အခါတစ်ပါး ဘုရားရှင်သည်
နာဠန္ဒာမြို့၊ပါဝါရိကသူဋ္ဌေး၏ သရက်ဥယျဉ်တွင် သီတင်းသုံးစဉ်
ကေ၀ဋ္ဋသူကြွယ်၏သားသည် စေတနာအလွန်ထက်သန်စွာဖြင့် မြတ်စွာဘုရားရှင်ကို `အရှင်
ဘုရား၊ ဤနာဠန္ဒာမြို့သည် ကြွယ်ဝစည်ပင်၍ လူဦးရေထူထပ်ပေါများပါ၏။
ဗုဒ္ဓဘာသာဝင်ဦးရေများသဖြင့် တန်ခိုးပြာဋိဟာပြရာတွင်
စွမ်းနိုင်သောရဟန်းတစ်ပါးပါးကို ခန့်ထားတော်မူပါ- ဟု နှစ်ကြိမ်တိုင်တိုင်
လျှောက်ထားသော်ငြား ပယ်တော်မူခဲ့သည်။ ထို့နောက် ဘုရားရှင်သည်
ကေ၀ဋ္ဋသူကြွယ်သားအား တန်ခိုးသုံးမျိုးကို ဟောကြားတော်မူခဲ့သည်။
မှတ်ချက်
= အစိန္တေယျလေးမျိုးရှိသည် ယင်းမှာ = ဘုရားရှင်၏ ဘုရားအရာ၊ ဈာန်ရပုဂ္ဂိုလ်၏
ဈာန်အရာ၊ ကံအကျိုးဆန်းကြယ်ပုံ၊ လောကအရာတို့ဖြစ်သည်။ ဘုရားအရာဟူသည်
ဘုရားရှင်၏ သဗ္ဗညုတညာဏ်တော်စသည်တို့၏ ဂုဏ်တော်၊ကျေးဇူးတော်တို့၏
ထူးခြားဆန်းကြယ်ပုံဖြစ်သည်။ ဈာန်အရာဟူသည် အဘိဥာဏ်ဈာန်အရာဖြစ်သည်။
ကံအကျိုးဟူသည် ဒိဋ္ဌ ဓမ္မဝေဒနီယစသောကံတို့၏ အကျိုးပေးဆန်းကြယ်ပုံဖြစ်သည်။
လောကအရာဟူသည် လ၊နေတို့ကို ဘယ်သူဖန်ဆင်းခဲ့တာလဲ၊ မဟာပထ၀ိမြေကို
ဘယ်သူဖန်ဆင်းခဲ့တာလဲ၊ မဟာသမုဒ္ဒရာ ကို ဘယ်သူဖန်ဆင်းခဲ့တာလဲ၊ သတ္တ၀ါတွေကို
ဘယ်သူဖန်ဆင်းခဲ့တာလဲ၊ တောင်တွေကို ဘယ်သူဖန်ဆင်းခဲ့တာလဲ၊
သရက်၊ထန်း၊အုန်းပင်စသည်တို့ကို ဘယ်သူဖန်ဆင်းခဲ့တာလဲ-ဟု ကြံစီ
စဉ်းစားကြံဆခြင်းဖြစ်သည်။ ထိုအရာတို့ကို ထိုသို့ကြံစည်နေခြင်းဖြင့်
အဖြေမရနိုင်ပဲ ရူးသွားနိုင်ပါသည်။ ထို့ကြောင့် တန်ခိုးအရာကိုနှစ်ခုမြောက်
အစိန္တေယျတွင် ထည့်သွင်းသဖြင့် ဆန်းကြယ်သော တန်ခိုးအရာကို
မိမိဥာဏ်မီသလောက်သာ စဉ်းစားစေလိုပါသည်။ သို့မဟုတ်ပါပဲလျက်
လွန်စွာသိချင်သည်ဆိုပါက တန်ခိုးရအောင် ကျိုးစားပါလေ-ဟုသာ တိုက်တွန်းလိုက်
ပါရစေ။
တန်ခိုးပြခြင်းနှင့်ပတ်သက်၍ ကေ၀ဋ္ဋသုတ်တွင် သုံးမျိုးသုံးစား
