ရှေ့တွင်အ၀ိဇ္ဇာနှင့်ပတ်သက်ပြီး ပြောခဲ့သည်။
အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ-ဆိုသည့်အတိုင်း လောက လူသားများသည် တကယ့်အမှန်ကိုမသိသောအခါ လူ၊နတ်စည်းစိမ်များကိုလိုချင်မှုသက်သက်ဖြင့်
ကံတရား များပြုလုပ်ကြသည်။ မေ့လျော့သောသူများကလည်း မကောင်းသောကံတရားများပြုလုပ်ကြသည်။
ယင်း ကဲ့သို့ပြုပြင်စီရင်ခြင်းများက သင်္ခါရပင်ဖြစ်သည်။ ယခုဘ၀၌ကိုယ်၊နှုတ်၊စိတ်အမှုများ၊
နောက်ဘ၀၌ အကျိုး ၀ိပါက်များကို ပြုစီမံတတ်သောတရားကို သင်္ခါရဟုခေါ်ကြသည်။ ဤနေရာ၌မူ သင်္ခါရကို
ကံဟု-ယူရ ပါမည်။ ကံ-ဟုဆိုရာတွင် ကောင်းသောကံရှိသကဲ့သို့ မကောင်းသောကံလည်းရှိသည်။ ကောင်းသောကာယကံ -
ကောင်းသောဝစီကံ ကောင်းသောမနောကံ၊ မကောင်းသောကာယကံ မကောင်းသောဝစီကံ မကောင်းသောမနောကံ
ပေါင်း-ခြောက်မျိုးရှိပါသည်။ ယင်း-ကောင်းကံမကောင်းကံများကို ကျမ်းစာများ တွင် ပုံစံအမျိုးမျိုး၊အုပ်စုအမျိုးမျိုးတို့ဖြင့်
အများနားလည်အောင် ဖွင့်ဆိုရေးသားမှု ပြုခဲ့ကြသည်။ ယင်းတို့ထဲမှ သင်္ခါရကို လေ့လာမည်ဆိုပါလျင်
=
သင်္ခါရသည် ပုညာဘိသင်္ခါရ၊အပုညာဘိသင်္ခါရ၊အာနဉ္ဇာဘိသင်္ခါရ-ဟု
သုံးမျိုးရှိသည်။ ယင်းတို့တွင် မဟာကုသိုလ် ၈-ပါး၊ရူပါကုသိုလ် ၅-ပါး၌ယှဉ်သော စေတနာတို့သည်
ပုညာဘိသင်္ခါရဖြစ်၍ ကာမသုဂတိ ခုနစ်ဘုံ၊ ရူပဆယ့်ခြောက်ဘုံကို ရောက်စေနိုင်သောတရားဖြစ်သည်။
အကုသိုလ် ၁၂-ပါး၌ယှဉ်သော -စေတနာသည် အပုညာဘိသင်္ခါရဖြစ်၍ အပါယ်လေးဘုံကို ရောက်စေနိုင်ပါသည်။
အရူပကုသိုလ်လေး ပါး၌ယှဉ်သောစေတနာသည် အာနဉ္ဇာဘိသင်္ခါရဖြစ်၍ အရူပလေးဘုံကို ရောက်စေနိုင်ပါသည်။
ဤနေရာ တွင် ကုသိုလ်ချင်းအတူတူ အရူပလေးပါးကို ပုညာဘိသင်္ခါရထဲထည့်ရခြင်းမှာ အရူပလေးပါးသည်
နာမ်သာ ရှိသည့်အတွက် တုန်လှုပ်ခြင်းမရှိ၊ ငြိမ်သက်သည်။ ထို့ကြောင့် အာနဉ္ဇာဘိသင်္ခါရထဲ ထည့်ရခြင်းဖြစ်သည်။
အာနဉ္ဇဟူသည်မှာလည်း မတုန်လှုပ်ခြင်းဟူသောအဓိပ္ပာယ်သာဖြစ်သည်။ နောက်ထပ်ဖွင့်ဆိုမှုတစ်ခုကို -
လေ့လာမည်ဆိုပါလျင် =
၁။ဇနကကံ = ယခင်ကပြုခဲ့သော ကောင်းကံ၊ဆုံးကံများက
