ဒီဆိုက်ဒ်ထဲက စာတွေက ၀ါသနာအရ အားတဲ့အချိန်မှာ ရေးသားခြင်း ဖြစ်ပါတယ်။ စာအုပ်တွေကို အရင်ကတည်းက တွေ့တဲ့ဆိုက်ဒ်တွေကနေ Download ဆွဲထားခဲ့ပါတယ်။ ဒီကို ပြန်တင်မယ်ဆိုပြီး ရည်ရွယ်ရင်းမရှိခဲ့ပါ။ ဒါကြောင့် ခုလိုပြန်တင်ဖြစ်သွားတော့ ယူခဲ့တဲ့ဆိုက်ဒ်တွေကို မမှတ်မိတော့ပါဘူး။

Thursday, February 7, 2013

ကိုယ်တိုင်ရေး မြန်မာ့သမိုင်းအမှားများကို ဝေဖန်ခြင်း

Unknown | 4:37 PM |

စကားဦး
စာအုပ်ဆိုင်ကိုရောက်တော့ ဆရာမောင်သွေးချွန်ရေးတဲ့ ဒီစာအုပ်ငယ်လေးကို တွေ့ခဲ့ရတယ်။ ၈၀၀ပဲပေး ရတယ်။ ဖတ်ကြည့်လိုက်တော့ တော်တော်လေးကို ကောင်းနေတာကြောင့် ပြန်လည်ရေးမိခြင်းဖြစ်ပါတယ်။ ဘာဖြစ်လို့ ပြန်ရေးတာလဲလို့မေးရင်တော့ ဆရာသန့်မြင့်ဦးဟာ ကိုလိုနီဖြစ်တဲ့အင်္ဂလိပ်တွေရဲ့အတွေးတွေ၊ အမြင်တွေ စေးကပ်လွန်းနေတယ်လို့ မြင်မိလို့ပါ။
မိတ်ဆက်
သန့်မြင့်ဦးဆိုတာ ဘယ်သူလဲ? သန့်မြင့်ဦးဆိုတာ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်တာဝန် ကို နှစ်ကြိမ်ဆက်တိုက် တာဝန်ထမ်းခဲ့တဲ့ ဦးသန့်ရဲ့မြေးဖြစ်တယ်။ ဟားဗတ်တက္ကသိုလ်ကနေ ဘီအေဘွဲ့ကို Government and Economics ဘာသာရပ်နဲ့ ရခဲ့ပြီး Ph.D ဘွဲ့ကိုတော့ ကင်းဘရစ်တက္ကသိုလ်ကနေ မင်းတုန်းမင်းနှင့်သီပေါမင်းတို့ အုပ်ချုပ်စိုးစံသည့်လက်ထက်အကြောင်း ရေးထားတဲ့ သမိုင်းဘာသာရပ်နဲ့ ရခဲ့တဲ့သူ၊ ကင်းဘရစ်ဂ်ျ တြီနီတီကောလိပ်ရဲ့ Fellowအဖြစ် ခေတ်သစ်သမိုင်းဘာသာရပ်ကို နှစ်အတော် ကြာ သင်ကြားပို့ချခဲ့သူ၊ ကမ္ဘောဒီးယား၊ ယခင် ယူဂိုဆလားဗီးယား၊ ဘော့စနီးယားစစ်ပွဲ ကာလတွေမှာ ဆာရာရေဗိုဒ် ကုလသမဂ္ဂအကြီးတန်း ပြောရေးဆိုခွင့်ရှိသူအဖြစ် ငြိမ်းချမ်းမှုထိန်းသိမ်းရေး လုပ်ငန်းသုံးခု တွင် တာဝန်းခဲ့သူ၊ နယူးယောက်ကုလသမဂ္ဂဌာနချုပ်တွင် တာဝန်ထမ်းခဲ့ပြီး မကြာမီက နိုင်ငံရေးဌာန မူဝါဒစီမံချက် ဒါရိုက်တာ Director of Policy