ဟိုးတုန်းက
စာအုပ်တွေထဲ ခဏခဏ ဖတ်ဖြစ်ခဲ့တာက ပုဂံရာဇ၀င်ဖြစ်ပြီး ငါကိုယ်တိုင် ပျူစောထီးဖြစ်လိုက်
အနော်ရထာဖြစ်လိုက် ကျန်စစ်မင်းဖြစ်လိုက် နရပတိစည်သူဖြစ်လိုက် အဲဒီလိုနဲ့ အမျိုးမျိုးသရုပ်ဆောင်ခဲ့ဖူးတယ်။ ငါ့ရဲ့ခေါင်းပေါ်ကို အချွန်အတက်တွေလည်း ရောက်ခဲ့ဖူးသလို ကိုယ်ပေါ်လည်း
စလွယ်တွေ ရောက်ခဲ့ဖူးတယ်။ တိုက်ပွဲမှာ ရန်သူတွေနဲ့ စီးချင်းထိုးခဲ့ဖူးသလို အလုံးအရင်း နဲ့လည်း
စစ်ပွဲမှာတိုက်ခိုက်ခဲ့ဖူးတယ်။ ပလီပလာစကားတွေလည်း ပြောခဲ့ဖူးသလို ငေါက်ငမ်းအော် ဟစ်ပြီးလည်း
ပြောခဲ့ဖူးတယ်။ မူးမတ်တွေနဲ့ တိုင်ပင်ခဲ့ဖူးသလို ပြည်သူတွေရှေ့ တိုင်းခန်းလည်း လှည့်လည်ခဲ့ဖူးတယ်။
ပြီးတော့ ဘုရားပုထိုးတွေ အများအပြားလည်း တည်ခဲ့ဖူးပါတယ်။ ငါ့ကို အဲဒီလို သရုပ်ဆောင်ဖြစ်ခဲ့အောင်
ချစ်ဦးညိုနဲ့တက္ကသိုလ်စိန်တင်တို့က အသက်သွင်းခဲ့တာဖြစ်ပြီး တစ်ခါတစ်လေ သူတို့သရုပ်ဆောင်ခိုင်းလို့
Move ၀င်သွားပြီး စားချိန်မှာလည်း သရုပ်ဆောင်ဖြစ်ခဲ့သလို တစ်ယောက် တည်းလမ်းလျှောက်ရင်းလည်း
စိတ်နဲ့ကိုယ်လွတ်နေတတ်ခဲ့တယ်။ ကုန်ကုန်ပြောရရင် တရားထိုင်ရင် စိတ်ထဲ အဲဒါတွေပေါ်နေပြီး
ဘုရားရှိခိုးချိန်မှာလည်း ကိုယ့်ကိုယ်ကို သရုပ်ဆောင်ဖြစ်မှန်းမသိဖြစ်ခဲ့ရတယ်။ အဲဒီစိတ်တွေက
ငါ့ကိုသတ်နေတာလား ငါ့ကိုကယ်တင်နေတာလား သိတောင်မသိတော့လောက်အောင် ရူးသွပ်ခဲ့ဖူးတယ်။
အော်…ပုဂံရယ်...။
အဲဒီလိုနေထိုင်ရင်း
အသက်က ဆယ့်သုံးနှစ် ပြီးတော့..ပြီးတော့…နှစ်ဆယ့်ငါးနှစ်.. ခု နှစ်ဆယ့်ခြောက်နှစ်အကူး…
ပုဂံရေ.. နင့်ဆီကို ရောက်ဖူးခဲ့ပြီလေ…။ စောင့်လိုက်ရတာ ဆယ့်သုံးနှစ် ကြာခဲ့တယ်။ ပုဂံရယ်….အချိန်တွေအကြာကြီး
ဘာကြောင့်ငါ့ကိုဆွဲထားခဲ့ရသလဲ ?။ ခုတော့.. နင်မတွေ့ချင်တဲ့ငါ.. နင် မရောက်လာစေချင်တဲ့ငါ…
နင့်ဆီရောက်လာခဲ့ပါပြီ..။ နင်ပြောခဲ့တဲ့ ရာဇ၀င်တွေ နင်ပြောခဲ့တဲ့ ဒဏ္ဍာရီတွေ ငါ.. ယုံခဲ့ပြီးသားပါ။
အရိုးသားဆုံးဝန်ခံပါရစေ..၊ စောင့်ခဲ့ရတဲ့ ဆယ့်သုံးနှစ်လုံးလုံး နင့်အပေါ်အထင်လွဲခဲ့ဖူးပါတယ်။