ယခုဘ၀၏ပဋိသန္ဓေတွင် လူ၊နတ်၊ တိရစ္ဆာန်စသည်အားဖြင့် ရုပ်အသွင်ကိုဖြစ်စေခြင်း၊ လူ ဒါမှမဟုတ်
နတ် ဒါမှမဟုတ် တိရစ္ဆာန်ဖြစ်လာလျင် လည်း ရုပ်အဆင်းလှပခြင်း မလှပခြင်း စည်းစိမ်ပေါခြင်း
ချို့တဲ့ခြင်းစသည်အားဖြင့် ပ၀တ္တိအကျိုးကိုဖြစ်စေ -နိုင်သောကံသည် ဇနကကံပင်ဖြစ်သည်။
၂။ဥပထမ္ဘကကံ = သေခါနီးမရဏာသန္နဇော,က ကုသိုလ်
သို့မဟုတ် အကုသိုလ်ကိုအာရုံပြုမိသော အခါ ပြုခဲ့သောကုသိုလ် သို့မဟုတ် အကုသိုလ်ဇနကကံကို
အကျိုးပေးနိုင်အောင် ထောက်ပံ့ကူညီပေးခြင်း သည် ဥပထမ္ဘကကံဖြစ်သည်။ ပ၀တ္တိအခါတွင်လည်း ကုသိုလ်
သို့မဟုတ် အကုသိုလ်ဇနကကံ,က အကျိုး -ပေးနေဆဲမှာပင် ကုသိုလ် သို့မဟုတ် အကုသိုလ်တစ်ခုခုကို
လုပ်လိုက်ရင် အကျိုးပေးနေတဲ့ဇနကကံကို ပိုပြီးတာရှည်အောင်ထောက်ပံ့ကူညီပေးသည့်အတွက် ဒါတွေကိုပဲ
ဇနကကံအကျိုးပေးခွင့်ရအောင် ဒါမှ မဟုတ် ဇနကကံအကျိုးပေး တာရှည်အောင်ထောက်ပံ့ကူညီပေးသော
ဥပထမ္ဘကကံ-ဟုခေါ်သည်။
၃။ဥပပီဠကကံ = ရှေးကအကုသိုလ်လုပ်ခဲ့သော်ငြား
ယခုဘ၀တွင် ကုသိုလ်အလုပ်များနေ သဖြင့် ကောင်းကျိုးတွေ့ကြုံခံစားရသည်၊ ရှေးကကုသိုလ်လုပ်ခဲ့သော်ငြား
ယခုဘ၀တွင် အကုသိုလ်အလုပ် များသဖြင့် မကောင်းကျိုးတွေ့ကြုံခံစားရသည်၊ ယင်းကဲ့သို့ အခြားကံကိုအကျိုးပေးခွင့်မရအောင်
ကပ်ပြီးနှိပ် စက်တတ်သောကြောင့် ဥပပီဠကကံ-ဟုခေါ်သည်။ နောက်တစ်မျိုးပြောရမည်ဆိုလျင် ပူတိဂတ္တတိဿ မထေရ်ကဲ့သို့
ယခင်ကပြုခဲ့သော ကုသိုလ်ဇနကကံ,က ယခုပ၀တ္တိဘ၀တွင် ကောင်းသောအကျိုးပေးသဖြင့် ရဟန်းပြုခွင့်လည်းရ
တရားလည်းကျင့်ခွင့်ရသော်ငြား အတိတ်ဘ၀တစ်ခုတုန်းက ငှက်မုဆိုးဖြစ်စဉ် ငှက်များ ကို ခြေချိုး၊အတောင်ချိုး
ပြုလုပ်ခဲ့သည့်အတွက် တစ်ကိုယ်လုံး သီးသီး,ဥသျှစ်သီးလောက် ကြီးမားသော အနာဖုများထွက်ကာ
အနာရောဂါအပြင်းအထန်ခံစားရသလိုမျိုး၊ အတိတ်ကုသိုလ်ဇနကကံကြောင့် ဤဘ၀ တွင် သုဂတိဘ၀ရသော်ငြား
အခြားအကုသိုလ်ဇနကကံတစ်ခုခုကြောင့် ရောဂါများခြင်း၊ရန်သူမျိုးငါးပါး စသော မကောင်းကျိုးများ
နှိပ်စက်ခံရနေရခြင်းသည် အခြားကံကြောင့်ဖြစ်သောအကျိုးကို ကပ်ပြီးနှိပ်စက် တတ်သောကြောင့် ဥပပီဠကကံ-ဟု ခေါ်သည်။
