*****မြန်မာနိုင်ငံသို့
ဗုဒ္ဓဘာသာရောက်ရှိလာပုံသမိုင်း*****
မွန်တို့ဒေသ၊ရာမညတိုင်း
ဥက္ကလာပဇနပုဒ်မှ တပုဿနှင့်ဘလ္လိကညီနောင်နှစ်ဦး အိန္ဒိယသို့ကုန်သွယ် သွားရာ ဘုရားရှင်နှင့်တွေ့သဖြင့်
ဆံတော်ရှစ်ဆူချီးမြင့်ရာ ဆံတော်ရှစ်ဆူကို သင်္ဂုတ္တရကုန်းပေါ်တွင် ဌာပနာစေတီတည်ရာမှ ဗုဒ္ဓသာသနာရောက်ရှိလာသည်-ဟုလည်းကောင်း
ဗုဒ္ဓလက်ထက် ရခိုင်ဒေသ၊ ဓည၀တီပြည်ထွန်းကားစဉ် ဘုရားရှင်တရားဟောကြွတော်မူရာ စန္ဒသူရိယမင်း၏တောင်းဆိုမှုဖြင့်
မဟာမုနိရုပ်ပွားတော်ကို ထုလုပ်စေကာ ရင်ငွေ့တော်ပေးခဲ့ရာမှ ဗုဒ္ဓဘာသာရောက်ရှိလာခဲ့သည် ဟုလည်းကောင်း
ရှေးဟောင်းသမိုင်းရာဇ၀င်များတွင် ဆိုကြသည်။ ထို့အပြင် ဗုဒ္ဓဘုရားရှင် ၀ါတော် ၂၀-အရောက်တွင်
မြန်မာနိုင်ငံ၊လယ်ကိုင်းကျောင်းတော်ရာ ၀ါဏီဇဂါမရှိ စန္ဒကူးကျောင်းတွင် သီတင်းသုံးရာ
နဂါးနှင့်ရသေ့တို့၏တောင်းပန်လျှောက်ထားမှုကြောင့် အထက်ခြေတော် ရာနှင့် အောက်ခြေတော်ရာ
နှစ်ဆူချထားခဲ့သည်ဟုဆိုသည်။ နောက်ဆုံးသာသနာရောက်ပုံမှာ ဘုရားရှင် ပရိနိဗ္ဗာန်စံပြီးနောက်
နှစ် ၃၀၀-အကြာ အသောကမင်းသည် ကိုးတိုင်းကိုးဌာနသို့ သာသနာပြုစေလွှတ်ရာမှ ရှင်သောဏနှင့်ရှင်ဥတ္တရတို့
ကေလာသတောင်ခြေအနီး သုဝဏ္ဏဘူမိ၊သထုံသို့ သာသနာပြုကြွရာမှ သာသနာနောက်ဆုံးရောက်ခြင်းဖြစ်သည်ဟု
ဆိုကြသည်။
*****မြန်မာနိုင်ငံသို့
ဗုဒ္ဓဆင်းတုစတင်ရောက်ရှိပုံ*****
အိန္ဒိယနိုင်ငံတွင်
ဗုဒ္ဓအနုပညာကို ဒေသအသီးသီးတွင် ပုံဖေါ်ခဲ့ကြပြီး စေတီများကို ဘီစီ-၃ ရာစုမှ စတင်ခဲ့ သည်။
နောက်ပိုင်းတွင် မြတ်စွာဘုရားရှင်ကိုယ်တော်စား ရုပ်ပွားများ ထုလုပ်ကိုးကွယ်ခဲ့ကြသည်။
ဓာတုစေ တီ၊ ဓမ္မစေတီ၊ ဥဒ္ဒိဿစေတီ၊ ပရိဘောဂစေတီ-ဟု စေတီလေးမျိုးရှိရာတွင် ဗုဒ္ဓဆင်းတုသည်
ဥဒ္ဒိဿစေတီ တွင် ပါဝင်၏။ ဘုရားရှင်ပရိနိဗ္ဗာန်စံပြီး နှစ်ပေါင်း ၄၀၀-ကျော်တိုင်အောင် မြတ်စွာဘုရားရှင်သည်
မတုပ မနှိုင်းယှဉ်အပ်သော ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်ဖြစ်၍ ပုံတူမထုလုပ်ရန်တားမြစ်ထားမှုကို
