ဒီဆိုက်ဒ်ထဲက စာတွေက ၀ါသနာအရ အားတဲ့အချိန်မှာ ရေးသားခြင်း ဖြစ်ပါတယ်။ စာအုပ်တွေကို အရင်ကတည်းက တွေ့တဲ့ဆိုက်ဒ်တွေကနေ Download ဆွဲထားခဲ့ပါတယ်။ ဒီကို ပြန်တင်မယ်ဆိုပြီး ရည်ရွယ်ရင်းမရှိခဲ့ပါ။ ဒါကြောင့် ခုလိုပြန်တင်ဖြစ်သွားတော့ ယူခဲ့တဲ့ဆိုက်ဒ်တွေကို မမှတ်မိတော့ပါဘူး။

Monday, February 4, 2013

သီဟိုဠ်ပါဠိစာပေသမိုင်း

E.G. F | 6:56 PM |
သီဟိုဠ်ကျွန်းသို့ ဗုဒ္ဓသာသနာရောက်ရှိပြီးနောက်မှ ပေါ်လာသောသာသနာဆိုင်ရာ ကျမ်းဂန်တို့ကား အဋ္ဌကထာ၊ဋီကာအနုဋီကာစသည်ဖြင့် များစွာရှိသည်။ အဋ္ဌကထာဟူသည် ဘုရားရှင်ခေတ် ကတည်းကပင် ပေါ်ပေါက်ခဲ့ပြီးဖြစ်သည်။ သို့သော် အဋ္ဌကထာဟူ၍မထင်ရှားခဲ့ပဲ ပကိဏ္ဏကဒေသနာ-အထွေထွေတရားတော်ဟူ၍သာ ထင်ရှားခဲ့သည်။ တတိယသင်္ဂါယနာတင်ပြီးနောက်တွင် အရှင်မဟိန္ဒမထေရ်သည် သီဟိုဠ်သို့သင်္ဂါယနာသုံးတန်တင်ပါဠိတော်နှင့်တကွ ပကိဏ္ဏကဒေသနာ (အဋ္ဌကထာ)တို့ကို ယူဆောင်သွားခဲ့သည်။ ယင်းအဋ္ဌကထာများသီဟိုဠ်သို့ရောက်သောအခါ သင်ယူရလွယ်စေခြင်းငှာ သီဟိုဠ်ဘာသာဖြင့်အဋ္ဌကထာအမျိုးမျိုးပြန်ဆိုရေးသားကြသည်။ အိန္ဒိယတောင်ပိုင်းဘာသာဖြင့်ရေးသော အဋ္ဌကထာတို့လည်း ရှိသေးသည်။ အရှင်မဟာဗုဒ္ဓဃောသ သည် သီဟိုဠ်သို့ကြွ၍ အဋ္ဌကထာများကို ပြုစုသောအခါ ယင်းတို့ကိုပင် အမှီုပြုရေးသားရသည်။ အရှင်မဟာဗုဒ္ဓဃောသ မတိုင်မီပေါ်သော ရှေးအဋ္ဌကထာတို့ကို မဟာအဋ္ဌကထာ၊ မဟာပစ္စရီအဋ္ဌကထာ၊ စူဠပစ္စရီအဋ္ဌကထာ၊ ကုရုန္ဒီအဋ္ဌကထာ၊ အန္ဓကအဋ္ဌကထာ၊ အရိယအဋ္ဌကထာ၊ သင်္ခေပအဋ္ဌကထာ စသည်တို့ဖြစ်သည်။ ယင်းတို့တွင်မှ အရှင်မဟာဗုဒ္ဓဃောသသည် မဟာဝိဟာရ၀ါသီဂိုဏ်း သားတို့အယူကို အမှန်အတိုင်းထုတ်ဖေါ်ပြထားသည့် မဟာအဋ္ဌကထာကိုအလေးစားဆုံးဖြစ်သည်။ အခြားအဋ္ဌကထာကို တစ်ရံတစ်ခါမှသာအကြောင်းတိုက်ဆိုင်သဖြင့် ရေးသားသည်။

