ဒီဆိုက်ဒ်ထဲက စာတွေက ၀ါသနာအရ အားတဲ့အချိန်မှာ ရေးသားခြင်း ဖြစ်ပါတယ်။ စာအုပ်တွေကို အရင်ကတည်းက တွေ့တဲ့ဆိုက်ဒ်တွေကနေ Download ဆွဲထားခဲ့ပါတယ်။ ဒီကို ပြန်တင်မယ်ဆိုပြီး ရည်ရွယ်ရင်းမရှိခဲ့ပါ။ ဒါကြောင့် ခုလိုပြန်တင်ဖြစ်သွားတော့ ယူခဲ့တဲ့ဆိုက်ဒ်တွေကို မမှတ်မိတော့ပါဘူး။

Sunday, February 3, 2013

ကျမ်းစာထဲကစကြာမင်း

Unknown | 6:48 PM |
စကြာမင်း
ကမ္ဘာဦးအစတွင် မဟာသမ္မတမင်း မင်းပြု၏။ ထိုမှ အစဉ်အဆက်မင်းပြုရာတွင် မဟာသမ္မတမင်း၏ အရိုက်အရာကို သားတော်ရောဇမင်း ဆက်ခံခဲ့သည်။ ထိုမှ ရောဇမင်း၏သား ၀ရရောဇမင်း မင်းပြုခဲ့သည်။ ထိုမှ ၀ရရောဇမင်း၏သား ကလျာဏမင်း မင်းပြုခဲ့သည်။ ထိုမှ ကလျာဏမင်း၏သား ၀ရကလျာဏမင်း မင်းပြုခဲ့သည်။ ထိုမှ ၀ရကလျာဏမင်း၏သား ဥပေါသထမင်း မင်းပြုခဲ့သည်။ ထိုမှ ဥပေါသထမင်း၏သား မန္ဓာတ်မင်း မင်းပြုသည်။ မန္ဓာတ်မင်းသည် စကြာဝတေးမင်းတစ်ပါးလည်း ဖြစ်သည်။ (ဇာ၊ဋ္ဌ၊၂၊၂၈၁)

စကြာဝတေးမင်းဟူသည် - စကြာရတနာကို လည်စေတတ်သောကြောင့်လည်းကောင်း ချစ်ဖွယ်စကား ကို ပြောတတ်သောကြောင့်လည်းကောင်း ပေးကမ်းလှူဒါန်းတတ်သောကြောင့်လည်းကောင်း အကျိုးစီးပွား ကို ဆောင်တတ်သောကြောင့်လည်းကောင်း မိမိနှင့်တန်းတူထားတတ်သောကြောင့်လည်းကောင်း စကြာဝတေးမင်းဟု ခေါ်သည်။ (ဒီ၊ဋ္ဌ၊၂၊၂၂၃-၄)

စကြာဝတေးမင်းတို့သည် အ၀န်းယူဇနာကိုးရာရှိသော မဇ္ဈိမဒေသတွင်သာ ပေါ်ပေါက်မြဲဖြစ်သည်။ အခြားသော ပစ္စန္တရာဇ်အရပ်တို့မှ ပေါ်ပေါက်ရိုးထုံးစံမရှိပေ။ စကြာမင်းသည် ယင်းမဇ္ဈိမဒေသတွင် အမြဲနေ၍ ကျန်ကမ္ဘာလောကကို လှည့်လည်အုပ်ချုပ်ပါသည်။ ကုသ၀တီ၊ဒန္တ၀တီ၊ရာဇဂြိုဟ်ပြည်တို့သည် ယခင်က စကြာမင်းနန်းစိုက်သော မြို့ဖြစ်ခဲ့ဖူးသည်။ ယင်းနေပြည်တော်များသည် မဇ္ဈိမဒေသတွင်သာရှိသည်။ ယခုအခါ မဇ္ဈိမဒေသကို အိန္ဒိယနိုင်ငံဟုခေါ်၍ အိန္ဒိယအစိုးရပင် အုပ်ချုပ်လျက်ရှိသည်။ (သမန္တစက္ခုဒီပနီ၊၁၈၄-၅)