လက်ခံလာခဲ့ကြသည်။ ဗုဒ္ဓကို တန်ခိုးရှင်လူသားစစ်စစ်အဖြစ် သတ်မှတ်သော ဂန္ဓာရအနုပညာထွန်းကားချိန်
အေဒီ ၁-ရာစု၊ ကနိသျှက(Kanishka)မင်းလက်ထက်တွင် ဆင်းတုပေါ်ထွန်းခဲ့သည်။ ဂန္ဓာရ(Gandhara)၊
မထုရာ (Mathura)၊ အမရ၀တီ(Amaravati)ခေတ်တွင် ဗုဒဒဘုရားရှင်၏ ရုပ်လုံးရုပ်ကြွများ စတင်ထုလုပ်ခဲ့သည်။
ဗုဒ္ဓဆင်းတုကို ဂန္ဓာရတိုင်းမှ မဇ္ဈိမဒေသ ဂင်္ဂါမြစ်ဝှမ်း၊ ဒက္ခိဏဒေသ အိန္ဒိယတောင်ပိုင်း၊
ဘင်္ဂလားပြည် အိန္ဒိယအရှေ့ပိုင်းနှင့် မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင်အာရှသို့ ပျံ့နှံ့ခဲ့သည်။
*****ဂူများဖြစ်ပေါ်လာပုံသမိုင်း*****
ထုံးရောသောကျောက်
သို့မဟုတ် ထုံးကျောက်ကို မိုးရေစားသောကြောင့်လည်းကောင်း ပင်လယ်ရေ စီးကြောင်းများ၊ လှိုင်းလုံးများက
ထုံးကျောက်တောင်ကို တိုက်ခတ်ဖန်များသောကြောင့်လည်းကောင်း အပေါက်ကြီး၊ လှိုဏ်ကြီးများဖြစ်လာရသည်။ မြေထဲသို့ဝင်ရောက်သော
မိုးရေများသည် နိမ့်သောနေရာ မှဝင်ကာ ထုံးကျောက်ကိုလှိုက်စားရာမှ မစားနိုင်သောကျောက်လွှာ၊
ကျောက်သား၊ကျောက်စိုင် ၊ ကျောက်ခဲများကို ချန်ထား၍ မြေပျော့ကိုစားသဖြင့် ဂယ်ပေါက်သဏ္ဍာန်ဂူနှင့်
လိုဏ်ခေါင်းကြီးများဖြစ်ပေါ် လာရသည်။ ဂူအမိုး အပေါ်ကျောက်ချပ်များမှ တစက်စက်စိမ့်ကျသည့်
ရေတွင်ပါရှိသော ထုံးဓါတ်သည် အမိုးတွင်ကျန်ရစ်ခဲ့ရသည်။ ကြာသောအခါ ကျောက်တိုင်(ကျောက်စက်ပန်းဆွဲ)
ဖြစ်လာရသည်။ အောက်မှ တက်သော ကျောက်တိုင်(ကျောက်စက်မိုးမျှော်) သည်လည်း ထို့အတူပင်ဖြစ်သည်။
မြန်မာနိုင်ငံတွင် လူတို့အသုံးပြုသော ကျောက်ဂူများကို များသောအားဖြင့် ကျောက်ဆောင်ဂူနှင့်
ထုံးကျောက်ဂူ ဟူ၍ နှစ်မျိုးတွေ့ရသည်။
မာသောကျောက်လွှာနှင့်
ပျော့သောကျောက်လွှာတို့ နှစ်ခုထပ်နေရာ ပျော့သောကျောက်လွှာကို ရေ၊လေတိုက်စားသဖြင့် ပျော့သောကျောက်လွှာသာ
ကျန်ရှိတော့ကာ အမိုးအဖြစ်ဖြင့် ကျန်ရှိခဲ့သောကြောင့် ကျောက်ဆောင်ဂူဖြစ်ပေါ်လာရသည်။ ဘူမိဖြစ်စဉ်ကြောင့်
မြေတွန့်ခေါက်ခြင်း၊ ပြတ်ရွေ့ခြင်းတို့ ဖြစ်ပေါ်လာရာမှလည်း ကျောက်ဆောင်ဂူဖြစ်ပေါ်လာနိုင်ပါသည်။
