ဒီဆိုက်ဒ်ထဲက စာတွေက ၀ါသနာအရ အားတဲ့အချိန်မှာ ရေးသားခြင်း ဖြစ်ပါတယ်။ စာအုပ်တွေကို အရင်ကတည်းက တွေ့တဲ့ဆိုက်ဒ်တွေကနေ Download ဆွဲထားခဲ့ပါတယ်။ ဒီကို ပြန်တင်မယ်ဆိုပြီး ရည်ရွယ်ရင်းမရှိခဲ့ပါ။ ဒါကြောင့် ခုလိုပြန်တင်ဖြစ်သွားတော့ ယူခဲ့တဲ့ဆိုက်ဒ်တွေကို မမှတ်မိတော့ပါဘူး။

Monday, February 4, 2013

ယနေ့ခေတ်ဘာသာရေး

Unknown | 6:48 PM |
Dhamma School နှင့် ယနေ့ခေတ်ဘာသာရေးအခြေအနေ
 ထေရ၀ါဒငါးနိုင်ငံရှိသည့်အနက် သီရိလင်္ကာနိုင်ငံသည် အခြားသောဗုဒ္ဓဘာသာဝင်များက အားကျအတုယူရလောက်သော စနစ်တစ်ခုကို ပိုင်ဆိုင်ထားသည်။ ယင်းမှာ တနင်္ဂနွေနေ့တိုင်း ဘုန်းတော်ကြီးကျောင်းတွင် ဗုဒ္ဓဘာသာရပ်များကို သင်ကြားပေးသည့် Dhamma School ပင် ဖြစ်သည်။ လွတ်လပ်ရေးရပြီးသည့်နောက်တွင် အုပ်ချုပ်သူအဆက်ဆက်မှစကာ လက်ရှိ သမ္မတကြီးလက်ထက်တိုင်အောင်  သီရိလင်္ကာရှိခေါင်းဆောင်ပိုင်းအားလုံးသည် Dhamma School တွင် ပညာသင်ကြားခဲ့ရသည်ချည်းဖြစ်သည်။ ယင်း Dhamma School သို့ အုပ်ချုပ်သူ လူတန်းစားသာမက အောက်ခြေလူတန်းစားများပါ တက်ရောက်ခွင့်ရကြသည်။ တက်ရောက်ကြရသည်။ သီရိလင်္ကာနိုင်ငံသည် မြန်မာနိုင်ငံထက် လွန်စွာသေးငယ်၍ ဗုဒ္ဓဘာသာရဟန်းများ သည်လည်း မြန်မာနိုင်ငံထက်နည်းသည်။ သို့ပါလျက် နိုင်ငံတကာသို့ ဗုဒ္ဓစာပေဖြန့်ဝေမှုတွင် လွန်စွာအားကောင်းလှသဖြင့် အားကျဖွယ်နိုင်ငံတစ်နိုင်ငံဖြစ်သည်။

မြန်မာနိုင်ငံသည် ဘာသာ၊လူမျိုးအရေးတို့တွင် စိန်ခေါ်မှုများစွာဖြင့် ရင်ဆိုင်နေရခြင်း သရုပ်ပျက်ယဉ်ကျေးမှုလွှမ်းမိုးခံရခြင်းတို့ကြောင့် မိမိဘာသာ၊သာသနာ၊လူမျိုး၊ယဉ်ကျေးမှု မပျောက် ပျက်သွားရန် ယိုင်နဲ့စွာကျားကန်နေရသည့် အခြေအနေဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံတွင် Dhamma School ဖြစ်ပေါ်ရန် အားထုတ်နေကြပါသည်။ ယင်း Dhamma School တွင် ဗုဒ္ဓ ဘာသာကို ဘာသာရေးတစ်ခုအနေဖြင့် သင်ကြားမည်မဟုတ်ပဲ Applied Subject တစ်ခုကဲ့သို့ သင်မည်ဖြစ်သည်။ Buddhist Ethical Education အသွင်ဖြင့် Grade 1 to Grade 11 တိုင်အောင် အသက်အရွယ်အလိုက် သင်ကြားပေးမည်ဖြစ်သည်။