Planning အဖြစ် တာဝန်ထမ်းခဲ့သူဖြစ်တယ်။ ဦးသန့်တာဝန် ထမ်းဆောင်စဉ် ၁၉၆၆-ခုနှစ်တွင် မွေးဖွားခဲ့သူဖြစ်ပြီး The River of Lost Footsteps (A Personal History of Burma). The making of modern Burma. Where China Meets India: Burma and the New Crossroads of Asia ဆိုတဲ့ စာအုပ်သုံးအုပ်ကို ရေးသားထုတ်ဝေခဲ့ပြီး The New York Times. The wall Street Journal. The Finoncial Thmes တို့နဲ့ အခြားမဂ္ဂဇင်းတွေမှာလဲ စာပေများ ရေးသားနေ သူဖြစ်တယ်။ ယခုဝေဖန်တင်ပြမယ့် ပုဂံခေတ်၊ကုန်းဘောင်ခေတ် ရာဇ၀င်ကြောင်းများ ၁၉၈၈အရေး အခင်မှ၂၀၀၇ သံဃအရေးအခင်းထိ နိုင်ငံရေးပုံရိပ်တို့ ပါဝင်သော ခြေရာပျောက်မြစ်(ကိုယ်တိုင်ရေးမြန်မာ့ သမိုင်း)စာအုပ်ဟာ The River of Lost Footsteps (A Personal History of Burma) ဆိုပြီး အင်္ဂလိပ် ဘာသာဖြင့် ရှိစဉ်ကတည်းကပင် အရောင်းသွက်ခဲ့ပြီးဖြစ်ပါတယ်။ ဆရာမ မြနှင်းဆီဘာသာပြန်ထားတဲ့ ခြေ ရာပျောက် မြစ်(ကိုယ်တိုင်ရေးမြန်မာ့သမိုင်း) စာအုပ်ဟာ ၂၀၁၂၊ဇူလိုင်လမှာ ဒုတိယအကြိမ်အဖြစ် တန်ဖိုး ၆၅၀၀နဲ့ ထုတ်ဝေခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကပင် ဖတ်သင့်တဲ့စာအုပ်တစ်အုပ်လို့ ညွှန်း ဆိုခဲ့တယ်။
အမှားများ
၁။မင်းတို့ဗမာတွေက ဗုဒ္ဓနဲ့အမျိုးတော်ချင်လို့ တကောင်းရာဇ၀င်ကို လုပ်ကြံရေးခဲ့တာလို့ ပြက်ရယ်ပြုခဲ့တဲ့ ကိုလိုနီသမိုင်းဆရာကြီးပါမောက္ခလုစ်လိုပဲ မှန်နန်းရာဇ၀င်ကို မူကြိုကလေးငယ် ပုံပြင်များကို တည်းဖြတ် ထားသလိုဟု ဆရာသန့်မြင့်ဦးကလဲ မှတ်ချက်ပေးထားခဲ့တယ်။
၂။ဗိုလ်ကြီး၊ဗိုလ်မှုးအဆင့်က နိုင်ငံတော်အာဏာကို လွှဲပြောင်ယူ၍ မရနိုင်မှန်းသိပါလျှက်နဲ့ ၂၀၀၂ခုနစ်တွင် ဗိုလ်ချုပ်ကြီးနေ၀င်းသည် သူ၏နေအိမ်တွင် ကွယ်လွန်သောအခါ မျိုးဆက်သစ်ဗိုလ်ကြီး၊ဗိုလ်မှုးတို့က ဆက်လက်တာဝန်ယူသည်ဟု ဆိုထားသည်။