ထုံးကျောက်ဂူဟူသည်ကား ထုံးကျောက်ဒေသတွင် မြေအောက်ရေတိုက်စားသောကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည်။
*****အိန္ဒိယ၊မြန်မာဂူများ*****
အိန္ဒိယတွင်
အာဂျန်တာ(Ajanta)၊ အယ်လိုရာ(Ellora)၊ ကာရ်လိ(Karli)ဟူသော လိုက်ဂူများ ထင်ရှားသည်။ ၀ါဂိုရာမြစ်ကို
မိုးမျှော်လျှက်ရှိသော သဘာဝတောင်တန်းအတွင်းမှ အာဂျန်တာ(Ajanta)လိုက်ဂူများကို ၁၈၁၉-တွင်
မုဆိုးများက စတင်တွေ့ရှိခဲ့သည်။ ဟိုက်ဒြာဘတ်ပြည်နယ်၊ မွန်ဘိုင်းမြို့မှ ၂၆၁-မိုင်အကွာရှိ
အာဂျန်တာ(Ajanta) ဂူများသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော လိုက်ဂူကြီးဖြစ်ပြီး. နှစ်ပေါင်း-၁၅၀၀
ကြာခဲ့ပြီဖြစ်သည်။ အာဂျန်တာ(Ajanta)၏ အရှေ့ဘက် ၂၅-မိုင်အကွာတွင် အယ်လိုရာ(Ellora)လိုက်ဂူ
တည်ရှိပြီး ကမ္ဘာ့အနုပညာလက်ရာအမြောက်ဆုံး ဘာသာရေးအဆောက်အအုံများတွင် တစ်ခုအပါအ၀င်ဖြစ်သည်။
ပူးနားနှင့်မွန်ဘိုင်းမြို့အကြား ဘောဂတ်တောင်ကုန်းများတွင် ကာရ်လိ(Karli)ဂူများကို
တွေ့ရပြီး အိန္ဒိယပုထိုးများတွင် အထူးခြားဆုံးသော ပုထိုးတော်တစ်ခုကိုလည်း ဤဂူများတွင်
တွေ့ရသည်။
မြန်မာနိုင်ငံအထက်ပိုင်းနှင့်
အရှေ့ပိုင်းဒေသများတွင် ပိတ်ချင်းမြောင်ဂူ၊ ပင်းတယဂူတို့မှာ ထင်ရှားသောဂူများဖြစ်သည်။
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ အရှေ့ဘက် ၁၂-မိုင်အကွာ ၀က်ဝံကျေးရွာတောင်ဘက် သုံးမိုင်အကွာရှိ ပိတ်ချင်းမြောင်လိုက်ဂူသည်
ဗုဒ္ဓဘာသာအမွေအနှစ်များသာမက သဘာဝအမွေအနှစ်(Natural Heritage)များပါ တည်ရှိနေသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊
တောင်ကြီးခရိုင်၊ ပင်းတယမြို့တွင် ပင်းတယလိုက်ဂူတည်ရှိသည်။ လက်ဝဲဘက်တွင် ရွှေဥမင်စေတီရှိသောကြောင့်
ပင်းတယရွှေဥမင်ဟူ၍လည်း လူသိများသည်။ မြန်မာနိုင်ငံအောက်ပိုင်းတွင် မွန်ပြည်နယ်၊ကျိုက်မရောမြို့၊
ခရုံရွာအနီးရှိ ခရုံဂူ၊ ကရင်ပြည်နယ်ရှိ ရသေ့ပျံဂူ၊ ဘုရင့်ညီနောင်ဂူ၊ ဓါတ်ကျိုက်ဂူ၊
ဝဲပျံဂူ၊ ကော့ကသောင်ဂူ၊ ဘားကပ်ဂူ၊ ဆဒ္ဒန်ဂူ၊ ကော့ဂွန်းဂူတို့မှာ ထင်ရှားသော ဂူများဖြစ်သည်။
No comments:
Post a Comment