သင်ရိုးညွှန်းတမ်းမှာ -
၁။ဗုဒ္ဓဖြစ်စဉ်
၂။လက်တွေ့အသုံးချဗုဒ္ဓဘာသာအဆုံးအမ
၃။ဗုဒ္ဓဘာသာသမိုင်း
၎။မြန်မာနိုင်ငံနှင့်ဗုဒ္ဓသာသနာ
၅။နိုင်ငံတကာနှင့်ဗုဒ္ဓသာသနာ
၆။ထင်ပေါ်ကြော်ကြား ဗုဒ္ဓသာသနာပြုပုဂ္ဂိုလ်များ
၇။အသုံးချအဘိဓမ္မာစသော အခြေခံတရားများ
၈။အခြားဘာသာသိမှတ်ဖွယ်ရာများ စသည်တို့ ပါဝင်ပါမည်။

သင်ရိုးရေးဆွဲရာတွင် Working Group . Supervisory Group နှင့် Advisory Group များ ဖွဲ့စည်းကာ ရေးဆွဲနေကြပါသည်။ ထိုလုပ်ငန်းအတွက် ပညာရှင်များ အလှူရှင်များ လိုအပ်ပါ သည်။ လက်ရှိတွင် ဒေါက်တာဒေါ်ခင်ရီ (ရှိုင်းဟုတ်ကုမ္ပဏီ) က မတည်လှူဒါန်းကာ အခြားအလှူရှင်များကလည်း လှူဒါန်းနေကြပါသည်။ ယင်း Dhamma School ကို ဗန်းမော်ဆရာတော် အင်းစိန်ရွာမဆရာတော် စသည့် ပြည်တွင်းပြည်ပ သာသနာပြုဆရာတော်များ ထေရ၀ါဒတက္ကသိုလ် သာသနာ့တက္ကသိုလ် သီရိလင်္ကာ၊အိန္ဒိယတို့မှ မဇ္ဈိမ၀ံသစသော ရဟန်းအဖွဲ့အစည်းများ ဆရာလေးများ YMBA မင်္ဂလာဗျူဟာ ဓမ္မရောင်ခြည်စသည့် ပညာရှင်များ ဒကာဒကာမများဖြင့် ဖွဲ့စည်းသည့်အဖွဲ့အစည်းဖြစ်ပါသည်။