၎။ဥပဃာတကကံ = ဒမိဠတံငါသည်သည် သူ့အကုသိုလ်နှင့်သူဆိုလျင်
အပါယ်ကိုကျရမည့်သူဖြစ် သည်။ သို့သော်ငြား သရဏဂုံကို ဆောက်တည်လိုက်သည့်အတွက် ယင်းကုသိုလ်ဥပဃာတကကံ,က
တခြားအကုသိုလ်ကံကို သတ်ဖြတ်လိုက်တာမျိုး၊ မလ္လိကာဒေ၀ီသည် သူ့ကုသိုလ်နှင့်သူဆိုလျင် သုဂတိ ကိုရောက်ရန်သေချာနေပြီးသူဖြစ်သည်။
သို့သော်ငြား သေခါနီးတွင် သူ၏နှလုံးသွင်းအကုသိုလ်ဥပဃာတက ကံက တခြားကုသိုလ်ကံကို သတ်ဖြတ်လိုက်တာမျိုးကို
ဥပဃာတကကံ-ဟု ခေါ်ပါသည်။ ဒါ့အပြင် - သောရေယျသူဋ္ဌေးသားက ရှင်မဟာကစ္စည်းထေရ်ကို ပစ်မှားလိုက်မိသဖြင့်
မိန်းမဖြစ်သွားခဲ့သည်၊ နောက် တွင် ရှင်မဟာကစ္စည်းကို ပြန်လည် တောင်းပန်လိုက်သည့်အတွက်
ကန်တော့တောင်းပန်သော ကုသိုလ်ဥပ ဃာတကကံ,က တခြားအကုသိုလ်ကံ အကျိုးဖြစ်သည့် မိန်းမဘ၀ကို
သတ်ဖြတ်လိုက်တာမျိုး၊ ဗိမ္ဗိသာရမင်းကြီးကို ရှေးကပြုခဲ့တဲ့ဇနကကံ,က အကျိုးပေးသည့်အတွက်
ဤဘ၀တွင်စည်းစိမ်ရခဲ့သော်ငြား ယင်းကုသိုလ်ဇနကကံကို ယခင်အတိတ်တစ်ခုတုန်းက ဘုရားရင်ပြင်ပေါ်
ဖိနပ်မချွတ်ပဲ နင်းခဲ့သော အကုသိုလ်ဥပဃာတကကံနှင့် သံဃာတော်များအတွက်ခင်းထားသော အခင်းပေါ်ကို
ခြေမဆေးပဲတက်ခဲ့ သည့် အကုသိုလ်ဥပဃာတကကံ,များက ဖျက်ဆီးလိုက်သည့်အတွက် ခြေဖ၀ါးခွဲပြီး
ဆားသိပ်ခြင်းအကျိုး ခံစားရသည်၊ သို့သော်ငြား ယင်းအကုသိုလ်ဥပဃာတကကံ,က ပဋိသန္ဓေအကျိုးကို
မပေးပဲ မင်းကြီး၏ ကြီးမားသောကုသိုလ်ကံများက အကျိုးပေးသည့်အတွက် နတ်ရွာစံသောအခါ စာတုမဟာရာဇ်နတ်ပြည် သို့
ရောက်ရတာမျိုး၊ ရှင်အနုရုဒ္ဓါ၏နှမ ရောဟိနီမင်းသမီးသည် ရှေးဘ၀တုန်းက အခြားအမျိုးသမီးတစ်ဦးကို
မနာလိုစိတ်ဖြင့် ခွေးလေးယားသီးမှုန့်ဖြူးခဲ့သော အကုသိုလ်ဇနကကံကြောင့် ဤဘ၀တွင် အနာကြီးရော ဂါသည်
ဖြစ်ရသည်။ ဤအချင်းအရာကိုသိသော ရှင်အနုရုဒ္ဓါက ရောဟိနီမင်းသမီးကို လက်ဝတ်လက်စား -ရောင်းပြီး
ဆွမ်းစားကျောင်းဆောက်စေကာ သန့်ရှင်းရေးလုပ်စေပါသည်။ မင်းသမီးကလဲ နှစ်ထပ်ဆွမ်းစား -ကျောင်းဆောက်ပြီး
နှစ်ထပ်ဆောင်းအတွင်းရော ကျောင်းဝန်းကျင်ကိုပါ သန့်ရှင်းရေးပြုသည့်အတွက် -ကြောင့် ရောဂါလည်းပျောက်သည့်အပြင်
