တရုတ်နိုင်ငံနှင့်ဗုဒ္ဓသာသနာ
၁။တရုတ်တို့သည်မူလက ဗုဒ္ဓဘာသာကို နိုင်ငံခြားဘာသာတစ်ခုအဖြစ်သာ လက်ခံခဲ့သည်။ တရုတ်ပြည်၏ သမိုင်းတစ်လျှောက် ဗုဒ္ဓဘာသာသည် အတက်အကျအမျိုးမျိုးရှိခဲ့သည်။
၂။တရုတ်ပြည်သို့ ဗုဒ္ဓဘာသာစတင်ရောက်ရှိချိန်ကို အတိအကျပြောရန်ခက်ခဲသည်။ ရောက်ရှိခဲ့ပုံ၏ ပုံပြင်အမျိုးမျိုး ဒဏ္ဍာရီအမျိုးမျိုး တရုတ်စာပေတွင်ရှိသည်။
၃။တရုတ်ပညာရှိကွန်ဖြူးရှပ်သည် ဗုဒ္ဓနှင့်တစ်ခေတ်တည်း ပေါ်ထွန်းခဲ့သူဖြစ်သည်။ မှတ်တမ်းတစ်ခုတွင် ၀ူပြည်နယ်အမတ်ကြီးဖေါသည် ဆရာကြီးအား ဤကမ္ဘာပေါ်တွင် အမြင့်မြတ်ဆုံးပုဂ္ဂိုလ်သည် ဘယ်သူ
ပါနည်း-ဟုမေးရာ အနောက်ဖက်နိုင်ငံ (အိန္ဒိယနိုင်ငံ)တွင် အလွန်ထူးမြတ်သောပုဂ္ဂိုလ်တစ်ဦး ပေါ်ထွန်းနေ သည်-ဟု ချက်ချင်းပင်အဖြေပေးခဲ့သည်။ ဗုဒ္ဓပွင့်တော်မူကြောင်းကို ကွန်ဖြူးရှပ်သိသည်-ဟု မှတ်ရမည်။
၎။တာအိုအန္တိ၏မှတ်တမ်းတွင် ချင်မင်းဆက်ဖြစ်သည့် ရှိဝှမ်တိမင်းလက်ထက်တွင် သမဏ-၁၈ပါးသည် ဘုရင့်အားသုတ္တန်ကျမ်းများဆက်သရာ ဘုရင်မှမယုံကြသည်သဖြင့် ထောင်သွင်းအကျဉ်းချထားခဲ့သည်။ ထိုညတွင်ပင် အတောင်-၄၀ခန့်မြင့်သည့် ရွှေရောင်တလက်လက်တောက်ပနေသည့် ပုဂ္ဂိုလ်တစ်ဦးသည် အကျဉ်းချထားသောရဟန်းတို့အား လွှတ်ပေးခဲ့သည်။ထိုအခြင်းအရာကို ဘုရင်မှမြင်သဖြင့် အံသြထိန့်လန့် ကာ ရဟန်းတော်များအား ပင့်ဖိတ်၍ကျေးဇူးတုန့်ပြန်မှုပြုသည်။
၅။အထက်ပါအကြောင်းအရာတို့သည် ရှေးဦးစွာ ဗုဒ္ဓဘာသာနှင့်တရုတ်ပညာရှိများ မင်းများ၏ဆက်နွယ် ပုံဖြစ်သည်။ ထင်ရှားသောသမိုင်းမှတ်တမ်းအရ အေဒီ-၆၄တွင် အိန္ဒိယပြည်သား ကဿပမာတင်္ဂသည် ဓမ္မရက္ခရ်မည်သောရဟန်းနှင့်အတူ တရုတ်ပြည်သို့ကြွလာ၍ သုတ္တန်ကျမ်းများကို တရုတ်ဘာသာသို့ပြန်ဆိုခဲ့သည်။
ဂျပန်နိုင်ငံနှင့်ဗုဒ္ဓသာသနာ