အထက်ပါစာများကို 15-9-2012 တွင် မိမိတို့စာသင်ခန်း စာပွဲအသီးသီးတွင် လာရောက်ချထားသည်ကိုတွေ့ရသဖြင့် ဖတ်မိရာမှ တဆင့်ပြန်လည် ရေးသားခြင်းဖြစ်ပါသည်။ သိလွန်း၍ရေးသားခြင်းမဟုတ်ပါ၊ အသေးစိတ် ရေးသားထားခြင်းလည်းမဟုတ်ပါ။
ယနေ့ခေတ်တွင် မြန်မာနိုင်ငံအနေဖြင့် ဘာသာရေးစိန်ခေါ်မှု အမျိုးမျိုးနှင့် ကြုံတွေ့နေရသည့် အခြေနေပင်ဖြစ်သည်။ ရှေးယခင်ကကဲ့သို့ အိမ်ထောင်ဦးစီးတစ်ယောက်၏ လုပ်စာကိုမိသားစု ငါးယောက်ထိုင်စား၍ လောက်ငသည့်အခြေအနေ ရွာ ရပ်ကွက်ဘုန်းကြီးတစ်ပါး၏ သြဇာအောက်တွင် တစ်ရွာလုံး တစ်ရပ်ကွက်လုံး လိုက်နာသည့်အခြေနေ မဟုတ်တော့ချေ၊ ဟိုလူမျိုးက ဟိုလူမျိုးကိုယူ ဟိုဘာသာဝင်က ဟိုဘာသာဝင်ကိုယူသည့် ခေတ်ဖြစ်နေပါသည်။ သံသရာရေးအတွက် ဦးစားပေးသည့်ခေတ် သိပ်မဟုတ်ချင်တော့ပေ လက်ရှိဘ၀ကောင်းစားရေးကိုသာ ဦးစားပေးသည့်ခေတ်ဖြစ်နေသည်။ မည်သို့ပင်အကြောင်းပြပါစေ ဘာသာရေးစိတ်ဝင်စားသူနှင့်စိတ်မ၀င်စားသူ ဘာသာရေးဟူသည် အသက်ကြီးမှလေ့လာရမည် ငယ်ရွယ်စဉ်မလိုသေး-ဟု ထင်မြင်ယူဆသူ မည်သူကပိုများနေသည်ကို ငြင်း၍မရချေ၊ လူတစ်ချို့နိုးကြားတက်ကြွနေချိန် လူအတော်များများ အိပ်မောကျနေသည့်ခေတ်ဖြစ်နေသည်။ ဗုဒ္ဓဘာသာဝင်များအနေဖြင့် ဘုန်းကြီးများကို ယုံကြည်မှုတွင် ရှေးခေတ်နှင့်ယနေ့ခေတ် မတူညီကြတော့၊ ရှေးခေတ်က ဘုန်းကြီးမှန်လျင် မိမိအကျိုးကိုဆောင်ကြသူများဟုမြင်၍ ယနေ့ခေတ်တွင် ဘုန်းကြီးဆိုသည်မှာ အတ္တကြီးသူများဟု ယုံကြည်ကြသည်။ မိမိတို့ကိုဘာမျှလမ်းမှန်ညွှန်ပြနိုင်လိမ့်မည်မဟုတ်ဟု ယုံကြည်ကြသည်။ ဘုန်းကြီးဆိုသော်လည်း အကုန်လုံးအကောင်းကြီးမဟုတ်သလို အကုန်လုံး အဆိုးကြီးမဟုတ်ဟု သိထားသင့်သည်။ ချဲဘုန်းကြီး လမ်းဘေးဘုန်းကြီးကို မြင်ရုံဖြင့် ဗုဒ္ဓဘာသာကို သံသယဖြစ်ရန်မသင့်ပေ၊ ထိုဘုန်းကြီးဆိုးများကို မကြိုက်လျင် အဆင်ပြေမည့်နည်းလမ်း များဖြင့် ပယ်ရှားချင်ပယ်ရှားနိုင်သည်။ သို့သော် အားလုံးကိုသိမ်းကြုံး၍ သန့်ရှင်းရေးလုပ်လျင် ကောင်းသည့်ပုဂ္ဂိုလ်များ နစ်နာလွန်းလှပေသည်။ မိမိလက်ချောင်းအတိုအရှည်ကိုကြည့်ကာ အပြစ်မြင်လျက် သူတစ်ပါးလက်ချောင်းလှလှလေးများကို အားကျခုံမင်ရန်မလိုပေ၊ ပို၍သတိထားရမည်မှာ သူတစ်ပါးလက်ချောင်းများကို အားကျကာ အတိုအရှည်မညီညွတ်သည့် မိမိ လက်ချောင်းများကို မဖြတ်ပစ်မိဖို့ရန်ပင်ဖြစ်သည်။

