အပြုံးဟူသည် အလွန်အရေးပါသော အရာတစ်ခုဖြစ်သည်။ အပြုံးကို အရယ်နှင့် ပေါင်း၍
ပြုံးရယ်-ဟု ဆိုကြသည်။ ထိုသို့ဆိုလျင် ပြုံးရယ်ခြင်းသည်
အလွန်စိတ်ဝင်စားဖွယ်အရာတစ်ခုဖြစ်သည်။ ပြုံးရယ်ခြင်းကို သိတ =
မျက်လုံး၊နှုတ်ခမ်း အနည်းငယ်ပျက်ရုံ
ဟသိတ = စဉ်းငယ်သွားပေါ်ရုံ
ဝိဟသိတ = ပကတိအသံညှင်းညှင်းထွက်ရုံ
ဥပဟသိတ = ပုခုံး၊ဦးခေါင်းလှုပ်ရုံ
အပဟသိတ = မျက်ရည်ထွက်ကျလောက်အောင်
အတိဟသိတ = ခြေပစ်လက်ပစ် မရှုနိုင်မကယ်နိုင်အောင် ဤသို့အားဖြင့် ခြောက်မျိုးရှိကြောင်း၊
သိတနှင့်ဟသိတတို့ဖြင့် အထက်တန်းစားပုဂ္ဂိုလ်တို့ ပြုံးရယ်ကြကြောင်း၊
ဝိဟသိတနှင့်ဥပဟသိတတို့ဖြင့် အလယ်လတ်တန်းစားပုဂ္ဂိုလ်တို့ ပြုံးရယ်ကြကြောင်း၊
အပဟသိတနှင့်အတိဟသိတတို့ဖြင့် အောက်တန်းစားပုဂ္ဂိုလ်တို့ ပြုံးရယ်ကြကြောင်း၊
ပုထုဇဉ်ပုဂ္ဂိုလ်တို့သည် အခြင်းအရာခြောက်မျိုးလုံးနှင့် ပြုံးရယ်ကြကြောင်း၊
အရိယာပုဂ္ဂိုလ်တို့မူကား သိတနှင့်ဟသိတနှစ်မျိုးတို့နှင့်သာ
ပြုံးရယ်ကြကြောင်း သုဗောဓာလင်္ကာရဋီကာ တွင် ဆိုထားသည်။
(သုဗောဓာလင်္ကာရဋီကာ၊၃၄၇)
ပုထုဇဉ်ပုဂ္ဂိုလ်တို့သည် လောဘမူသောမနဿသဟဂုတ်စိတ်လေးခု၊
မဟာကုသိုလ်သောမနဿသဟဂုတ် စိတ်လေးခု၊ ဤရှစ်ခုသောစိတ်တို့မှ
တစ်ပါးပါးသောစိတ်တို့နှင့် ပြုံးရယ်ကြသည်။ သောတာပန်၊သကဒါဂါမ်၊
အနာဂါမ်ပုဂ္ဂိုလ်တို့သည် လောဘမူဒိဋ္ဌိဂတ၀ိပ္ပယုတ် သောမနဿသဟဂုတ်စိတ်နှစ်ခု၊
မဟာကုသိုလ် သော မနဿသဟဂုတ်စိတ်လေးခု ဤခြောက်ခုသောစိတ်တို့မှ
တစ်ပါးပါးသောစိတ်တို့ဖြင့် ပြုံးရယ်ကြသည်။ ဘုရား၊ရဟန္တာပုဂ္ဂိုလ်တို့သည်
မဟာကြိယာသောမနဿသဟဂုတ်စိတ်လေးခု၊ ဟသိတုပ္ပါဒ် ဤငါးခုသော စိတ်တို့မှ
တစ်ပါးပါးသောစိတ်တို့ဖြင့် ပြုံးရယ်ကြသည်။ (ဋီကာကျော်၊၂၀၈။ မ၊ဋ္ဌ၊၃၊၁၉၂)
ပြုံးရယ်ခြင်းနှင့်ပတ်သက်၍ ၀ိနီတ၀တ္ထုလာ အရှင်မောဂ္ဂလာန်မထေရ်၏
အရိုးဆက်ပြိတ္တာကို မြင်ရသဖြင့် ဓမ္မသံဝေဂဖြစ်ခြင်း၊
နောက်ထပ်တဖန်ပဋိသန္ဓေမနေရတော့ခြင်း၊ ဘုရားရှင်ဥာဏ်တော်တို့ကို အောက်မေ့
အမှတ်ရခြင်း ဟူသောအကြောင်းကြောင့် သာသာညှင်းညှင်းပြုံတော်မူပုံနှင့်
ပတ်သက်၍လည်းကောင်း၊ ဘုရားရှင်ဒေသစာရီလှည့်လည်သောအခါ ၀ိဒေဟရာဇ်တိုင်း၊
မိထိလာပြည်သို့ရောက်တော်မူလျင် ညချမ်း အခါ သရက်ဥယျဉ်သို့
စင်္ကြံလျှောက်တော်မူစဉ် ရှေးအတိတ်ဘ၀က ဤနေရာတွင် မဂ္ဃဒေ၀မင်းဖြစ်ခဲ့သည် ကို
ပြန်လည်မြင်တော်မူသဖြင့် လောကအကျိုးကို ငါဆောင်ရတော့အံ့-ဟူသော
အကြံတော်ဖြင့် နှုတ် ခမ်းတော် အနည်းငယ်လှစ်ရုံမျှ ပြုံးတော်မူပုံနှင့်တကွ
အခြားသော ဇာတ်လမ်းများစွာကို ဖတ်ရှုသဖြင့်လည်း သိနိုင်ပါသည်။
အရှင်က၀ိန္ဒ(ချောင်းဆုံ)
No comments:
Post a Comment