သေဆုံးတော့လဲ တာဝတိံသာနတ်ပြည်ကို ရောက်သွားပါတယ်၊ ဤသို့ မိမိပြုသော ကုသိုလ်ဥပဃာတကကံ,က
တခြားအကုသိုလ်ကံကို ကပ်ပြီးသတ်လိုက်တာမျိုးကို ဥပ ဃာတကကံ-ဟု ခေါ်ပါသည်
အထက်ပါကံလေးမျိုးသည် ဖြစ်စေခြင်း ထောက်ပံ့ခြင်း နှိပ်စက်ခြင်း သတ်ဖြတ်ခြင်း ကိစ္စ -လေးမျိုးဖြစ်သောကြောင့်
ကိစ္စကမ္မစတုက္က-ဟုခေါ်သည်။ နောက်ထပ်ကံလေးမျိုးလဲ ရှိပါသေး သည်။ ယင်းတို့မှာ
=
၁။ဂရုကကံ = ကုသိုလ်အရာတွင် မဟဂ္ဂုတ်ကုသိုလ်ကံ၊
အကုသိုလ်အရာတွင် ပဉ္စာနန္တရိယကံနှင့် နိယတမိစ္ဆာဒိဋ္ဌိကံ ယင်းတို့က ဂရုကကံများဖြစ်ပါသည်။
ယင်းဂရုကကံတစ်ခုခုကို ပြုထားလျင် သေပြီးတဲ့ အခါ မုချအကျိုးကိုခံစားရမည်။ ယင်းပုဂ္ဂိုလ်မျိုးက
ဤဘ၀တွင် ဧကန်မုချ မဂ်ဖိုလ်ရနိုင်မည်မဟုတ်ပေ။ ဥပမာပြရလျင် အဇာတသတ်ကို ပြရမည်ဖြစ်သည်။
ပဉ္စာနန္တရိယကံနှင့်ပတ်သက်ပြီး သံဃဘေဒကနှင့် -လောဟိတုပ္ပါဒကံတို့ ယနေ့ခေတ်တွင် မရှိနိုင်တော့သည်ကိုလည်း
သိထားရပါမည်။
၂။အာသန္နကံ = ဒမိဠတံငါသည်သည် နှစ်ငါးဆယ်လုံးလုံး
တံငါအလုပ်လုပ်ခဲ့သော်ငြား သေခါနီး တွင် သရဏဂုံကိုဆောက်တည်လိုက်ရသည့်အတွက် စာတုမဟာရာဇ်နတ်ပြည်ရောက်ရသလိုမျိုး၊
မလ္လိကာ -ဒေ၀ီသည် နှစ်များစွာကြာအောင် ရတနာသုံးပါးဆည်းကပ်ခဲ့သော်ငြား သေခါနီးတွင် သူပြုခဲ့သော
မလျှော် သည့် အမှုတစ်ခုကို ပြန်အာရုံပြုမိတဲ့အတွက်ကြောင့် ငရဲရောက်ခဲ့ရသလိုမျိုး သောဏဂိရိကျောင်းမှ
ဦးဇင်း ကြီးသည် သေခါနီးပြုလိုက်သော ကုသိုလ်အစီအမံကြောင့် သုဂတိရောက်ရသလိုမျိုး သေခါနီးတွင်ပြုခဲ့သော ကံ
သို့မဟုတ် ယခင်ကပြုခဲ့တာကို သေခါနီးအာရုံပြု မြင်ယောင်မိတဲ့ကံပဲ ဖြစ်ပါတယ်။ သို့သော်ငြား
မလ္လိကာမိဖုရားက သူ့အကုသိုလ်ကံအကျိုးပေးပြီး ၇-ရက်အပြည့်မှာ ယခင်ကပြုခဲ့သော ကုသိုလ်ကံ အကျိုးပေးက
သူ့ကိုပြန်အကျိုးခံစားစေခဲ့တာကို သိနားလည်ပြီး တစ်ဘ၀လုံးအကုသိုလ်လုပ်မည် သေခါနီးမှ
ကုသိုလ်လုပ်မည်ဟု ပေါ့ပေါ့မတွေးသင့်ကြပါ။ စင်စစ် အားကြီးသောကံ ၀င်မဖျက်ဘူးဆိုလျင် မိမိပြုခဲ့သော ကံက
အကျိုးပေးမည်မှာ မုချဖြစ်သည်။