သာသနာပြုသည်နှင့်ပတ်သက်၍ ရဟန်းသံဃာများ သာသနာပြုသည်ထက် လူများသာသနာပြုသည်က ပိုအောင်မြင်မည်ထင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် လူဆိုသည်မှာ လူအချင်း ချင်းသူငယ်ချင်းမိတ်ဆွေဖွဲ့ကြသည်။ အချင်းချင်းအမြဲတစေ တွေ့မြင်နေရသည်။ ထို့ကြောင့် တစ်ခါတစ်ရံ ဘာသာခြားတစ်ယောက်ယောက်ကဖြစ်စေ အများအပြားကဖြစ်စေ မိမိတို့ဘာသာ အရေး မေးခွန်းထုတ်လာပါလျင် အဆင်သင့်ဖြေကြားနိုင်သည်။ ရဟန်းသံဃာများထံ ထိုမေးခွန်းရှင်တို့ လာရောက်ရန်တောင်းပန်သော်မှ လာကြလိမ့်မည်မဟုတ် အကြောင်းမှာ ဘုန်းကြီးထံ သွားလျင် လက်အုပ်ချီရမည် အနည်းဆုံးတော့ သူ့ဆီသွားရသည်။ ဘုန်းကြီးကိုယ်တိုင်လာမည်မဟုတ်။ အွန်လိုင်းပေါ်မှ ဖြေရှင်းခြင်းသည်လည်း ထိပ်တိုက်ဖြေရှင်းခြင်းမဟုတ်၍ ပြေလည်ဖို့ အားနည်းသည်။ လူအချင်းချင်းဆိုပါက လက်ဖက်ရည်ဆိုင် အလုပ်ရုံး အိမ် တစ်ခုခုတွင် တွေ့ဆုံ၍ အားမနာတမ်းဆွေးနွေးနိုင်သည်။

လူပုဂ္ဂိုလ်များ ထိုသို့ဖြေကြားပေးနိုင်ခြင်း ပြေလည်သွားခြင်းသည်ပင် သာသနာပြုခြင်းပင်ဖြစ်ပါတယ်။ ထိုသို့ ဖြေကြားနိုင်ရန်မှာ လွယ်ကူသည်တော့မဟုတ် လွယ်အောင်လုပ်ဆောင်နိုင်ရန် နည်းလမ်းကို တွေ့ရှိလျင် ထိုနည်းလမ်းသည် မိမိတို့နှင့်အဆင်ပြေမည့် သာသနာပြုနည်းဖြစ်လာပါလိမ့်မည်။ ထို့ကြောင့် ငယ်ရွယ်စဉ်ကပင် မိမိတို့ကိုယ်တိုင် သို့မဟုတ် မိမိတို့ကလေးငယ် များကို Dhamma School ကဲ့သို့သော သင်တန်းတက်၍ တစ်ဖြေးဖြေးရင်ကျက်လာခြင်း ထိုကလေးများ လူကြီးဖြစ်လာသောအခါ ပိဋကတ်မြန်မာပြန်စာပေးပွဲကို ၀င်ရောက်ဖြေဆိုခြင်း တို့ဖြစ်သည်။ ပိဋကတ်မြန်မာပြန် စာမေးပွဲနှင့်ပတ်သက်၍ ပြောရလျင် ဓမ္မစေတမန်စာမေးပွဲက ကျင်းပသည့်စာမေးပွဲကိုပင် ပြောရပါမည်။ ယင်းစာမေးပွဲသည် ဆဋ္ဌမူဖြင့်သာဖြေဆိုစေပါသည် ။ အုပ်စုမှာကိုးအုပ်စုခွဲထားသည်။ မိမိကြိုက်နှစ်သက်သည့် အုပ်စု၏ကျမ်းကို ၀င်ရောက်ဖြေဆိုနိုင်သည်။ သက်ဆိုင်ရာအုပ်စုတစ်ခုဖြေဆိုအောင်မြင်ပြီးလျင် အောင်လက်မှတ်ပေးသည်။ ဆုပေးသည်။ အောင်မှတ်မှာ ၅၀ဖြစ်၍ ၇၅ သို့မဟုတ် ၇၅အထက်သည် ဂုဏ်ထူးဖြစ်သည်။ မြန်မာဘာသာဖြင့်သာဖြေဆိုရသည်။ ရဟန်းရှင်လူမည်သူမဆိုဖြေဆိုနိုင်သည်။ အစိုးရနိကာယ် စာမေးပွဲကျင်းပခါနီးတွင် ကျင်းပသည်။
မှတ်ချက် = အထက်ပါရက်စွဲဖြင့် မိမိရသည့်စာအုပ်သုံးအုပ်အနက်မှ စည်းမျဉ်းစာအုပ်ငယ်ကိုဖတ်၍ ညွှန်းဆိုခြင်းဖြစ်သည်။ မကျင်းပသေးလျင်ကား ကြိုတင်သိထားသဖြင့် အရှုံးမရှိပါ ။ မဖြစ်သေးပါက ဖြစ်ပေါ်ဖို့သာအခြေနေများပါသည်။