၁။တရုတ်နှင့်ကိုးရီးယားသည် တစ်ဆက်တည်းဖြစ်သည်။ ဂျပန်နှင့်လည်းနီးကပ်နေသည်။ ထို့ကြောင့် ကိုးရီးယားနှင့်ဂျပန်ပြည်များသို့ တရုတ်ပြည်မှတစ်ဆင့် မဟာယာနဗုဒ္ဓဘာသာရောက်ရှိလာခဲ့သည်။ ဂျပန်သို့ ကိုးရီးယားမှတစ်ဆင့် သာသနာနှစ်-၁၀၉၆တွင် ဗုဒ္ဓဘာသာရောက်ရှိခဲ့သည်။ ထိုသို့ရောက်ရှိရာ တွင် တရုတ်ပြည်မှာကဲ့သို့ ဂျပန်တွင်လည်း ရှိနှင့်ပြီးသားဘာသာဟောင်းနှင့်ယှက်နွယ်ရောနှော၍ တစ်မျိုးတစ်ဖုံထွန်းကားခဲ့သည်။
၂။ဂျပန်တွင် ဗုဒ္ဓဘာသာမရောက်မီ ရှေးအခါကပင် ရှင်တိုဘာသာထွန်းကားခဲ့သည်။ ရှင်တိုဟူသည် နတ်များနည်းလမ်း-ဟု အဓိပ္ပါယ်ရသည်။ တော တောင် ရေ မြေ ကောင်းကင်စသောသဘာဝဓမ္မနှင့် ကွယ်လွန်ပြီးမိဘ ဘိုးဘွားစသည်တို့ကို ပေါင်းစပ်ကိုးကွယ်သောဘာသာဖြစ်သည်။ နတ်ပေါင်း-၈သန်း ခန့်ရှိသည်ဟုဆိုသည်။ အကြီးမြတ်ဆုံးမှာ အမတေရစုအိုမိကမိဖြစ်၍ဂျပန်မင်းဆက်တို့သည် ထိုနေနတ် သမီးမှပေါက်ဖွားဆင်းသက်လာသည်ဟု အယူရှိသည်။
၃။ရှင်တိုဘာသာသည် နတ်ဘာသာဖြစ်သည့်အားလျော်စွာ ကိုယ်ကျင့်တရားနှင့်စပ်၍ ကျနပြည့်စုံမှုမရှိရ ကား အယူဝါဒနှင့်လူမှုကျင့်ဝတ်ပိုင်းတွင် ကျနပြည့်စုံမှုရှိသော ဗုဒ္ဓဘာသာကို လက်ခံလာကြသည်။
၎။ဂျပန်သို့ဗုဒ္ဓဘာသာရောက်ရှိပုံမှာ သာသနာ-၁၀၉၆တွင် ကိုးရီးယားပြည်တွင်းစစ်ဖြစ်ပွားသဖြင့် ကိုးရီးယား ဘုရင်ကုဒရသည် ဂျပန်ဘုရင်ထံစစ်အကူတောင်းခဲ့သည်။ ထိုသို့စစ်ကူတောင်းရာ ဗုဒ္ဓဘာသာကျမ်းစာ များနှင့် ဘုရားရုပ်ထုတော်များကို ပေးပို့ခဲ့သဖြင့် ဤသည်ပင်ဗုဒ္ဓဘာသာစတင်ရောက်ရှိခြင်းဟု မှတ်ယူရ မည်။
၅။ထို့နောက်နှစ်-၅၀အကြာတွင် စွိကိုဘုရင်မလက်ထက် ရင်ခွင်ပိုက်ဘုရင်ရှိုးတိုကူလက်အောက်တွင် ဗုဒ္ဓဘာသာအခြေခိုင်လာခဲ့သည်။ ဤမင်းသည် အုပ်ချုပ်ရေးပိုင်းတွင် ဗုဒ္ဓဘာသာတရားများကိုအခြေပြုကာ ဥပဒေထုတ်ပြန်ခဲ့သည်။ ဤမင်းလက်ထက်တွင် ထင်ရှားသောဘာသာရေးအဆောက်အဦများ ဆေးရုံများ ခိုကိုးရာမဲ့သူမုဆိုးမ သက်ကြီးရွယ်အိုစသည်တို့ ခိုလှုံရာဌာနများကို ဆောက်လုပ်လှုဒါန်းခဲ့သည်။