ဟောပြထားခဲ့သည်။ ပါဋိဟာရိယ-ဟု သုံးနှုန်းခေါ်ဆိုကာ ပြာဋိဟာ-ဟု မြန်မာမှုပြုကာ
ပြောဆိုကြသည်။ အဓိပ္ပာယ်မှာ = ဆန့် ကြဉ်ဘက်ကို
ပယ်ရှားနိုင်စွမ်းရှိခြင်း၊အထူးထူးဖန်ဆင်းခြင်း၊ အံ့ဖွယ်ရှိသောတန်ခိုး-ဟု
ဆိုလိုသည်။ ယင်းသုံးမျိုးမှာ
၁။ဣဒ္ဓိဟာဋိဟာရိယ = တန်ခိုးအမျိုးမျိုး ဖန်ဆင်းပြနိုင်ခြင်း
၂။အာဒေသနာပါဋိဟာရိယ = သူတစ်ပါးအကြံအမျိုးမျိုးကို ပိုင်ပိုင်နိုင်နိုင်ပြောပြနိုင်ခြင်း
၃။အနုသာသနီပါဋိဟာရိယ = တရားဓမ္မ ဟောကြားပြသ ဆိုဆုံးမခြင်း တို့ဖြစ်သည်။
ဣဒ္ဓိပါဋိဟာရိယ
ဣဒ္ဓိပါဋိဟာရိယဟူသည် တစ်ယောက်တည်းဖြစ်သော်လည်း အများအပြား
ဖန်ဆင်းပြနိုင်ခြင်း၊ ကိုယ်ဖျောက်ပြနိုင်ခြင်း၊ တံခါးစသည့်
ဟာလာဟင်းလင်းအပြင်ကို ၀င်ထွက်သွားလာနိုင်သကဲ့ သို့ ပိတ်ဆီးထားသည့်
တောင်၊နံရံစသည်တို့ကို အေးအေးသက်သာ ဖေါက်ထွက်သွားလာနိုင်ခြင်း၊ ရေထဲကို
ငုတ်ခြင်း၊ပေါ်ခြင်းပြုနိုင်သကဲ့သို့ မြေထဲသို့လည်း ငုတ်ခြင်း၊ပေါ်ခြင်းကို
ပြုနိုင်ခြင်း ၊မြေအပြင်တွင် လမ်းလျှောက်သွားနိုင်သကဲ့သို့
မြေအပြင်တွင်လည်း လမ်းလျှောက်သွားလာနိုင်ခြင်း၊ ကောင်းကင်တွင်
ငှက်တို့ကဲ့သို့ ပျံသွားခြင်းငှာ စွမ်းနိုင်ခြင်း၊ လ၊နေတို့ကို
ဖမ်းဆုပ်ခြင်းငှာ စွမ်းနိုင်ခြင်း၊ အလိုရှိပါက ဗြဟ္မာ့ပြည်တိုင်အောင်
သွားလာနိုင်ခြင်း စသည်တို့သည်ဖြစ်သည်။
အထက်ပါတို့အတွက်
သာဓကအသီးသီးထုတ်ပြနိုင်ပါသည်။ သို့သော် တစ်ခုမျှသာထုတ်ပြပါမည်။ ။ တစ်ခါက
ရဟန်းတစ်ပါးသည် မဟာဘုတ်လေးပါးနှင့်ပတ်သက်၍ နားလည်နိုင်ခြင်းမရှိ သဖြင့်
နတ်တို့သိနိုင်လောက်သည်ဟု ယူဆသဖြင့် နတ်ပြည်သို့တက်ရောက်နိုင်သည့်
အဘိဥာဏ်သမာဓိကိုဝင်စားကာ တက်ရောက်မေးမြန်းခဲ့သည်။ ဦးစွာ
စာတုမဟာရာဇ်နတ်ပြည်သို့ သွားရောက်မေးမြန်းရာ မိမိတို့မသိပါ၊
နတ်မင်းကြီးလေးယောက်တို့ကို မေးပါကသိမည်ထင်ကြောင်း ပြန်လည်ပြောဆိုကြသည်။