ယနေ့ခေတ်တွင် ရဟန်းကိုရင်များသာ ဗုဒ္ဓကျမ်းစာကို သင်ယူကြရသည်။ လူအများကား ထိုပါဠိဖြင့်ရေးသည့်စာများကို ဖြေဆိုရန်အချိန်လည်းမရ ဖတ်လည်းမဖတ်နိုင်ဖြစ်နေသည်။ အငြိမ်း စားဘ၀ရောက်ခါမှ လေ့လာနိုင်ကြသည်။ ထိုအချိန်တွင် အရမ်းနောက်ကျနေပေပြီ။ ထိုသို့မဖြစ်ရန် မြန်မာပြန်စာမေးပွဲသည်သာ အသင့်တော်ဆုံးဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တစ်ယောက်သည် ဗုဒ္ဓအဆုံးအမများကို လိုက်စားသင့်ပါသည်။ ထိုမှသာ ဘာသာခြားတို့ကမေးလာလျင် ဟိုဘုန်းကြီးမေးလိုက် ဒီဘုန်းကြီးမေးလိုက်နှင့် အလုပ်မရှုပ်ပဲနေရမည်။ တတ်သိသည့်ဘုန်းကြီးကို သွားရောက်မေးမိလျင်တော်ပေသေးသည်။ သို့မဟုတ်ပါပဲလျက် ငါတို့ကိုးကွယ်သည့်ဆရာတော်ကား ချဲပေးမှန်လှသည်။ ထိုဆရာတော်ကိုမေးလျင် သိနိုင်မည်ဟုရည်ရွယ်ချက်ကြီးကြီး မာမားထားကာ မေးမိလျင်ကား တိုင်ပတ်နေလိမ့်မည်။ အခြားဆိုးရွားသည့် အချက်တစ်ခုမှာ ဘာသာရေးအခြေခံမရှိသူများသည် ဘာသာခြားတို့က အဟောအပြောကောင်းသဖြင့် ထိုစကားများကို ကြားရဖန်များလာသောအခါ ဟုတ်သားပဲ မျက်စိနဲ့မှမမြင်ရတာ အလကားပဲပေါ့ဟုဆိုကာ ဘာသာပါပြောင်းနိုင်ပါသည်။ တစ်ခုခုဖြင့် မြူဆွယ်လာပါက မြန်နှုန်းပင်ပိုမြင့်နိုင်ပါ သည်။