၃။လက်ဝဲဓားမှုး စစ်တောင်းစားဆိုသူက လုပ်ကြံတာကြောင့် တပင်ရွှေထီးဘုရင် နတ်ရွာစံသွားတာကိုလဲ နန်းတွင်းသူနန်းတွင်းသားများက တနည်းနည်းနှင့် ကွပ်မျက်ခဲ့တယ်လို့ ရေးခဲ့တယ်။
၎။ဘာသာပြန်သူ မြနှင်းဆီက ထီးသုဉ်းနန်းသုဉ်း၊ မြို့သုဉ်းသုည၊ သုဉ်းသုံးဝတွင်၊ လူဖြစ်ရလေ၊ တို့တတွေ သည်၊ သေသော်မှတည့်၊ သြော်ကောင်း၏-ဟူသော ဆီးဘန်းနီဆရာတော့ကဗျာကို မရှိတော့ပါ ရွှေ ထီးတော်၊ မရှိတော့ပါ ရွှေနန်းတော်၊ ရွှေမြို့တော်လည်း မရှိတော့ပါ၊ ကျွန်ုပ်တို့သေရသည်မှ ကောင်းဦးမည် -ဟု မူရင်းကို မရေးပဲ မဖြစ်သင့်စွာ ဘာသာပြန်ခဲ့သည်။ စကားလုံးအမှားများကိုလည်း များစွာတွေ့ရသည်။ ယင်းမှာ = ဆီးဘန်းနီကို ဇီဘနီဟုရေးခြင်း ထီးသုဉ်းကို မရှိတော့ပါဟုရေးခြင်း ရနောင်ကို ရန်အောင် ဟုရေးခြင်း ရေနန်းစကြာကို ရေနံစကြာဟုရေးခြင်း ပတိမ်းမင်းသားကို ပတိမ်မင်းသားဟုရေးခြင်း တို့ဖြစ် သည်။
၅။အနော်ရထာဘုရင်၏ အနိရုဒ္ဓအမည်ကို ထိန်းမရသောသူ၊ ထင်ရာစိုင်းတတ်သောသူဟု ရေးခဲ့သည်။
၆။၁၀၄၄-ခုတွင် အမေနို့ပင်မစင်သေးသော ဆယ်ကျော်သက်အရွယ်က အစ်ကိုဝမ်းကွဲဖြစ်သူကို တစ်ဦးချင်း စစ်ထိုးခဲ့သည်ဟု ရေးခဲ့သည်။  အမှန်မှာ = ကွမ်းဆော်မင်းသည် ၉၉၁-တွင် နန်းတက်သည်ဖြစ်၍ ၁၀၄၄-တွင် ၉၉၁-နှုတ်သည်ထားဦး အနော်ရထာအသက်ငါးဆယ်ရှိပြီဖြစ်သည်။ စုက္ကတေးကို အစ်ကိုဝမ်း ကွဲ-ဟု လည်းကောင်း ငါးဆယ်ကျော်အရွယ်ကို ဆယ်ကျော်သက်အရွယ်ဟုလည်းကောင်း သုံးနှုန်းထား သည်။
၇။ကျန်စစ်သား၏မြေးဖြစ်သူ အလောင်းစည်သူကို အနော်ရထာဘုရင့်၏မြေးဟု သုန်းနှုန်းထားခဲ့သည်။ မြင့် မိုရ်တောင်ကို တက်ရန်ကြိုးစားရာ သိကြားမင်းက မဖြစ်နိုင်ဟုတားမြစ်သည်ကိုပင် အလောင်းစည်သူ မြင့် မိုရ်တောင်တက်သည်ဟု တိတိကျကျရေးထားပြန်သည်။
၈။ပုဂံ ၁၁ရာစုနှင့်၁၂ရာစုတွင် အာရှအစိတ်အပိုင်း အတော်များများ ကသောင်းကနင်းဖြစ်ကာ ဗုဒ္ဓဘာသာ ငုပ်လျှိုးသွားခဲ့သည်ဟု ရေးထားသည်။ စင်စစ် ပုဂံတွင် ၁၁ရာစုနှင့်၁၂ရာစုအတွင်း ဗုဒ္ဓဘာသာအခိုင်အမာ အားကောင်းနေပြီဖြစ်သည်။