၃။အာစိဏ္ဏကံ = နှစ်ရှည်လများပြုခဲ့သော
ကုသိုလ်,အကုသိုလ်ကံ သို့မဟုတ် တစ်ခါပြုပြီးတိုင်း တစ် ဘ၀လုံး ယင်းကံကိုပြန်လည်မြင်ယောင်ပြီး
ဝမ်းသာရ သို့မဟုတ် ၀မ်းနည်းရသော ကုသိုလ်ကံ,အကုသိုလ် ကံ ယင်းတို့သည် အာစိဏ္ဏကံများပင်ဖြစ်သည်။
လူတစ်ချို့က “ဒီလောက်တစ်ဘ၀လုံး ပြုခဲ့တဲ့အာစိဏ္ဗ္ဏကံက ဘာဖြစ်လို့ ဒုတိယနေရာမှာ မထားပဲ
တတိယဦးစားပေးထားရသလဲ”ဟု စောဒကတက်ကြသည်။ အဖြေက “အာသန္နကံသည် ပဋိသန္ဓေနဲ့ အရမ်းနီးကပ်နေခြင်းကြောင့်”ဟု
ဖြေရပါမယ်။ ဥပမာတစ်ခုပြရလျင် - နွားခြံကြီးတစ်ခုတွင် နွားများကို လှောင်ထားသည။ မနက်ရောက်၍
မြက်စားဖို့နွားတွေကိုလွှတ်သောအခါ အင်အားကောင်းသောနွားများက အရင်မထွက်ရပါပဲ တံခါးဝအနီးသို့ရောက်နေသည့်နွားက
အရင်ထွက်ရ သလိုပင်ဖြစ်သည်။
၎။ကဋတ္တာကံ = အမှတ်တမဲ့ ပြုကာမျှဖြစ်သော
ပုရွက်ဆိတ်တက်နင်းမိသဖြင့် ပုရွက်ဆိတ် သေဆုံး ရခြင်းမျိုးဖြစ်သည်။ အကျိုးပေးများကား အထက်ကသုံးခုလောက်
မထက်သန်ပေ။ အထက်ပါကံလေးပါး ကား တစ်ပါးအကျိုးမပေးရင်
တစ်ပါးကအကျိုးပေးလေ့ရှိသည်။
ယင်းလေးပါးကို
ပါကဒါနပရိယာယကမ္မစတုက္က- အကျိုးပေးလှည့်အစဉ်အားဖြင့် ကံလေး မျိုး-ဟုခေါ်သည်။ နောက်ထပ်ကံလေးမျိုးလည်း
ရှိပါသေးသည်။ ယင်းတို့မှာ =
၁။ဒိဋ္ဌဓမ္မဝေဒနိယကံ = ပဉ္စာနန္တရိယကံကို
ကျူးလွန်သဖြင့် မျက်မှောက်၌ပင် မကောင်းကျိုးကို ခံစားရခြင်း ကလာဗုမင်းကဲ့သို့ မိတ္တဒုဗ္ဘီကံကို
ကျူးလွန်သဖြင့် မျက်မှောက်ပစ္စုပ္ပန်ဘ၀မှာပင် အကုသိုလ် အကျိုးပေးခံရခြင်း၊ ပုဏ္ဏလယ်သမားကဲ့သို့
နိရောဓသမာပတ်မှထသောရဟန္တာဖြစ်ခြင်း ဒုစရိုက်မှုဖြင့် ရလာခြင်းမဟုတ်ပဲ ၀တ္ထုပစ္စည်းစင်ကြယ်ခြင်း
စေတနာဖြူစင်ခြင်းဟူသော အင်္ဂါသုံးပါးနှင့်ညီသည်ဖြစ်၍ မျက်မှောက်ဘ၀မှာပင် အကျိုးပေးခြင်းတို့သည်
ဒိဋ္ဌဓမ္မဝေဒနီယကံပင်ဖြစ်သည်။
၂။ဥပပဇ္ဇဝေဒနီယကံ = အဇာတသတ်မင်းကဲ့သို့
မိမိ၏ ပိတုဃာတကကံ,က သေပြီးနောက်ဒုတိယ ဘ၀တွင် အကျိုးပေးခြင်းသည် ဥပပဇ္ဇဝေဒနီယကံပင်ဖြစ်သည်။
၃။အပရာပရိယဝေဒနီယကံ = မြတ်စွာဘုရား၏၀ိပါက်တော်များနှင့်
