ဒီဆိုက်ဒ်ထဲက စာတွေက ၀ါသနာအရ အားတဲ့အချိန်မှာ ရေးသားခြင်း ဖြစ်ပါတယ်။ စာအုပ်တွေကို အရင်ကတည်းက တွေ့တဲ့ဆိုက်ဒ်တွေကနေ Download ဆွဲထားခဲ့ပါတယ်။ ဒီကို ပြန်တင်မယ်ဆိုပြီး ရည်ရွယ်ရင်းမရှိခဲ့ပါ။ ဒါကြောင့် ခုလိုပြန်တင်ဖြစ်သွားတော့ ယူခဲ့တဲ့ဆိုက်ဒ်တွေကို မမှတ်မိတော့ပါဘူး။

Friday, February 1, 2013

ဝိပဿနာနှင့်ရောဂါဝေဒနာ

E.G. F | 1:39 AM |


မြတ်စွာဘုရားသည် ထိုအနာရောဂါကို ရှုမှုဝီရိယဖြင့် ဖယ်ရှား၍ အသက်ရှင်ကြောင်း ပြုပြင်မှုကို ဆောက် တည်၍နေတော်မူ၏။ ထိုသို့ နေတော်မူသောအခါ၌ မြတ်စွာဘုရား၏ သေစေနိုင်လောက်အောင် ကြီးမားပြင်းထန်သော ထိုအနာရောဂါသည် ပျောက်ငြိမ်းသွားလေတော့သည်။( တက္ကသိုလ်ဝိပဿနာ၊၉၇)
  