၉။တပင်ရွှေထီးနဲ့ဘုရင်နောင်တို့သည် သူငယ်ချင်း၊သမီးယောက်ဖ၊ပြည်ထောင်ဖက်များ ဖြစ်ကြသည်။ ထို သို့ဖြစ်ပါလျက် ဘုရင့်နောင်ကို စစ်ဆင်ရေးတွင် ပေါ်တူဂီကြေးစားစစ်သားများအပေါ် မှီခိုသည်ဟုရေး ထား သည်။ ဘုရင့်နောင်ဖောင်ဖျက်တိုက်ခဲ့သည့် နောင်ရိုးတိုက်ပွဲကိုကြည့်လျှင် ဘုရင့်နောင်သည် ကိုယ့်အား ကိုယ်ကိုးပြီး ကြေးစားပေါ်တူဂီတို့ကို မှီခိုခဲ့ခြင်းမရှိသည်ကို သိနိုင်သည်။ နိုင်ငံခြားတပ်နှင့် ပေါင်းသည်ကို လည်း မည်သည့်စာအုပ်တွင်မျှ ဖေါ်ပြမထားပေ။
၁၀။ပဲခိုးဘုရင် သမိန်ထောက ဘုရင့်နောင်ကို ကိုယ်တိုင်ထွက်တိုက်သည်ဟု ဆိုထားသည်။ စင်စစ် ပဲခူးကို - အေဒီ ၁၅၃-တွင် သိမ်းပြီးနောက် တပင်ရွှေထီးနတ်ရွာစံရာ ၁၅၅၂-တွင် သမိန်ထောပုန်ကန်သော -ကြောင့် ဘုရင့်နောင်ဖက်မှ ညီတော်မင်းရဲကျော်ထင် သမိန်ထောဖက်မှ သမိန်ဇိတ်ပြဲ၊သမိန်အဲနရဲ တို့က အလုံးလုံးအထွေးထွေးဖြင့် တိုက်ခိုက်ခဲ့ခြင်းသာဖြစ်သည်။ တစ်ဦးချင်းစစ်ထိုးသည့် သဘောမဟုတ်ပေ ။
၁၁။၁၅၆၂-မှ ၁၅၇၆-အထိ ၁၄-နှစ်တိုင်တိုင် မိုးကောင်းကို တိုက်ခိုက်ခဲ့ရသည်ဟု ဆိုထားသည်။ စင်စစ် ယိုးဒယားကိုပင် ထိုလောက်ကြာမြင့်အောင် မတိုက်ခဲ့ရပါပဲလျက် ၁၄နှစ်တိုက်ခဲ့ရသည်မှာ မဖြစ်နိုင်ပါ။
၁၂။ရှုံးနိမ့်သော မိုးကောင်းမင်းသားကို ပဲခူးဂိတ်တံခါးတွင် သံကြိုးဖြင့်ရက်သတ္တတစ်ပါတ်တိတိ ချည်ထားပြီး လျှင် အရှေ့ဘင်္ဂလား၏ ကျွန်ဈေးတွင်ရောင်းစားခဲ့သည်ဟု ဆိုထားသည်။ မိမိကို အကြိမ်ကြိမ်ပုန်ကန်ခဲ့သူ သမိန်ထောကို သေဒဏ်ပေးသည်မှလွဲ၍ ယိုးဒယားမှသစ္စာဖောက်ခဲ့သည်ကိုပင် ခွင့်လွှတ်ခဲ့သူ၊ ထို့ကြောင့် ပင် ယနေ့တိုင် ယိုးဒယားတို့၏ ချစ်ခြင်းကိုခံခဲ့ရသူ၊ အကြိမ်ကြိမ်လုပ်ကြံခဲ့သည့် မွန်အမတ်ကြီးဗညားဒလကို အရေးမယူ ခွင့်လွှတ်ခဲ့သူ၊ လူကိုမဆိုထားဘိ တိရစ္ဆာန်သတ်ပြီးယဇ်ပူဇော်ခြင်းကိုပင် အမိန့်တော်ပြန် တမ်းထုတ်ကာ တားမြစ်ခဲ့သူ ဘုရင့်နောင်သည် မိုးကောင်းမင်းသားကို ထိုကဲ့သို့ပြုမည်မဟုတ်ချေ။