ခုတော့ နင့်အကြောင်းကို သိလိုက်ရတဲ့အတွက် ငါ့ရဲ့အထင်လွဲခဲ့မှု အပေါ် နောင်တလည်းရမိပါတယ်၊
ပုဂံကို ငါရောက်လာအောင်လို့ နင်ငါ့အပေါ် ဘယ်လောက် မုန်းတီးဟန်ဆောင်ခဲ့ရတယ်၊ ဘယ်လောက်ညှို့ယူဖမ်းစားခဲ့ရတယ်၊
ဘယ်လောက်အလျှော့အတင်း လုပ်ခဲ့ရတယ်၊ အဲဒါတွေ ခုတော့ သိလိုက်ပါပြီ။ ဘာဖြစ်လို့လဲဆိုရင်
နင်နဲ့ငါက အရမ်းကိုအလှမ်းကွာဝေးပြီး နယ်မြေတွေ ဝေးနေကြလို့လေ။
နင်ငါ့ကိုတစ်ရက်ပဲ ဆုံတွေ့ခွင့်ပေးတယ် နင်နဲ့တစ်ရက်ပဲ
လျှောက်လည်ခဲ့ရတယ် အဲဒီအတွက် ငါပျော်ပေမယ့် ငါသိပ်ဝမ်းနည်းတယ်။ ပျော်ရွှင်ခြင်းတစ်ဝက်
ဝမ်းနည်းခြင်းတစ်ဖက်နဲ့ပါပဲ၊ ငါတို့တွေ အမြဲအတူမနေနိုင်မှန်းသိပေမယ့် နင်နဲ့အချိန်အတော်ကြာနေချင်ပါတယ်။
ပြီးတော့ နင့်အကြောင်းကို အတော်များများသိချင်နေပါတယ်။ ငါစပ်စုတာမဟုတ်ပါဘူး။ ငါစိတ်ဝင်စားတာပါ
တကယ်အမှန် အတိုင်းပြောရရင် နင့်ကိုအလေးထားတာပါ။ နင့်ကိုလေးစားတာပါ။ ဒါပေမယ့် နင်ငါ့ကိုငဲ့ညှာလွန်းခဲ့ တယ်နော်၊
ငါ့ဘ၀အတွက် နင်ဦးစားပေးခဲ့လွန်းတယ်နော်၊ တကယ်တမ်း နင်မညာကြေး ပြော မယ်ဆိုရင် နင်ငါနဲ့အတူအကြာကြီး
နေချင်တာ ငါသိပါတယ်။ အဲဒီတစ်ရက်က နင့်အတွက် ဘယ်လောက် အရေးပါ မယ်ဆိုတာ မသိပေမယ့် ငါ့အတွက်တော့
ဘ၀နဲ့ရင်းပြီး အရေးပါခဲ့ပါတယ်။
အဲဒီတစ်နေ့တာကို
ပြန်မြင်ယောင်ကြည့်မိတဲ့အခါ…..။ နင်ငါ့ကိုပူလောင်မှုတွေနဲ့ ကြိုဆိုပြီး နင့် အပေါ်ဘယ်လောက်
သည်းခံနိုင်မလဲဆိုတာ စမ်းသပ်ခဲ့ပေမယ့် တစ်ချက်လေးမှ နင့်ကိုစိတ်မပျက်ခဲ့ဘူး၊ တစ်ခုတော့ရှိတယ်..၊
ရောက်ရောက်ချင်းပဲ နင့်ကိုခွင့်ပြုချက်မတောင်းပဲ ဓာတ်ပုံတွေ အများကြီး ရိုက်ခဲ့တယ်။
နင့်အလှကို ငါဘယ်တော့မှမရိုးဘူး။ နင့်ဆီရောက်တော့ ဘယ်နေရာကို ငါပထမဆုံး သွားခဲ့သလဲဆိုတာ
နင်လဲသိပါတယ်။ အဲဒါကတော့ ငါအကြိမ်ကြိမ်သရုပ်ဆောင်ခဲ့ဖူးတဲ့ ပျူစောထီးရဲ့ ဒဏ္ဍာရီသင်္ကေတဆီ
