တစ်ခါတုန်းက ဂင်္ဂါမြစ်၊ဂိဇ္ဈကုဋ်တောင်မှာ
ညောင်ချဉ်ပင်တစ်ပင်ရှိသတဲ့၊အဲဒီညောင်ချဉ်ပင်ရဲ့ သစ်ခေါင်းထဲမှာ
ကံမကောင်းအကြောင်းမလှလို့ ခြေသည်းလက်သည်းတွေကကြွေ၊ မျက်စိကလဲ
ကန်းနေပြီဖြစ်တဲ့ ဇရဒ္ဂ၀ဆိုတဲ့လင်းတကြီးတစ်ကောင်နေထိုင်ပါတယ်။
အဲဒီညောင်ပင်မှာနေကြတဲ့ ငှက်ကလေးတွေက သူ့ကိုသနားလွန်းလို့
သူတို့ရှာဖွေရလာတဲ့ အစာတွေထဲက အစာတစ်ချို့ကို ခွဲဝေပေးကမ်းကြပါတယ်။
တစ်နေ့မှာတော့
ဒီဃကဏ္ဏလို့ခေါ်တဲ့ ကြောင်တစ်ကောင်က ငှက်တွေကိုစားဖို့အတွက်
ညောင်ချဉ်ပင်ကိုရောက်လာခဲ့ပါတော့တယ်။ငှက်လေးတွေကလဲ ကြောင်ကြီးကိုမြင်
တဲ့အတွက် ကြောက်လွန်းတာကြောင့်
ညံညံစီစီအော်မြည်ကြပါတယ်။ငှက်တွေရဲ့အော်မြည်သံကိုကြားရတဲ့ လင်းတဟာ
ခုလာနေတာဘယ်သူလဲလို့မေးလိုက်တဲ့အခါ လင်းတ ကြီးကို မြင်လိုက်ရတဲ့ကြောင်ဟာ -
ငါတော့သေတော့မှာပဲ သေဘေးကို ငါကြောက်သော်ငြား ကြုံလာမယ့်ဘေးကိုတော့
သင့်သလိုလုပ်လိုက်တာပေါ့ သူ့လက်ကလွတ်မှာလဲမဟုတ် တာကြောင့် ဖြစ်လိုရာဖြစ်စေ
အယုံသွင်းပြီး ရင်းနှီးအောင်လုပ်မယ်ဆိုတဲ့အကြံနဲ့ အနားကိုကပ်ကာ ကျွန်တော်က
ကြောင်တစ်ကောင်ဖြစ်ပါတယ်လို့ ပြောလိုက်ပါတယ်။ အဲဒီအခါမှာ လင်းတက
သင်ထွက်သွားပါတော့ သင်မထွက်သွားလျင် သင့်ကိုသတ်မိပါလိမ့်မယ်လို့
ပြောဆိုနှင်ထုတ်ပါတယ်။ ကြောင်ကြီးရဲ့ပြန်လည်ပြောဆိုစကားတွေကတော့ - ကျွန်တော့စကားကိုနားထောင်ပါဦး၊
ကျွန်တော့စကားကို နားထောင်ပြီးခါမှ သတ်ထိုက်မသတ်ထိုက်ကိုဆုံးဖြတ်ပါ။
တစ်စုံတစ်ယောက်ကို အမျိုးဇာတ်ကြောင့် သတ်ထိုက်ပါရဲ့လား အကြောင်းခြင်းရာကို
သေချာသိပြီးမှသာ သတ်ထိုက်သည် ပူဇော်ထိုက်သည်ကို ပြုသင့်ပါတယ်လို့ ပြောဆိုပါတယ်။
အဲဒီအခါ လင်းတက ပြောစမ်းပါဦးဟု အခွင့်ပေးပါတော့တယ်။ အဲဒီအခါ ကြောင်ကြီးက ငါဟာဂင်္ဂါမြစ်မှာ
ရေချိုးလေ့ရှိပါတယ်။ သက်သတ်လွတ်ကိုလဲ စားလေ့ရှိပါတယ်။ မြတ်တဲ့အကျင့်ကို
ကျင့်လေ့ရှိပါတယ်။ စန္ဒြာယဏအကျင့်ကို ကျင့်ပါတယ်။ သင်သည်
တရားကိုသိပြီးတရားနှင့်အညီကျင့်တယ် သူတို့ရဲ့ယုံကြည်ရာဖြစ်တယ်လို့ ငှက်တွေက
ကျွန်တော့ကိုသင့်ကြောင်း ချီးမွမ်းလေ့ရှိပါတယ်။ အတတ်ပညာ၊အသက်အရွယ်အားဖြင့်
ကျွန်နုပ်ထက်မြတ်တဲ့အရှင့်ထံမှ တရားနာယူဖို့ရန် လာရောက်ခြင်းဖြစ်ပါတယ်။
ဒီလိုလာခဲ့တဲ့ကျွန်တော့ကို သတ်ချင်တာ သင်တို့လိုတရားသမားတွေရဲ့
ဧည့်ဝတ်ကြိုဆိုမှုပဲလား။ ကျွန်တော်ပြောပါရစေ မိမိအိမ်ကို လာတယ်ဆိုရင်
ရန်သူပင်ဖြစ်ပါစေ သင့်လျော်တဲ့ဧည့်ဝတ်ကို ပြုရပါတယ်။ သစ်ပင်ဟာ မိမိကို