၁၃။ရွှေဘိုနယ်တစ်ဝိုက်ကို ကုန်းဘောင်ဟုခေါ်သည်ဟု ဆိုထားသည်။ ။ အမှန်မှာ = ရွှေဘိုသည် ကုန်းဘောင်၏အစမျှသာဖြစ်၍ ၁၁၁၅-တွင် ချင်းတွင်းနှင့်ဧရာဝတီအကြား တမ္ပဒီပနယ်အားလုံးကို ဦးအောင်ဇေယျသည် အောင်နိုင်ခဲ့ပြီး ဖြစ်သည်။
၁၄။မင်းတုန်းမင်းသည် ကုန်းဘောင်မင်းဆက်ကို အစပျိုးပြီး မန္တလေးမြို့တော်ကို တည်ထောင်သည်ဟု ဆိုထားသည်။ အမှန်မှာ = အလောင်းဘုရားမှစ၍ သီပေါမင်းတိုင်အောင်သည် ကုန်းဘောင်မင်းဆက်ဖြစ်ပြီး မင်းတုန်းမင်းသည် ကုန်းဘောင်ခေတ်နှောင်းမင်းတစ်ပါးသာဖြစ်သည်။
၁၅။အလောင်းမင်းတရားသည် အုန်းပင်များခုတ်ပြီး ပင်စည်များကို ခံတပ်နံရံပြုသည်ဟု အုန်းပင်နှင့် ထန်းပင် မှားယွင်း ရေးထားသည်။
၁၆။အလောင်းမင်းတရားသည် သံလျင်ကို ခုနစ်နှစ်တိုင်တိုင် တိုက်ခဲ့ရသည်ဟု ဆိုထားသည်။ အမှန်မှာ = ရန်ကုန်၊ ပဲခူး၊ မုတ္တမ၊ ယိုးဒယားတို့ကို သူ၏နန်းစံနှစ် ၈-နှစ်အတွင်း၌သာ တိုက်ခိုက်ခဲ့ရပါလျှက် သံလျင်ကို ၇-နှစ် တိုက်ခဲ့ရသည်ဟုဆိုခြင်းမှာ ယုတ္တိမတန်။
၁၇။သံလျင်သည် ပင်လယ်ဝတွင်ရှိပါလျှက် ပင်လယ်နှင့်မိုင်များစွာဝေးသည်ဟု ဆိုထားသည်။
၁၈။ဘိုးတော်ဘုရားလက်ထက်တွင် အင်းဝနန်းတော်သည် ထူးခြားဆန်းပြားလာသည်ဟု အင်းဝနှင့် အမရပူရ ရွှေနန်းတော်ကို မှားယွင်းရေးထားသည်။
၁၉။စုဖုရားလတ်သည် အင်းဝနန်းတွင် သြဇာအာဏာသက်ရောက်မှုသဘောကို ကျွမ်းကျင်သည်ဟု အင်း ၀နှင့်မန္တလေးနန်းတော်ကို မှားယွင်းရေးထားသည်။
၂၀။ဗိုလ်ချုပ်အောင်ဆန်းသည် အသက်ရှစ်နှစ်မတိုင်မီကပင် စကားပြောခဲ့ပြီဖြစ်ပါလျှက် ရှစ်နှစ်ထိ စကား မပြောခဲ့ ဟု ဆိုထားသည်။
၂၁။ဒို့ဗမာအစည်းအရုံးကို ၁၉၃၅-တွင် ဖွဲ့သည်ဟုဆိုထားသည်။ အမှန်မှာ = 30-5-1930 တွင် ဖွဲ့ခဲ့ခြင်းဖြစ် သည်။
