လူ့ပြည်သည် အလွန်တရာ အခွင့်အရေးများပြားလှသော ဘုံတစ်ခုဖြစ်သည်။
နတ်တို့ပင်မရနိုင်သည့် လူ့အခွင့်အရေးများကို ရနိုင်သည်။
သိကြားမင်း၊မာရ်နတ်မင်း၊ဗြဟ္မာမင်းဖြစ်ရသူတို့သည် မိမိစည်းပွားချမ်း
သာမှုအတွက်သာ ပြုလုပ်နိုင်သည်။ ကိုယ်ကျိုးသမားများသာ ဖြစ်ခွင့်ရသည်။
စကြာဝတေးမင်းအဖြစ်သည် မိမိစည်းပွားချမ်းသာမှုအတွက်သာမက
သူတစ်ပါးစည်းပွားချမ်းသာမှုအတွက်လည်း ပြုလုပ်နိုင်သည်။ နတ်နှင့်လူတို့သည်
အကြီးအကဲဖြစ်ရာ၌ပင် အခွင့်အရေးမတူကြပေ။ (ဒီ၊ဋီ၊၂၊၆၈)
ဘုရားအလောင်းတို့သည် ပါရမီကို နတ်ပြည်တွင်ဖြည့်၌မရ၊ နတ်ပြည်တွင်
ပါရမီဖြည့်ရန်မလွယ်သဖြင့် လူ့ပြည်ဆင်းကာ ပါရမီဖြည့်ကြရသည်။
ဘုရားအလောင်းတို့သည် အသက်တမ်းရှည်သော ဒေ၀လောက သို့ ရောက်လျင်
`ဤဘုံ၌နေခြင်းသည် ပါရမီကို အပြည့်အ၀ပြည့်စုံအောင် မဖြည့်နိုင်-ဟု
နှလုံးသွင်း၍ စိတ်အစဉ်တွင် ငြီးငွေ့မှုဖြစ်၏။ ထိုအခါ
ဗိမာန်အတွင်းသို့ဝင်လျက် မျက်စိကိုမှိတ်ကာ `ဤမှအထက် ငါ၏အသက်သည်
မဖြစ်စေသတည်း-ဟု စိတ်ကိုအဓိဋ္ဌာန်၍ ထိုင်လေသည်။ စိတ်ကိုအဓိဋ္ဌာန်ပြီးသည်နှင့်
တပြိုင်နက် စုတေလေ၏။
စိတ်ကိုအဓိဋ္ဌာန်၍ သေဆုံးခြင်းသည် ဘုရားအလောင်းတို့သာ
ပြုလုပ်နိုင်သောအရာဖြစ်သည်။ အဘယ့်ကြောင့် ဘုရားအလောင်းတို့သာ
ပြုလုပ်နိုင်သနည်းဆိုသော် ပါရမီကို အများကဲ့သို့ လျော့ တိလျော့ရဲမဟုတ်ပဲ
လွန်ကဲစွာဖြည့်ကျင့်ထားသောကြောင့်လည်းကောင်း၊ ဖြစ်လေရာဘ၀ ထိုထိုအတ္တဘော ၌
အဘိဥာဏ်သမာပတ်တို့ဖြင့် မပြတ်လေ့ကျက်အပ်သောကြောင့်လည်းကောင်း၊
မိမိကိုယ်ကိုတွယ်တာ တပ်မက်မှု အားနည်းသောကြောင့်လည်းကောင်း၊
သတ္တ၀ါများအပေါ်ထားရှိသော မဟာကရုဏာတော်၏
ကြီးမြတ်များပြားလွန်းသောကြောင့်လည်းကောင်း၊ အဓိဋ္ဌာန်တရားတို့၏
မဲညစ်ခြင်းမရှိ ထက်မြက် သန့်ရှင်းသောကြောင့်လည်းကောင်း
ဘုရားအလောင်းတော်တို့၏ အလိုဆန္ဒများပြည့်ဝရသည်။
(ဒီ၊ဋီ၊၂၊၂၀)
အရှင်က၀ိန္ဒ(ချောင်းဆုံ)
No comments:
Post a Comment