်ပြီး လက်အုပ်ချီ၊ တစ်လုံးမကျန် မှတ်ပြီးနာပါ။ လက်ကိုဘေးမထောက်ပါနှင့်။ တရားထိုင်မည်ဆိုလျင် ခါးကိုဖြောင့်ဖြောင့်ထားပါ။
လေကိုရှုသွင်းတော့ ဗိုက်ကဖေါင်းလာတယ် အဲဒါကို ဖောင်းတယ်၊ လေကိုရှိုက်ထုတ်တော့ ဗိုက်က ပိန်ကျ တာကို ပိန်တယ်၊ စိတ်ကအပြင်အာရုံရောက်ရင် ရောက်တယ်၊ နာရင် နာတယ် ကျင်ရင် ကျင်တယ်မှတ်၊ ထိုင်ရာကနေ ထရင် ထတယ်လို့သိ၊ ရပ်ရင် ရပ်တယ်လို့သိ၊ မျက်လွှာချထားပါ၊ မမြင်ရရာ ကိလေသာ သူ့ဟာသူငြိမ်းတယ်တဲ့။ အမှတ်ဆက်နိုင်သမျှ ဆက်ပါစေ။ အရှင်အာနန္ဒာလို အမှတ်မလွတ်ရင် အရှင် အာနန္ဒာတို့တောင်မှ ဣရိယာပုထ်လေးပါးကနေ အလွတ်ဖြစ်ပြီး တရားရတယ်။ စကားမပြောရပါ၊ တရားအကြောင်း ဘုရားအကြောင်း သံဃာအကြောင်းပြောတာ ကောင်းပါ၏။ သို့သော် ကုသိုလ်ချင်းယှဉ် ရင် တရားအားထုတ်တဲ့ကုသိုလ်က ပိုမြတ်ပါသည်။ ဒါကြောင့် စကားမပြောပါနှင့်။ မိမိဝမ်းဗိုက်ကို စိတ်ဖြင့် စူးစိုက်ကြည့်ပါ။ ဖောင်းခြင်း ပိန်ခြင်းသဘောထင်အောင်ကြည့်ပါ။ မထင်ရှားလျင် ၀မ်းဗိုက်ကို လက်နှင့် ကပ်ထားကြည့်ပါ။ မြင်ပြီဆိုပါက ၀င်သက်အခိုက် ၀မ်းဗိုက်ဖောင်းကြွရွေ့ရှားလာတာ ကို ဖောင်းတယ်၊ ထွက်သက်အခိုက် ၀မ်းဗိုက်ပိန်ကျသွားတာကို ပိန်တယ်ဟု ရှုပါ။ မနှေးမမြန်ရှုပါ။
မှတ်ချက် = ၀မ်းဗိုက်သဏ္ဍာန်ပညတ်ကို ရှုရာရောက်သည်မဟုတ်လောဟု မေးစရာကားရှိပါ၏။ အဖြေမှာ -အားထုတ်ခါစတွင် ပညတ်ကို ဖျောက်၍ချက်ချင်းရှုရန်မဖြစ်နိုင်ပါ။ ထို့ကြောင့် စစချင်းတွင် ပညတ်ကို ပါ ရော၍ရှုမှတ်ပြီးလျင် ဥာဏ်ရင့်သန်လာသောအခါ ပညတ်အာရုံကိုဖျောက်၍ ပရမတ်သို့ရောက်လာပါ လိမ့်မည်။ ၀ိပဿနာ၏ သဘောအမှန်ကား ဒွါရခြောက်ပါးတွင် ထင်ရှားလာသော ရုပ်နာမ်တို့ကို ရှုမှတ် ရခြင်းဖြစ်သည်။ သို့သော် စစ ရှုမှတ်သူတို့အဖို့ သတိ၊သမာဓိအားနည်းသေးသောကြောင့် ထိုသို့အလုံးစုံ ရှုရန် မလွယ်ကူ။ အသက်ရှုရိုက်မှုကို ပုံမှန်အတိုင်းထားပါ၊ ပြုပြင်စရာမလိုပါ။ ပြုပြင်လိုက်လျင် မောဟိုက်၍ ဆက်လက်မရှုမရပဲ ဖြစ်နိုင်သည်။