ရှင်မောဂ္ဂလာန်၏ ၀ဋ့်ကြွေး တို့ကဲ့သို့ တတိယဘ၀မှစ၍ နိဗ္ဗာန်မရမီ နောက်ဆုံးဘ၀တိုင်အောင်
ကံတစ်ခုခုပြုမိလျင် ဘ၀အဆက်ဆက် အခွင့်သာချိန်တွင် အကျိုးပေးဖြစ်အောင် ပေးခြင်းသည် အပရာပရိယဝေဒနီယကံပင်ဖြစ်သည်။
၎။အဟောသိကံ = ရဟန္တာရှင်မြတ်များသည်
တံမျက်လှည်းခြင်းအမှုပြုသော်ငြား ကုသိုလ်မဖြစ်ပဲ ကြိယာသာ ဖြစ်ရတော့သည်၊ ထိုကဲ့သို့ အကျိုးမပေးပြုကာမျှဖြစ်သောကံသည်
အဟောသိကံဖြစ်သည်။ အင်္ဂုလိမာလသည် လက်ညှိုးပေါင်းထောင်ကျော်မျှအရေတွက်တိုင်အောင် လူသတ်ခဲ့သော်ငြား
ရဟန္တာဖြစ် သွားသောအခါ အကျိုးမပေးတော့ခြင်းသည်လည်း အဟောသိကံပင်ဖြစ်သည်။ မှတ်ချက် = သောတာပန်၊ သကဒါဂါမ်၊အနာဂါမ်
တို့သည် ကုသိုလ်မှုပြုလျှင် ကုသိုလ်ဖြစ်နိုင်ပါသေးသည်။ ရဟန္တာကား ကုသိုလ် မဖြစ်သော ကြိယာဖြစ်၏။
အထက်ပါလေးမျိုးသည်
အကျိုးပေးရာကာလနှင့်စပ်သောကြောင့် ပါကကာလကမ္မစတုက္က-အကျိုးပေးရာကာလနှင့်စပ်၍ ကံလေးမျိုး-ဟုခေါ်သည်။
နောက်ထပ်ကံလေးမျိုးလည်း ရှိပါသေး သည်။ ယင်းတို့မှာ =
၁။အကုသိုလ်ကံ = သူ့အသက်သတ်ခြင်း သူ့ဥစ္စာကို
လုယက်,တိုက်ခိုက်,ခိုးယူခြင်း သူ့သား, မယားတို့၌ ပစ်မှားခြင်းတို့သည် အကုသိုလ်ကာယကံဖြစ်သည်။
မှတ်ချက်=သုရာပါနကို ရသာရုံဟူသော ကာမဂုဏ်တို့၌ မှားယွင်းသောအကျင့်ဖြစ်သောကြောင့် ကာမေသုမိစ္ဆာစာရ၌ထည့်သွင်းရပါသည်။
လိမ်လည်(ဖြီးဖြန်း)ခြင်း သူတစ်ပါးကိုရန်တိုက်(ချောပစ်ကုန်းတိုက်)ခြင်း ကြမ်းတမ်းရိုင်းစိုင်း၍မကြားဝံ့ မနာသာသောစကားကို
ပြောခြင်း ရွှေယုန်နဲ့ရွှေကျား သက်ကယ်ရိပ်သွားဆိုသောစကားကဲ့သို့ အကျိုးမရှိ သိမ်ဖျင်းသောစကားကိုပြောခြင်းတို့သည်
အကုသိုလ်ဝစီကံဖြစ်သည်။ သူတစ်ပါးစည်းစိမ်ကို မတရား ယူလိုခြင်း သူတစ်ပါးသေကြေပျက်စီးရန်
ကြံစီခြင်း အယူမှားခြင်းတို့သည် အကုသိုလ်မနောကံဖြစ် သည်။ ပြဆိုအပ်သော ယင်းတို့ဆယ်ပါးသည်
အပါယ်ရောက်ကြောင်း မကောင်းသောလမ်းသဖွယ်ဖြစ်သော -ကြောင့် အကုသလကမ္မပထတရားဆယ်ပါးဟု ခေါ်ပါသည်။
မကောင်းသောအမူအကျင့်များဖြစ် -သောကြောင့် ဒုစရိုက်တရားများဟုလည်း ခေါ်ကြသည်။
၂။ကာမာဝစရကုသိုလ်ကံ = အထက်ကပြဆိုခဲ့သည့်
