ဒီဆိုက်ဒ်ထဲက စာတွေက ၀ါသနာအရ အားတဲ့အချိန်မှာ ရေးသားခြင်း ဖြစ်ပါတယ်။ စာအုပ်တွေကို အရင်ကတည်းက တွေ့တဲ့ဆိုက်ဒ်တွေကနေ Download ဆွဲထားခဲ့ပါတယ်။ ဒီကို ပြန်တင်မယ်ဆိုပြီး ရည်ရွယ်ရင်းမရှိခဲ့ပါ။ ဒါကြောင့် ခုလိုပြန်တင်ဖြစ်သွားတော့ ယူခဲ့တဲ့ဆိုက်ဒ်တွေကို မမှတ်မိတော့ပါဘူး။

Monday, February 4, 2013

ဂျာမန်ရဟန်းအရှင်ဥာဏပုဏ္ဏိက

Unknown | 6:44 PM |
`ဤကမ္ဘာလောကသည် တစ်ချိန်က ယမ်းခိုးယမ်းငွေ့များ၊ မီးခိုးမီးငွေ့များဖြင့် တောက်လောင်ခဲ့ဖူးသည်။ ယင်းစစ်ပွဲများသည် ကမ္ဘာအနှံ့ဖြစ်ပွားသဖြင့် ကမ္ဘာစစ်ဟု အသိအမှတ်ပြုကြသ်ည။ စစ်မက်ဖြစ်ပွားရာတွင် လောဘကိုအရင်းခံ၍လည်း စစ်မက်ဖြစ်ပွားကြသည်။ ဒေါသကိုအရင်းခံ၍လည်း စစ်မက်ဖြစ်ပွားကြသည်။ သူတို့၏ကိုယ်တွင် လောဘမီး၊ဒေါသမီး လွန်စွာလောင် ကြွမ်းနေသည်ကို သူတို့ကိုယ်တိုင်မသိနိုင်ကြတော့သဖြင့် မောဟမီးအပူဟပ်၍ သူတို့တွင် လူကောင်းတစ်ယောက်၏စိတ် မကပ်နိုင်ကြတော့ပေ။ လောကြီးတွင် လူသားတို့စိတ်ကို ဘုရားရှင် သည် ၈၁-မျိုးဟု ခွဲပြထားခဲ့သည်။ ထိုတွင် လူကောင်းတစ်ယောက်တွင် ရှိနိုင်သောစိတ် လူဆိုးတစ်ယောက်တွင် ရှိနိုင်သောစိတ်ကိုလည်း ခွဲပြထားခဲ့သည်။ စစ်ဘီလူးများသည် မည်သည့် စိတ်ဖြစ်ကြမည်နည်း။ စစ်သည် ဣဋ္ဌ-လိုလားဖွယ်၊ န-မရှိ = အနိဋ္ဌ - မလိုလားဖွယ်ဖြစ်သောကြောင့် မည်သူမျှလိုလားခြင်း အလျင်းမရှိပေ။ နှုတ်မဆင်ခြင်မှု၊ ကိုယ်မဆင်ခြင်မှု၊ စိတ်ကိုမထိန်း ချုပ်နိုင်မှုတို့ကြောင့် ပြဿနာများဖြစ်ပွားကြရာမှ အမှိုက်ကစ ပြဿာဒ်မီးလောင်ဆိုသကဲ့သို့ စစ်မီးတောက်များ ကြီးစွာဖြစ်ကြရသည်။ စစ်ဖြစ်လျင် လောကကြီးအထိနာမည်။ လောကြီးဟု ဆိုလိုက်သဖြင့် လူသားများလည်း ပါဝင်လာသဖြင့် လူသားတို့ပင်ဦးစွာဒုက္ခနှင့် ကြုံတွေ့ရပြန်သည်။ လူသားတို့ဖန်တီးသော စစ်၏အနိဋ္ဌာရုံများကို လူသားတို့ကြုံတွေ့ရခြင်းမှာ ဘယ်သူမပြု မိမိမှုသာဖြစ်တော့သည်။