စကြာဝတေးမင်းတို့သည် အလှူပေးခြင်း ဣနြေ္ဒတို့ကိုဆုံးမခြင်း ငါးပါးသီလ၊ရှစ်ပါးသီလတို့ကို စောင့် ထိန်းခြင်းဟူသော ကျင့်ဝတ်တို့ရှိသည်။ တနည်း -
၁။အန္တောဇန = သားမယားတို့ကို ကိုယ်ကျင့်သီလ၌တည်စေခြင်း အ၀တ်ပုဆိုး နံ့သာ၊ပန်းစသည် တို့ကိုပေးခြင်း ဘေးမရှိအောင်စောင့်ရှောက်ခြင်း
၂။ဗလကာယ = ဗိုလ်ပါစသည်တို့၌ အချိန်အခါကိုမလွန်စေမူ၍ လစာရိက္ခာကို ပေးရခြင်း
၃။ခတ္တိယေသု = အဘိသိက်ခံပြီးသော အရံမင်းတို့အား စစ်လက်နက်ရတနာတို့ကိုပေး၍ ချီးမြှောက်ခြင်း
၎။အနုယုတ္တေသု = မိမိထံ၌ ခစားကုန်သောမင်းတို့အား ထိုက်သည်အားလျော်စွာ ယဉ်ရထားများ ကိုပေး၍ နှစ်သက်စေခြင်း
၅။ဗြာဟ္မဏဂဟပတိကေသု = ပုဏ္ဏားတို့အား ထမင်းအဖျော်အ၀တ်၊ သူကြွယ်တို့အား မျိုးရိက္ခာ၊လယ်ယာသုံးကိရိယာ ကျွဲနွားစသည်ကိုပေးခြင်း
၆။နေဂမဇနပဒေသု = နိဂုံး၊ဇနပုဒ်နေသူတို့အား မျိုးစေ့ရိက္ခာ၊လယ်ယာသုံးကိရိယာ ကျွဲနွားစသည် ကိုပေးခြင်း
၇။သမဏဗြာဟ္မဏေသု = ရဟန်းပုဏ္ဏားတို့အား သင့်လျော်သောပရိက္ခရာတို့ဖြင့် လှူဒါန်းပူဇော်၍ ရိုသေမှုပြုရခြင်း
၈။မိဂပက္ခီသု = သားငှက်တို့ကို ဘေးမဲ့ပေး၍ သက်သာရာရစေခြင်း
၉။အဓမ္မကာရပ္ပဋိက္ခေပ = မတရားအမှုတို့ကို အပြုစေခြင်း
၁၀။အဓနာနံ ဓနာနုပ္ပဒါနံ = ဥစ္စာမရှိသူတို့အား ဥစ္စာပေးခြင်း
၁၁။သမဏဗြာဟ္မဏေ ဥပသင်္ကမိတွာ ပုဥှာပုစ္ဆနံ = ရဟန်းပုဏ္ဏားတို့ကို ကပ်၍ ကုသိုလ်၊အကုသိုလ်၊ အပြစ်ရှိ၊အပြစ်ကင်း၊ မှီဝဲအပ်၊ရှောင်ကြဉ်အပ်သောတရားစသည်တို့ကို မေး၍ ကုသိုလ်ကို ဆောက်တည် ရခြင်း
၁၂။အဓမ္မရာဂပဟာန = အမိ၊မိထွေး၊ အဘ၊ဘထွေး အရီးစသော မသင့်သောအရာ၌ တပ်မက်မှု အဓမ္မရာဂကို ပယ်ရခြင်း
၁၃။ဝိသမလောဘ = သုံးဆောင်ခြင်းငှာတိုက်သောအရာတို့၌လည်း အလွန်အကဲတပ်မက်မှုတို့ကို ပယ်ရခြင်းတို့ဖြစ်သည်။