ရှုမှတ်စဉ်အတွင်း စိတ်ကူးများ လွင့်မျောခြင်းတို့ ဖြစ်နိုင်ပါသည်။ ထိုသို့စိတ်ကူးမိလျင် အရင်းဖြစ်စေ အဖျားဖြစ်စေ မိအောင်ဖမ်း၍ စိတ်ကူးတယ် စိတ်ကူးတယ်ဟု ရှုပါ၊ ဤသည်ပင် စိတ္တာနုပဿနာ မဟုတ်လော။ စိတ်ကူးတို့ လွင့်မျောသဖြင့် ထိုသို့စိတ်ဖြစ်သည်ကို အတင်းဖမ်းချုပ်ကာ မိမိကိုယ်ကို မကျေမနပ်စိတ်ဖြင့် မွန်းကြပ်နေစရာမလိုပါ။ မှတ်ပါများသည့်အခါ သမာဓိဖြင့် လွင့်ပျောက်မှုတို့ လျှော့ သွားကြပါလိမ့်မည်။ လွင့်ရင် လွင့်တယ်၊ စိတ်ကူးရင် စိတ်ကူးတယ်-ဟုမှတ်ပါ။ ရှုမှတ်နေစဉ် ညောင်း ရင် ညောင်းတယ်ဟုမှတ်၊ တစ်နေရာရာမှ နာကျင်နေပါက နာကျင်တယ်ဟုမှတ်၊ ထိုဝေဒနာများအပေါ် စူးစိုက်မှတ်ပါ။ ပျောက်သည့်ဝေဒနာများလည်း ရှိမည်။ မပျောက်သည့်ဝေဒနာများလည်းရှိမည်။ အလွန် တရာ ညောင်းကိုက်လွန်းသဖြင့် ခြေပြောင်းလိုပါက ပြောင်းစဉ်ကို သိနေလျက် ပြောင်းတယ်ပြောင်းတယ် ဟုမှတ်၊ သတိမလွတ်စေပါနှင့်၊ ဘာပဲလုပ်လုပ် သတိကို ဘယ်တော့မှမလွတ်စေပါနှင့်၊ တစ်ခုသတိထား ရမည်မှာ ခန္ဓာကိုယ်ကို သိပ်အလိုမလိုက်မိဖို့ဖြစ်သည်။ ခန္ဓာကိုယ်ကို သိပ်အလိုလိုက်လွန်းလျင် သမာဓိပျက် သည်။ သမာဓိပျက်ပါများပါက တရားမြင်ရန်မလွယ်ကူနိုင်။ ထို့ကြောင့် ခဏခဏအပြောင်းအလွဲမလုပ်ပါနှင့် မှတ်နေရင်း လက်စသည်တွင် ယားမှုတို့ဖြစ်လာပါလျင် ယားတယ် ယားတယ်ဟုမှတ်ပါ၊ တဖြေးဖြေးပျောက် ကွယ်သွားပါလိမ့်မည်။ တစ်ခါတစ်ရံ သတိလွတ်သဖြင့် ယားသည်ထင်မိသောနေရာကို လက်ဖြင့်ကိုင်မိ တတ်သည်။ ထိုအခါ ဘာမှမရှိသည်ကို တွေ့ရပါလိမ့်မည်။ အကယ်၍ ယားမှုတို့ပျောက်လျင် မူဖြစ်သည့် ၊ ဖေါင်းတယ်ပိန်တယ်ကို ပြန်၍မှတ်ပါလေ။ မူကိုတော့ဖြင့် မမေ့နှင့်။
စင်္ကြံလျှောက်ပုံနှင့်ရပ်ပုံ
ထိုင်ရာမှထမည်ဆိုလျင် ထတယ် ထတယ်ဟုမှတ်၊ ရပ်လျင် ရပ်တယ် ရပ်တယ်ဟုမှတ်၊ ရပ်တယ်ဟု တစ်ချက်နှစ်ချက်တည်းဖြင့် မပြီးစေရ၊ အချိန်နည်းနည်းကြာပါစေ၊ ရပ်နေချိန်တွင် ခြေအစခေါင်းအဆုံး စိတ်ဖြင့် မြင်အောင်ကြည့်ပါ ခန္ဓာကိုယ်၏ တောင့်တင်းခက်မာခြင်းသဘောကို တွေ့လိမ့်မည်။ ထိုမှတစ်ဖန် ညာဖက်မှ စကာ ညာ-လှမ်း-တယ်-ဟု  ညာတွင် ခြေကြွမှုကို