နတ်မင်းကြီးလေးယောက်တို့ကို သွားရောက်မေးမြန်းသော် လည်း
သူတို့မသိနိုင်-ဟုဖြေဆိုကာ တာဝတိံသာနတ်တို့ကို ညွှန်ပြန်သည်။
ဤသို့အဆင့်ဆင့်အားဖြင့် ယာမာနတ်ပြည်၊တုသိတာနတ်ပြည်၊
နိမ္မာနရတိနတ်ပြည်၊ပရနိမ္မိတ၀သ၀တ္တိနတ်ပြည်၊ ထိုမှတစ်ဆင့်
ဗြဟ္မာ့ပြည်တိုင်အောင် ရောက်ခဲ့သည်။ မဟာဗြဟ္မာကြီးကို ဗြဟ္မာတို့အကြားတွင်
သုံးကြိမ်တိုင်တိုင်မေးသော်ငြား မဖြေကြားပဲ နောက်ဆုံးသုံးကြိမ်မြောက်တွင်
သင့်တော်ရာ အရပ်သို့ခေါ်ဆောင်သွားကာ `ဤဗြဟ္မာတို့သည် ကျွန်ုပ်အား
ဖန်ဆင်းသူ-ဟု ယုံကြည်နေကြသောကြောင့် သူတို့ကြားတွင် မဖြေကြားခြင်းဖြစ်သည်။
အဖြေကိုကျွန်ုပ်မသိပါ၊ ဘုရားရှင်ကသာ သိနိုင်ပါသည်။ ဘုရားရှင်ကိုကျော်၍
ကျွန်ုပ်အားမေးခြင်းသည် မသင့်လျော်ပါ-ဟု ပြန်လည်ဖြေကြားခဲ့သည်။ ဤကား
သာဓကတည်း။
အထက်ပါဣဒ္ဓိပါဋိဟာရိယသည် အလွန်ပင်စွမ်းသည်ဖြစ်၍
နှစ်သက်စရာပင်ဖြစ်သည်။ သို့သော် ထိုအစွမ်းတို့ကို ထုတ်သုံးကာ
လူတို့အားပြသရန်ကိုမူ ဘုရားရှင်သည် တပည့်သားရဟန်း တို့အား
ခွင့်ပြုတော်မမူခဲ့ပေ။ စည်းမျဉ်းထုတ်ကာ တားမြစ်တော်မူခဲ့သည်။ တစ်ခါက
ရာဇဂြိုလ်သူဋ္ဌေးတစ်ဦးသည် နောက်ပါအခြွေရံများနှင့်အတူ ဂင်္ဂါမြစ်တွင်
ရေကစားနေစဉ် ရေထဲမှမြော ပါလာသော စန္ဒကူးအနှစ်တစ်တုံးကို ဆယ်ယူရရှိခဲ့သည်။
ထိုစန္ဒကူးအနှစ်ကို သပိတ်ပြုလုပ်ကာ အတောင်ခြောက်ဆယ်မြင့်သော နေရာတွင်ထား၍
`ရဟန္တာစစ်ဖြစ်သူရှိက ကောင်းကင်ခရီး မှ ကြွကာယူနိုင်သည်-ဟု
စာတမ်းချိပ်ထားသည်။ တိတ္ထိဆရာကြီးခြောက်ယောက်သည် သူတို့၏တပည့်အသီးသီးဖြင့်
စကားပရိယာယ်မျိုးစုံ၊နည်းမျိုးစုံသုံးကာ ဟန်ဆောင်ကြွေးကြော်ကြ သည်။
ကောင်းကင်ခရီးဖြင့်ယူနိုင်က ယူပါလေ-ဟု သူဋ္ဌေးကြီးက ယတိပြတ်ပြောဆိုပါမှ
မယူနိုင်သဖြင့် အရှက်ရကာ ပြန်သွားကြသည်။ ခုနစ်ရက်ကြာသောအခါ
အရှင်မောဂ္ဂလာန်နှင့် အရှင် ပိဏ္ဍောလတို့ ဆွမ်းခံကြွလာရာ မလှမ်းမကမ်းမှ