ဓမ္မဗိမာန်ဆရာတော်၏ ပရိယတ္တိသာသနာရေးအတွေးအခေါ်များ စာအုပ်ငယ်တွင် - ဗုဒ္ဓဘာသာအများစုသည် ဗုဒ္ဓဘာသာအကြောင်းကို စနစ်တကျ သင်ကြားခဲ့ရသည်မဟုတ်၊ ကျကျနန မသိသေးသူသာများသည်-ဟု ဆိုထားသည်။ မှန်ပါသည် မိမိတို့ထေရ၀ါဒသာသနာထွန်းကားသည့် မြန်မာနိုင်ငံဖြစ်ပါလျက် အခြားဘာသာကလေးငယ်များနှင့် မိမိတို့ဗုဒ္ဓဘာသာကလေးငယ် ကွာခြားပါသည်။ အခြားဘာသာကလေးငယ်များသည် တစ်ပတ်တစ်ရက် ဆိုင်ရာအရပ်သို့သွားကြရသည်။ ဗုဒ္ဓဘာသာကလေးငယ်များကား ဘုန်းကြီးကျောင်းကိုသွားလျင် မုန့်စားရမည်ဆိုမှ လာချင်ကြသည်။ အပျိုလူပျိုများကား သာ၍ဆိုးသည်။ အချို့ကဘုန်းကြီးကျောင်းပင် မရောက်ဖူးသူတို့ရှိသည်။ (ရောက်သူတစ်ချို့တွင် အချို့ကား တက်တက်ကြွကြွရှိလှပါသည်။ ထိုသူ အနည်းငယ်ကို မဆိုလိုပါ။ သို့သော် ဓမ္မအကျိုးဆောင်အရက်သမားအချို့ကိုလည်း တွေ့နေရပါသည်။ ဆိုင်ကယ်တ၀ီးဝီးဖြင့် ရှေ့ပြေးအကျိုးဆောင်အချို့ကြောင့် အထင်သေးစရာဖြစ် ရသည်။ ထိုအချိန်မျိုးတွင် မသောက်ခြင်းက အကောင်းဆုံးပင်ဖြစ်သည်။ မိဘများဗုဒ္ဓဘာသာဖြစ်လျက် အင်္ဂလိပ်ဖြင့်သာ ပြောရသောကျောင်းတွင်နေသဖြင့်  မြန်မာစကားတစ်လုံးမျှပင် မတတ်သောကလေးငယ်များကိုလည်း တွေ့ဖူးသည်။ ရန်ကုန်စာသင်တိုက်နေစဉ် မိမိဆရာသမားရန်ကုန်သို့အစည်းဝေးတစ်ခုကြောင့်လာရာ ကျောင်းဒကာအရင်းအခြာလည်းဖြစ် ငယ်စဉ် ကပင် မိမိဆရာသမားနှင့် သိကျွမ်းနေပြီးဖြစ်သော ကျောင်းဒကာဒကာမမိသားစုတို့ လာရောက် ကန်တော့ရာ အတူတကွလိုက်ပါလာသော သူတို့၏ကလေးများသည် အင်္ဂလိပ်စကားကို မွှတ်နေအောင်ပြောနိုင်သော်လည်း မြန်မာစကားကိုမူ မိခင်ဖြစ်သူမှဘာသာပြန်ပေးနေရသည်ကို တွေ့ရသည်။ ထိုကလေးများ အနေဖြင့် မည်သို့သောအခြေနေဖြင့် ဘာသာရေးအခြေခံ ကို ကောင်းစွာရပါမည်နည်း ဗုဒ္ဓတရားတော်များနှင့် နီးနီးကပ်ကပ် တွေ့ထိခွင့်ရပါမည်နည်း။ မြန်မာစကားကိုပင် အတော်ပြန်သင်ယူရလိမ့်မည်။ ထို့ကြောင့် မိမိဘာသာ မိမိအမျိုး မိမိ ယဉ်ကျေးမှုကို မိမိတို့ကမစောင့် ထိန်းပါလျင် အခြားဘာသာခြားတို့က လာရောက်စောင့်ရှောက်ထိန်းသိမ်းပေးပါလိမ့်မည်။ နဂိုကဗုဒ္ဓဘာသာနိုင်ငံဖြစ်သော်လည်း ယခုအခါ တစ်နိုင်ငံလုံး ဘာသာခြားဖြစ်သွားကြသည့် အသီးသီးသောနိုင်ငံများကို မျက်မြင်တွေ့နေရသည်မှာ အများအပြားပင်ဖြစ်သည်။ ထိုနိုင်ငံများ ဘာ့ကြောင့်ဘာသာပြောင်းသွားကြသနည်း မိမိဘာသာက မှားယွင်းနေ၍လော စသည်ဖြင့် အမေးထုတ်စရာရှိပါသည်။ အဖြေမှာမိမိတို့ဘာသာအသိဆုံးဖြစ်ပါလိမ့်မည်။ ထို့ကြောင့် ထိုအဖြေများကို အောင်မြင်စွာဖြေဆိုနိုင်ပါစေကြောင်း ဆုတောင်းရင်း.............

မည်သူ့ကိုမျှရည်ရွယ်လိုစွမ်းမရှိပါ။ ရေးရန်စဉ်းစားရင်းစဉ်းစားရင်းနှင့် ရေးဖြစ်သွားခြင်းမျှသာဖြစ်ပါသည်။
 
အရှင်က၀ိန္ဒ(ချောင်းဆုံ)
Print Friendly and PDF

No comments:

Post a Comment

Twitter Bird Gadget