စိတ်ဖြင့်သိကာ လှမ်းတွင် ခြေလှမ်းနေချိန်ကို သိပါ။ တယ် ဆိုသောအချိန်တွင် ခြေချသည်ကို စိတ်ဖြင့်သိပါ။ ဤနေရာတွင် ပြောစရာရှိသည်မှာ အဘယ့်ကြောင့် ညာဖက်မှ စလျှောက်ရသနည်းဟူသောမေးခွန်းပင်၊ ဘယ်ဖက်မှဖြစ်စေ ညာဖက် မှဖြစ်စေ စလျှောက်နိုင်ပါသည်။ ညာဖက်မှစရှုစေချင်သည်မှာ မြတ်စွာဘုရားသည် ညာဖက်မှစ၍ လှမ်းကြွတော်မူလေ့ရှိသောကြောင့် ဘုရားရှင်ကို အတုယူလျက် လျှောက်စေလို၍ဖြစ်သည်။ (စိန်ပန်း မဟာစည်ဆရာတော်) မိမိအယူဆနှင့် မတူမျှလျင် ကြိုက်သည့်ဖက်မှ စလှမ်းနိုင်ပါသည်။ စရှုမှတ်ချိန်တွင် ညာလှမ်းတယ် ဘယ်လှမ်းတယ်ဟု မှတ်ပါ။ ထိုညာလှမ်းတယ် ဘယ်လှမ်းတယ်သည် မိမိနှင့်အဆင်မပြေ ၍သော်လည်းကောင်း မှတ်၍အဆင်ပြေပြီဆိုလျင် သော်လည်ကောင်း စင်္ကြံရှုမှတ်မှုကို တစ်မျိုးပြောင်း ပါ၊ ပြောင်းပုံမှာ ကြွ-တယ်၊ ချ-တယ်ဟူ၍ဖြစ်သည်။ ကြွဟူသော အချိန်တွင် ခြေကြွနေသည်ကို စိတ်ဖြင့် သိနေရမည်၊ ချဆိုသောအချိန်တွင် ခြေချနေသည်ကို စိတ်ဖြင့်သိနေရမည်။ ထပ်၍မှာလိုသည်မှာ မမြန်မိစေ ရန်ဖြစ်သည်။ ထိုသို့ ဘယ်လှမ်းတယ် ညာလှမ်းတယ်-ဟု လည်းကောင်း ကြွတယ် ချတယ်-ဟု မှတ်ပြီး သည့်နောက် သမာဓိရလာသောအခါ ရှုမှတ်မှုကို အသေးစိတ်စေရန် တစ်ဆင့်ပြောင်းရပါတော့မည်။ ပြောင်း ပုံမှာ - ကြွ-တယ် လှမ်း-တယ် ချ-တယ်ဟူ၍ဖြစ်သည်။ တရားအလုပ်ကို တကယ်လုပ်သော ယောဂီသည် ရှုမှတ်မှု ကြာလာသည်နှင့်အမျှ အမှတ်ပိုစိတ်လာရမည်။ သမာဓိပိုရလာရမည်။ ယခုပြခဲ့သည့် စင်္ကြံမှတ်ပုံမှာ လွယ်သည်ဟုထင်ရသော်လည်း တကယ်ရှုကြည့်ပါက မလွယ်သည်ကို သိလာရ ပါမည်။ တရားကို လွယ် လွယ်နှင့်ရမည်ဟု ထင်မှတ်မထားပါနှင့် မိမိ၏ ၀ီရိယ၊သတိ၊သမာဓိကို ကြိုးစားစိုက်ထုတ်ပါ၊ တရားအား ထုတ်သော ယောဂီသည် စရှုမှတ်ချိန်တွင် သမာဓိအားနည်းသောကြောင့် လျင်လျင်မြန်မြန်ဖြစ်နေလိမ့်မည်။ ရှုမှတ်မှုအားကောင်း၍ သမာဓိရလာလေလေ ဣနြေ္ဒတို့ငြိမ်သက်လေလေဖြစ်သည်။ ထိုသို့လျှောက်လေရာ စင်္ကြံလမ်းအဆုံးသို့ ရောက်သည့်အချိန်တွင် ခြေစုံရပ်၍ ခေါင်းအစခြေအဆုံး စိတ်ဖြင့်မြင်အောင်ကြည့်လျက် ရပ်-တယ် ရပ်-တယ်ဟု