ဒုက္ခဆိုသည်ကို လူတိုင်းအဓိပ္ပါယ်မဖွင့်ဆိုတတ်ကြသော်ငြား လူတိုင်းပင်ခံစားကြရသည်။ သတိပြုမိသူများက ဒုက္ခမှလွတ်မြောက်လိုကြသည်။ အဆင်ပြေမည့်နည်းလမ်းကို ရှာဖွေကြသည်။ ဒုက္ခနှင့်ကြုံတွေ့လာလျင် ပြိုင်လာလျင်အရှုံးပေး နှလုံးအေးသည့်ဆေးဟု သဘောပိုက်ကာ အရှုံးပေးလိုက်ကြသည်။ သို့သော် အရှုံးပေးသည်ဆိုရာတွင် အရှုံးကိုရယူလိုက်ခြင်း မဖြစ်စေပဲ အရှုံးကို ပေးလိုက်ခြင်းသာ ဖြစ်သင့်သည်။ တစ်ခါတစ်ရံတွင် အရှုံးကို လက်မခံပဲ မိမိတွင်ရှိနှင့်ပြီးသောအရှုံးကို မတရားအနိုင်ယူလိုသူများအား ပြန်ပေးခြင်းဖြင့် မိမိကိုယ်တိုင်ကအနိုင်ရလာ တတ်သည်။ ယင်းအနိုင်သည် အစွန်းထင်းမရှိသောအနိုင်ယူခြင်းဖြစ်သည်။ လူတစ်ဦးတစ်ယောက်၏ အရှုံးကို မျက်ရည်တစ်စက်ဖြင့် အဆုံးဖြတ်မပေးနိုင်ပေ၊ အဘယ့်ကြောင့်ဆိုသော် ၄င်း မျက်ရည်သည် အပြုံးမျက်ရည်ဖြစ်ချင်ဖြစ်နိုင်သောကြောင့်ပင်။ သက်သေပြရလျင် ဂျာမန်ရဟန်းတော်အရှင်ဥာဏပုဏ္ဏိကကို ထုတ်ဖေါ်ပြရပေလိမ့်မည်။ သူသည် ယုံကြည်ရာကို ရဲဝံ့စွာ ရွက်လွင့်သည်။ မုန်တိုင်းထန်သောပင်လယ်ကြားတွင် လေနီကြမ်းများကို ရှုရှိုက်ရင်း လိုရာကမ်းအရပ်သို့ ဆက်ကပ်ခရီးနှင်သည့် ရွက်လှေငယ်တစ်စင်းဖြစ်သသည်။

အရှင်ဥာဏပုဏ္ဏိကသည် 21-7-1901 ခုနစ်တွင် ဂျာမဏီပြည်၊ဖရင့်မြို့အနီး ဟန်နောတွင် အိဆက်နှင့်ဆိုဖီဖနီဂျာ ဂျူးဇနီးမောင်နှံတို့မှ မွေးဖွားသည်။ အမည်မှာ ဆစ်ဂမန်ဖြစ်၍ ဗုဒ္ဓဘာသာ စာအုပ်များကို ဖတ်ရှုရာမှ ဗုဒ္ဓဘာသာကို စိတ်ဝင်စားလာခဲ့သည်။ ၁၉၂၂-တွင် ဘာလင်သို့ ပြောင်းရွှေ့ကာ ဗုဒ္ဓဘာသာဝင်များနှင့် တွေ့ဆုံခွင့်ရခဲ့သည်။ ဗုဒ္ဓဘာသာဝင် အစုအဝေးနှင့်ဆက် သွယ်သည်။ ကျယ်ကျယ်ပြန့်ပြန့် လေ့လာခွင့်ရခဲ့သည်။ ထို့နောက် ဂျာမန်ရဟန်းတော် အရှင်ဥာဏတိလောကနှင့် တွေ့ဆုံခွင့်ရခဲ့သည်။ ၁၉၂၄-တွင် မိဘနှစ်ပါးသည် ရုရှားသို့ပြောင်းရွှေ့ သည်။ သူတို့နေထိုင်ရာ ကိုနင်ဘာ့(စ်)မြို့တွင် ဗုဒ္ဓဘာသာအသိုင်းအ၀ိုင်းနှင့် ဆက်သွယ်ပြီး ဗုဒ္ဓဘာသာအသိုင်းအ၀ိုင်းနှင့် ဆက်သွယ်သည်။ ဗုဒ္ဓစာပေလေ့လာရေးအဖွဲ့တည်ထောင်သည်။ သူ့ဖခင်၏ ဆိုင်တွင် ဗုဒ္ဓစာပေစာကြည့်တိုက်တစ်ခုဖွင့်သည်။ ထိုသို့ဖွင့်ရာမှ ရုရှားစာပေပညာရှင်များနှင့် အဆက်သွယ်ရသည်။

