စာပေဆိုတာ မဖြစ်မနေလေ့လာလိုက်စားရမယ့် အဖေါ်မွန်ပါ။
လေ့လာရုံ၊ဖတ်ရုံပဲလုပ်ပြီး မကျင့်ရင်တော့ အကျိုးမများ ဘူးပေါ့။ ဒါပေမယ့်
စာပေက အလကားပါ ကျင့်မှဖြစ်တာပါလို့ တဖက်သတ်ကြီးတော့ မယူသင့်ဘူး ထင်ပါတယ်။
မိုးကုတ် ဆရာတော်ရဲ့ ဆိုလိုချက်က စာပေသင်ရုံနဲ့ မပြီးဘူး၊ ကိုယ်တိုင်လဲ
ကျင့်ဖို့လိုတယ်လို့ ဆိုလိုတာပါ။ ဆရာတော်ကိုယ်တိုင်
စာတတ်အကျော်ဆရာတော်တစ်ပါးဖြစ်ပါ တယ်။ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့ဆိုတာ
စာတတ်စာချလို့ရတဲ့ဘွဲ့ဖြစ်ပါတယ်။ စာတွေ့ ပဲဦးစားပေးပြီး
အလုပ်မလုပ်တဲ့သူကို အားမရနိုင်လို့ပြောခဲ့တာပါ။ လူတစ်ယောက်က
စာမဖတ်ပဲလုပ်ရင် ထိုက်သင့် သလောက်အောင်မြင်နိုင်ပေမယ့် စာပေလဲလေ့လာ
အလုပ်လဲလုပ်တဲ့သူနဲ့တွေ့ရင် အလိုလို အသွားတာပါပဲ။ ဒါကတစ်ချို့ အပြောသမား
သက်သက်ကို ရည်ညွှန်းပါတယ်။ လိုရင်းကတော့ အောက်မှာပါ။
ဒကာတစ်ယောက်နဲ့
chat box မှာ တွေ့တဲ့အခါ (----)ဆရာတော်က ဥပါဒါနက္ခန္ဓာကို ၀ိပဿနာရှု၍မရ-လို့
ဟောပါ တယ်။ အဲဒါဘယ်လိုပါလဲ-တဲ့။ ဆရာတော်အတော်များများ ဖြေရှင်းထား ကြတာလဲ
ရှိပါတယ်။ ဦးဇင်းကတော့ တွေ့မိထား တဲ့ စာစုအနည်းငယ်ကို
ချရေးပြီးဖြေချင်မိလို့ပါ။ အဖြေရဲ့တစ်ပိုင်းတစ်စကို ရရှိသွားမယ်ဆိုရင်
ကျေနပ်ပါတယ်။
ရုပ်အစုကို ရုပ်ခန္ဓာ၊ ဝေဒနာအစုကို ဝေဒနာက္ခန္ဓာ၊
သညာအစုကို သညာက္ခန္ဓာ၊ သင်္ခါရအစုကို သင်္ခါရက္ခ္ခန္ဓာ၊ ၀ိညာဏ်အစု ကို
ဝိဥာဏက္ခ္ခန္ဓာ-လို့ ခေါ်ပါတယ်။ အဲဒါက ခန္ဓာငါးပါးပါ။ ဥပါဒါနာက္ခန္ဓာ ဆိုတာကတော့
ဥပါဒါန်ရဲ့ အာရုံဖြစ်တဲ့ အတွက်ကြောင့် ဥပါဒါနာက္ခန္ဓာလို့ခေါ်တာပါ။
ဥပါဒါန်ဆိုတာ လောဘနဲ့ဒိဋ္ဌိကိုဆိုလိုတာပါ။ သူတို့တွေဟာ အကုသိုလ် တရားတွေပါ ။
လောကီစိတ်၊စေတသိက်၊ရုပ်ခန္ဓာတွေကိုပဲ အာရုံပြုနိုင်ပါတယ်။ လောကုတ္တရာခန္ဓာကို
အာရုံမပြုနိုင်ပါဘူး။ တိုတိုပြောရရင် ဥပါဒါန်ရဲ့အာရုံဖြစ်တဲ့ခန္ဓာဆိုတာ
လောကီစိတ်၊ အဲဒီလောကီစိတ်နဲ့ယှဉ်တဲ့ စေတသိက်၊ရုပ်တရားများပါပဲ။ ခန္ဓာဆိုတာ
ဘုရား၊ရဟန္တာမှာလဲ ရှိသလို မိမိတိုပသာမန် ပုထုဇဉ်မှာလဲရှိတာပါပဲ။