၆။ခေတ်ဦးပိုင်းဂျပန်တွင် ဂိုဏ်းကွဲမရှိပေ။ နောက်ပိုင်းတွင် တရုတ်ပြည်မှဂိုဏ်းကွဲအမျိုးမျိုးရောက်ရှိလာခြင်း ဒေသခံရှင်တိုဘာသာနှင့်ရောနှောခြင်းတို့ကြောင့် ကုရှ ဂိုဏ်း ဂျိုဂျစ်ဆုဂိုဏ်း ဆိုတိုချင်ဂိုဏ်းစသည်ဖြင့် ၁၇-ဂိုဏ်းမျှကွဲခဲ့သည်။ ယင်းတို့၏အဓိက၀ါဒမှာ ဘုရားလောင်းကိုးကွယ်ယုံကြည်မှု သုည၀ါဒ ၀ိညာဏ၀ါဒနှင့် တန္တရမန္တရ၀ါဒတို့ဖြစ်သည်။
၇။ထိုဂိုဏ်းတို့တွင် ဈင်ဂိုဏ်းသည် အထွန်းကားဆုံးဖြစ်သည်။ ဈင်ယဉ်ကျေးမှုသည် ဂျပန်တို့၏ ဗိသုကာ ပညာကိုလွှမ်းမိုးထားသည်။ ဘုရားကျောင်းဆောက်လုပ်သည်မှအစ လဘက်ရည်ဆိုင်ပြတင်းပေါက်ပြင် ဆင်ပုံအထိပါဝင်သည်။ ပျို့ကဗျာ စာပေ အနုပညာနယ်ပယ်တွင်လည်း သြဇာလွှမ်းမိုးထားသည်။ ပန်းအလှပြင်နည်း အိမ်တွင်းအလှပြုပြင်နည်း ဟင်းရွက်ချက်ပြုတ်နည်း ဧည့်သည်အတွက်လဘက်ရည်ပွဲ တည်ခင်းနည်းများတွင်လည်း ဈင်ယဉ်ကျေးမှုလွှမ်းမိုးသည်။ ဂျပန်တို့၏ရိုးသားဖြူစင်မှု ပွင့်လင်းမှု ကိုယ်အမူ အရာ နှုတ်အမူအရာနူးညံ့သိမ်မွေ့မှုတို့သည် ဈင်ဗုဒ္ဓဘာသာမှမြစ်ဖျားခံခဲ့သည်။ ထို့ကြောင့်ဂျပန်ယဉ်ကျေးမှု သည် ဈင်ယဉ်ကျေးမှုဟုဆိုပါက မှားမည်မထင်ချေ။

ထိုင်းနိုင်ငံနှင့်ဗုဒ္ဓသာသနာ
၁။ထိုင်းနှင့်လာအိုတို့သည် ရှေးအခါကမွန်လူမျိုးတို့၏ နေရာဖြစ်ခဲ့သည်။ထိုင်းတွင်ထွန်းကားနေသော ထေရ၀ါဒ သာသနာသည် မွန်တို့၏အခြေခံထေရ၀ါဒသာသနာနှင့်ဆက်နွယ်နေသည်။
၂။အေဒီ-၁၁ရာစု၊ ၁၂ရာစုတွင် ကမ္ဘောဒီးယားအရှိန်အ၀ါကြီးမားနေချိန်ဖြစ်သည်။ ထိုစဉ်ကထိုင်းတို့၏ အယူဝါဒသည် ဟိန္ဒူနှင့်ဗုဒ္ဓဘာသာရောထွေးနေသည်။ ကမ္ဘောဒီးယားတို့ထံမှ ရရှိခြင်းဖြစ်သည်။ ၁၃-ရာစု တွင် ထိုင်းနှင့်လာအိုတို့သည် ကမ္ဘောဒီးယားတို့၏ အရှိန်အ၀ါအောက်မှ လွတ်မြောက်ခဲ့၍ ၁၄-ရာစုတွင် ထိုင်းတို့သည် ထေရ၀ါဒဗုဒ္ဓဘာသာကို မြန်မာတို့အထံမှရရှိခဲ့သည်။