၁၉၃၂-တွင် ဖခင်ကွယ်လွန်သဖြင့် မိခင်နှင့်အတူ ဘာလင်သို့ပြောင်းရွေ့ခဲ့ပြန်သည်။ ၁၉၃၆-တွင် ဟစ်တလာအာဏာရလာပြီး ဂျူးများကို နှိပ်စက်သည်။ ဆစ်ဂမန်သည် ဂျူးဗဟိုကော်မတီ တွင် ဂျူးကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည်။ ၁၉၃၅-တွင် မိခင်နှင့်အတူ ဗီယင်နာမြို့ သြစတြီးယား)သို့ ပြောင်းရွှေ့သည်။ ၁၉၃၅-တွင် သီဟိုဠ်သို့ရောက်သည်။ သူ့ဆရာ အရှင်ဥာဏ တိလောကမထေရ်က ကူညီသည်။ ထိုနှစ်တွင် ဒီပရိပ်သာ၌ သာမဏေပြု၍ ၁၉၃၇-တွင် ရဟန်းဝတ်ခဲ့သည်။ ဘွဲ့အမည်မှာ အရှင်ဥာဏတိလောကဖြစ်သည်။ ဗုဒ္ဓစာပေနှင့် ပါဠိဘာသာကို သင်ယူခဲ့သည်။ အင်္ဂလိပ်စာကို ကိုယ်တိုင်လေ့လာသည်။

၁၉၃၉-တွင် သူနေထိုင်ရာအရပ်၏အပူဒဏ်ကို မခံနိုင်သဖြင့် သီဟိုဠ်အထက်ပိုင်း ဂမ္ပိုလာမြို့သို့ပြောင်းရွှေ့၍ လယ်တောထဲကျောင်းကလေးဆောက်ကာ ဆွမ်းခံစားသောက်ကာနေသည်။ ထိုသို့နေထိုင်ရင်း သံယုတ္တနိကာယ်ကောက်နှုတ်ချက်ကို ပါဠိမှဂျာမန်သို့ပြန်ဆို၍ သီဟိုဠ်သီတင်းသုံးဖေါ်နှစ်ပါးနှင့်အတူ ရိပ်သာတည်ဆောက်လျက် ကမ္မဋ္ဌာန်းအားထုတ်နေထိုင်သည်။ သတိပဋ္ဌာန်သုတ်နှင့်အဖွင့်ကို ထိုတွင်ပင် ဂျာမန်ဘာသာသို့ပြန်ဆိုခဲ့သည်။ ယင်းနှစ်တွင် ငှက်ဖျားဖြစ်သဖြင့် ဘန္ဒရာဝေလသို့ပြောင်းရွှေ့ကြသည်။ အင်္ဂလန်နှင့်ဂျာမဏီစစ်ဖြစ်သောအခါ ဂျာမဏီများကိုဖမ်းသဖြင့် သူ၏ဆရာ အရှင်ဥာဏတိလောကနှင့်အတူ အကျဉ်းစခန်းတွင် နေထိုင်ရသည်။ အရှင်ဥာဏပုဏ္ဏိကသည် ဂျူးလူမျိုးဖြစ်၍ သုံးပတ်သာနေထိုင်ရကာ ပြန်လည် လွတ်မြောက်လာသည်။ ၁၉၄၀-တွင် ဗြိတိသျှအစိုးရ၏ ဂျူးများအပေါ်မူဝါဒပြောင်းလဲလာမှုကြောင့် ထပ်မံဖမ်းဆီးခံရပြန်သည်။ ထိုစခန်းတွင်ပင် သုတ္တနိပါတ်ကို ဂျာမန်ဘာသာပြန်ဆို၍ ကျယ်ပြန့်သောမှတ်ချက်များ ထပ်ဖြည့်သည်။ ထို့နောက် အိန္ဒိယမြောက်ပိုင်း ဒါဟရာဒုန်းအကျဉ်းစခန်းသို့ ပြောင်းရွှေ့ခြင်းခံရပြန်သည်။