သေသောက်ကြူးတို့သည် `အချင်းတို့ ရဟန္တာဟု ကြွေးကြော်ကြသူတို့
လောကတွင်အနန္တပင်ရှိ၏။ သပိတ်ကို ယူနိုင်သူမရှိရကား ဘုရား၊
ရဟန္တာဟူသောစကားကိုပင် ငါတို့မကြားလိုတော့ပြီ-ဟု ပြောဆိုသံကို
ကြားလိုက်ရသည်။ ထိုအခါ အရှင်မောဂ္ဂလာန်က `ငါ့ရှင် သူတို့စကားကို
ပေါ့ပေါ့ထား၍မရပေ။ ရတနာသုံးပါးအပေါ် ပစ်မှားခြင်းဖြင့် လူတို့သည်
သံသရာ၌နစ်မွန်းကြတော့မည်။ သွားယူပါလေ-ဟု တိုက်တွန်းသဖြင့် အရှင်ပိဏ္ဍောလသည်
အဘိညာပါဒကစတုတ္ထဈာန်ကို ၀င်စားကာ ကျောက်ဖျာကြီးတစ်ချပ် ကို ခြေမတွင်ညှပ်၍
မြို့အထက်မှဝဲပြလေသည်။ လူတို့က စိုးရိမ်စွာ ပြေးလွှားကြသည်။
ကျောက်ဖျာကြားမှထွင်းဖေါက်ကာ ကိုယ်ထင်ရှားပြလေသည်။ ခုနစ်ပါတ်ပြည့်သောအခါ
ကျောက်ဖျာ ကို ခြေမဖြင့်ပင်ညှပ်ကာ မူလနေရာတွင်ပြန်ထားပြီး၍
သူဋ္ဌေးကြီးအိမ်ရှေ့ကောင်းကင်ထက်၌ရပ်လေ၏။ ထိုအခါ သူဋ္ဌေးကြီးက အိမ်သို့ပင့်ကာ
စတုမဓူလောင်းလှူသည်။ ယင်းသတင်းကို ဘုရားရှင်ကြားတော်မူသဖြင့်
သိက္ခာပုဒ်ဖြင့် တားမြစ်တော်မူခဲ့လေသည်။
ထိုကဲ့သို့ သာဝကတို့အား
တာမြစ်ထားတော်မူသည်ကို ကြားသိရသောတိတ္ထိဆရာကြီးတို့သည်
ဟိတ်ဟန်ကြွားလုံးဝါဒများ ထုတ်ဖြန့်ကာ `ငါတို့သည် ဘုရားရှင်နှင့်ပင်
တန်ခိုးပြိုင်နိုင်စွမ်းရှိ သည်-စသည်ဖြင့် အမျိုးမျိုးထပ်ဆင့်
ထိပါးလာကြတော့သည်။ ၄င်းသတင်းကို မျက်နှာလွှဲမထားနိုင်သော ရာဇဂြိုလ်ပြည့်ရှင်
ဘုရင်ဗိမ္ဗိသာရသည် ဘုရားရှင်ကို လျှောက်ထားတော့သည်။ ထိုအခါ ဘုရားရှင်သည်
ဝါဆိုလပြည့်နေ့တွင် ကဏ္ဍမ္ဗသရက်ဖြူပင်အနီးတွင် ၃၆-ယူဇနာသောမြေအပြင်ရှိ
ပရိသတ်အား စကြာဝဠာတိုက်အားလုံးကို မြင်နိုင်သော လောက၀ိရဏတန်ခိုးဖြင့်
ဖွင့်ပြကာ ရတနာစင်္ကြံဖန်ဆင်းကာ ရပ်နေတော်မူသည်။ ထိုအခါ တပည့်များဖြစ်သည့်
ဃရဏီဥပါသိကာမ၊ စူဠအနာထပိဏ်မည်သော အနာဂါမ်သူဋ္ဌေး၊ စိရသာမဏေ၊ စုန္ဒသာမဏေ၊ ဥပ္ပလ
