ဘုန်းကြီးတစ်ပါး ကျောင်းထိုင်မည်ဆိုလျှင် အစစအရာရာ အဆင်သင့်ဖြစ်နိုင်သမျှ
ဖြစ်နေရမည်။ ကျောင်း ထိုင်ရှိနှင့်ပြီဖြစ်သော ကျောင်းတစ်ကျောင်းတွင်လည်း
ပရိယတ် သို့မဟုတ် ပဋိပတ်တစ်ခုခု ရှိနေသင့်သည်။ သို့မဟုတ်ပါကလည်း
ပရဟိတလုပ်ငန်းတစ်ခုခု လုပ်ကိုင်နေသော ကျောင်းဖြစ်ရမည်။ ဤကား ပြည့်စုံနေပြီး
သည့် ကျောင်းတစ်ကျာင်း၏ ဖြစ်သင့်သော အခြေအနေဖြစ်သည်။
မပြည့်စုံသော ကျောင်းတစ်ကျောင်းတွင် ရပ်ရွာ၊ဆရာဒကာ နာမည်မပျက်ရုံ
အနေအထားရှိလှင်ပင် လုံလောက်ပါသည်။ ထိုသို့ဆိုရခြင်းအဘေကာင်းမှာ
အချို့သူတို့က ကျောင်းထိုင်ဘုန်းကြီးဖြစ်လျှင် ကျောင်း တွင်ထိုင်နေရုံနှင့်
လုံလောက်ပြီဟု ထင်နေကြသောကြောင့်ဖြစ်သည်။ ထိုသူတို့သိထားရမည်မှာ မိမိတို့
သည် သာသနာတော်ကို တိုးတက်အောင် လုပ်ဆောင်လိုသူများ၊ ထိုသာသနာတော်အတွင်းမှ
ဂိုဏ်း၊ ဂဏဖြင့် နေထိုင်သူများဖြစ်သည်ဟု သိထားရပါမည်။
ဖေ့ဘုတ်ရှယ်ယာစာမျက်နှာတစ်ခုတွင် ယနေ့မြန်မာနိုင်ငံတွင်
ဆုတ်ယုတ်နေသောအရာမှာ ဗုဒ္ဓဘာသာဖြစ်သည်ဟု ဆိုထားသည်။ ငြင်းဆန်ရန် အလွန်
အလွန်ခက်သည့် စာသားပင်။
မပြည့်စုံသောရွာ သို့မဟုတ် ကျောင်းကို ပြည့်စုံအောင် လုပ်ယူ၍ ရပါသည်။
လိုအပ်သည်မှာ ထက်မြက် သည့် ကျောင်းထိုင်တစ်ပါးပင်။ ကျောင်းတစ်ကျောင်းတွင်
ကျောင်းထိုင်လိုအပ်ပါက အဆောတလျှင် မရွေးချယ်သင့်ပေ။ ဖြစ်နိုင်လျှင်
အချိန်ယူ၍ ရှာဖွေသင့်သည်။ ငါတို့ဆွေမျိုး၊ ငါတို့ရွာသားဟု စိတ်ထဲတွင်မထားရ၊
သူ၏ စိတ်ကောင်းနှလုံးကောင်း၊ အရည်အချင်းနှင့် နောက်ကြောင်းအနည်းငယ်တို့သာ
အရေးကြီးသည်။
ယနေ့ခေတ်တွင် အလုပ်တစ်ခုမရှိလျှင် အလိုလို နောက်ကျကျန်နေရစ်သော
ခေတ်ဖြစ်သည်။ ခေတ်နောက်မကျစေရန် ရိုးရာဓလေ့မပျက်စေရန် အရေးကြီးသည်။
ထို့အတွက် မိမိတို့အတ္တများ၊ မာနများကို ခြေဖ၀ါးသို့ ဖြန့်ချထား၍
အများနင်းချေနိုင်အောင် ထားထားလိုက်ပါ။ ဟောင်းနွမ်းအိုမင်းနေသော
အတွေးအခေါ်များ၊ အရည်အချင်းများကို မီးရှို့ပစ်လိုက်ပါ။ သူတကာနှစ်သက်သည့်
ကာမဂုဏ်အာရုံတို့သို့ မိမိကိုယ်တိုင် လိုက်ပါမသွားစေသင့်။