မဟာအဋ္ဌကထာ၊မဟာပစ္စရီအဋ္ဌကထာ၊ကုရုန္ဓီအဋ္ဌကထာတို့သည် သီဟဠဋ္ဌကထာဟုခေါ်သည်။ အရှင်မဟိန္ဒယူဆောင်လာသော မူလအဋ္ဌကထာကိုပင် မဟာအဋ္ဌကထာဟုခေါ်သည်။ မဟာပစ္စရီအဋ္ဌကထာကား ဖေါင်ပေါ်နေလျက်ရေးသားပြုစုသောအဋ္ဌကထာဖြစ်သည်။ ကုရုန္ဓအဋ္ဌကထာကား ကုရုန္ဒီဝလ္လိမည်သောကျောင်းတွင် ရေးသားသောအဋ္ဌကထာဖြစ်သည်။ စူဠပစ္စရီအဋ္ဌကထာ၊သင်္ခေပအဋ္ဌကထာတို့သည် အကျယ်တ၀င့်ရေးသားသောအဋ္ဌကထာတို့၏ အကျဉ်းချုပ်အဋ္ဌကထာများဖြစ်သည်။ အန္ဓကအဋ္ဌကထာဟူသည် အိန္ဒိယတောင်ပိုင်းဘာသာ စကားတစ်ခုဖြင့် ရေးသားသောအဋ္ဌကထာဖြစ်သည်။ ထို့အပြင်အရှင်မဟာဗုဒ္ဓဃောသသည် သီဟိုဠ်ကျွန်းဝယ်စာတတ်အကြော်ဆရာတော်တို့၏ အယူဝါဒများ၊ဆွေးနွေးချက်များ ဇမ္ဗူဒိပ်၌ ထင်ရှားသောမထေရ်တို့၏ အယူအဆများ ရှေးရှေးဆရာတို့၏အယူအဆများ နိကာယ်ဆောင်ဘာဏကမထေရ်တို့၏ ၀ါဒများကိုတိုက်ဆိုင်လေ့လာ၍ အဋ္ဌကထာသစ်များရေးသားခဲ့သည်။

ဒီပ၀ံသခေါ်သောကျမ်းတစ်စောင်လည်း အရှင်မဟာဗုဒ္ဓဃောသ၏ ကျမ်းများမပေါ်မီရှေးကပင် ပေါ်ခဲ့သောကျမ်းဖြစ်သည်။ ယင်းကျမ်းကားဗုဒ္ဓသာသနာနှင့်ပတ်သက်သည့် အိန္ဒိယနှင့်သီဟိုဠ် ရာဇ၀င်သမိုင်းကိုရေးသားထားသည့်ကျမ်းဖြစ်သည်။ ကျမ်းပြုသူမထင်ရှားပဲ အမည်မသိထေရတစ်ပါးဟူ၍လည်းကောင်း မထေရ်အများဟူ၍လည်းကောင်း ခန့်မှန်းရသည်။ ၄င်းကျမ်းကို သာသနာနှစ်-၈၀၈ မှ ၈၃၅ (အေဒီ-၃၂၅ မှ ၃၅၂)တိုင်အောင် သီဟိုဠ်တွင်မင်းပြုသော မဟာသေနမင်း၏အကြောင်းဖြင့် အဆုံးသတ်ထားသည်။ ထို့ကြောင့်၎င်းကျမ်းသည် အေဒီလေးရာစု အတွင်းပြုစုသောကျမ်းဖြစ်မည်ဟု မှတ်သားရပါသည်။ အရှင်မဟာဗုဒ္ဓဃောသသည် ဤကျမ်းကိုလည်း ကိုးကားခဲ့ပါသေးသည်။ ထို့အပြင် မဟာဝံသကျမ်းလည်းရှိပါသေးသည်။ ဒီပ၀ံသနှင့် အတူပင် မဟာသေနမင်းတွင်အဆုံးသတ်ထားသည်။ ထူးခြားချက်မှာ ဒီပ၀ံသကျမ်းကဲ့သို့စာပေအပြစ်အနာအဆာမရှိပဲ ချောမွေ့သည့် ဂါထာဗန္ဓတို့ဖြင့်ဖွဲ့ဆိုထားသည်။ ကျမ်းပြုဆရာမှာ အရှင်မဟာနာမဖြစ်၍ အေဒီခြောက်ရာစုအဦးပိုင်းဟု ခန့်မှန်းရသည်။ ၄င်းကျမ်း၏အဆက်မှာ စူဠ၀ံသကျမ်းဖြစ်၍ သီဟိုဠ်ကျွန်းကို အင်္ဂလိပ်တို့သိမ်းယူသည်အထိ အဖြစ်တို့ပါဝင်သည်။