၃။အေဒီ-၁၃၈၆တွင် နန်းတက်သောလုထိုင်ဘုရင်သည် ဘုရားဆုပန်၍ တိုင်းသူပြည်သားတို့ကို ကယ်တင် မည် ဟု ကြေငြာကာနန်းတက်ခဲ့သည်။ ထိုင်းတို့၏မင်းများနေရာ နန်းတွင်းတွင် ဗုဒ္ဓဘာသာသည် ဗြဟ္မဏ
ဘာသာနှင့် ရောထွေးနေပြီး ၁၄၄၁-ခုနစ်မှ ၁၄၈၁ အထိ အုပ်စိုးသော ပရမတြိလောကနာထမင်းလက် ထက်တွင် သာသနာသန့်ရှင်းရေးပြုလုပ်၍ ထေရ၀ါဒပီပြင်အောင် လုပ်ခဲ့သည်။
၎။ထိုမင်းသည် ထိုင်းရဟန်းတော်များကို သီရိလင်္ကာသို့စေလွှတ်၍ သိမ်ဝင်စေခဲ့သည်။ သီရိလင်္ကာမှ သံဃာတော်များကိုလဲ ထိုင်းသို့ပင့်ခဲ့သည်။ ထိုင်းနိုင်ငံတွင် သီရိလင်္ကာဂိုဏ်းထောင်သည်၁၈-ရာစု တွင် သီရိလင်္ကာမှသံဃာများကိုပြန်လည်ပင့်ဆောင်၍ သိမ်ထပ်ပွဲများပြုလုပ်သည်။ ထိုင်းသံဃာများသည် သီရိလင်္ကာသို့ကြွ၍ သျှမ်းဂိုဏ်းထောင်သည်။
၅။အေဒီ ၁၇၆၁-တွင် မြန်မာတို့တိုက်ခိုက်၍ အယုဒ္ဓယပျက်ရသည်။ ကျောင်းကန်ဘုရားအများအပြားလည်း ပျက်ရသည်။ ထိုင်းတို့သည် မြို့ဟောင်းကိုမပြုပြင်ပဲ မြို့သစ်တည်ခဲ့သည်။သာသနိကအဆောက်အဦကို အလေးပေးပြင်ဆင်ခဲ့သည်။ မြို့သစ်တွင် ပိဋကတ်တိုက်တည်၍ ပိဋကတ်တော်များကို စုဆောင်းထားရှိ သည်။
၆။၁၈၂၄ ခုနစ်မှ ၁၈၅၁ တိုင်အောင်အုပ်စိုးသော မောင်းကွတ်မင်းသည် ရဟန်းဝတ်၍ ဓမ္မယုတ္တိဂိုဏ်းကို တည်ထောင်သည်။ အရှိန်အ၀ါကြီးထွားလာကာ မူလရှိနှင့်ပြီးသောမဟာနိကာယဂိုဏ်းနှင့်အပြိုင်ထွန်းကားခဲ့ သည်။ ထိုင်းတို့၏နိုင်ငံရေးအရှိန်အ၀ါသည်လည်း လာအိုနှင့်ကမ္ဘောဒီးယားတို့အပေါ်လွှမ်းမိုးလာကာ ထိုင်း တို့၏ မဟာနိကာယဂိုဏ်း၊ ဓမ္မယုတ္တိဂိုဏ်းတို့ကို ထိုနိုင်ငံတို့သို့ ဖြန့်ဖြူးခဲ့သည်။ ထိုင်းနိုင်ငံတွင်ထွန်း ကားသော သာသနာတော်သည် သီရိလင်္ကာရှိမဟာဝိဟာရဂိုဏ်း၏ အဆက်နွယ်ဖြစ်သည်။
၆။ထိုင်းနိုင်ငံသားတို့ပေါ် ဗုဒ္ဓဘာသာသြဇာသက်ရောက်မှုအားကြီးသည်။ မင်းနှင့်ပြည်သူပါ ကြည်ညိုကိုး ကွယ်ကြသည်။ ထိုင်းဘုရင်များသည် ဓမ္မရာဇာဟူသောဘွဲ့ကိုခံယူကြသည်။