အဲဒီလိုရှိနေလို့ ဥပါဒါနာက္ခန္ဓာကို ဘုရားရှင်က သီးခြားဟောတော်မူတာပါ။
ဒေသနာတော်ကို
ဟောရာမှာ ခန္ဓဒေသနာ (ခန္ဓာငါးပါး)ကိုဟောပြီးခါမှ ဥပါဒါနာက္ခန္ဓာ
(ဥပါဒါနာက္ခန္ဓာငါးပါး)ကို ဟောခဲ့ ပါတယ်။ အဲဒီလိုဟောလို့ ခန္ဓာငါးပါးချင်း
အတူတူပဲဆိုပြီး ထင်စရာရှိ တာပေါ့။ ဒါပေမယ့် ၀ိပဿနာကမ္မဋ္ဌာန်း ဆီးဖြန်းတဲ့
အခါမှာ လောကုတ္တရာခန္ဓာကို အာရုံပြုပြီး ဆီးဖြန်းလို့မရပါဘူး၊
ဝဋ့်ဒုက္ခတရားတွေကို အာရုံပြုပြီးဆီးဖြန်းမှ အနိစ္စ၊ဒုက္ခ၊ အနတ္တသဘော
ထင်မြင်နိုင်ပါတယ်။ ဒီနေရာမှာ ပြောစရာရှိလာတာက လောကုတ္တရာစိတ်၊စေတသိက်တွေဟာ
အနိစ္စ၊ဒုက္ခ၊ အနတ္တမှာ ပါဝင်တဲ့တရားတွေဖြစ်တယ်ဆိုတာပါပဲ။ သို့ပေမယ့်
မဂ်တရားတွေက ၀ဋ့်ဒုက္ခမှထွက်မြောက်ကြောင်း၊ ဖိုလ် တရားတွေက ဒိဋ္ဌဓမ္မ
နိဗ္ဗာန်စံဖို့အကြောင်းဖြစ်တဲ့ အတွက်ကြောင့် အနိစ္စ၊ဒုက္ခ၊အနတ္တရယ်လို့
ရှုပေမယ့်လည်း နိဗ္ဗိန္ဓဥာဏ်ဖြင့်ငြီးငွေ့ဖို့ရာ မဟုတ်တော့ပါဘူး။ အဲဒါကြောင့်
ကမ္မဋ္ဌာန်းရှုတဲ့အခါ လောကီခန္ဓာတွေကိုပဲရှုရတာပါ။ ဘုရား၊ ရဟန္တာများဟာ
သူတို့ရဲ့ရုပ်ခန္ဓာတော်ကို ၀ိပဿနာရှုသော်ငြား ရှုရုံသာရှိပါတော့တယ်။ ဥပမာ
လက်ကိုကွေးခြင်း၊ ဆန့်ခြင်းပြုတယ်ဆိုပါစို့ ဦးဇင်းတို့ ဒကာတို့က
ကွေးလိုတဲ့ ကွေးချင်တဲ့တဏှာရှိပါတယ်။ ဘုရားရဟန္တာများမှာ အဲလိုတဏှာ
မျိုးမရှိပါဘူး။ ပယ်ပြီးဖြစ်ပါတယ်။ တကယ်တော့ ၀ိပဿနာရှုဖို့
ဆိုတဲ့အကျိုးအတွက်ကိုသာ ရည်ရွယ်ပြီး လောကီသက် သက်ဖြစ်တဲ့ ဥပါဒါနာက္ခန္ဓာကို
တဖန်ထပ်ပြီးဟောရတာပါ။ ဒီလောက်နဲ့ မလုံလောက်ဘူးဆိုရင်လဲ သေသေချာချာ
ရှာဖွေလေ့လာ ပါဦးနော်။ တစ်ချို့သောသူတွေက နားမလည်နိုင်ပဲရှိပါလိမ့်မယ်။
အဲဒီအတွက် ဘာမှစိတ်အနှောင့်အယှက် ရစရာမလိုပါဘူး။ ဓားဆိုတာ အမြဲသွေးနေမှ
ပိုထက်လာပါတယ်။ လိုဆိုတာ ပိုပြီးလေ့လာနေမှ ပိုပြီးသိလာပါတယ်။ ပိုပြီး
လုပ်ပါမှ ပိုပြီးတတ်လာပါတယ်။ ပိုသိပိုတတ်သွားရင်တော့
လူလိမ္မာဖြစ်သွားပြီးပေါ့။ ဦးဇင်းကတော့ ခုထိမလိမ္မာသေးပါဘူး။
လိမ္မာဖို့ကြိုးစားနေဆဲပါ။
ကိုး = ဋီကာကျော်၊ သင်္ဂြိဟ်ဘာသာဋီကာ။
အရှင်က၀ိန္ဒ(ချောင်းဆုံ)
No comments:
Post a Comment