အရှင်မဟာဗုဒ္ဓဃောသသည် သူ၏ကျမ်းများကိုပြုစုသောအခါ ၄င်းသည်ပကိဏ္ဏကဒေသနာများကိုမူရင်းပြု၍ မာဂဓဘာသာသို့ပြန်ဆိုရုံမျှသာဖြစ်ကြောင်း မိမိကိုယ်ကိုနှိမ့်ချထားသော်လည်း အရှင်သည်သူ၏ကျမ်းများကို ပြုစုသောအခါ သူ၏ပင်ကိုဥာဏ်ကိုအသုံးပြုထားမှုများ တစ်ရံတစ်ခါမဟာအဋ္ဌကထာပါအချက်အချို့ကို ပမာဒလိခိတဟုဆိုကာ မဟာပစ္စရီအဋ္ဌကထာတို့ကို လက်ခံခဲ့ခြင်းတို့ကို တွေ့ရသည်။ အရှင်မဟာဗုဒ္ဓဃောသပြုစုသောကျမ်းတို့မှာ ၀ိနည်းပိဋက၊ ဒီဃနိကာယ်၊ မစ္ဇျိမနိကယ်၊ သံယုတ္တနိကာယ်၊ အင်္ဂုတ္တရနိကယ်၊ အဘိဓမ္မာပိဋက၊ ခုဒ္ဒကပါဌ၊ ဓမ္မပဒ၊ သုတ္တနိပါတ်၊ ဇာတ်နှင့် ပါဋိမောက်အဖွင့်အဋ္ဌကထာများအပြင် ၀ိသုဒ္ဓိမဂ်အဋ္ဌကထာတို့ဖြစ်၍ ဆဋ္ဌသင်္ဂါယနာမူဖြင့် စာအုပ်ပေါင်း-၃၅အုပ်၊ စာမျက်နှာ-၁၃၀၀၀ကျော်မျှရှိသည်။

အရှင်မဟာဗုဒ္ဓဃောသသည် သာသနာနှစ်-၉၀၀ မှ ၁၀၀၀-အတွင်း ပေါ်ထွန်းသောပုဂ္ဂိုလ်ဖြစ်ရကား ၄င်းနှင့်တစ်ခေတ်တည်းဟု ယူဆရသောအဋ္ဌကထာဆရာတစ်ဦးမှာ အရှင်ဗုဒ္ဓဒတ္တပင်ဖြစ် သည်။ အရှင်သည် ဗုဒ္ဓ၀ံသအဋ္ဌကထာ၊ အဘိဓမ္မာဝတာရ၊ ၀ိနယ၀ိနိစ္ဆယ၊ ဥတ္တရ၀ိနိစ္ဆယစသောကျမ်းများစွာကို ပြုစုခဲ့သည်။ ထို့နောက်အာစရိယဓမ္မပါလခေါ် အရှင်ဓမ္မပါလမထေရ်သည် ဥဒါန်း၊ ဣတိဝုတ်၊ ၀ိမာန၀တ္ထု၊ ပေတ၀တ္ထု၊ ထေရဂါထာ၊ ထေရီဂါထာ၊ စရိယာပိဋကနှင့် နေတ္တိပါဠိတော်တို့၏ အဋ္ဌကထာများကို ပြုစုခဲ့သည်။ ထို့နောက် အရှင်ဥပသေနသည် နိဒ္ဒေသ ပါဠိတော်အဋ္ဌကထာကိုလည်းကောင်း အရှင်မဟာနာမသည် ပဋိသမ္ဘိဒါမဂ်အဋ္ဌကထာကိုလည်းကောင်း ပြုစုတော်မူခဲ့သည်။ အပါဒါန်အဋ္ဌကထာကိုမူ အမည်မသိနှောင်းခေတ်ပေါ်မထေရ် တစ်ပါးပြုစုခဲ့သည်-ဟုဆိုသည်။