ဝဏ်ထေရီမ၊ အရှင်မောဂ္ဂလာန်တို့က အသီးသီးဘုရားရှင်ကို မိမိတို့ကသာပြပါရစေ-ဟု
အသီးသီး တောင်းဆိုကြသော်လည်း ပယ်တော်မူကာ ရေမီးအစုံစုံနှင့်
ရောင်ခြည်တော်ခြောက်သွယ် တို့ကွန့်မြူးသော ယမကပြာဋိဟာကို ပြတော်မူခဲ့သည်။
ယင်းသို့ပြတော်မူခြင်းနှင့်ပတ်သက်၍ အချို့က ဘုရားရှင်သည် မိမိကိုယ်တိုင်ကား
တန်ခိုးပြတော်မူ၏။ သာဝကတို့ကိုကား တားမြစ် ပိတ်ပင်တော်မူ၏-ဟု
ကဲ့ရဲ့သံဖြင့် ပြောတတ်ကြသည်။ မယုံကြည်သူများက အပြစ်အမျိုးမျိုးပြကာ
စောဒကတက်တတ်ကြသည်မှာ သဘာဝပင်ဖြစ်သည်။
ဤဣဒ္ဓိပါဋိဟာရိယကို
ကျွမ်းကျင်စွာပြနိုင်သော အသုံးပြုနိုင်သော ရဟန်းတစ်ပါးပါးသည် အကယ်၍များ
ပြခဲ့သည်ဆိုငြားအံ့၊ ဗုဒ္ဓဘာသာဝင်ဒါယကာတစ်ယောက်က လွန်စွာကြည်ညိုလှ သဖြင့်
ဗုဒ္ဓဘာသာအပေါ်အမြင်စောင်းသူတစ်ဦးဦးကို `ဤရဟန်းသည် ဤသို့ဤသို့ဖြင့်
တန်ခိုးအမျိုးမျိုးပြနိုင်၏-ဟု ပြောဆိုမိပါက `ဤသို့ပြခြင်းက ဘာမျှမဆန်းချေ၊
လောကတွင် ဂန္ဓာရီ အတတ်မည်သည်ရှိ၏။ ထိုအတတ်သည် တစ်ယောက်တည်းဖြစ်သော်လည်း
အများအပြား ဖန်ဆင်းပြနိုင်၏၊ ကိုယ်ဖျောက်ပြနိုင်၏၊ တံခါးစသည့်
ဟာလာဟင်းလင်းအပြင်ကို ၀င်ထွက်သွား လာနိုင်သကဲ့ သို့ ပိတ်ဆီးထားသည့်
တောင်၊နံရံစသည်တို့ကို အေးအေးသက်သာ ဖေါက်ထွက်သွားလာနိုင်၏၊ ရေထဲကို
ငုတ်ခြင်း၊ပေါ်ခြင်းပြုနိုင်သကဲ့သို့ မြေထဲသို့လည်း ငုတ်ခြင်း၊ပေါ်ခြင်း ကို
ပြုနိုင်၏၊ မြေအပြင်တွင် လမ်းလျှောက်သွားနိုင်သကဲ့သို့
မြေအပြင်တွင်လည်း လမ်းလျှောက်သွားလာနိုင်၏၊ ကောင်းကင်တွင်
ငှက်တို့ကဲ့သို့ ပျံသွားခြင်းငှာ စွမ်းနိုင်၏၊ လ၊နေတို့ကို
ဖမ်းဆုပ်ခြင်းငှာ စွမ်းနိုင်၏၊ အလိုရှိပါက ဗြဟ္မာ့ပြည်တိုင်အောင်
သွားလာနိုင်၏-ဟု ပြန်လည်ပြောဆိုနိုင်၏။ ထိုသို့ပြန်လည်ပြောဆိုမည်ကို
မြင်တော်မူသောကြောင့် ဘုရားရှင်သည် ဤဣဒ္ဓိ ပါဋိဟာရိယကို
တားမြစ်တော်မူခြင်းဖြစ်သည်။ မှတ်ချက် = ဂန္ဓာရီအတတ်ဟူသည်