၇။ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှတွင် ထေရ၀ါဒဗုဒ္ဓဘာသာအထွန်းကားဆုံးဖြစ်သည်။ နိုင်ငံရေး အားဖြင့်လည်း အနောက်နိုင်ငံ၏ကိုလိုနီလက်အောက်သို့ ဘယ်တော့မှရောက်ခဲ့ရခြင်း မရှိပေ။
၈။ထိုင်းနိုင်ငံသည် ဘုရင်စနစ်သက်တမ်းရှည်ကြာစွာ ကျင့်သုံးသောနိုင်ငံလည်းဖြစ်သည်။ ထေရ၀ါဒဗုဒ္ဓ ဘာသာကို နိုင်ငံတော်ဘာသာအဖြစ်ပြဋ္ဌာန်းသော နိုင်ငံလည်းဖြစ်သည်။ ထိုင်းပြည်သူတို့သည် ဗုဒ္ဓ ဘာသာဖြစ်ရသည်ကို အလွန်ဂုဏ်ယူကြသူများလည်းဖြစ်သည်။ အခြားဘာသာများက သာသနာပြုရန် ခက်ခဲသောနိုင်ငံလည်းဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံနှင့်ဗုဒ္ဓသာသနာ (မလေးရှား၊စင်္ကာပူ)
၁။အင်ဒိုနီးရှားနိုင်ငံကို ရှေးအခါက သုဝဏ္ဏဒီပဟုခေါ်သည်။ ဆုမတြားကျွန်း ဂျာဗားကျွန်းနှင့် အခြားကျွန်း ငယ်များပါဝင်သော ကျွန်းစုနိုင်ငံကြီးဖြစ်သည်။ ရှေးအခါက ဟိန္ဒူဘာသာနှင့် ဗုဒ္ဓဘာသာထွန်းကားခဲ့သည်။ တရုတ်ရဟန်းတော်ဖာဟိယန်၏ ခရီးစဉ်တွင် အိန္ဒိယပြည်မှတရုတ်သို့အပြန်တွင် အင်ဒိုနီးရှားသို့ဝင်ခဲ့သည် ။ အေဒီ-၄၁၄ တွင် ရောက်ရှိခြင်းဖြစ်၍ ထိုအခါက အင်ဒိုတွင် ဗုဒ္ဓဘာသာမထွန်းကားသေးပဲ ဟိန္ဒူဘာသာ ထွန်းကားနေကြောင်း သူ၏မှတ်တမ်းတွင်ရေးခဲ့သည်။
၂။အေဒီ-၅၂၀တွင် ကသ္မီရဘုရင်၏သားတော်အရှင်ဂုဏဓမ္မသည် ဂျာဗားကျွန်းသို့သာသနာပြုကြွရာ သာသနာထွန်းကားကြောင်း ကာအိုဆင်ချွန်မည်သော တရုတ်ကျမ်းစာတစ်ခုတွင် ဖေါ်ပြထားသည်။
၃။ထိုခေတ်နာလန္ဒာတက္ကသိုလ်မှ ဆရာတော်ဓမ္မပါလသည် အင်ဒိုနီ်းရှားသို့သာသနာပြုကြွခဲ့သည်။ အင်ဒိုနီးရှားတွင် နာမည်ကျော်ဗောဓောဗုဓုစေတီတော်အပြင် ကလဆံစေတီ၊ မင်ဒတ်စေတီတို့လည်း ရှိသည်။