ဋီကာတို့တွင် ရှေးအကျဆုံးဋီကာမှာ အရှင်အာနန္ဒာပြုစုခဲ့သော အဘိဓမ္မာအဋ္ဌကထာသုံးကျမ်းအဖွင့် မူလဋီကာပင်ဖြစ်သည်။ ယင်းကျမ်းတွင် အရှင်မဟာဗုဒ္ဓဃောသ၏အယူဆကို ရဲရဲဝံ့ဝံ့ပင် ပယ်မြစ်ဝေဖန်ခဲ့သည်။ ၄င်းနောက်တွင် အရှင်ဓမ္မပါလသည် ဥဒါန်းအဋ္ဌကထာကိုလည်းကောင်း အရှင်သာရိပုတြာသည် သုတ္တန်ဋီကာများကိုလည်းကောင်း ပြုစုခဲ့သည်။ ၄င်းတို့တွင် ဒီဃနိကာယ် မဇ္ဈိမနိကာယ် သံယုတ္တနိကာယ် အဋ္ဌကထာများ၏ ဋီကာများ၊ အင်္ဂုတ္ထိုရ်ဋီကာတစ်ပိုင်းတစ်စကို အရှင်ဓမ္မပါလမထေရ်ကလည်းကောင်း အင်္ဂုတ္ထိုရ်ဋီကာသစ်ကို အရှင်သာရိ ပုတြာကလည်းကောင်း ၀ဇီရဗုဒ္ဓိဋီကာကို အရှင်ဝဇီရဗုဒ္ဓိမထေရ်ကလည်းကောင်း သာရတ္ထဒီပနီဋီကာကို အရှင်သာရိပုတြာမထေရ်ကလည်းကောင်း ၀ိမတိဝိနောဒနီဋီကာကို အရှင်ကဿပ မထေရ်ကလည်းကောင်း နေတ္တိဋီကာဟောင်းနှင့်ဝိသုဒ္ဓိမဂ်မဟာဋီကာကို အရှင်ဓမ္မပါလမထေရ်ကလည်းကောင်း ရေးသားခဲ့သည်။

ဋီကာကိုထပ်ဆင့်ဖွင့်သောကျမ်းကို အနုဋီကာဟုခေါ်၍ ဋီကာတိုင်းတွင်လည်း အနုဋီကာမရှိပါပဲ အဘိဓမ္မာအဋ္ဌကထာ၏အဖွင့်ဖြစ်သော မူလဋီကာမှာသာ အနုဋီကာရှိသည်။ ယင်းအနုဋီကာ ကို အရှင်ဓမ္မပါလမထေရ်ပင်ပြုစုခဲ့သည်။ မူလဋီကာဆရာတို့က အဋ္ဌကထာဆရာကိုဝေဖန်ခဲ့သည့်နည်းတူ အနုဋီကာဆရာသည်လည်း အဋ္ဌကထာဆရာဘက်မှနေ၍ မူလဋီကာအဆိုကို စိစစ်ဝေဖန်ခဲ့သည်။

ဋီကာ၊အနုဋီကာကျမ်းတို့နှင့်တစ်ပြိုင်နက်သော်လည်းကောင်း မရှေးမနှောင်းသော်လည်းကောင်း သာသနာဆိုင်ရာပေါ်ထွက်ခဲ့သောကျမ်းမှာ ဂဏ္ဍိကျမ်းများ လက်သန်းကျမ်းများ၊ သဒ္ဒါ၊ အလင်္ကာ၊ဆန်း၊အဘိဓာန်ကျမ်းများဖြစ်သည်။