ငါဝင်ခဲ့တာပေါ့။ မဟာငှက်ပစ်တောင် မြတ်စွာဘုရားကို ဖူးခဲ့ရပြီး နင်ငါ့ကို ငှက်ကြီးဆီရောက်ဖို့
အမှောင်ထဲလျှောက်ခိုင်းခဲ့တာလည်း ငါအမှတ်ရပါတယ် အဲဒီလိုဏ်ဝင်္ကပါကို ငါလဲနှစ်သက်ပါတယ်။
ပြီးတော့ ရှင်အရဟံအုတ်ကျောင်းကို ၀င်လိုက်တဲ့အချိန်မှာပဲ ငါတပ်မက်ခဲ့ဖူးတဲ့ နင့်လက်ရာတွေ့ရတဲ့အပြင်
ရှင်အရဟံကိုလည်း တွေ့ခဲ့ရပြန်တယ်။ ဒါပေမယ့် ရှင်အရဟံက မွန်ဖြစ်လို့ လားမသိဘူး အသားတော့
မဲတယ်နော်။
အဲဒီနောက်
ငါတို့တွေ ရွှေစည်းခုံစေတီတော်ဆီ ရောက်ခဲ့ကြတယ်။ ရွှေစည်းခုံစေတီတော်ရဲ့ အတွင်းအံ့ဖွယ်ကိုးပါးနဲ့
အပြင်အံ့ဖွယ်ကိုးပါးကိုလည်း သိခဲ့ရပြန်တယ်။ ငါလေ စေတီတော်ရဲ့ထီးတော်မြင်ရဖို့ ချိုင့်ငယ်လေးရှေ့အကြာကြီးကြည့်လိုက်
စိတ်ဓာတ်ကျလိုက် ပြန်ကြည့်လိုက်ဖြစ်နေတာကို နင်ဘေးက ကျီစယ်ရင်း အားပေးနေတာကိုလည်း တကယ်မေ့လို့မရနိုင်ပါဘူး။
မြင်သွားပြီဆိုတော့လည်း နင်ငါ့ကိုကျေနပ်တဲ့အပြုံးနဲ့ ဂုဏ်ပြုခဲ့တယ်နော်။ အဲဒီနောက်
နင်ငါ့ကိုမင်းအိုချမ်းသာကျောင်းမှာ တည်းခိုဖို့ ဆရာတော်ကိုလျှောက်ထားခိုင်းခဲ့ပြီး
နင်ပြောပြောလေ့ရှိတဲ့ ဗူးဘုရားကို ပို့ခဲ့ပြန်တယ်။ ဒါပေမယ့် ဗူးဘုရားက ငလျင်ဒဏ်ကြောင့်
အသစ်ပြန်လည်ပြုပြင်ခဲ့ရတယ်လို့ ငါသိလိုက်ရတဲ့အခါ နင့်ရဲ့အတိတ်တွေ ကို နင်ဘယ်လောက်တန်ဖိုးထားသလဲဆိုတာ
ငါ…စာနာမိသွားတယ်။ ဗူးဘုရားပေါ်မှာ နိုင်ငံခြားသား တစ်ယောက်က ငါနဲ့အတူဓာတ်ပုံရိုက်ချင်တယ်ဆိုလို့
ငါဓာတ်ပုံရိုက်ခဲ့တုန်းက နင်ဘာလို့ မြစ်ပြင်ကျယ် ကို ငေးကြည့်ခဲ့တာလဲလို့ ငါသိချင်ပေမယ့်
နင့်ကိုကျောပေးပြီး ဓာတ်ပုံရိုက်ခဲ့ရလို့ ငါမမေးအားခဲ့ဘူး။ ဓာတ်ပုံရိုက်ပြီးလို့ မေးမယ်လဲလုပ်ရော
နင်ငါ့အရှေ့ရောက်နေပြန်တယ်။ ကဲ.. ငါဘယ်လိုမေးရက်တော့ မလဲကွယ်။ မေးရမှာတောင် မေ့နေခဲ့ပြန်ပါတယ်။
အဲဒီကနေပြန်အထွက်မှာ
ကန်တော့ပလ္လင်ဘုရားကို နင်လိုက်ပို့တယ်။ နရပတိစည်သူမင်း တည်ထားပြီး အုတ်နံရံအကျယ်ကြီးတွေနဲ့
နင်ငယ်ငယ်ကလက်ရာတွေ (ရှေးခေတ်လက်ရာတွေ)ကို ငါအံ့သြခဲ့ရတယ်။ ပူတဲ့ရာသီမှာ အေးမြစေတဲ့အပြင်