အရှင်သည် အိန္ဒိယသို့ စာအုပ်ပေါင်းများစွာ သယ်ဆောင်သွားပြီး ပရိယတ်ကိုဆက်လက်လုပ်ဆောင်သည်။ အပြင်ကမ္ဘာတွင် စစ်မက်ပြင်းထန်စွာဖြစ်ပွားနေချိန်တွင် အကျဉ်းစခန်း၌ ဓမ္မသင်္ဂ ဏီနှင့်အဋ္ဌသာလိနီကို ဘာသာပြန်သည်။ အဘိဓမ္မာနှင့်ပတ်သက်သောမှတ်စုများရေးသည်။ ဂျာမန်ဘာသာဖြင့် သတိပဋ္ဌာန်ဝိပဿနာကျမ်းတစ်စောင်ဖြစ်သော The Heart of Buddhism Meditation ကို ပြုစုသည်။ ယင်းစာအုပ်သည် ဘာသာပေါင်း ခုနစ်ဘာသာပြန်ဆိုခြင်းခံရပြီး သတိပဋ္ဌာန်ဝိပဿနာနှင့်ပတ်သက်၍ အင်္ဂလိပ်ဘာသာဖြင့်ရေးသော အကောင်းဆုံးစာအုပ် အဖြစ် အသိမှတ်ပြုခံရသည်။ ကမ္ဘာစစ်ပြီးသောအခါ ပြန်လည်လွတ်မြောက်လာ၍ ဒီပရိပ်သာ၌နေထိုင်ကာ Abhidhamma Studies အမည်ရှိစာအုပ်ကို ပြုစုသည်။ ၁၉၅၂-တွင် ဆရာတပည့်နှစ်ပါးသည် ဆဋ္ဌသင်္ဂါယနာပွဲအတွက် မြန်မာနိုင်ငံသို့ လာရောက်ဆွေးနွေးကြသည်။ ထိုဆွေးနွေးပွဲတွင် အနောက်နိုင်ငံများ၏ ဗုဒ္ဓသာသနာထွန်းကားရေးနှင့် ပိဋကတ်ဘာ သာပြန်ရေးတို့အတွက် တာဝန်ပေးခြင်းခံရသည်။ အရှင်ဥာဏပုဏ္ဏိကသည် မဟာစည်ရိပ်သာတွင် ကမ္မဋ္ဌာန်းအားထုတ်ရင်းဆက်လက်နေထိုင်ခဲ့သည်။ ၁၉၅၄-တွင် ဆရာတပည့်နှစ်ပါးသည် ဆဋ္ဌသင်္ဂါယနာဖွင့်ပွဲအတွက် မြန်မာနိုင်ငံသို့လာရောက်၍ ဖွင့်ပွဲနေ့တွင် အရှင်ဥာဏပုဏ္ဏိကသည် သူ့ဆရာ၏သ၀ဏ်လွှာကို ဖတ်ကြားခဲ့သည်။