ဝိနည်းအဋ္ဌကထာ၏ဂဏ္ဍိကျမ်းများမှာ ဂဏ္ဍိပဒ၊မဟာဂဏ္ဍိပဒ၊မဇ္ဈိမဂဏ္ဍိပဒနှင့် စူဠဂဏ္ဍိပဒတို့ဖြစ်သည်။ ဂဏ္ဍိပဒမှာ မာဂဓဘာသာရေးဖြစ်၍ ကျန်သုံးကျမ်းမှာ သီဟိုဠ်ကျမ်းများဖြစ်သည်။ ၄င်းတို့သည် မြန်မာနိုင်ငံသို့ရောက်လာဟန်မတူပဲ ယခုအချိန်တွင်လည်း သီဟိုဠ်တွင်မရှိတော့ချေ။ မဟာ-မဇ္ဈိမ-စူဠဂဏ္ဍိသုံးစောင်ကို အရှင်ဇောတိပါလပြုစုသည်ဟု ပိဋကတ်တော်သမိုင်း တွင်ဆိုသည်။ ယနေ့တွေ့မြင်နေရသော ဂဏ္ဍိနှစ်ကျမ်းအနက် ပဋိသမ္ဘိဒါမဂ္ဂဂဏ္ဍိပဒကို သီရိပရက္ကမဗာဟုမင်းလက်ထက် မဟာထူပ၀င်ကျမ်းပြုမထေရ်ပြုစုသည်ဟု ပိဋကတ်တော်သမိုင်း၌ ဆိုသည်။ ၀ိသုဒ္ဓိမဂ္ဂဂဏ္ဍိပဒကို ပုဂံမြို့၊အရှင်သဒ္ဓမ္မဇောတိပါလပြုစုသည်ဟု ၄င်းပိဋကတ်တော်သမိုင်းတွင်ဆိုသည်။

လက်သန်းကျမ်းတို့သည် ၀ိနည်းလက်သန်းကျမ်း အဘိဓမ္မာလက်သန်းကျမ်းဟု နှစ်မျိုးရှိရာ ၀ိနည်းလက်သန်းအဋ္ဌကထာအရေတွက်မှာ နှစ်ဆယ်ရှိ၍ ထင်ရှားသောကျမ်းအချို့မှာ သာရတ္ထ ဒီပနီဋီကာဆရာ အရှင်သာရိပုတြာပြုစုသည့် ၀ိနယသင်္ဂဟအဋ္ဌကထာ၊ အရှင်ဗုဒ္ဓဒတ္တပြုစုသည့် ၀ိနယ၀ိနိစ္ဆယနှင့်ဥတ္တရ၀ိနိစ္ဆယကျမ်း အရှင်သဒ္ဓမ္မသီရိပြုစုသည့် ခုဒ္ဒသိက္ခာကျမ်း အရှင်မဟာ သာမိပြုစုသည့် မူလသိက္ခာစသည်တို့ဖြစ်သည်။ အဘိဓမ္မာလက်သန်းအဋ္ဌကထာမှာ ဆယ်ကျမ်းရှိ၍ အရှင်အနုရုဒ္ဓါ၏ အဘိဓမ္မတ္ထသင်္ဂဟကျမ်း ပရမတ္ထ၀ိနိစ္ဆယကျမ်း နာမရူပပရိစ္ဆေဒကျမ်း အရှင်ဗုဒ္ဓဒတ္တ၏ အဘိဓမ္မာဝတာရကျမ်း အရှင်ကဿပ၏ မောဟ၀ိစ္ဆေဒနီကျမ်း အရှင်ဓမ္မပါလ၏ သစ္စသံခိပ်ကျမ်းတို့သည် ထင်ရှားသောကျမ်းများဖြစ်သည်-ဟု ပိဋကတ်တော်သမိုင်းတွင် ဆိုထားသည်။