ဆယ်ပါးကို ပြောင်းပြန်လှန်လိုက်လျင် ယင်း -ပြောင်းပြန်လှန်လိုက်သော တရားတို့သည် သုဂတိဘ၀သို့ရောက်ကြောင်း
ကောင်းသောလမ်းသဖွယ် -ဖြစ်သောကြောင့် ကုသလကမ္မပထတရားဆယ်ပါးဟု ခေါ်ဆိုကြသည်။ ကောင်းသော အမူအကျင့်များဖြစ် -သောကြောင့်လည်း
သုစရိုက်တရားဆယ်ပါးဟု ခေါ်ဆိုကြသည်။ ထိုသုစရိုက်တရားဆယ်ပါးကို ဒါန၊သီလ၊ ဘာဝနာဟု သုံးမျိုးဖြင့်မြှောက်လျင်
ဒါနဆယ်မျိုး သီလဆယ်မျိုး ဘာဝနာဆယ်မျိုးဟု သုံးဆယ်ဖြစ်သည်။ ယင်းဒါန၊သီလ၊ဘာဝနာကို အကျယ်ချဲ့လျင်
=
(က)ဒါန-အလှူပေးခြင်း၊ ပတ္တိဒါန-မိမိ၏ကုသိုလ်အဖို့ကိုတစ်ပါးသူတို့အားအမျှပေးဝေခြင်း၊
ပတ္တာနုမောဒန-မိမိဆီရောက်လာသောကုသိုလ်အဖို့ကို သာဓုခေါ်ခြင်း (ခ)သီလ-ငါးပါးစသည့်သီလတို့ကို -စောင့်ခြင်း၊
အပစာယန-ရတနာသုံးပါး၊မိဘ၊ဆရာသမားတို့ကိုအရိုအသေပြုခြင်း၊ ဝေယျာဝစ္စ-ရတနာသုံးပါး၊ မိဘ၊ရာသမားနှင့်အခြားသူတို့၏
အမှုကိစ္စကိုကူညီဆောင်ရွက်ခြင်း၊ (ဂ)ဘာဝနာ-သမထ၊၀ိပဿနာ ကမ္မဋ္ဌာန်းဆီးဖြန်းခြင်း၊ ဓမ္မဿဝန-တရားနာခြင်း၊
ဓမ္မဒေသနာ-လာဘ်လာဘကိမငဲ့ပဲတရားဟောခြင်း၊ ဒိဋ္ဌိဇုကမ္မ-မှန်သောအယူကို ယူခြင်း-ဟု ဆယ်မျိုးဖြစ်သည်။
ယင်းဆယ်မျိုးကို ကောင်းကျိုးတည်ရာဖြစ် ၍ ပြုသင့်သောကောင်းမှုဆယ်ဖြာဖြစ်သောကြောင့် ပုညကြိယ၀တ္ထုဆယ်ပါးဟု
ခေါ်ကြသည်။ ယခုကဲ့သို့ပြ ဆိုခဲ့ရာတွင် ဒါန၊သီလ၊ဘာဝနာသုံးမျိုးလုံးတွင် ဒိဋ္ဌိဇုကမ္မပါသင့်သည်ကိုလည်း
သတိပြုရပါမည်။
ကာမာဝစရကုသိုလ်ကံတွင် ကုသိုလ်ပြုစဉ် ၀ိပဿနာနှင့်ယှဉ်သည့်အပြင်
မပြုခင်နှင့် -ပြုပြီးနောက်တွင် ကုသိုလ်စိတ်များခြံရံနေသောကြောင့် တိဟိတ်ဥက္ကဋ္ဌကုသိုလ်၊
ကုသိုလ်ပြုစဉ် ၀ိပဿနာ ဥာဏ်နှင့်ယှဉ်သော်ငြား ကုသိုလ်မပြုခင်နှင့်ပြုစဉ်တွင် အကုသိုလ်စိတ်များခြံရံနေလျင်
တိဟိတ်သြမက ကုသိုလ်၊ ကုသိုလ်ပြုစဉ် ၀ိပဿနာဥာဏ်ပါဝင်မှုမရှိသော်ငြား ကုသိုလ်မပြုခင်နှင့်ပြုပြီးနောက်တွင်
ကုသိုလ် စိတ်များခြံရံနေလျင် ဒွိဟိတ်ဥက္ကဋ္ဌကုသိုလ်၊ ကုသိုလ်ပြုစဉ် ၀ိပဿနာဥာဏ်လည်းမပါ ကုသိုလ်မပြုခင်နှင့် -ပြုပြီးနောက်တွင်
အကုသိုလ်စိတ်များခြံရံနေလျင် ဒွိဟိတ်သြမကကုသိုလ်-ဟုလည်း