မှတ်ပါ၊ ရပ်ချိန်တွင် ခန္ဓာကိုယ်တောင့်တင်းထောင်မတ်နေခြင်းသဘောတို့ သိရှိလာ ပါမည်။ ထိုသို့ရပ်ပြီးသည့်နောက် လာရာစင်္ကြံလမ်းသို့ ပြန်လှည့်မည်ဆိုသောအခါ လှည့်စဉ်တွင် လှည့်- တယ် လှည့်-တယ်ဟု မှတ်ပါ။ မြန်မြန်မလှည့်ပါနှင့်။ တရားရှုသူမှာ အမူအရာ လူနာနှင့်တူရပါမည်။ ကျန်းမာရေးကောင်းသူအဖို့ ရပ်ခြင်းစသည်မှာ လွယ်ကူနေမည်ဖြစ်သော်လည်း လူနာအဖို့ ထိုသို့ မြန်နိုင် လိမ့်မည်မဟုတ်ပေ။ တရားရှုသူမှာလည်း ထို့အတူပင် သတိမေ့လျော့နေလျင် မြန်နေပြီး သတိကောင်းကာ အမှတ်စိပ်နေသည့်အချိန်တွင် ဖြေးနှေးသွားသည်ကို ရှုသည့်ပုဂ္ဂိုလ်ကို သာမန်ကြည့်၍ပင် သိနိုင်ပါသည်။ လှည့်ပြီး၍ စင်္ကြံလမ်းသို့ ရှေးရှုမိသည်တွင် ခေါင်းအစခြေအဆုံး စိတ်ဖြင့် မြင်အောင်မှတ်လျက် ရပ်-တယ် ရပ်-တယ်ဟု မှတ်ပါ။ ထို့နောက် အထက်ပါနည်းအတိုင်း ဆက်လက်လျှောက်လှမ်းနိုင်ပါပြီ။တစ်ခုသတိ ထားပါ၊ လမ်းလျှောက်ရင် မျက်စိမှိတ်ပြီးမသွားပါနှင့် ခလုတ်တိုက်လဲတတ်တယ်၊ လေးတောင်ခန့်ကြည့်ပါ။
လျောင်း၍ရှုမှတ်ပုံ
လှဲအိပ်လိုလျင် လှဲချင်တယ် လှဲချင်တယ်။ ခေါင်းအုံဖြင့် လက်၊ခြေ၊ခေါင်း တစ်စုံတစ်ရာထိမှုကို ထိတယ် ထိတယ်-ဟုမှတ်ပါ။ ထူးခြားမှုရှိလျင် ထူးခြားသည့်အခြေ အနေပေါ်လိုက်၍ ရှုမှတ်ပါ။ ထူးခြားမှုမရှိ လျင် ဖေါင်းပိန်ကိုသာ ပြန်လည်ရှုမှတ်ပါလေ။ အိပ်လိုလျင် အိပ်ချင်တယ်-ဟုမှတ်ပါ။ သတိလွတ်၍မအိပ်ရ။ အားထုတ်ပါများသောအခါ အိပ်ချင်တယ်ဟုမှတ်လျင် ပြန်လည်ကြည်လင်လာတတ်သည်။ ထိုအခါ ကြည် လင်တယ် ကြည်လင်တယ်ဟုမှတ်ပါ။ အိပ်ခြင်းသည် ဘ၀င်စိတ်ဖြစ်သည်။ ထိုဘ၀င်စိတ်သည် အစ စွာဖြစ်သောစိတ်၊ စုတိစိတ်နှင့် အလားတူသောစိတ်ဖြစ်ရကား အလွန်သိမ်မွေ့သဖြင့် အိပ်ပျော်ခိုက်၌ မှတ်၍မရနိုင်၊ အခြားအချိန်တွင် ကြာမြင့်စွာ မဖြစ်တတ်၊ အိပ်ပျော်နေချိန်သာ ကြာမြင့်စွာဖြစ်တတ်သည်။ သို့သော် သူ ဘာကိုအာရုံပြုသည် ဖြစ်နေသည်ကိ မသိရ၊ ထို့ကြောင့် မမှတ်နိုင်ခြင်းဖြစ်သည်။ နိုးလျင် နိုး တယ်ဟုမှတ် စစရှုချင်းတွင် နိုးသည်ကို