ခုတ်လှဲမယ့်သူကိုတောင် အရိပ်မပေးပဲမနေပါဘူး၊ ဧည့်ဝတ်ပြုစရာ
ဥစ္စာမရှိဘူးဆိုရင်တောင် နှစ်လိုဖွယ်စကားနဲ့ ဧည့်သည်ကိုပူဇော်ရပါတယ်။
ဘာ့ကြောင့်လဲဆိုရင် သူတော်ကောင်းတွေရဲ့ အိမ်မှန်ပါလျင် ထိုင်စရာမြက်အခင်း
အပန်းဖြေစရာအရပ် သောက်ရေသုံးရေ ချိုအေးသောစကား အဲဒီလေးခုရှိရပါတယ်။
သူတော်ကောင်းတွေဟာ ဂုဏ်မဲ့တဲ့သူတွေအပေါ်သော်မှ သနားတတ်ကြပါတယ်။ ဥပမာ လ-ဟာ
အလွန်အောက်တန်းကျတဲ့ စဏ္ဍာလရဲ့အိမ်ပင်ဖြစ်ပါစေ အရိပ်ကိုမကျပဲမနေသလိုပါပဲ။
အမျိုးမြင့်သူရဲ့အိမ်ကို အမျိုးနိမ့်တဲ့သူ ရောက်လာပါစေ ထိုက်သင့်သလောက်
ပူဇော်သင့်ပါတယ်။ ဧည့်သည်ဆိုတာ နတ်ပါပဲ။
အဲဒီစကားတွေကို
ကြောင်ကပြောပြီးတဲ့နောက်မှာ လင်းတက - ကြောင်ဆိုတာအသားစားသတ္တ၀ါပါပဲ၊
ဒီသစ်ပင်မှာလဲ ငှက်ကလေးတွေနေနေကြပါတယ်။ အဲဒါကြောင့်သာ
ငါသင့်ကိုနှင်ထုတ်ရခြင်းဖြစ်ပါတယ်လို့ဆိုလိုက်ပါတယ်။ အဲဒီအခါ
ကြောင်ဟာလက်နှစ်ဖက်ကို မြေကိုထိလျက် နားနှစ်ဖက်ကိုပိက်ရင်း
ပါးစပ်ကလဲပြောဆိုတာက ငါဟာတရားကျမ်းဂန်ကို ကြားနာရတာကြောင့်
တပ်မက်မှုကင်းပါတယ်။ ကျင့်နိုင်ခဲတဲ့ စန္ဒြာယဏအကျင့်ကိုလဲ ကျင့်ပါတယ်။
ကျမ်းစာအစောင်စောင်မှာ ငြင်းခုံမညီညွတ်ခြင်း
မညှင်းဆဲခြင်းဟာမြတ်တဲ့တရားလို့ ဆိုပါတယ်လို့ ပြန်လည်ပြောဆိုကာ
လင်းတကိုအယုံသွင်းပြီး သစ်ခေါင်းမှာနေထိုင်သွားပါတော့တယ်။
ရက်တွေကြာလာတာနဲ့အမျှ
ကြောင်ဟာငှက်ကလေးတွေကို သတ်စားပြီး သစ်ခေါင်းထဲယူငင်စားသောက်ပါတယ်။
မိမိတို့ရဲ့သားငယ်တွေစားသောက်တာ ခံရတဲ့ငှက်တွေက အော်မြည်ကြ ပါတော့တယ်။
ကြောင်ကအခြေနေမဟန်မှန်းသိတဲ့အတွက် ချက်ချင်းထွက်ပြေးသွားပါတော့တယ်။
အကြောင်းခြင်းရာကို စုံစမ်းကြတဲ့အခါ သစ်ခေါင်းထဲမှာ ငှက်ရိုးတွေကို
တွေ့သွားကြ ပါတယ်။ အဲဒီအခါ ငှက်တွေက ငါတို့ရဲ့သားငယ်တွေကိုသတ်စားတာ
ဒီကျေးဇူးမသိတတ်တဲ့ လင်းတဖြစ်လိမ့်မယ်လို့ ဆုံးဖြတ်ပြီး
လင်းတကိုသတ်လိုက်ကြပါတော့တယ်။
သင်ခန်းစာကတော့ = မိမိမသိတဲ့အမျိုးအနွယ်အကျင့်ရှိတဲ့သူကို နေရာမပေးသင့်ကြောင်း ကြောင်ရဲ့အပြစ်တွေကြောင့် အယုံလွယ်တဲ့လင်းတအသတ်ခံရကြောင်း သင်ခန်းစာယူရပါတယ်။
မှတ်ချက် = အထက်ပါစာများကို ကာလီဒါသရေးတဲ့ ဟိတောပဒေသမှ မျက်မမြင်လင်းတ၊ကြောင်နှင့်ငှက်များဝတ္ထုကို
ပြန်လည်ရေးသားခြင်းဖြစ်ပါသည်။ စာသွားအယူအဆမှားယွင်းပါက
မိမိအပြစ်သာဖြစ်ပါသည်။ မိမိနှင့်သင့်လျော်သလိုသာ
သင်ခန်းစာယူစေလိုသည်။ဟိတောပဒေသနိဿယကိုကြည့်ပြီးရေးခြင်းဖြစ်ပါသည်။
အရှင်က၀ိန္ဒ(ချောင်းဆုံ)
No comments:
Post a Comment