ရွှေဘိုနယ် လိမ်ချင်းရွာမှ ဘုန်းကြီးတစ်ပါးသည် ၁၈-နှစ်သားကတည်းက လေနာရောဂါစွဲခဲ့ရာ နှစ်၂၀ -ကြာ ဆေးစား၊ အနှိပ်ခံစသည်ဖြင့် ကုခဲ့သော်ငြား မပျောက်ခဲ့ပဲ မဟာစည်နည်းဖြင့် တရားရှုရာ ရက်အနည်း ငယ်အတွင်း ပျောက်ကင်းသွားပါတယ်။ (တက္ကသိုလ်ဝိပဿနာ၊၁၀)
တာမွေမှ ခေါ်ခင်ထွေး ဗိုက်ထဲမှာ အလုံးကြီးရှိနေရာ ဆရာဝန်က ခွဲရမည်ဟုပြောရာ ဘာကုသိုလ်မှ မရသေးသဖြင့် ရိပ်သာဝင်ပြီးမှ ခွဲမည်ဟုဆိုလျက် ရိပ်သာဝင်ရာ သုံးရက်ပြည့်သည်နှင့် ဆက်မထိုင်နိုင်အောင် ဗိုက်ထဲမှ အောင့်နေသည်။ ဆရာဝန်ထံပြကြည့်ရာ တရားဆက်အားမထုတ်သင့် ဟု ပြောသော်လည်း ရိပ်သာဆရာတော်အား တိုင်ပင်ရာ ဣရိယာပုထ်လေးပါးလုံးနဲ့ ရှုနိုင်ကြောင်း မိန့်သဖြင့် ဆက်လက်အားထုတ်ရာ ဆယ့်ငါးရက်ပြည့်သည့်နေ့တွင် ထမင်းစားနေစဉ် ပုပ်နံ့ထွက်သဖြင့် ဆင်ခြင်ရာ မိမိဗိုက်ထဲမှဖြစ်သည်ဟု သိလိုက်သည်။ ဆက်လက်အားထုတ်ရာ တဖြေးဖြေး သူ့ဗိုက်ထဲမှ အလုံးက ကျသွားပါတယ်။ အဲဒါနဲ့ ဆရာဝန် ပြကြည့်ရာ မရှိတော့သည့်အတွက် ဆရာဝန်ပင် အံ့သြခဲ့ရသည်။ (တက္ကသိုလ်ဝိပဿနာ၊၁၀၄)
ရွှေဘိုနယ်၊ ကင်းဖျားရွာက ရဟန်းတစ်ပါးရဲ့ ဗိုက်ထဲမှာ အလုံးကြီးဖြစ်နေလို့ အစာစာတဲ့အခါ လက်ယာ နံဘေးမှာ ထောက်ပြီးတင်းနေလို့ လက်နဲ့နှိပ်ထားရတယ်။ ဆရာဝန်ပြတော့ ခွဲစိတ်ရမယ်တဲ့။ ခွဲစိတ်ရ မှာ ကြောက်တာနဲ့ ရန်ကုန်မဟာစည်ရောက်လာပြီး သိမ်ပေါ်မှာပဲ ထိုင်ရှုမှတ်နေပါတယ်။ ရက် ၂၀ အကြာ မှာ ပျောက်သွားပါတယ်။ (တက္ကသိုလ်ဝိပဿနာ၊၁၀၅)
မော်လမြိုင် ဒိုင်းဝန်ကွင်းက အသက်၅၄နှစ်ရှိတဲ့ ဦးအောင်ရွှေမှာ ဗိုက်ထဲအလုံးကြီးရှိနေလို့ ဆရာဝန်က ခွဲရမယ် ပြောပါတယ်။ မခွဲခင် ကုသိုလ်ရအောင်လို့ ရန်ကုန်မဟာစည်ကို ရောက်လာတယ်။ တရားအား ထုတ်နေရင်း ဗိုက်ထဲက ဖောင်းကနဲ့ပေါက်ကွဲပြီး သွေးတွေဖြာထွက်စီးကျနေတာကို ဥာဏ်နဲ့မြင်ရကြားရ သလိုတွေ့ပြီး အဲဒီနောက် အလုံးကြီးက ပျောက်သွားပါတယ်။ (တက္ကသိုလ်ဝိပဿနာ၊၁၀၆)
အသက်လေးဆယ်ရှိပြီဖြစ်တဲ့ ကိုမြဆောင်ရဲ့ ဒူးနာဝေဒနာက ငါးနှစ်ကြာခဲ့ပြီ။ ဆရာမျိုးစုံနဲ့ ကုပေမယ့် မပျောက်ခဲ့ပါဘူး။ မဟာစည်ဌာနခွဲ၊ မြင်းခြံရိပ်သာမှာ တရားအားထုတ်ပါတယ်။ မှတ်လေနာလေဖြစ် လို့ နေပါတယ်။ မျက်ရည်တောင်ကျပါတယ်။ လေးရက်အကြာမှာ ဒူးကွဲတာကို အရိုးပါမြင်လိုက်ရတာနဲ့ လန့်အော်မိပါတယ်။ ဆက်မရှုရဲပဲ နေတဲ့အခါမှာဆရာတော်က တရားဟောပြီး ဆက်ရှုမှတ်စေတဲ့အခါ 
ဒူးနာရောဂါပျောက်ပြီး ဘယ်တော့မှ ပြန်မပေါ်တော့ပါဘူး။ (တက္ကသိုလ်ဝိပဿနာ၊၁၀၇)
မြင်းခြံအနောက်ဘက်၊ ငါ့သရော်ရွာကျောင်းမှ ဆရာတော်ဦးသုမနရဲ့ဝမ်းမှာ အတုံးအခဲကြီးဖြစ်ပြီး မခံနိုင်အောင် ဖြစ်ရပါတယ်။ ဆရာမျိုးစုံနဲ့ကုလို့ မပျောက်လို့ နောက်ဆုံး မြင်းခြံမဟာစည်ရောက် လာပါတယ်။ ရှုလေနာကျင်လေ ဖြစ်နေလို့ လက်လျှော့ပြန်မလို့ကနေ မြင်းခြံရိပ်သာဆရာတော်မှ အားပေး တဲ့အတွက် ဆက်လက်ရှုရာမှာ တစ်နေ့ ကုဋီတက်ရင်း အကျိအချွဲ၊ အစိမ်းအနီ အ၀ါအပြာတွေကျလို့ ပေါ့ ပါးပြီး ပျောက်သွားပါတယ်။ (တက္ကသိုလ်ဝိပဿနာ၊၁၈၀)