မသိဖြစ်တတ်သည်။ ထို့ကြောင့် စစရှုချိန်တွင် မိမိဦးစွာပေါ်သည်ကို ရှုပါ။ မျက်နှာသစ်လျင် သို့မဟုတ် ရေချိုးလျင် သို့မဟုတ် ထမင်းစားလျင် သို့မဟုတ် အ၀တ်ဝတ်လျင် ကြည့်ခြင်း မြင်ခြင်း လက်လှမ်းခြင်း ကိုင်ခြင်း ခပ်ခြင်း ယူခြင်း လောင်းခြင်း အေးခြင်း ပွတ်တိုက်ခြင်း ပြင် ၀တ်ခြင်း အိပ်ရာပြင်ခြင်း တံခါးဖွင့်ခြင်း ငုံ့ခြင်း ထိခြင်း ချခြင်း မျိုခြင်းတို့တွင် တယ်တစ်လုံးကို မမေ့ပါနှင့်။
အမှတ်တက်ပုံ
အားထုတ်၍ သမာဓိရလာလျင် ဖေါင်းတယ် ပိန်တယ်ဟူသော နစ်ချက်ရှုမှတ်မှုမှ ဥပမာ = ထိုင်ချိန် တွင် ဖေါင်းတယ် ပိန်တယ် ထိုင်တယ်ဟုလည်းကောင်း လျောင်းချိန်တွင် ဖေါင်းတယ် ပိန်တယ် လျောင်း တယ်ဟုလည်းကောင်း သုံးချက်မှတ်ကာ တစ်ချက်တိုးမှတ်လာရပါမည်။ အမှတ်တိုးလာသည့်အဆင့် မရောက်ဟု စိတ်ထင်မိသောအခါ ပျင်းလာတတ်သည်။ ထိုသို့ပျင်းလျင် ပျင်းတယ် ပျော်လျင် ပျော်တယ် ဟုသာ အမှတ်မလွတ်စေပဲ ရှုမှတ်ပါလေ။ ဤသို့ဖြင့် အိပ်ပျော်ချိန်မှတစ်ပါး ကျန်အချိန်အားလုံးတွင် သတိ မလွတ်စေပဲ ကိုယ်၊ ဝေဒနာ၊ စိတ်၊ ပရမတ္ထဓမ္မတို့ကို ရှုမှတ်ခြင်းဖြင့် သတိပဋ္ဌာန်အလုပ်ကို အားထုတ်နိုင်ကြ ပါစေ။
အထူးမှာထားချက်
ဤပိုစ့်အပြင် ယခင်မိမိ ရေးခဲ့သည့် ပိုစ့်သုံးခုကိုပါ ပူးတွဲလေ့လာစေချင်ပါသည်။ သို့မှသာလျင် စာဖတ်သူ များ ပိုမိုနားလည်လာပါလိမ့်မည်။ မိမိသည် (စိန်ပန်းတွင်)မဟာစည်နည်းသာ လေ့လာဖူးသောကြောင့် မဟာစည်နည်း ကို ရေးသားခြင်းဖြစ်ပါသည်။ အခြားနည်းကို မလေ့လာဖူး၍ မရေးသားနိုင်ခြင်းကို အစွဲကြီး သည်-ဟု အထင် မရောက်စေလိုပါ။ လေ့လာအဆင့်မျှသာရှိသည့်အပြင် မဟာစည်ရိပ်သာတွင်းမှလည်း မဟုတ်ပါ။ ဤပိုစ့်ကို မဟာစည်ဆရာတော်ကြီး၏ ၀ိပဿနာရှုနည်းကျမ်းကြီး ပဌမတွဲ၊ဒုတိယတွဲတို့မှ ထုတ်နှုတ်ရေးသား ထားသော ၀ိပဿနာရှုနည်း (အကျဉ်းချုပ်)စာအုပ်မှ ပြန်လည် ထုတ်နှုတ်ရေး သားခြင်းဖြစ်ပါသည်။
ဝိပဿနာအားထုတ်ခြင်းဖြင့် မိမိတို့ကိုယ်ကို မြင်ပြီး ဘုရားကို မြင်နိုင်ကြပါစေ။ 
Print Friendly and PDF
Twitter Bird Gadget