ရှေးကောင်းမှုကြောင့် ရလာသော ဗိမာန်ဘုံနနန်းတို့မှာ အလွန်ဆန်းကြယ်လှသည်။ ဆံဖြူခြင်း၊ သွားကျိုးခြင်း၊ မျက်လုံးမွဲခြင်းမရှိ၊ နတ်သြဇာကိုသာ သုံးစွဲစားသောက်ရသည်။ နတ်သြဇာတို့သည် စားသောက်ချိန်တန်လျင် အလိုအလျောက် ပေါ်ပေါက်လာရသည်။ လျှာဖျားပေါ်တင်ရုံမျှဖြင့် ခြေဖျားထိ တစ်ကိုယ်လုံး ပျံ့နှံ့သည်။ နူးညံ့သောအစာများကို အလွန်အားကောင်းသည့် ပါစကတေဇော က ချေဖျက်နိုင်သည်။ ထို့ကြောင့်ပင် ကျင်ကြီး၊ကျင်ငယ်များ နတ်တို့တွင် မဖြစ်ပေါ်ရခြင်းဖြစ်သည်။ နတ်တို့၏ သြဇာနှင့်ပတ်သက်၍ သုတာဘောဇနဇာတ်တော်တွင် -
၁။မွတ်သိပ်ဆာလောင်မှုကင်း၍ ခွန်အားပြည့်ခြင်း
၂။ချင်ခြင်းပျောက်၍ ရောင့်ရဲတင်းတိမ်ခြင်း
၃။ပျင်းရိမှုကင်း၍ မွေ့လျော်လာခြင်း
၎။နွမ်းနယ်ပျော့ညံ့ခြင်းကင်း၍ အမှုတွင်ခံ့ခြင်း
၅။စိတ်ဆိုးစိတ်ပျက် အမျက်ထွက်မှုကင်းခြင်း
၆။ညင်းခုံခိုက်ရန် ပျောက်ကင်းခြင်း
၇။ရန်ညှိုးဖွဲ့မှုပျောက်၍ မေတ္တာဓါတ်ပေါ်နေခြင်း
၈။ချောပစ်ဂုန်းတိုက်မှုကင်းခြင်း
၉။အချမ်းပျောက်၍ နွေးနေခြင်း
၁၀။အပူပျောက်၍ အေးမြနေခြင်း
၁၁။ထိုင်းမိုင်းလေးလံမှုမရှိ ပေါ့ပါးခြင်း
၁၂။အိပ်မွေ့ခြင်းပျောက်၍ ကျန်းခံ့သာယာခြင်း (ဇာ၊ဋ္ဌ၊၅၊၄၁၃) ဟူ၍ အကျိုးဆယ့်နှစ်မျိုးရသည်ဟု ဆိုထားသည်။
သို့သော် နတ်ပြည်တွင် လူတို့ကဲ့သို့ ထူးခြားသည့် ဇာတ်လမ်းများရှိသည်။ ဥပမာ - ပဉ္စသိခနတ်ဇာတ်သမား သည် တိမ္ဗရုနတ်မင်းသမီး သူရိယ၀စ္ဆသာအား ချစ်ခင်စွဲလမ်းနေ၏။ သူရိယ၀စ္ဆသာကား မာတလိနတ်မင်း၏ သားဖြစ်သော သိခန္တိနတ်သားကိုသာ နှစ်သက်သည်။ သိကြားမင်းသည် ပဉ္စသိခနတ်သားကား လွန်စွာကျေးဇူးများလှ၏ - ဟူ၍ ဆုံးဖြတ်ကာ သူရိယ၀စ္ဆသာနှင့် လက်ဆက်ပေးခဲ့သည်။
နတ်ပြည်တွင် မြသားနှင့်တည်ထားသော တစ်ယူဇနာမြင့်သည့် စူဠာမဏိစေတီတော်ရှိသည်။ ထိုစေတီတော်တွင် ဘုရားလောင်းတောထွက်စဉ်အခါက ဖြတ်ခဲ့သော ဆံတော်ဓါတ်နှင့် လက်ျာစွယ်တော် ဓါတ်တို့ ကိန်းဝပ်လျက်ရှိသည်။ နတ်သားနတ်သမီးများအဖို့ ပန်းနံ့သာ၊ ဆီမီးပူဇော်ရန် အခွင့်ထူးကြီးဖြစ် သည်။ တရားဟောတရားနာရန်သုဓမ္မာနတ်ဓမ္မာရုံလည်းရှိသည်။ ရတနာအမျိုးမျိုးတို့ဖြင့် မွမ်းမံခြယ်လှယ် ထားသော ဓမ္မာရုံအတွင်းသို့ လေညှင်းများက ပင်လယ်ကသစ်ပန်းရနံ့များကို သယ်ဆောင် လာသည်။ ဓမ္မာရုံအတွင်းတွင် သိကြားမင်း မဃလုလင်ဖြစ်စဉ်အခါက ကောင်းမှုပြုဘက်ဖြစ်သည့် နတ်မင်းသုံးဆယ့် သုံးယောက်တို့၏နေရာများ ခင်းထားသည်။ တရားနာခြင်း အစည်းဝေးခေါ်ခြင်း အချိန်ရောက်လျင် သိကြား မင်းကိုယ်တိုင် ၀ိဇယုတ္တရခရုသင်းကို မှုတ်လျက် ယူဇနာတစ်သောင်းကျယ်သော သုဒဿနမြို့ကို ဟိန်းစေကာ မြည်ဟိန်းသံကား လူတို့အရေအတွက်အားဖြင့် လေးလတိုင်ကြာ၏။ သုဓမ္မာဓမ္မသဘင်သို့ သနင်္ကုရဗြဟ္မာမင်း တရားဟောလေ့ရှိသည်။ တစ်ရံတစ်ခါ တရားဟောကောင်းသော နတ်သားတစ်ဦးဦးက တရံတစ်ခါ သိကြားမင်းကိုယ်တိုင်လည်း ဟောသည်။ (သင်္ဂြိုဟ်ဘာသာဋီကာ၊၂၉၇-၃၀)

No comments:
Post a Comment