၂၂။ကျောင်းသားသပိတ်တွင် ဗိုလ်အောင်ကျော်ကဲ့သို့သောသူကို ဆန္ဒပြသူတစ်ဦးဟု သာမန်သာဆိုထား သည်။
၂၃။၁၉၃၉-တွင် လူထုနှစ်သိန်းကျော်ဆန္ဒပြရာ ဆန္ဒပြသူ ၁၄-ဦး သေဆုံးသည်ဟုဆိုထားသည်။ အမှန်မှာ = ဗြိတိသျှတို့၏ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် သံဃာခုနစ်ပါး၊ ကျောင်းသားသုံးဦး၊ အရပ်သားခုနစ်ဦး ကျဆုံး ခဲ့သည်။
၂၄။ဘီအိုင်အေဖွဲ့စဉ် ဆူဇူကီးသည် ဗြိတိသျှဟု အဓိပ္ပာယ်ရသော ဗိုလ်မိုးကြိုးဘွဲ့ကို ခံယူသည်ဟု ဆိုထား သည်။ အမှန်မှာ = မုဆိုးကို ထီးရိုးရိုက်မည်။ ထီးရိုးကို မိုးကြိုးပစ်မည်ဟူသော တဘောင်စကားအရ (မုဆိုးဘို(ရွှေဘို)မင်းဆက် သီပေါမင်းကို ထီးရိုးဆိုသော စနေနံအင်္ဂလိပ်က ရိုက်မယ်(တိုက်ခိုက်မယ်)။ ထို အခါ ထီးရိုး(အင်္ဂလိပ်)ကို မိုးကြိုးက အနိုင်ယူမည်) ဆိုထားခြင်းဖြစ်သည်။
၂၅။အလံနီ ဗကပတို့နှင့်အပြိုင်ဖြစ်သော ထင်ရှားအားကောင်းသော လက်နက်ကိုင်အဖွဲ့စည်း ပြည်သူ့ ရဲဘော်-ကို ပြည်သူ့အပျော်တမ်းစစ်တပ်ဟု ဆိုထားသည်။
၂၆။ရှမ်းခေါင်းဆောင် စပ်စံထွန်းကို စောစံထွန်း၊ ကချင်တပ်မှုးနော်ဆိုင်းကို နော်ဆန်းဟူ၍ ရေးထားသည်။
၂၇။ဆရာစံအရေးတော်ပုံနှင့်ပတ်သက်ပြီး နယ်လှည့်တစ်ဦးဖြစ်သည့် ဆရာစံဆိုသူသည် သာယာဝတီ ခရိုင် တောတွင်းလဟာတစ်နေရာတွင် သူ့ကိုယ်သူမြန်မာဘုရင်ဟု ကြွေကျော်ပြီး ပုန်ကန်မှုအစပျိုးသည်ဟု ကိုလိုနီလေသံဖြင့် သေးသိမ်စွာဆိုထားသည်။
၂၈။၁၉၉၀-မှတ်တမ်းနှင့်ပတ်သက်ပြီး ဘောလုံးအသင်း ၆၀၀ကျော်နှင့် ကစားသမား ၂၀၀၀၀ရှိသည် -ဟု ရေးထားသည်။ ရယ်စရာပင်။
၂၉။သူ၏ကျမ်းကိုးတွင် မြန်မာလိုတစ်လုံးမှမပါ အင်္ဂလိပ်ချည်းဖြင့်ပင် ၁၄-မျက်နှာခန့်ရှိသည်။
၃၀။အလောင်းတော်သိဒ္ဓတ္ထမင်းသားကို ဟိမ၀န္တာတောင်ခြေရှိ သေးငယ်သောမျိုးနွယ်စု အကြီးအကဲတစ်ဦး ၏ သားဟု ဆိုထားသည်။