ထို့နောက်ပါဠိဘာသာ၏အထိမ်းအကွပ်ဖြစ်သော သဒ္ဒါကျမ်းများပေါ်လာကာ ယင်းသဒ္ဒါကျမ်းတို့အနက် ထင်ရှားသည်မှာ အရှင်ကစ္စည်းမထေရ်၏ သဒ္ဒါကြီးခေါ် ကစ္စာယနဗျာကရုဏ်း ကျမ်းပင်ဖြစ်သည်။ ယင်းကျမ်းသည် ခရစ်နှစ်-၁၀၀ ကျော် ၂၀၀ အတွင် သို့မဟုတ် နောက်အကျဆုံး ၄၀၀ အတွင်း ( သာသနာနှစ်၆၀၀-၇၀၀-၉၀၀ အတွင်း) ပေါ်ထွက်မည်ဟု ပညာရှင်တို့ ယူဆကြသည်။ ထိုသို့ဆိုပါလျင် ယင်းကျမ်းသည် အိန္ဒိယပြည်ဖြစ်ကျမ်းဖြစ်ရပါမည်။ ၄င်းကျမ်း၏အခြံရံကျမ်းမှာ အများအပြားပင်ဖြစ်သည်။ ထိုကျမ်းများအနက် အရှင်ဝဇိရဗုဒ္ဓိပြုစုတော်မူ သည့် နျာသကျမ်း၊ အရှင်ဗုဒ္ဓပ္ပိယပြုစုသည့် ရူပသိဒ္ဓိကျမ်းစာကိုယ်နှင့်ဋီကာ၊ သီဟိုဠ်အရှင်ဓမ္မကိတ္တိပြုစုသည့် ဗာလာဝတာကျမ်းတို့မှာ ထင်ရှားသည်။ ကစ္စာယနကျမ်း၏အခြံရံမဟုတ်ပဲ အခြားသဒ္ဒါကျမ်းများလည်း သီဟိုဠ်တွင်ပေါ်ထွန်းခဲ့သည်။ ယင်းတို့မှာ အရှင်မောဂ္ဂလ္လာန်ပြုစုသော မောဂ္ဂလ္လာနဗျာကရဏခေါ် မောဂ္ဂလ္လာန်သဒ္ဒါကျမ်းပင်ဖြစ်သည်။ ၄င်းကိုခြံရံသောကျမ်းတို့မှ အရှင်မောဂ္ဂလ္လာန်ပင်ပြုစုသည့် မောဂ္ဂလ္လာနပဉ္စိကာကျမ်း အရှင်သံဃရက္ခိတပြုစုသည့် သုသဒ္ဒသိဒ္ဓိကျမ်းနှင့် ယောဂနိစ္ဆယခေါ် သမ္ဗန္ဓစိန္တာကျမ်း ရာဟုလာသံဃရာဇာပြုစုသည့် ပဉ္စိကာပဒီပ ကျမ်း အရှင်ပိယဒဿီပြုစုသည့် ပဒသာဓနကျမ်း အရှင်မေဓင်္ကရပြုစုသည့် ပယောဂသိဒ္ဓိကျမ်းတို့သည် ထင်ရှားသည်။

ပါဠိစာပေအရေးအသားကိုပြသည့် အလင်္ကာကျမ်း၊ ဂါထာစီကုံးဖွဲ့နည်းကိုပြသည့် ဆန်းကျမ်းတို့ကို အရှင်သံဃရက္ခိတမထေရ်ပြုစုခဲ့ရာ အလင်္ကာကျမ်းကို သုဗောဓာလင်္ကာရ၊ ဆန်းကျမ်းကို ၀ုတ္တောဒယ-ဟူသောအမည်ဖြင့်ထင်ရှားသည်။ အဘိဓာန်ကျမ်းကို အရှင်မောဂ္ဂလ္လာန်ပင်ပြုစု၍ အဘိဓာနပ္ပဒီပိကာ-ဟု ထင်ရှားသည်။

ဤသို့လျင် အရှင်မဟိန္ဒထေရ်ဆောင်ခဲ့သော ဗုဒ္ဓသာသနာတော်သည် တဟုန်ထိုးတိုးတက်ခဲ့ရာ သီဟိုဠ်ပါဠိစာပေသည် သာသနာနှစ်-၂၀၀၀ ခန့် (အေဒီ-၁၅ ရာစု) တိုင်အောင်ရောက်ခဲ့၏။ ထို့နောက်ပိုင်းတွင်ကား ပြောပလောက်အောင် ပါဠိစာပေကျမ်းများမပေါ်ထွက်ခဲ့တော့ချေ။

မှတ်ချက် = အထက်ပါစာများကို ဘဒ္ဒန္တပဒုမ (ပြန့်ပွားမှူး)၏ ပို့ချချက်မှာ ထုတ်နှုတ်ရေးသားခြင်းဖြစ်ပါသည်။

အရှင်က၀ိန္ဒ(ချောင်းဆုံ) Print Friendly and PDF

No comments:

Post a Comment

Twitter Bird Gadget