ဂန္ဓာရရသေ့ကပြုစီရင်သောကြောင့်လည်းကောင်း ဂန္ဓာရတိုင်းသားရသေ့တို့က
ပြုစီရင်အပ်သောကြောင့် လည်းကောင်း ဂန္ဓာရအတတ်မည်၏-ဟု အယူနှစ်မျိုးကွဲသည်။
ဂန္ဓာရီအတတ်သည် စူဠဂန္ဓာရီအတတ်နှင့် မဟာဂန္ဓာရီအတတ်ဟု နှစ်မျိုးရှိသည်။
လွန်ခဲ့သည့်သုံးနှစ်က သေပြီးသောသတ္တ၀ါ တစ်ဦးဦး၏ ဖြစ်ရာဌာနကိုသိသော အတတ်သည်
စူဠဂန္ဓာရီမည်၏။ ထိုသို့သိသောမန္တာန်ကိုစုပ်၍
ဣဒ္ဓိဝိဒအဘိဥာဏ်ဆိုင်ရာတန်ခိုးကို မျက်လှည့်ပြသကဲ့သို့ ပြနိုင်သောအတတ်သည်
မဟာ ဂန္ဓာရီမည်၏။
အာဒေသနာပါဋိဟာရိယ
အာဒေသနာပါဋိဟာရိယဟူသည်
ယခုအခါ သင်စိတ်သည်ဤသို့သဘောရှိ၏၊ ဤသို့အခြင်းအရာရှိ၏။ ဤသို့အကြံရှိ၏-ဟု
သူတစ်ပါး၏ စိတ်၊စိတ်ဖြစ်စဉ်၊အကြံအစည်၊အဆင်အခြင်ကို အတတ်ဟောခြင်းဖြစ်သည်။
သာဓကကို ထုတ်ပြရပါလျင် အရှင်ဒေ၀ဒတ်သည် သံဃာသင်းခွဲပြီး၍
ဂယာသီသကျောက်ဖျာထက်တွင် ဘုရားရှင်ကဲ့သို့ နေထိုင်သောအခါ ဘုရားရှင်သည်
အဂ္ဂသာဝကနှစ်ပါးတို့အား စေလွှတ်တော်မူခဲ့သည်။ ထိုသို့စေလွှတ်ပြီးနောက်
အရှင်သာရိပုတ္တရာသည် ရဟန်းငါးရာတို့၏စိတ်အကြံကို သိအောင်လုပ်၍
တရားဟောတော်မူခဲ့သည်။ ယင်းသို့ စိတ်အကြံကို သိအောင်လုပ်ခြင်းသည်
အာဒေသနာပါဋိဟာရိယမည်၏။
ဤအာဒေသနာပါဋိဟာရိယကို
ကျွမ်းကျင်စွာပြနိုင်သော အသုံးပြုနိုင်သော ရဟန်းတစ်ပါးပါးသည် အကယ်၍များ
ပြခဲ့သည်ဆိုငြားအံ့၊ ဗုဒ္ဓဘာသာဝင်ဒါယကာတစ်ယောက်က လွန်စွာကြည် ညိုလှသဖြင့်
ဗုဒ္ဓဘာသာအပေါ်အမြင်စောင်းသူတစ်ဦးဦးကို `ဤရဟန်းသည် ဤသို့ဤသို့ဖြင့်
သူတစ်ပါးစိတ်အကြံကို အတတ်ဟောပြနိုင်၏-ဟု ပြောမိသောအခါ
`ဤသို့ဟောပြနိုင်ခြင်း သည် ဘာမျှမဆန်းချေ၊ စိန္တာမဏိအတတ်မည်သည်ရှိ၏။
ထိုအတတ်သည် ယခုအခါ သင်စိတ်သည်ဤသို့သဘောရှိ၏၊ ဤသို့အခြင်းအရာရှိ၏။
ဤသို့အကြံရှိ၏-ဟု သူတစ်ပါး၏ စိတ်၊ စိတ်ဖြစ်စဉ်၊အကြံအစည်၊အဆင်အခြင်ကို
ပြောပြနိုင်စွမ်းရှိ၏-ဟု ပြန်လည်ပြောဆိုနိုင်၏။