မြင်းခြံမြို့ လယ်သစ်ရွာမှာ အသက်၇၀အရွာယ် ဦးမြင့်အောင်မှာ ပန်းနာရောဂါစွဲနေတာ နှစ်၃၀ရှိနေပြီ။ မဟာစည်ရိပ်သာခွဲ မြင်းခြံရိပ်သာရောက်လာပြီး တရားအားထုတ်ရာမှာ ခြောက်ရက်ရှိတော့ ပိုဆိုးပြီး ဟော ဟဲဟောဟဲဖြစ်ပြီး ဆန်ပြုတ်တောင်မသောက်နိုင်ခဲ့ဘူး။ လဲလဲကျနေလို့ ဆရာတော်လျှောက်တော့ ဆက်အားထုတ်ဖို့ အားပေးပြီး ဆက်ရှုနေလိုက်တာ နှစ်နာရီလောက်ကြာတော့ ချမ်းသာသွားပါတယ်။ ဒါပေမယ့် နောက်တစ်ပတ်အကြာ ရောဂါပြန်ထလာတယ် ။ သုံးရက်ဆန်ပြုတ်မသောက်နိုင်ဖြစ်ရတယ်။ ဆရာတော်က ဆက်ရှုမှတ်စေပြီး ဆက်ရှုမှတ်တဲ့အခါ ဗိုက်ထဲက ဖေါင်းကနဲမြည်ပြီး ပေါက်ကွဲကာ အကျိ အချွဲအလုံးအခဲတွေ အစိမ်းအနီအ၀ါအပြာတွေ ထွက်သွားတာကို ဥာဏ်မျက်စိနဲ့မြင်ပြီးနောက် လုံးလုံးကြီး ကို ပျောက်သွားပါတယ်။ (တက္ကသိုလ်ဝိပဿနာ၊၁၁၀)
ရန်ကုန်မဟာစည်ရိပ်သာကို အသက် ၂၀-အရွယ်ရှိတဲ့ မောင်ဝင်းမြင့် ရောက်လာပါတယ်။ သူဟာ ၁၆-နှစ် ကနေ အသက် ၂၀-ထိ ယားနာတဲ့ရောဂါ ခံစားနေရတယ်။ ဖြစ်ပုံက သူ ၁၆နှစ်အရွယ်မှာ ရွှေကျင်ကို သွားနေစဉ်က ချေ၊ဆတ်၊တောကြောင်၊ လင်းမြွေ၊ဖွတ်ဥစတဲ့ အညှီအဟောက်တွေကို မရှောင်တမ်းစားရာ ကနေဖြစ်တာပါ။ ဆရာဝန်တွေတောင် ကုလို့မရတဲ့ အခြေနေဖြစ်ခဲ့ပါတယ်။ သူ့အဘိုးက ခေါ်လာတယ် ။ နှစ်ရက်လောက်ရှိသေးတယ် အိမ်ပြန်ပြေးလို့ သူ့အဘိုးက ပြန်ခေါ်လာတယ်။ ဆရာတော်ကို လျှောက်ပြတော့ ဆရာတော်က ဆက်မှတ်ခိုင်းပါတယ်။ ငါးမိနစ်ရှိသေးတယ် ယားလာပါ တယ်။ တစ်နာရီအကြာမှာ ပျောက်တယ်။ နောက်တစ်ပတ်တော့ ထပ်ယားလာပြန်ပါတယ်။ ချွေးတွေ မျက်ရည်တွေကျပြီး တဆတ်ဆတ်တုန်တဲ့အထိပါပဲ။ ဆက်ရှုတော့ ပျောက်ပြန်တယ်။ နောက် ရက်ပေါင်းနှစ် ဆယ်မှာ ထပ်ယားပြန်တယ်။ ထပ်ရှုတော့ အပူချိန်တွေ ကျပြီး ပျောက်သွားပါတယ်။ နေ့ ၁၁နာရီမှာ ရေချိုးဖို့ အပြင်ထွက်တော့ ခွေးတစ်ကောင်အနားလာတယ်။ နံလို့ မောင်းထုတ်ပြီးပြန်အ၀င် ဆက်နံနေတဲ့အတွက် မိမိကိုယ်ကအနံ့ဖြစ်ကြောင်း သိလိုက်ရတယ်။ ရေချိုးဆပ်ပြာ တိုက်လဲ မပျောက်ဘူး။ နှစ်ရက်တိတိဆက် နံတယ်။ ဆက်ရှုမှတ်တော့ နောက်ရက်တွေမှာ ခွေးနံ့ပျောက်ပြီး ယားနာလည်းပျောက်၊ သွေးသန့်ပြီး ခရု သင်းလဲ မရှိတော့ပဲ စိုစိုပြေဖြစ်သွားပါတယ်။
ယနေ့ ကမ္ဘာလှည့်ပြီး ၀ိပဿနာပြနေတဲ့ ဆရာကြီးဦးဂိုအင်ဂါသည် မြန်မာပြည်ပြန်ရောက်လာပြီး ဆရာကြီး ဦးဘခင်ဆီမှာ ၀ိပဿနာအားထုတ်ရင်း အရင်က အမြဲဖြစ်နေတဲ့ ခေါင်းကိုက်ဝေဒနာ အရှင်းပျောက်ကင်း သွားပါတော့တယ်။ မုဒုံ၊တော်ကူးရိပ်သာမှာ တရားအားထုတ်ရင်း ရောဂါပျောက်သွားတာကို အများလဲ ကြားဖူးပြီးသားဖြစ်ပါလိမ့်မယ်။ 
အရှင်မဟာကဿပ နာမကျန်းဖြစ်တော့ ဘုရားရှင်က ဗောဇ္ဈင်ခုနစ်ပါးကို ဟောတော်မူရာမှ နာကြားပြီး ၊ ရောဂါပျောက်သွားပါတယ်။ မြတ်စွာဘုရားရှင် ကျန်းမာတော်မမူတော့ အရှင်စုန္ဒမထေရ်ကို ဗောဇ္ဈင် တရားဟောစေပြီး နာကြားတော်မူလို့ ရောဂါပျောက်တော်မူ ခဲ့ပါတယ်။ ဒီလိုပျောက်ရာမှာ မဟာစည် ဆရာတော်ဘုရားရဲ့ တက္ကသိုလ်ဝိပဿနာ၊၁၄၃-မှာ ရွတ်ဆိုသော တရားကြောင့်လည်း ပျောက်သည်။ ထိုတရားကို နာယူသူ၏ သဒ္ဓါစသည်ကြောင့်လည်း ပျောက်သည်။ နာကြားပြီးနှလုံးသွင်းသဖြင့်လည်း ၊ ပျောက်သည်။ ဤသုံးနည်းတွင် တတိယနည်းက ပိုခိုင်မာသည်-ဟု ဆိုထားသည်။
မှတ်ချက် = မောင်သွေးချွန်စစည်းပူဇော်သည့် သာသနာငါးထောင်ရှင်းတမ်းစာအုပ်မှ တစ်ဆင့် ထုတ်နှုတ်ရေးသည်။
Print Friendly and PDF

No comments:

Post a Comment

Twitter Bird Gadget