စကြာဝတေးမင်းတို့တွင် ရတနာခုနစ်ပါးရှိသည်။ စကြာဝတေးမင်းတို့သည် ဥပုသ်နေ့တွင် ကိုယ်လက်ကို စင်ကြယ်စွာသုတ်သင်၍ မြတ်သောပြသာဒ်ထက်ရှိ ကျက်သရေတိုက်ခန်းသို့ဝင်ကာ မိမိပြုအပ်သော ဒါန ဆောက်တည်အပ်သောသီလတို့ကို ဆင်ခြင်သည်ရှိသော် ရတနာခုနစ်ပါးတို့သည် ဖြစ်ပေါ်လာကြ ကုန်၏။ ယင်းတို့မှာ =

စကြာရတနာ
စကြာရတနာသည် အမျိုးမျိုးသော ရတနာတို့ဖြင့်ပြီး၏။ တစ်စုံတစ်ယောက်သည် မတားဆီးနိုင်သဖြင့် သွားတတ်သောကြောင့် စကြာမည်၏။ အဖိုးကြီးမြတ်သောကြောင့်လည်းကောင်း အတုမရှိသောကြောင့် လည်းကောင်း ရတနာလည်းမည်၏။ ထိုစကြာရတနာသည် အကန့်များစွာတပ်၍ စီရင်အပ်သော လှည်းဘီး သဏ္ဍာန်ရှိ၏။ ထိုစကြာရတနာဖြင့် မအောင်အပ်သေးသော နိုင်ငံအသီးသီးကို အောင်နိုင်၏။
ဆင်ရတနာ
ဆင်ရတနာသည် အလုံးစုံစင်ကြယ်၍ ကောင်းကင်သို့ သွားနိုင်သော ကိုယ်လုံးဖြူသော အင်္ဂါခုနစ်ပါးနှင့် တည်သော ဥပေါသထဆင်မျိုးဖြစ်၏။
မြင်းရတနာ
မြင်းရတနာသည် ကိုယ်လုံးဖြူ၍ ဦးခေါင်းမှာ မည်းနက်၏။ ဖြူဆံမြက်ကဲ့သို့သော လည်ဆံရှိ၏။ ကောင်း ကင်သို့ပျံသွားနိုင်သော ၀လာဟကမြင်းမျိုးဖြစ်၏။ ထိုဆင်ရတနာ၊ မြင်းရတနာတို့ဖြင့် အောင် အပ်ပြီးသော နိုင်ငံတို့ကို အလိုရှိသလို လှည့်လည်နိုင်၏။
ပတ္တမြားရတနာ
ပတ္တမြားရတနာသည် ဝေပုလ္လတောင်မှလာ၏။ ပတ္တမြားရတနာကို ပုလဲကွန်ယက်၌ထား၍ အတောင်ခြောက်ဆယ်မြင့်သော ၀ါးထိပ်၌တင်ထားလျင် ညဉ့်အခါ၌ပင် တစ်ယူဇနာခန့် အရောင်ပြန့်၍ အရုဏ်တက်သကဲ့သို့ထင်ရ၏။ ရှစ်မြှောင့်ရှိ၏။
မိဖုရားရတနာ
မိဖုရားရတနာသည် ကောင်းခြင်းငါးဖြာနှင့်ပြည့်စုံ၏။ လူမက နတ်တမျှလှပ၏။ ပူလျင်အေး၍ ချမ်းလျင်နွေး၏။ ခန္ဓာကိုယ်မှာ စန္ဒကူး၊ ခံတွင်းမှာ ကြာညိုနံ့သင်း၏။ တစ်ဆယ့်နှစ်တောင်အရပ်ကို ထွန်းလင်း၏။ မဒ္ဒတိုင်း မြောက်ကျွန်းမှ ရ၏။
သူဋ္ဌေးရတနာ
သူဋ္ဌေးရတနာသည် မြေတွင်းတစ်ယူဇနာ၌ မြှုပ်ထားအပ်သော ပိုင်ရှင်ရှိ၊ ပိုင်ရှင်မဲ့ဥစ္စာတို့ကို မြင်နိုင်၏။ စကြာမင်းအလိုရှိလျင် ရေ၏အလယ်ပ ရောက်နေသည်ပင်ဖြစ်စေ၊ လက်ဖြင့်ရေကို သုံးသပ်၍ ရွှေငွေတို့ကို ထုတ်ပေးနိုင်၏။ ထိုဖေါ်ပြပါ ပတ္တမြားရတနာ၊ မိဖုရားရတနာ၊ သူဋ္ဌေးရတနာတို့ကို အနီး၌ထား၍ ချမ်းသာစွာ ခံစားနိုင်၏။
သားကြီးရတနာ
စစ်သူကြီးဖြစ်သော သားကြီးရတနာသည် ပညာရှိ၍ ဆင်ခြင်ဥာဏ်နှင့်ပြည့်စုံ၏။ တစ်ပါးသောသူတို့၏ အကြံဥာဏ်ကို သိနိုင်၏။ တစ်ဆယ့်နှစ်ယူဇနာရှိသော မင်း၏ပရိသတ်၌ စိတ်အကြံအစီကိုသိ၌ ချီးမြှောက် သင့်သူကို ချီးမြှောက်နိုင်၏။ ရှုတ်ချသင့်သူကို ရှုတ်ချနိုင်၏။ ထိုသားကြီးရတနာဖြင့် အောင်မြင်အပ် ပြီး သည့်နိုင်ငံတို့ကို အစဉ်အားဖြင့် စောင့်ရှောက်နိုင်၏။ (ဒီ၊၂၊၁၄၂-၃။ ဒီ၊ဋ္ဌ၊၂၊၂၀၉-၂၁၈)