၎။အေဒီ-၇၉၀တွင်ရေးထိုးသော ကလဆံစေတီကျောက်စာသည် ဒေ၀နာဂရီအက္ခရာဖြင့်ရေးထိုး ထားခြင်းဖြစ်၍ ယင်းကျောက်စာတွင် တာရာနတ်သမီးကျောင်းနှင့် မဟာယာနကျောင်းတိုက် တစ်ခုဆောက်လုပ်လှူဒါန်းကြောင်း မှတ်တမ်းပါရှိသည်။
၅။အိချင်၏မှတ်တမ်းတွင် အင်ဒိုနီးရှားပြည်၌ သံဃာတော်-၁၀၀၀ခန့်တွေ့ခဲ့ရသည်ဟုဆိုသည်။ ထိုခေတ်က အင်ဒိုနီးရှားကို သုဝဏ္ဏဒီပဟုခေါ်၍ သီရိဝိဇယနိုင်ငံတော်ဟုလည်းခေါ်သည်။
၆။အေဒီ ၈၀၀ နှင့် ၉၀၀တို့တွင် အုပ်စိုးသောဆိုင်လင်ဒရာမင်းများလက်ထက်တွင် ဗုဒ္ဓသာသနာလွန်စွာ ထွန်းကားသည် ဟုဆိုကြသည်။ ထိုနှစ်များတွင် မလေးကျွန်းဆွယ်တစ်ခုလုံးနှင့် ဆုမတြား၊ဂျာဗား၊ဘာလီ ၊ ဘော်နီယိုကျွန်းများအားလုံးသို့ ဗုဒ္ဓဘာသာပြန့်နှံ့ခဲ့သည်။
၇။အေဒီ ၁၀၅၀-ခန့်တွင် သုဝဏ္ဏဒီပသည် ဗဟိုချက်မဖြစ်လာ၍ ၀ိက္ကမသီလတက္ကသိုလ်ကျောင်းအုပ်ကြီး အတိဆာ (ဒီပင်္ကရဥာဏ)သည် သုဝဏဒီပရှိ ဆရာတော်စန္ဒြကိတ္တိထံ တန္တရမန္တရ ပညာရပ်များဆည်းပူး ရန်ကြွခဲ့သည်။ အတိဆာသည် တိဘက်သာသနာပြုဘုန်းကြီးတစ်ပါးဖြစ်၍ ထိုခေတ်တွင် သုဝဏ္ဏဒီပ ကို သေလိန္ဒမင်းအုပ်ချုပ်သည်။ ထိုမင်းလက်ထက်တွင် ဗုဒ္ဓဘာသာကို အားပေးခဲ့၍ ဗောဓောဗုဓုစေတီတော် ကြီး တည်ဆောက်နိုင်ခဲ့သည်။

ဗီယက်နမ်နိုင်ငံနှင့်ဗုဒ္ဓသာသနာ
၁။အင်ဒိုချိုင်းနားကျွန်းဆွယ်၏ အရှေ့ဘက်ကမ်းရိုးတမ်းတောင်ပိုင်းဒေသကို အာနန်ဟုခေါ်သည်။ ရှေးက စမ္ပာဟုခေါ်၍ ယခုအခါ ဗီယက်နမ်ဟုခေါ်သည်။ စမ္ပာဟူသောအမည်သည် အိန္ဒိယတိုင်းသားတို့ကပေး သည့်နာမည်ဖြစ်သည်။
၂။ထိုစမ္ပာနိုင်ငံသို့ ဗုဒ္ဓဘာသာအခြေချသည်မှာ ခရစ်နှစ် ၃-ရာစုလောက်ကဖြစ်သည်။ ထိုဒေသတွင် အမရ၀တီဂိုဏ်းသားတို့လက်ရာဖြစ်သော အလွန်သပ္ပါယ်သည့် ကြေးဆင်းတုတစ်ဆူကိုတူးဖေါ်တွေ့ ရှိရသည်။ အမရ၀တီဂိုဏ်းသည် ခရစ်နှစ် ၃-ရာစုခန့်ကစတင်ထွန်းကားခဲ့သည်။
၃။တရုတ်တို့မှတ်တမ်းများတွင် တရုတ်တို့က စမ္ပာမြို့ကို ခရစ်နှစ် ၆၀၇-တွင် သိမ်းပိုက်ခဲ့ပြီး ဗုဒ္ဓရုပ်တု ဆင်းတုများ စာပေကျမ်းဂန်များကိုသိမ်းယူခဲ့သည်ဟူသောအဆိုကိုထောက်၍ ဗီယက်နမ်တွင် ခရစ်နှစ် -၆-ရာစုမတိုင်မီကပင် ဗုဒ္ဓဘာသာအခြေကျနေပြီဟု သိရသည်။