လေးမျိုးခွဲပြန်ပါတယ်။
၃။ရူပါဝစရကုသိုလ်ကံ = ဤရူပါဝစရကုသိုလ်သည်
ဈာန်အင်္ဂါတို့၏ ယှဉ်ပုံအပြားအားဖြင့် ငါးမျိုးရှိ ပါသည်။ ထို့အပြင် ကာယကံ၊၀စီကံမပါမူ၍
မနောကံတစ်မျိုးတည်းသာရှိသည်။ ဒါန၊သီလဟူ၍လည်းမရှိ၊ ဘာဝနာတစ်မျိုးတည်းသာရှိသည်။ သို့သော်ငြား
ကာမာဝစရကုသိုလ်မနောကံ၊ဘာဝနာတို့ကဲ့သို့မဟုတ်ပဲ အပ္ပနာသို့ ရောက်သော မနောကံဘာဝနာမျိုးသာဖြစ်သည်။
၎။အရူပါဝစရကုသိုလ်ကံ = ဤအရူပါဝစရကုသိုလ်သည်
ကောင်းကင်ပညတ်စသော အာရုံလေးမျိုး အပြားအားဖြင့် လေးမျိုးရှိသည်။ ရူပါဝစရကုသိုလ်ကံကဲ့သို့ပင်
မနောကံတစ်မျိုးသာရှိပြီး ဘာဝနာတစ်မျိုး သာရှိသည့်အပြင် အပ္ပနာသို့ရောက်သော မနောကံဘာဝနာမျိုးဖြစ်သည်။
အထက်ပါလေးမျိုးသည် အကျိုးပေးရာဌာနနှင့်စပ်သောကြောင့်
ပါကဌာနကမ္မစတုက္ကဟု ခေါ်ကြသည်။
အထက်တွင် ကံနှင့်ပတ်သက်ပြီး အတော်များများပြောခဲ့ပြီးပြီဖြစ်ပါသည်။
ပြောခဲ့သည် တို့ကို ပြန်ခြုံကြည့်မည်ဆိုလျင် အ၀ိဇ္ဇာနှင့်သင်္ခါရပဲဖြစ်သည်။ အဓိပ္ပါယ်ကား
မသိလို့လုပ်သည်-ဟူသော အဓိပ္ပါယ်ပင်ဖြစ်သည်။ မသိတာနှင့်ပတ်သက်ပြီး ပြောရမည်ဆိုလျင် ပညတ်ကိုသာမြင်ပြီ
ပရမတ်ကို မမြင်နိုင်ခြင်းသည် အ၀ိဇ္ဇာ၊ သိလျင် ၀ိဇ္ဇာ၊ ယင်းကဲ့သို့ မသိလို့လုပ်ရာတွင် ကာယကံအကုသိုလ်၊ ၀စီကံ အကုသိုလ်ကိုလုပ်လျင်
အပါယ်လေးဘုံရောက်မည်၊ ကာယကံကုသိုလ်၊၀စီကံကုသိုလ်လုပ်လျင် လူ၊နတ် ဘုံရောက်မည်၊ မနောကံအကုသိုလ်လုပ်လျင်
အပါယ်ကိုမရောက်စေနိုင်သော်ငြား ဗြဟ္မာ့ပြည်ကို တားမြစ်ပါ သည်။ ဘာကြောင့်လဲဆိုလျင် စိတ်ဖြူစင်မှ
ဗြဟ္မာ့ပြည်ရောက်သောကြောင့်ဖြစ်သည်။ ဤသို့အ၀ိဇ္ဇာ၊ သင်္ခါရနှင့်ပတ်သက်ပြီး သိနားလည်ပြီဆိုလျင်
နောက်တစ်ပါတ်တွင် ၀ိညာဏ်နှင့်ပတ်သက်ပြီး နားလည်ရန် မခက်တော့ပြီဖြစ်သည်။ ။ ။
ကိုး = အခြေပြုသင်္ဂြိုဟ် (အရှင်ဇနကာဘိဝံသ)။ ။ သင်္ဂြိုဟ်ရှင်းတမ်း
(အရှင်မုနိန္ဒာဘိဝံသ)။ ။ ဘ၀အတန်တန်ကံအထွေထွေ (အရှင်ဇနကာဘိဝံသ(ချမ်းမြေ့ဆရာတော်))။ ။
ပါထိက၀ဂ္ဂအဋ္ဌကထာ = နှာ-၁၈၀)။ ။ အဘိဓမ္မတ္ထသင်္ဂဟ။ ။
No comments:
Post a Comment