ကမ္ဘာဟောင်းပျက်ပြီး၍ ကမ္ဘာသစ်ဖြစ်တည်လာသောအခါ ဗြဟ္မာများသည် ကံကုန်သောကြောင့်လည်းကောင်း သက်တမ်းကုန်သောကြောင့်လည်းကောင်း အချို့ဗြဟ္မာ့ပြည် အချို့လူ့ပြည် တွင် ပဋိသန္ဓေတည်ကြသည်။ ဣတ္ထိဘာဝရုပ်၊ပုရိသဘာဝရုပ် မပေါ်သေးပေ၊ ကိုယ်အရောင်အ၀ါဖြင့် ကောင်းကင်တွင်လှည့်လည်နိုင်ပြီး ဗြဟ္မာတန်ခိုးအရှိန်ဖြင့် မည်သည့်အစားအသောက် ကိုမျှလည်း စားသောက်ရခြင်းမရှိပေ၊ ထိုအချိန်တွင် တစ်စုံတစ်ယောက်သည် မြေဆီကိုကြည့်၍ အနံ့သင်းပျံ့သော ဤအရာသည် အရသာမည်သို့ရှိမည်နည်း-ဟု လျက်ကြည့်ရာ အရသာကို ခံစားမိခဲ့သည်။ အခြားသူများသည်လည်း ထိုသူအတိုင်းပြုကျင့်ရာ မကြာမီပင် ကိုယ်ရောင်ကိုယ်ဝါပျောက်ကွယ်ရတော့သည်။ (သင်္ဂြိဟ်ဘာသာဋီကာ၊၃၂၄-၅)
ထိုရသတဏှာကြောင့် ရုပ်ရည်ကွဲပြားမှုရှိခဲ့သည်။ ထိုမှတစ်ဆင့် ရသပထ၀ီကွယ်သဖြင့် ပဒါလတာခေါ်နွယ်ပင်ပေါ်လာသည်။ နွယ်ချိုကုန်သောအခါ အလိုလိုပေါက်သော သလေးဆန်ပေါ် လာသည်။ သလေးစပါးကိုစားပြီးသောအခါ စားသမျှဝမ်းမီးလောင်ရုံဖြင့် မကုန်တော့ပဲ ကျင်ကြီး၊ကျင်ငယ်ဒွါရပေါက်တို့ပေါ်ကာ ဣတ္ထိဘာဝရုပ်၊ပုရိသဘာဝရုပ်တို့ အထင်အရှားဖြစ်ပေါ် လာတော့သည်။ ကိုယ်ပုံသဏ္ဍာန်မတူသဖြင့် တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ စိတ်ကိုမချုပ်တည်းနိုင်တော့ပဲ ကာမကိစ္စမှီဝဲကြသည်။ ထိုအချိန်မှစကာ လူတို့သည် ပဋိသန္ဓေ တည်ခြင်းဖြင့် မွေးဖွားလာရသည်။ (သင်္ဂြိဟ်ဘာသာဋီကာ၊၃၂၇-၈)
အရှင်က၀ိန္ဒ(ချောင်းဆုံ)

No comments:
Post a Comment