လေ၀င်လေထွက်လည်း ကောင်းတာကို ငါခံစား ရတဲ့အတွက် နင့်..ငယ်ငယ်ကလက်ရာတွေကို ငါ..ပိုဂရုစိုက်ခဲ့ရပါတယ်။
အဲဒီနောက်
တို့တွေမြစေတီဘုရားကို ရောက်ခဲ့ကြတယ်နော်၊ ငါအရင်က ကျောက်စာ ကို ပြတိုက်ပို့ လိုက်ပြီလို့
စာအုပ်တစ်အုပ်မှာ ဖတ်ရတယ်လေ။ ဒါပေမယ့် အဲဒီကိုရောက် တဲ့အခါ လေးဘာသာနဲ့ရေး ထားတဲ့ ကျောက်စာကို
တွေ့လိုက်ရတော့ မျက်စိလည်ခဲ့ရတယ်။ အဲဒီတုန်းကလည်း နင့်ကိုမေးချင်ခဲ့ပေမယ့် နင်ငါ့ကို
ဆက်ပြီးလိုက်ပြဖို့အတွက် မြစေတီဘုရားမှာရှိတဲ့ နင့်ရဲ့ပုဂံမြေပုံကို ကြည့်နေလို့ ငါ..မနှောက် ယှက်ချင်ဘူးလေ။
အဲဒါနဲ့ မမေးဖြစ်ခဲ့ပဲ ဂူပျောက်ကြီးဘုရားကို ဆက်ပြီးရောက်ခဲ့တယ်။ တကယ့်ကို အံ့ဖွယ်ပါပဲ၊
နင်ငယ်ငယ်ကလက်ရာတစ်ခုဖြစ်တဲ့ ဂူပြောက်ကြီးဘုရားထဲက နံရံဆေးရေးပန်းချီတွေကို သိပ်သဘောကျမိသွားတယ်။
ဒါပေမယ့် ငါဓာတ်ပုံမရိုက်ခဲ့ပါဘူး၊ နင်လည်းရိုက်ခွင့်မပြုခဲ့ဘူးလေ။ နင်မသိလိုက်တဲ့
အဲဒီအချိန်မှာပဲ နင့်ကိုတန်ဖိုးဖြတ်လိုက်မိတယ်၊ တကယ်ဆိုနင်က… တကယ့်ကို အံ့သြဖို့ကောင်းပြီး
တန်ဖိုးမဖြတ်နိုင်လောက်အောင် ယဉ်ကျေးခဲ့သူလို့…။
ဆက်ပြီး
ငါတို့တွေ မနုဟာဘုရားကို ရောက်တဲ့အခါ တကယ်ပဲစာမှာဖတ်ခဲ့ရတဲ့အတိုင်း ဘုရားက အမိုးနဲ့
ကပ်နေတယ်နော်။ မနုဟာမင်းရဲ့ဘ၀ကို ပြန်လည်မြင်ယောင်မိရင်း သူ့ကိုလည်း သနားစိတ် ၀င်ခဲ့မိပြန်ပါတယ်။
ရွှေရည်သုတ်သပိတ်ကြီးဘေးက လှေခါးပေါ်မှာ ငါတက်ပြီး မတ်တပ်ရပ်နေတုန်း နင်ငါ့ကိုဓာတ်ပုံရိုက်ပေးခဲ့တဲ့အတွက်
နင့်ကိုခုထိကျေးဇူးတင်နေတုန်းပဲ။
နောက်ထပ်
ငါတို့တွေ လောကနန္ဒာစွယ်တော်ဘုရားကို ရောက်ခဲ့ကြတယ်။ ဘုရားပေါ်မှာ ငါပူစာ လွန်းလို့ နင်ဓာတ်ပုံကို
အသဲသန်ရိုက်ပေးချင်ပေမယ့် နေရောင်ကြောင့် ရိုက်လို့မရတာကို နင်စိတ် မကောင်းဖြစ်ခဲ့တယ်နော်။
ဒါပေမယ့် ငါ့ကိုငါးကန်ပို့ပေးခဲ့ပြီး နင်နဲ့အတူ ငါးစားကျွေးခဲ့တဲ့အတွက် ငါနင့်ကို ပိုပိုပြီးသတိရမိပါတယ်။
အဲဒီနောက်မှာ