၎။ခရီးသွားဘုန်းတော်ကြီးအိုင်ဆင်၏မှတ်တမ်းတွင် စမ္ပာ၍ထွန်းကားသောသနာသည် အရိယသမ္ပတိ ဂိုဏ်းဖြစ်သည် သဗ္ဗာပတိဂိုဏ်းလည်းအနည်းငယ် ထွန်းကားနေသည်ဟုဆိုသည်။ ထိုဂိုဏ်းများသည် မဟာယာနဂိုဏ်းများဖြစ်သည်။
၅။ခရစ်နှစ် ၈၇၅-တွင် စမ္ပာ၌ ဇယအိန္ဒ၀ါရ်မန်မင်းအုပ်စိုးသည် ထိုမင်းသည် ဒွန်ဒေါင်းအရပ်တွင် စေတီ ပုထိုးများစွာတည်ခဲ့သည်ကိုထောက်၍ ဗုဒ္ဓဘာသာသည် မင်းကိုးကွယ်ဘာသာဖြစ်ခဲ့သည်။
၆။ခရစ်နှစ် ၉၀၀ကျော် လီမင်းဆက်လက်ထက်တွင် ဗီယက်နမ်နိုင်ငံတွင် ဗုဒ္ဓဘာသာနိုးကြားတက်ကြွလာ ကာ ဗုဒ္ဓဘာသာရဟန်းတော်များ တိုးပွားလာသည်။ ဗုဒ္ဓဘာသာစာပေများလိုက်စားလာကြသည်။ ဘာသန္တရစာပေသင်၍ တရားတော်များကိုဘာသာပြန်ကြသည်။ အဖွဲ့စည်းထူထောင်၍ ပူးပေါင်းဆောင် ရွက်ကြသည်။ ထိုခေတ်ကဘုန်းတော်ကြီးများသည် လောကရေး၊ ဓမ္မရေးတို့၌ ဆင်ခြင်တုံတရားရှိကြ သည့်အားလျော်စွာ တရုတ်ကဖြစ်စေ ဗီယက်နမ်ကဖြစ်စေ ရိုသေလေးစားလောက်အောင် ပညာဗဟုသုတ အကြံဥာဏ်များ အထက်တန်းကျလှသည်။ ကျမ်းဂန်ပညာ ကဗျာအစီအကုံး လူမှုရေးရာ နည်းဥပဒေသများ တတ်မြောက်ကြသည်ဟုဆိုသည်။
၇။ဤသို့ဖြင့် ဗုဒ္ဓဘာသာဆက်လက်ရှင်သန်လာရာ ၁၆-ရာစုအရောက်တွင် ပြင်သစ်ကိုလိုနီဖြစ်ခဲ့သည်။ နယ်ချဲ့နှင့်အတူ ခရစ်ယန်ဝါဒရောက်ရှိလာကာ ထိုခရစ်ယန်သာသနာပြုအဖွဲ့၏ အရေးပါမှုကြောင့် ဗုဒ္ဓဘာသာမှေးမှိန်ခဲ့ရသည်။ နောက်ပိုင်းတွင် တောင်ဗီယက်နမ်တွင် ဗုဒ္ဓဘာသာတိုးတက်လာကာ ဆေဂုံမြို့ တွင် ဗုဒ္ဓတက္ကသိုလ်တည်ထောင်နိုင်ခဲ့သည်။ သို့သော်ငြား မကြာမီအချိန်တွင် ပြည်တွင်းစစ်ဖြစ်ပွားသဖြင့် ဆုတ်ယုတ်ခဲ့ရပြန်သည်။
ဘဒ္ဒန္တပရမ (ပြန့်ပွား)၏ ပို့ချချက်မှ ထုတ်နှုတ်ရေးသားသည်။
အရှင်က၀ိန္ဒ(ချောင်းဆုံ)
No comments:
Post a Comment