ဘုန်းကြီး၊သူကြီး၊ကျောင်းဆရာကြီးတို့ သုံးဦးညီညွတ်လျှင် ရပ်ရွာတိုးတက်ရန်
လုံလောက်သည်ဟု ရှေး သူကြီးသူမတို့ ဆိုရိုးရှိသည်။ သူ့ခေတ်သူ့အခါက
ရွာတစ်ရွာတွင် ဘုန်းကြီးကျောင်းတစ်ကျောင်း အလွန်ဆုံး သုံးကျောင်းသာရှိသည်။
ကျောင်းထိုင်သည် တစ်ရွာလုံး၏ အားကိုးရာ ဆရာဖြစ်သည်။ ချစ်ကြောက်ရိုသေ ကြသည်။
ကိစ္စတစ်စုံတစ်ရာတွေ့လျှင် ကျောင်းထိုင်ဆရာတော်တွင်
ဖြေရှင်းပေးနိုင်လောက်သော အရည် အချင်းရှိသည်။ ဗေဒင်၊ဆန်း၊ဆေး၊ ကဗျာ၊လင်္ကာ၊
ဗုဒ္ဓစာပေစသည့် လောကီလောကုတ်ကျွမ်းကျင်ကြသည်။ မထုတ်သုံးလျှင်သာရှိမည်
အားလုံးနီးပါးတတ်ထားကြသည်။ သူ့ခေတ် သူ့အရည်အချင်းနှင့် လျော်ညီ သည့်
ခေတ်ပညာတတ် ကျောင်းထိုင်ဆရာတော်များဖြစ်သည်။
ယနေ့ခေတ်ကို ပြန်လည်ကြည့်ကြပါစို့၊ ရွာတစ်ရွာတွင် ဘုန်းတော်ကြီးကျောင်း
နှစ်ကျောင်း၊သုံးကျောင်း ရှိနေလေပြီ၊ ရွာတစ်ရွာတွင်
နှစ်ကျောင်းဖြစ်နေခြင်းမှာ စိတ်မထားတတ်လျှင် လွယ်လိမ့်မည်မဟုတ်ပေ၊
အချို့ကားလောကီ အရည်အချင်း ရှိပါ၏။ သို့သော် မိမိစောင့်ထိန်းရမည့်သီလ၊
ဘုန်းကြီးနှင့်တူအောင် နေ ရမည့် အသိ လုံးဝမရှိကြ၊ လူအများနှင့်
ဟောင်ဖွာဟောင်ဖွာနေကြသည်။ လူတို့ကို အလိုလိုက်လွန်းကြ သည်။ လူကဲ့သို့
ပြုမူပြောဆိုကြသည်။ အချို့ကား လောကုတ်ရှိပါ၏။ သို့သော် မိမိတတ်ထားသည်တို့
ကို ပြန်လည်အသုါံ်မချကြပဲ အေးအေးလူလူ နေထိုင်သွားကြသည်။
စာပေပြန်လည်ပို့ချခြင်း၊ ပရိယတ် အလုပ်ကို တွင်ကျယ်အောင်လုပ်ခြင်း၊
ပဋိပတ်အလုပ်ကို တွင်ကျယ်အောင်လုပ်ခြင်း အလျင်းမရှိကြ။ လုပ်နေသူအချို့ကား
ရှိပါသည်။ ယနေ့ခေတ်မျိုးတွင် အနည်းစုကို အားကိုး၍မရတော့ အားလုံးနီးပါး
ထက်မြက်ကြဖို့လိုသည်။
ဘုန်းကြီးတစ်ပါး၏ သြဇာမရှိတော့ခြင်းကိုသာ တဖွဖွရွတ်အံမနေတော့ပဲ
ရှေးဆရာတော်တို့ သူ့ခေတ် သူ့အခါ ဗေဒင်၊ဆန်းစသည့်လောကီအတတ်ကို
တတ်ကျွမ်းကြသကဲ့သို့ မိမိတို့က အင်္ဂလိပ်စာ၊ စကား၊ ကွန်ပျူတာစသည့်
လောကီပညာရပ်များ တတ်ထားသင့်သည်။ အသုံးချသောအခါတွင်သာ စနစ်တကျ ရှိသင့်သည်။ (ဤကား ဆက်ရေးရန်အချိန်မရခြင်းကြောင့် အမြွက်မျှရေးသားလိုက်ခြင်းတည်း)
No comments:
Post a Comment