ပြတိုက်ကိုလဲရောက်ရော ပြတိုက်အတွင်း အဆောက်ဦမ၀င်ခင် ရေပန်းနားမှာ နင့်ကိုစောင့်ရှောက်နေတုန်းဖြစ်တဲ့
ပျူစောထီးကို တွေ့လိုက်ရတဲ့အခါ နင့်အတွက်ပိုပြီး စိတ်ချလိုက်ရ တယ်လေ။ ပျူစောထီးက နင့်အပေါ်ခုထိ
သစ္စာရှိရှိ စောင့်ရှောက်နေတဲ့ သစ္စာရှိလူယုံဆိုတာ နင်ပြောမှပဲ သိလိုက်ရတယ်။ ပြတိုက်ထဲဝင်လဲဝင်ရော
တကယ့်လက်ရာတွေကို တွေ့လိုက်ရတယ်လ။ ၁၁-ရာစုလက် ရာတွေလည်း တွေ့ရတယ် ပြီးတော့ နံရံဆေးရေးတွေရော
အများကြီးပဲကွာ ပြန်ထွက်ချင်စိတ်ကို မရှိတော့ ဘူး။ ဒါပေမယ့် ၀င်လာကတည်းက လေးနာရီရှိပြီမို့
ပြတိုက်ပိတ်ချိန်ကို ကန့်သန့်ထားခဲ့တာဖြစ်တဲ့အတွက် တခြားကြည့်နေတဲ့သူတွေလည်းရှိလို့
နင်ငါ့ကိုမျက်နှာလိုက်သလိုမဖြစ်အောင် လေးနာရီခွဲထိပဲ ကြည့် ခွင့်ပေးခဲ့တယ်။ ငါကြည့်မ၀ခဲ့ပေမယ့်
နင့်အပေါ်တော့ အလိုမကျမှုမဖြစ်ခဲ့ပါဘူး။ နင်ပြောခဲ့တယ်လေ ငါနင့် ကိုတန်ဖိုးထားမှန်း သိတယ်ဆိုတာကို..၊
အဲဒီစိတ်လေးနဲ့ ငါကျေနပ်ပါတယ်။
အဲဒီနောက်
သဗ္ဗညုဘုရားကို ရောက်ခဲ့တယ်။ သဗ္ဗညုဘုရားရဲ့အတွင်းပိုင်းကလဲ ကန်တော့ ပလ္လင်ဘုရားလိုပဲ အုတ်နံရံထူထူတွေနဲ့
လေ၀င်လေထွက်ကောင်းတဲ့ ဘုရားတစ်ဆူဖြစ်တာကို တွေ့ရပြန် တယ်။ အလောင်းစည်သူမင်း နန်းစံသက်
၁၁-နှစ်မှာ တည်ထားခဲ့တာဖြစ်တယ်လို့ နင်ငါ့ကိုသေချာ ရှင်းပြခဲ့တာ ငါ.. ဘယ်တော့မှ မမေ့ဘူး
ပုဂံရေ…။
အဲဒီနောက်မှာ
တို့တွေရွှေဆံတော်ဘုရားကို အတူသွားခဲ့ပြီး ဘုရားအပေါ်ကို ရောက်အောင် တက်ဖို့နဲ့ အဲဒီအပေါ်ကနေ
နင့်ကိုအားရပါးရ ၀အောင်ကြည့်ခွင့်ပေးမယ်လို့ မက်လုံးပေးခဲ့တယ်လေ။ နင်ပေးတဲ့ ကတိအတိုင်းပဲ
အပေါ်ကိုရောက်တော့လဲ နင့်ကိုကြည့်ခွင့်ရခဲ့တယ်။ ပုဂံရေ… နင်က သဘာဝအလှတစ်ခုဖြစ်သလို ညနေခင်း
မိုးမရွာခင်အခြေနေလေးမှာ ဓာတ်ပုံတွေ တဖြတ်ဖြတ်ရိုက်မိခဲ့ တယ်။ အဲဒီချိန်ဖြစ်လို့လားမသိ
နင်ပိုလှတယ်လို့ ထင်မိတယ်၊ ခု…ငါ့ရဲ့ ကွန်ပျူတာ Screen ပေါ် တင်ထား လိုက်တဲ့အခါ တကယ့်အေးချမ်းမှုအစစ်ကို