စကြာမင်းသည် =
၁။သူ့အသက်ကို မသတ်ရ
၂။သူ့ဥစ္စာကို မခိုးရ
၃။သူတစ်ပါးသားမယားကို မပစ်မှားမကျူးလွန်ရ
၎။လိမ်ညာ၍ မပြောရ
၅။သေရည်သေရက်ကို မသောက်သုံးရ
၆။မျှမျှတတ အစားအစာကို သုံးဆောင်ကြ-`ဟူ၍ တရားစကားကို ဟောကြားလေ့ရှိသည်။ (ဒီ၊၃၊၅၁။ သီ၊ဋီ၊သစ်၊ဒု၊၂၃၁-၂၄၁)

စကြာမင်းတို့သည် =
၁။သူတစ်ပါးတို့ထက် လွန်ကဲ၍ အဆင်းလှခြင်း၊ရှုချင်ဖွယ်ရှိခြင်း၊ ကြည်ညိုဖွယ်ရှိခြင်းဟူသော မြတ်သော အဆင်းနှင့် ပြည့်စုံခြင်း
၂။သူတစ်ပါးတို့ထက် လွန်ကဲ၍ အသက်ရှည်ခြင်း
၃။သူတစ်ပါးတို့ထက် လွန်ကဲ၍ အနာကင်းခြင်း ရောဂါကင်းခြင်း ၀မ်းမီးကောင်းခြင်း
၎။ပုဏ္ဏား၊သူကြွယ်တို့က ချစ်ခင်မြတ်နိုးခြင်း -ဟူသော တန်ခိုးလေးပါးတို့နှင့် ပြည့်စုံကြသည်။ (ဒီ၊၂၊၁၄၃-၄။

အရှင်က၀ိန္ဒ(ချောင်းဆုံ) Print Friendly and PDF

No comments:

Post a Comment

Twitter Bird Gadget