၁၉၅၈-တွင် အရှင်ဥာဏပုဏ္ဏိကသည် ကန္ဒီမှ သူ၏မိတ်ဆွေနှစ်ဦးနှင့်အတူ ဗုဒ္ဓစာပေထုတ်ဝေရေးအသင်းထူထောင်သည်။ အသင်း၏အယ်ဒီတာနှင့် ဂုဏ်ထူးဆောင် အတွင်းရေးမှုးဖြစ်ခဲ့ ၍ နောက်ပိုင်းတွင် ဥက္ကဋ္ဌဖြစ်လာသည်။ သူသည် အသင်း၏ Wheel Publication စာအုပ်ပေါင်းများစွာ ရေးသားသည်။ အရှင်ဥာဏပုဏ္ဏိကသည် သူ့ဆရာ၏စာအုပ်ဖြစ်သော ဗုဒ္ဓဘာသာ အဘိဓာန်နှင့် အဘိဓမ္မာပိဋကတ်လမ်းညွှန်စာအုပ်များကိုလည်း တည်းဖြတ်ဖြည့်စွက်လျက် အကြိမ်များစွာထုတ်ဝေသည်။ အသင်းစာအုပ်များတွင် လယ်တီဆရာတော်၊ဝေဘူဆရာတော် တို့၏ ဘာသာပြန်စာအုပ်များနှင့် ပင်ကိုယ်ရေးစာအုပ်များလည်း ပါဝင်သည်။

၁၉၇၂-တွင် အနုပညာနှင့် သိပ္ပံပညာကမ္ဘာ့ပညာတံခွန်အသင်းကြီး၏ ဂုဏ်ထူးဆောင်အဖွဲ့ဝင်ဖြစ်လာသည်။ ၁၉၇၈-တွင် ဂျာမန်အရှေ့တိုင်းဘာသာရပ်ဆိုင်ရာ အသင်းကြီးမှ ဂုဏ်ထူးဆောင် အဖွဲ့ဝင်ဖြစ်လာသည်။ ၁၉၈၇-တွင် သီရိလင်္ကာ ဗုဒ္ဓဘာသာနှင့် ပါဠိတက္ကသိုလ်မှ ဒီလစ် (Doctor of literature) ဘွဲ့ပေးအပ်ခြင်းခံရသည်။ ၁၉၉၀-တွင် ပေရာဒေနိယတက္ကသိုလ်မှ ဒေါက်တာ (Doctor of letters) ဘွဲ့ ပေးအပ်ခြင်းခံရသည်။ ၁၉၉၃-တွင် သီရိလင်္ကာ အမရပူရနိကာယမှ အမရပူရ မဟောပါဓျာယ သာသနသောဘဏ ဘွဲ့ကို ပေးအပ်ခြင်းခံရသည်။ ဆရာတော်မသည် ဤသို့ဖြင့် သာသနာ့အကျိုးကို သယ်ပိုးထမ်းရွက်ရင်း ၁၉၉၄-ခုနစ်၊ အောက်တိုဘာလ၊ ၁၉-ရက်၊ သက်တော် ၉၃-တွင် ပျံလွန်တော်မူခဲ့သည်။

ဆရာတော်အရှင်ဥာဏပုဏ္ဏိကသည် ဂျာမဏီပြည်သား ဂျူးလူမျိုးဖြစ်၍ ဘ၀အချိုးအကွေ့တွင် ခေတ်ကာလအခြေအနေအရ မုန်တိုင်းထန်ခဲ့ရသည်။ မင်းအမျိုးမျိုးနှင့် တွေ့ခဲ့ရသည်။ ဒေသ အမျိုးမျိုးတွင် နေထိုင်ခဲ့ရသည်။ ရှုံးနိမ့်မှုအမျိုးမျိုးနှင့် ကြုံတွေ့ခဲ့ရပြီး အောင်မြင်မှုအမျိုးမျိုးကိုလည်း ပိုင်ဆိုင်ခွင့်ရခဲ့သည်။ ဒုက္ခများဝန်းရံနေသော သူ၏ဘ၀တွင် အေးချမ်းစွာနေထိုင်နိုင်ခဲ့ သည်။ မိမိကိုယ်တိုင်အေးချမ်းစွာနေထိုင်၍ သူတစ်ပါးကိုလည်း အေးချမ်းသောလမ်းကို ညွှန်ပြပေးခဲ့သည်။ အများကိုအားကျအတုယူစေခဲ့သည်။ စင်စစ် အရှင်ဥာဏပုဏ္ဏိကသည် အမုန်းမီးတောက်များကြားမှ အေးမြသောနတ်ရေစင်ပင်ဖြစ်ပါသတည်း။ ။ ။

အရှင်က၀ိန္ဒ(ချောင်းဆုံ) Print Friendly and PDF

No comments:

Post a Comment

Twitter Bird Gadget