၃၁။ဒဏ္ဍာရီလာအရ လွန်ခဲ့သည့် နှစ်ပေါင်းထောင်ပေါင်းများစွာက သာဝတ္ထိရှိသမင်ဥယျာဉ်တွင်-ဟု  ဗုဒ္ဓ၀င် ကို ဒဏ္ဍာရီဟုလည်းကောင်း နှစ်ပေါင်းနှစ်ထောင်ကျော်မျှသာ ကြာသေးသည်ကို နှစ်ပေါင်းထောင်ပေါင်း များစွာဟုလည်းကောင်း မိဂဒါဝုန်တောသည် ဗာရာဏသီမြို့နှင့် ၆-မိုင်အကွာတွင် တည်ရှိနေပါလျှက် သာဝတ္ထိသမင်ဥယျာဉ်ဟုလည်းကောင်း မှားယွင်းစွာဆိုထားသည်။
၃၂။၁၄၀၄-ခုတွင် အင်းဝ,က ရခိုင်ကိုတိုက်စဉ် နရမိဿလဘုရင်သည် ဘင်္ဂလာနေပြည်တော် ဂေါသို့ ထွက်ပြေးသည်ဟုဆိုထားသည်။ စင်စစ် ဘင်္ဂလားနယ်သို့ ထွက်ပြေးသောမင်းကို မင်းစောမွန်ဟုသာတွေ့ ရသည်။ နရမိဿလကို မတွေ့ရ။
၃၃။မြောက်ဦးနန်းတွင်းသည် ဗုဒ္ဓဘာသာနှင့်အစ္စလာမ် နှစ်ဘာသာပေါင်းစပ်လျှက် ထွန်းကားသည်ဟု ဆိုထားသည်။ မြောက်ဦးခေတ်နန်းတွင်သည် ဘင်္ဂါလီနှင့်ရခိုင်စာပေ၏ ထူးကဲသောအားပေးမှုဖြစ် လာသည်-ဟု လူထုကြားတွင် အစ္စလာမ်ယဉ်ကျေးမှု ပျံ့ခဲ့လေဟန် ဖေါ်ပြထားသည်။ စင်စစ် မင်းစောမွန် ဘင်္ဂလားမှပြန်လာရာ မွတ်ဆလင်များပါလာပြီး ၄င်းတို့ဘာသာကို ထွန်းကားအောင် အားထုတ်ခဲ့သော်ငြား ရခိုင်ပညာရှိ ဆရာမြ၀ါက ရွှေဗျိုင်းဓမ္မသတ်ကျမ်းကို ပြုစုပြီး ကာကွယ်ခဲ့သည်။ ယင်းကျမ်းသည် မင်္ဂလသုတ်ကို အခြေခံထားပြီး လောကသာရပျို့နှင့်လည်း အကြောင်းအရာ တူသည်။ အချက် ၄၈-ချက်ပါဝင်ပြီး ရခိုင်တို့၏ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေဟုပင် ပညာရှင်များက တင်စားကြသည်။
၃၄။ဆရာသန့်မြင့်ဦး၏ မဟာအမှားကြီးတစ်ခုကား ရခိုင်တို့သည် မိမိတို့ထက်အင်အားကြီးသော အိမ်နီးချင်းဘင်္ဂလားပသီဘုရင်၏ နယ်ပယ်လက်တက်အဖြစ်သို့ နှစ်ပေါင်းတစ်ရာခန့် ကျရောက်ခဲ့ရသည်ဟု ဆိုထားခြင်းပင်ဖြစ်တော့သည်။

ကိုး = မောင်သွေးချွန်။ ဦးသန့်မြေး သန့်မြင့်ဦးရေးတဲ့ ကိုယ်တိုင်ရေးမြန်မာ့သမိုင်းအမှားများ-မှ Note ထုတ်ရေးသားသည်။

အရှင်က၀ိန္ဒ(ချောင်းဆုံ)
Print Friendly and PDF

No comments:

Post a Comment

Twitter Bird Gadget