ထိုသို့ပြန်လည်ပြောဆိုမည်ကို မြင်တော်မူသောကြောင့် ဘုရားရှင်သည်
ဤအာဒေသနာပါဋိဟာ ရိယ-ကို တားမြစ်တော်မူခြင်းဖြစ်သည်။ မှတ်ချက် =
ဤစိန္တာမဏိအတတ်ကို တတ်သောသူသည် သင့်လျော်သည့်ကာလ၊ဒေသတွင်
မိမိသိလိုသူ၏စိတ်ကို သိနိုင်ရန် ထိုပုဂ္ဂိုလ်အား ဘာများ အထူးမြင်ခဲ့သလဲ၊
ကြားခဲ့သလဲ၊ နမ်းခဲ့သလဲ၊ စားခဲ့ရသလဲ၊ တွေ့ခဲ့ရသလဲ-ဟု မေးမြန်းကာ
ထိုပုဂ္ဂိုလ်ပြောသမျှမှ အထူးကိုမှတ်သားကာ မှန်းဆ၍ သင်၏စိတ်ကား
ဤသို့ဤသို့ဖြစ်နေ၏-ဟု အတတ်ဟောနိုင်သည်ဟုလည်းကောင်း
မိမိသိလိုသူုကိုစကားပြောစေ၍ ထိုသူပြောသောစကား၏ အက္ခရာကိုမှတ်သားကာ
စိတ်အကြံကိုဖြေဆိုဟောပြနိုင်သည်ဟုလည်းကောင်း ဆိုသည်။
အနုသာသနီပါဋိဟာရိယ
အနုသာသနီပါဋိဟာရိယဟူသည်
ဤကြံကိုကြံပါ၊ ဤအကြံကို မကြံသင့်-ဟုလည်းကောင်း ဤသို့နှလုံးသွင်းသင့်၏၊
ဤသို့နှလုံးမသွင်းသင့်-ဟု တရားဓမ္မဆိုဆုံးမခြင်းဖြင့် သူတစ်ပါးတို့အား
ဈာန်၊မဂ်၊ဖိုလ်တို့ကို ရစေခြင်းဖြစ်သည်။ ဤအနုသာသနီပါဋိဟာရိယကို
သာဓကထုတ်ပြရလျင် အထက်ပါပြဆိုခဲ့သည့် အရှင်ဒေ၀ဒတ်လက်မှ ပြန်လည်ခေါ်ယူခဲ့သော
အရှင်မြတ်နှစ်ပါးတို့ ကိုသာ ထုတ်ပြရပါမည်။ အရှင်သာရိပုတ္တရာသည်
ရဟန်းငါးရာတို့၏စိတ်အကြံကို သိအောင်လုပ်၍ တရားဓမ္မဟောပြခဲ့သည်။
အရှင်မောဂ္ဂလာန်သည် တန်ခိုးအမျိုးမျိုးပြကာ တရားဓမ္မဟော ကြားပြသခဲ့သည်။
ထို့ကြောင့် အရှင်နှစ်ပါးတွင် အရှင်သာရိပုတ္တရာသည် အာဒေသနာပါဋိဟာရိယနှင့်
အနုသာသနီပါဋိဟာရိယကို ပြတော်မူခဲ့သည်ကိုလည်းကောင်း အရှင်မောဂ္ဂလာန်သည်
ဣဒ္ဓိဟာဋိဟာရိယနှင့် အနုသာသနီပါဋိဟာရိယကို ပြတော်မူခဲ့သည်ကိုလည်းကောင်း
သိနိုင်ပါသည်။
ကောက်နှုတ်ချက်
အထက်ပါ ပါဋိဟာရိယသုံးမျိုးတို့အနက်
ဣဒ္ဓိဟာဋိဟာရိယနှင့် အာဒေသနာပါဋိဟာရိယတို့သည် သာသနာတော် အရှည်တည်တံ့အောင်
ပြုစွမ်းနိုင်သည်မဟုတ်သောကြောင့်လည်းကောင်း