ရရှိစေပြီး ရှုပ်ထွေးမှုတွေ ပျောက်အောင် နင်လုပ်ပေးနိုင်ခဲ့တယ်။ ကွန်ပျူတာရှေ့ထိုင်ပြီး
ပြဿနာတစ်ခုခုဖြစ်လို့ စိတ်မကြည်မလင်ဖြစ်တိုင်း ဒီပုံကို ပြန်ပြန်ကြည့်ဖြစ်တယ်။ ပုဂံရဲ့မြေနီလမ်းလေးတွေ
ပုဂံရဲ့တခြားနဲ့မတူတဲ့ စေတီပုံစံတွေ ရှင်းလင်းတဲ့ရှုခင်းတွေ မိုးမရွာခင်ဖြစ် လို့ အေးမြတဲ့ငြိမ်းချမ်းမှုတွေ
ဒီခံစားမှုလေးတွေကို ပေးစွမ်းနိုင်ခဲ့ပါတယ်။ ငါ့ Camera စုတ်ပေမယ့် နင်က..တကယ် သဘာဝအလှပြယုဂ်မို့
ဘယ်သူကငြင်းချက်ထုတ်နိုင်မှာလဲ၊ ရွှေဆံတော်ဘုရားရဲ့ အထက်ပဉ္စမပစ္စယံကနေ ရိုက်ထားခဲ့တာပါလို့
ငါဘယ်သူနဲ့တွေ့တွေ့ နင့်ကိုဂုဏ်ယူခဲ့တယ်ပုဂံ…။ နင်က တကယ့်သဘာဝပြတိုက်တစ်ခုပါ။ နင့်ဆီကို
တစ်နှစ်ကိုတစ်ခါရောက်ချင်တယ်။ သုတေသနပြတိုက်ကိုလဲ တစ်ရက်သီးသန့်နေပြီး ကြည့်ချင်တယ်။
ပြတိုက်ကို နာရီပိုင်းအတွင်း လေ့လာရတာ စိတ်ထဲမလုံလောက်ဘူး၊ တခြားနေရာတွေလဲ စိတ်ထဲမလုံလောက်ဘူး။
ဘာပဲဖြစ်ဖြစ် ပုဂံရေ နင့်ဆီကိုငါရောက်ဖူးပြီ ဒါကြောင့် ငါ့ဘ၀အတွက် စိတ်ကူးတစ်ခု အကောင်အထည်ဖော်နိုင်ခဲ့ပြီပုဂံ…။
ဓာတ်ပုံရိုက်လိုက်
ကြည့်လိုက်နဲ့ ကြည့်လို့ကိုမ၀နိုင်လွန်းပေမယ့် မိုးရွာတော့မှာဖြစ်လို့ ငါတို့တွေပြန်ထွက်ခဲ့ရတယ်နော်။
အဲဒီနောက်မှာ နင်ငါ့ကို ပြောခဲ့တာက ဒီဘုရားပြီးရင် ပုဂံမှာထုထည်ပမာဏအကြီးမားဆုံးဖြစ်တဲ့
ဓမ္မရံကြီးဘုရားကို လိုက်ပို့မယ်..တဲ့။ ဒါပေမယ့် မိုးအရမ်းရွာနေလို့ တို့တွေမရောက်နိုင်ခဲ့တာကိုတော့
အမှတ်တရဖြစ်သွားခဲ့ရပါတယ်။ ဒါမှမဟုတ်လည်း ငါအရမ်းပူနေလို့ အေးသွားအောင် ငါ့ကိုမိုးရေသွန်းပေးခဲ့ရင်း
နင်မေ့သွားတာများဖြစ်နေမလား။ ဘာပဲဖြစ်ဖြစ် နင်ငါ့ကိုရွတ်ပြခဲ့တဲ့ ရေနံ့သာဝင်းမောင်ရေးတဲ့ ဓမ္မရံဘုရားရာဇ၀င် ကဗျာတစ်ပုဒ်ကိုတော့
ခုထိအလွတ်ရနေဆဲပါပဲ။ အဲဒါကို ပြန်ရွတ်ပြပါရစေနော်…
အာဏာနဲ့လူစု
ကြောက်ရွံ့မှုနဲ့သိမ်းသွင်း
ညှင်းဆဲခြင်းနှင့်ဘုရားတည်
ဓားစီးခုတ်အုတ်စီတာတောင်
ညီညာရဲ့လား..သေသပ်ရဲ့လား..