သံသရာဝဋ့်ဆင်းရဲမှထွက်မြောက်နိုင်ရန် လမ်းစဉ်မဟုတ်သောကြောင့်လည်းကောင်း
ဂန္ဓာရီအတတ်၊စိန္တာမဏိအတတ်(မဏိကာန္တာန်)တို့ဖြင့် တန်ခိုးပြတာပါ-ဟု
သူတစ်ပါးပြောဆိုကဲ့ရဲ့ခြင်း မှ မလွတ်သောကြောင့်လည်းကောင်း
ဘုရားရှင်ချီးကျူးတော်မမူပါပဲ သာသနာတော်အရှင်တည်တံ့အောင် ပြုစွမ်းနိုင်သော
သံသရာဝဋ့်ဆင်းရဲမှထွက်မြောက်နိုင်ရန် လမ်းစဉ်ဖြစ်သော သူတစ်ပါးတို့၏
ကဲ့ရဲ့ပြောဆိုမှုမှ လွတ်မြောက်နိုင်သော အနုသာသနီပါဋိဟာရိယသာ
ဘုရားရှင်ချီးကျူးတော်မူခဲ့ခြင်းဖြစ်သည်။
ဤသို့လျင်
တန်ခိုးပြခြင်းဟူသည် သူ့နေရာနှင့်သူ အသုံးပြုရပါမည်။ မလိုအပ်ပါပဲလျက်
သာသနာပြုရန်အကြောင်းပြချက်ဖြင့် တန်ခိုးပြခြင်းကို ဘုရားရှင်လက်မခံခဲ့ပေ။
အနုသာသနီပါဋိဟာ ရိယကိုသာ ဘုရားရှင်ချီးကျူးခဲ့သည်။
ဘုရားရှင်လက်မခံခဲ့သောနှစ်မျိုးသည် သီလ၊သမာဓိ၊ပညာ၏ အစွမ်းအာနိသင်ကို
ထင်စွာမပြနိုင်ပါ၊ သာသနာပြုရာတွင် သူတစ်ပါးအထင်ကြီးရန်-ဟု တန်ခိုးပြသဖြင့်
အရှည်မတည်နိုင်၊ သာသနာပြုခြင်းဟူသည် သူတစ်ပါး၏စိတ်နှလုံးထဲဝယ်
သီလ၊သမာဓိ၊ပညာတည်သွားအောင် ပြုလုပ်ခြင်းသာဖြစ်သည်။ စေတနာမှန်သော်ငြား
ရေရှည်ကို စဉ်းစား၍ သာသနာပြုပါမှ ဘုရားရှင်အလိုကျဖြစ်နိုင်ပါသည်။
ထို့ကြောင့် မိမိသိသောအနည်းငယ်မျှကိုပင်ဖြစ်စေ
အရှင်သာရိပုတ္တရာအလောင်းဥပတိဿသည် အရှင်သာရိပုတ္တရာအလောင်း အလျာဖြစ်သည့်
ကောလိတအား မိမိရရှိခဲ့သည့် တရားအနည်းငယ်ကိုပင်
ပြန်လည်သာသနာပြုဟောပြခဲ့သကဲ့သို့ မိမိလေ့လာထားမိသမျှကို
အနည်းငယ်ပင်ဖြစ်ပါစေ၊ ပြန်လည်မျှဝေသာသ နာပြုနိုင်ပါစေကြောင်း ဆုတောင်းရင်း
ဤစာအားအဆုံးသတ်အပ်ပါသည်။
ကိုး = သီလက္ခန်ပါဠိတော်၊
သီလက္ခန်ပါဠိတော်မြန်မာပြန်၊သီလက္ခန်အဋ္ဌကထာ၊ သီလက္ခန်ဘာသာဋီကာ၊
အင်္ဂုတ္ထိုရ်စတုက္ကနိပါတ်၊မူလမဟာဗုဒ္ဓ၀င်၊ဦးဟုတ်စိန်အဘိဓာန်။
အရှင်က၀ိန္ဒ(ချောင်းဆုံ)
No comments:
Post a Comment