အပ်ဖျားနဲ့ထိုးထိုးကြည့်
အပြစ်တစ်ခုတွေ့ပြီဆိုတာနဲ့
ဗိသုကာဆရာတွေကိုသတ်
အမိုက်ဇာတ်ခင်းခဲ့တဲ့ဘုရားဒါယကာ
ခေါ်ရုံသာအခေါ်ခံရမယ်
ဘုရားကလည်းမပြီးလေတော့
ဗုဒ္ဓဘိသေကအနေကဇာ
ထီးဖြူဖွင့်မင်္ဂလာတောင်
မလုပ်လိုက်ရရှာတဲ့ဓမ္မရံကိုယ်တော်ကြီး
ငုတ်တည်းတည်းကြီးပေါ့လေ…။
မိုးရေတွေကလည်းစဲ
ငါ့ရဲ့ပူပြင်းခြင်းတွေလည်း စဲသွားတဲ့အခါ ငါတို့တွေ အလိုတော်ပြည့်ဘုရားကို ရောက်နေပြီဖြစ်လို့
ဓမ္မရံဘုရားဆီ မနက်ဖြန်မှသွားကြမယ်လို့ တိုင်ပင်ပြီး အလိုတော်ပြည့်ဘုရားထဲဝင်ခဲ့ကြတယ်။
ပြီးတော့ စေတီအတွင်းမှာရှိတဲ့ ၁၃၅၄-ခုမှ ထုလုပ်ခဲ့တဲ့ရုပ်ပွားဘုရားကို ရွှေကပ်လှုပူဇော်ခဲ့ကြတယ်နော်။
ဘုရားရင်ပြင်တော်မှာ ရေတွေကလည်း အိုင်လို့ပေါ့။ ခုတော့လဲ ညနေခင်းလေးက ကြည်နူးစရာအေးမြခဲ့ပြီ။
အဲဒီနောက်မှာ ထီးလိုမင်းလိုဘုရားကို သွားခဲ့ကြပြီး စိတ်ဝင်စားစရာကောင်းတဲ့ အဆောက်အဦကို
လမ်းလျှောက်ရင်း ငါငေးမောနေမိလွန်းလို့ သတိထားဖို့ နင်လှမ်းပြောခဲ့သေးတာကို ပြန်လည်သတိရမိပါသေးတယ်။
အဲဒီနောက်မှာ
မြန်မာမှန်ရင် ပုဂံရောက်ဖူးရမယ် ပြီးတော့ ပုဂံရောက်ရင်လည်း အာနန္ဒာဘုရားကို ရောက်ဖူးရမယ်လို့
နင်ငါ့ကိုပြောပြောဆိုဆိုနဲ့ အာနန္ဒာဘုရားကို ပို့ပေးခဲ့တယ်လေ။ အာနန္ဒာဘုရားမှာ နင့်ရဲ့ငယ်လက်ရာ
ရှေးဟောင်းတန်ဖိုးကြီးတဲ့ ယဉ်ကျေးမှုအမွေအနှစ်များအပြားရှိလို့ ကင်မရာတပ်ထားတာကို ငါ့ရဲ့ကင်မရာအစုတ်ကလေးနဲ့
ပြန်ရိုက်ခဲ့တယ်ဆိုတာ နင်ခုထိမသိသေးဘူးနော်။ စိတ်ဝင်စားစရာ ကျွန်းတံခါးမကြီးကလည်း ငါ့ကို
ဘယ်လောက်ရူးသွပ်စေခဲ့တယ်ဆိုတာလည်း နင်မသိခဲ့ပါဘူး။ ဒါပေမယ့် အာနန္ဒာဘုရားက အဲဒီနေ့အတွက်
နောက်ဆုံးလေ့လာရေးခရီးဆိုတာ ငါမသိခဲ့ပါဘူး။ အပြင်ရောက်တော့မှ မိုးကလည်းချုပ်နေပြီမို့
နင့်ရဲ့အကြံပေးချက်အတိုင်း မင်းအိုချမ်းသာကျောင်းကို ပြန်လာပြီး နင့်ရင်ခွင်အောက်မှာ
အဲဒီညအတွက် နွေးထွေးစွာ အိပ်မောကျခဲ့တယ်လေ။
မနက်မိုးသောက်လို့
နင်မနိုးသေးခင် ငါရေမိုးချိုးပြီး နင့်ကိုစွန့်ခွာခဲ့ပါတယ်။ နင့်ကိုငါနှုတ်ဆက်ချင်တာပေါ့
ဒါပေမယ့် နင်နဲ့အတူ အချိန်အတော်ကြာနေခွင့်မရှိတာကိုသိလို့ နင်နဲ့မခွဲခွာချင်ပဲနဲ့ နင့်ကိုခွဲခွာခဲ့ရပါတယ်။
တကယ်ဆိုနင်က ငါတစ်ယောက်တည်းနဲ့သက်ဆိုင်သူမှမဟုတ်ပဲလေ..၊ ပုဂံရေ.. နင်ကအများနဲ့သက်ဆိုင်တဲ့သူပါ။
နင့်ကိုတစ်ဦးတစ်ယောက်တည်း ပိုင်ဆိုင်ချင်ရင် ငါနင့်အတွက် ဘယ်တရားပါ့မလဲနော်။ ဒီအရုဏ်ဦးစပြီဆိုရင်
တစ်ခြားတစ်ယောက်ကို နင့်တန်ဖိုး ပြသရတော့မယ်မဟုတ်လား အဲဒီကြားထဲ ငါကန့်လန့်ကန့်လန့်
မပါချင်ပါဘူး၊ သူကလည်း နင့်ကိုလေးစားနေတဲ့သူဖြစ်လို့ ငါ…အနှောက်ယှက်ပေးဖို့ မကြိုးစားချင်တော့တာလည်း
ပါပါတယ်။ ဒါပေမယ့် နင်ကငါ့ဘ၀မှာ လေးစားတန်ဖိုးထားရသူပါ။ နင်နဲ့ပတ်သက်ပြီး ငါအချိန်တိုင်း
ဂုဏ်ယူနေမှာပါ။ နင်နဲ့ပတ်သက်ပြီး လူမရောက်နိုင်ပေမယ့် စိတ်ကတော့ အမြဲရောက်နေမှာပါ။
နင်လည်း သတိရနေပါနော်.. ဘာဖြစ်လို့လည်းဆိုရင် နင့်ဆီကိုတစ်ခေါက်ရောက်ဖို့ ငါ…ဆယ့်သုံးနှစ်ကြိုးစားခဲ့ရတယ်လေ။
အဲဒါကို ငဲ့ညှာသောအားဖြင့်ပေါ့နော်…။ ကဲ..ပုဂံရေ နင့်ရဲ့ဧည့်ဝတ်ကျေပြွန်မှုအတွက် ကျေးဇူးပါလို့
ပြောဆိုရင်း ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်တယ်…။
(28-5-2013.
ပုဂံရောက်အမှတ်တရစိတ်ဖြင့် 9-6-2013. ညနေ 5 နာရီတွင် စတင်ရေးသားပြီး 5 နာရီခွဲတွင်နား၊
6 နာရီခွဲတွင်ပြန်လည်ရေးပြီး 10 နာရီတွင် ရေးသားမှု ပြီးစီးသည်။ )
No comments:
Post a Comment